မြို့ကလေးက
နိုင်ငံကြီးတစ်ခုရဲ့ အလယ်ပိုင်းပြည်နယ်တစ်ခုအတွင်းမှာရှိတဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု
..။ အဲဒီမြို့လေးရဲ့အကြောင်း ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော် Blog စရေးကာစမှာတော့
အကြောင်းအရာတစ်ခုနဲ့အတူ တစွန်းတစ ရေးဖြစ်ခဲ့ပါသေးတယ် ..။ အဲဒီတုန်းကတော့ အဲဒီမြို့လေးမှာ
ခဏရောက်နေချိန် မြန်မာပြည်အလယ်ပိုင်းက ဒေသတစ်ခုကို တမ်းတမ်းတတရှိနေတဲ့အချိန်ပေါ့လေ...။
အခုတော့လည်း သူ့ရင်ခွင်ထဲကနေ ထွက်ခွာလို့ မိခင်မြေကိုပြန်ရောက်လာတာ တစ်နှစ်စွန်းစွန်း ရှိလာတဲ့အလျောက်
... တိုက်ဆိုင်တဲ့အချိန်တိုင်း သတိတရရှိနေမိပြန်တယ် ...။ တကယ်ဆို ကျမအတွက် အဲဒီမြို့ကလေးက
ပျော်ရွှင်မှုတွေချည်း တွေ့ကြုံခဲ့ရတဲ့နေရာတစ်ခုလည်း ဖြစ်နေခဲ့တာကိုး...။ အခုအချိန်တွေ မှာတော့
မြို့ကလေးရဲ့အမည်ကို ကြားတာနဲ့တင် အလွမ်းတွေက လှိုင်းထလို့လာနေသလိုပါပဲ ...။ အလွမ်းဆိုတာ
သက်ရှိတွေကိုတင်မက သက်မဲ့အရာတွေနဲ့ပတ်သက်ပြီးလည်း ခံစားတတ်ပါလားဆိုတာ ဒီမြို့လေးပေါ်မှာ
ဖြစ်ပေါ်မိတဲ့ ကျမရဲ့အလွမ်းတွေက သက်သေပြလို့နေပါတယ် ...။
နေရာတိုင်း
ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေရတဲ့နေရာတစ်ခုကနေ အဲဒီမြို့ကလေးကိုအရောက်မှာ အရာအားလုံးလွယ်ကူမှုတွေနဲ့
အစောပိုင်းကာလတွေမှာတော့ အသားမကျ၊ လိုက်လျောညီထွေ မဖြစ်ခဲ့ပါဘူး...။ ဒါပေမယ့်လည်း ဘယ်နေရာဖြစ်ဖြစ်
အလိုက်သင့်ပြောင်းလဲနေထိုင်တတ်တဲ့ကျမအနေနဲ့ သိပ်မကြာခင်အချိန်မှာပဲ ...လွယ်ကူအဆင်ပြေမှုတွေကြား
နေသားကျ ပျော်ရွှင်သွားခဲ့တာပဲ ဖြစ်ပါတယ်..။
မြို့လေးကိုမရောက်ခင်
... Frankfurt လေဆိပ်ကိုရောက်ရောက်ချင်းမှာပဲ ကွာခြားမှုကို စတင်ကြုံတွေ့ခဲ့ ရတာပဲဖြစ်ပါတယ်...။
မြို့ကလေးဆီကို ထပ်ခရီးဆက်ဖို့ ရထားလက်မှတ်ဝယ်တဲ့အခါ မြန်မာနိုင်ငံမှာလို လက်မှတ်ရောင်းချိန်၊
ဝန်ထမ်းတွေရှိချိန် စတာတွေကိုစောင့်စားစရာမလိုဘဲ ... အလိုအလျောက် လက်မှတ်ရောင်းစက်မှာ
ဟိုနှိပ်ဒီနှိပ်လုပ်ရင်း လာကြိုတဲ့အစ်မတစ်ယောက်က လက်မှတ်ဖြတ်ပေးတဲ့အခါ ကျမမှာ မကြုံဖူးတဲ့အရာအတွက်
အံ့သြတကြီးဖြစ်မိရတာပါပဲ ..။ ငါဆိုရင် အဲဒီအဆင့်တွေကို အလွယ်တကူနှိပ်တတ်ပါ့မလားလို့
စိုးရိမ်တကြီးလဲ ဖြစ်မိရဲ့ ...။ ရထားပေါ်ရောက်တဲ့အခါ ဘူတာတစ်ခုချင်းစီမှာ ရောက်မယ့်မြို့ရဲ့နာမည်ကို
သေသေချာချာရှင်းရှင်းလင်းလင်းကြေငြာပေးရုံမက ရထားတွဲတိုင်းမှာလည်း မြို့အမည်ကို စာတမ်းထိုးပြတဲ့အခါ
ဘူတာမှားဆင်းမိမှာ ပူစရာမလိုပါဘူး...။ တိုးတက်တဲ့နိုင်ငံကြီးတစ်ခုမှာ အများပြည်သူသွားလာရလွယ်ကူအောင်
Public transportation ကို စနစ်တကျစီမံပေးနိုင်တာကို အားကျမဆုံးဖြစ်ခဲ့ရပါတယ်...။ ကျမတို့ဆီမှာလို
ကားကျပ်တဲ့ဒဏ်၊ ကားအိုဟောင်းတွေရဲ့ ဆီနံ့တွေ ရောပြွမ်းမနေတတ်တဲ့နေရာတစ်ခုဟာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့
ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေလှပါတယ် ...။
ကျောင်းအပ်တဲ့အခါ
စာရွက်စာတမ်းတစ်လှေကြီးကိုင်ပြီး မြန်မာနိုင်ငံကလို ကျောင်းသားရေးရာဌာနမှာ သွားအပ်ရမှာလားလို့
စီနီယာအစ်မတစ်ယောက်ကို မေးတဲ့အခါ အွန်လိုင်းကနေပဲ အပ်လိုက်လေ လို့ ပြောတော့ ဘယ်လိုလုပ်ရမှန်းမသိလို့
စိတ်ရှုပ်ခဲ့ဖူးပါတယ် ...။ တကယ်တော့ လူတွေရဲ့အချိန်တွေကို သက်သာအောင် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးဖြစ်အောင်
စီမံပေးတဲ့အခါ .... မလိုလားအပ်တဲ့ အချိန်ကြန့်ကြာမှုတွေကို လျော့နည်းစေခဲ့တာ အွန်လိုင်းစနစ်ရဲ့ကောင်းကျိုးတစ်ခုမှာ
အပါအ၀င်ပေါ့...။ အမြဲတမ်းခက်ခဲကြန့်ကြာမှုတွေနဲ့ အသားကျလာတဲ့သူတစ်ယောက်အနေနဲ့ လွယ်ကူအဆင်ပြေမှုနဲ့တွေ့ ရတဲ့အခါ
ပြောခဲ့သလို ချက်ချင်းအသားမကျနိုင်တာပဲ ဖြစ်ပါတယ် ...။
ကျောင်းသားကဒ်မှာ
ပြည်နယ်တွင်းခရီးသွားဖို့ တစ်နှစ်စာရထားလက်မှတ်ဖြည့်ပေးတာ၊ ကျောင်းက ကန်တင်းမှာ စားသောက်ဖို့အတွက်
ပိုက်ဆံတွေ၊ လက်မှတ်တွေ ကိုင်သွားစရာမလိုအောင် စက်ကနေတဆင့် ကျောင်းသားကဒ်ထဲမှာ ငွေဖြည့်လို့ရတာ
စသဖြင့် သက်သောင့်သက်သာ အဆင်ပြေအောင် ဖန်တီးပေးထားပါတယ်...။ အဲဒါအပြင်... ကျောင်းမှာ
ပရင့်ထုတ်ဖို့ အကောင့်နဲ့ password ကတစ်ခု၊ ကျောင်းလိပ်စာemail နဲ့ password ကတစ်ခု၊
ကျောင်းစာကြည့်တိုက်အတွက် အကောင့်နဲ့ Password ကတစ်ခု စသဖြင့် အကောင့်တွေနဲ့ ခက်ခက်ခဲခဲ
password တွေကို မှတ်ရတာတော့ တော်တော်ခေါင်းရှုပ်စေတဲ့အလုပ်တစ်ခုပါ..။ အဲဒါအပြင်...
Bank card နဲ့ စက်မှာငွေထုတ်ဖို့ password၊ online banking အတွက် password၊ ကိုယ်သုံးနေကျ
email, facebook, blog, ebay က Passwords စသဖြင့် မြို့ကလေးမှာ ဖြတ်သန်းခဲ့ရတဲ့ကာလတွေဟာ
ခေါင်းထဲမှာ password ပေါင်း သောင်းခြောက်ထောင်နဲ့ပါ ...။
မြို့လေးရဲ့
အဓိကပြယုဂ်က ကျောင်းသားကျောင်းသူတွေအများစုရှိတဲ့နေရာဖြစ်ပြီး သွားလာရေးအတွက် စက်ဘီးကို
အဓိကအသုံးပြု ကြတာပါပဲ ဖြစ်ပါတယ်..။ စက်ဘီးမစီးဖြစ်တာ တော်တော်ကြာနေတဲ့ ကျမအတွက် ရောက်ကာစကာလတွေမှာ
.. ကြောက်ကြောက်လန့်လန့်နဲ့ စီးခဲ့ရရင်း နောက်တော့လည်း အဆင်ပြေသွားခဲ့ပါတယ်...။
နေခဲ့တဲ့ကာလတစ်ခုလုံး..
သူငယ်ချင်းတစ်သိုက်နဲ့ ပျော်ပျော်ပါးပါး အေးအတူပူအမျှ ဖြတ်ကျော်ခဲ့ကြရင်း အမှတ်တရတွေဟာ
ယေဘူယျအားဖြင့် ပျော်စရာတွေချည်းဖြစ်ခဲ့ရပါတယ်...။ အတန်းချိန်ညှိတာ၊ စာမေးပွဲအချိန်ညှိတာ၊
တခါတလေ စာတွေအပြန်အလှန်ဆွေးနွေးမေးမြန်းကြတာတွေကို တချို့ညတွေမှာ သူငယ်ချင်းအုပ်စုလိုက်
email တွေ အပြန်အလှန်ပို့ရင်း ငြင်းခုန်အငြင်းပွားကြလွန်းလို့ အကြောင်းအရာတစ်ခုတည်းကနေ
email အစောင် ၅၀ လောက်ထိ replied တွေဖြစ်ဖြစ်သွား တတ်ကြပါသေးတယ်.။.တခါတလေ ည ၁၂ နာရီကျော်တဲ့အထိ စာမဖတ်ဖြစ်ဘဲ Email နဲ့ စာတွေအပြန်အလှန်ပို့ရင်း စာမေးပွဲအချိန်စာရင်းအတွက် အငြင်းပွားကြ၊ Assignment တွေအတွက် ၀ရုန်းသုန်းကာညှိနှိုင်းကြနဲ့ အိပ်ပျက်ရတာအကြိမ်ကြိမ်ပါ...။ ဆရာတွေနဲ့ စာဆွေးနွေးချင်ရင်
ကြိုပြီး မေးလ်ပို့အကြောင်းကြားတာ၊ ဆရာတွေကလည်း မေးလ်တစ်စောင် ပို့လိုက်တာနဲ့ အချိန်မဆိုင်းဘဲ
ချက်ချင်း reply ပြန်တတ်တာတွေဟာ email ယဉ်ကျေးမှုရဲ့ အမှတ်အသားတစ်ခုဖြစ်မှာပါ ...။
သဘာဝဘေးအန္တရာယ်မရှိ၊
ရန်ပြုတိုက်ခိုက်မယ့် လူ၊ တိရိစ္ဆာန်မရှိတဲ့နေရာတစ်ခုဟာ လုံခြုံစိတ်ချမှုနဲ့အတူ ပညာသင်ချိန်ကာလတွေကို
စိတ်အေးလက်အေးဖြတ်သန်းစေခဲ့ပါတယ်...။ ကျောင်းသားကျောင်းသူတွေ အတွက်ဆိုရင် 50%
discount ပေးတဲ့ Mensa က အစားအသောက်တွေကတော့ လတ်ဆတ်သန့်ရှင်းမှု အပြည့်နဲ့အတူ အာဟာရမျှတအောင်
ပေါင်းစပ်ရောနှောပေးတတ်ခြင်းက အဲဒီနိုင်ငံရဲ့ မဖြစ်မနေဆောင်ရွက် တတ်တဲ့ ထုံးစံတစ်ခုသာ
ဖြစ်ပါလိမ့်မယ် ...။
Bio
ဆိုတဲ့တံဆိပ်နှိပ်ထားပြီး ဓာတုပစ္စည်းတွေလုံးဝသုံးထားခြင်းမရှိတဲ့ အသီးအရွက်တွေက ပုံမှန်ထက်
ဈေးအနည်းငယ်ကြီးတယ်ဆိုပေမယ့် တစ်ယောက်တည်းသမားတွေအတွက်တော့ ကုန်ကျစရိတ် ချင်း သိပ်မကွာတဲ့အခါ
အစားအသောက်ကို ဘေးဥပါဒ်ကင်းစွာ စိတ်ချလက်ချစားခွင့်ရစေခဲ့ပါတယ် ..။ သစ်ပင်သစ်တောတွေ
အုပ်အုပ်ဆိုင်းဆိုင်းဝန်းရံနေတတ်တဲ့မြို့ကလေးမှာ ... ဆောင်းရာသီဆိုရင် ခဲသွားတတ်တဲ့ရေကန်တွေ၊
အဆက်မပြတ်ကျနေတတ်တဲ့ နှင်းဖြူဖြူတွေ၊ နွေရာသီအမှတ်အသား Daffodil ပန်းတွေ၊ အခြားနိုင်ငံတွေထက်
နည်းနည်းနောက်ကျပြီးမှ ပွင့်တတ်တဲ့ ချယ်ရီပန်းတွေ စတဲ့ သဘာဝ အလှအပတွေကို နေရာတိုင်း
မြင်တွေ့နိုင်ပါတယ် ...။
စိတ်ကူးထဲမှာ
အမြဲတွေးဖြစ်နေတာကတော့ တနေ့နေ့တချိန်ချိန်မှာ စာတွေကို စိတ်အေး လက်အေး ရေးနိုင်တဲ့အချိန်တစ်ခုရောက်ရင်တော့
မြို့ကလေးနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေ ကြား သူငယ်ချင်းတွေအကြောင်း၊ ပန်းပင်တွေအကြောင်း၊
ဘ၀အတွေ့အကြုံတွေအကြောင်း မှတ်မှတ်ရရ မှတ်တမ်းတင်မိဖို့ စာတွေရေးဖြစ်လိမ့်မယ်ဆိုတာပါပဲ...။
3 comments:
အမြင်နဲ့တင် ကြည်နူးစရာကောင်းတဲ့ တစ်ချိန်က မြို့လေးအကြောင်းစုံစုံလင်လင်ဖတ်ခွင့်ရသွားတယ် တိမ်လွှာဖြူရေ..... သွားရေးလာရေးမှာ ကျောင်းသားလေးတွေ စက်ဘီးကိုအသုံးပြုတယ်ဆိုလို့ ထူးခြားတဲ့မြို့လေး စိတ်ဝင်စားစရာ။
အဲ့ဒီမြို့လေးလိုမျိုးဆီသွားပြီးစာသင်ချင်စိတ်က ဘယ်တော့မှပြည့်မလဲမသိဘူး။ဒီဘဝမပြည့်တော့လဲနောက်ဘဝပေါ့ :P
စိတ်ဝင်စားဖွယ်ရာ မြို့လေးအကြောင်းဖတ်ရင်း ကိုယ့်မြန်မာပြည်က ပြည်သူတွေနဲ့
ကျောင်းသားတွေကို ပြေးမြင်မိပြီး စိတ်ထဲမကောင်းဖြစ်မိပါတယ် တိမ်လွှာရေ...
ဗဟုသုတတွေတိုးစေတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
Post a Comment