Thursday, 6 November 2014

# Days In Japan

Culture Shock @@@



ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကို ဂျာမနီတုန်းက ကျမရဲ့ Master thesis အတွက် supervise လုပ်ပေးတဲ့ ကျမရဲ့ Professor ရောက်လာတယ်..။ သူ့အလုပ်ကိစ္စအတွက် လာတာဆိုတော့ ဂါရ၀ပြုရင်း ဆရာ့ကို သူ့တပည့်ဖြစ်ဖူးတဲ့ အခြားမြန်မာ အစ်ကိုအစ်မတွေနဲ့အတူ ညစာကျွေးကြတယ်...။ အဲဒီမှာ ကျမရဲ့ အခု ကျောင်းလျှောက်ထားတဲ့အကြောင်း စကားစပ်မိတော့ ဆရာကပြောလာတယ်...။ ဘာကြောင့် ဂျာမနီမှာ ဆက်တက်ဖို့ မလုပ်ဘဲ ဂျပန်တက္ကသိုလ်ကို အရင်လျှောက်တာလဲပေါ့ ..။ ကျမက ထုံးစံအတိုင်းပြန်ပြောပါတယ်..။ တံခါးတွေအကုန်လိုက်ခေါက်ထားတော့ အရင်ဆုံးပွင့်တဲ့တံခါး အရင်ဝင်လို့ ရတာပေါ့လို့...။ ပြီးတော့ မတူညီတဲ့နိုင်ငံ ၂ နိုင်ငံမှာ ပညာသင်ရင်း ကွဲပြားတဲ့ အတွေ့အကြုံတွေကို လိုချင်မိတာလည်း ပါပါတယ်ပေါ့..။ ဆရာကတော့ စိုးရိမ်တဲ့ပုံစံနဲ့ Europe မှာ ကျောင်းတက်လာတဲ့သူက အာရှရဲ့ပုံစံနဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလားပေါ့..။ ဂျာမနီမှာဆိုရင် လုံးဝ Independent ပဲတဲ့..။ ကျောင်းသားက ကိုယ့်စာ၊ ကိုယ့်သုတေသနပဲ အာရုံစိုက်ပြီး ဆရာက support လုပ်ပေးရုံသက်သက်ပဲတဲ့..။ ဂျပန်မှာဆိုရင် အရမ်းရိုကျိုးနေရမယ်.. ဆရာမလာခင် ရုံးအရင်သွား၊ ဆရာပြန်မှ အိမ်ပြန်ရ၊ ဆရာ့အလုပ်တွေ ကူလုပ်ပေးရ ဘာညာတွေရှိတော့ ကျောင်းသားတွေအနေနဲ့ အလုပ်ပိုရှုပ်ပြီး လွတ်လွတ်လပ်လပ်မရှိဘူး၊ ဘာညာ နဲ့ ကျမရဲ့ Professor က ပြောနေလေရဲ့..။ အာရှမှာ တစ်သက်လုံးကြီးပြင်းလာတဲ့သူတစ်ယောက်က အာရှနိုင်ငံတစ်ခုမှာပဲ ကျောင်းသွားတက်မှာ ဘာမှ ထူးထူးထွေထွေ Culture shock ဖြစ်စရာ မရှိလောက်ပါဘူးလို့ ကျမ ပြန်ပြောခဲ့ပါတယ်..။

ဒီလိုနဲ့ပဲ ဒီနေရာကို အောက်တိုဘာလကုန်လောက်မှာ ရောက်လာခဲ့ပါတယ်...။ ရောက်ရောက်ချင်းမှာပဲ စာရွက်စာတမ်းပေါင်းများစွာ လက်ထဲရောက်လာတယ်..။ တော်တော်များများက ဂျပန်စာတွေနဲ့ပေါ့လေ..။ အချို့အနည်းငယ်လောက်သာ အင်္ဂလိပ်လို ပါပါတယ်....။ ဂျာမနီမှာတုန်းက Health Insurance တစ်ခုပဲ မဖြစ်မနေလုပ်ခဲ့ရတာ..၊ ဒီမှာတော့ မတူညီတဲ့ Insurance ပေါင်းစုံလို့..။ Health Insurance အပြင် ကျောင်းက Dormitory မှာ နေတော့ တစ်ခုခုပျက်စီး၊ ဖျက်ဆီးမှုများဖြစ်ခဲ့ရင် ဘာမှမလျော်ရအောင် Rental Insurance မဖြစ်မနေလုပ်ရတယ်...။ ပြီးတော့ ကိုယ်က မတော်တဆ စက်ဘီးစီးရင်း၊ ကားမောင်းရင်း အခြားတစ်ဦးဦးကို ထိခိုက်မိစေမယ်ဆိုရင် လျော်ပေးမယ့် Liability Insurance၊ ကျောင်းဝင်းထဲမှာ ထိခိုက်မှု၊ ဘာညာအတွက် Insurance စသဖြင့် အနည်းဆုံးတော့ ၃ ခု လောက် မဖြစ်မနေလုပ်ရပါတယ်..။

စတွေ့တာကတော့ နှုတ်ဆက်တဲ့အချိန်ပေါ့..။ ဂျပန်တွေအချင်းချင်းဆိုရင် ခါးကျိုးမတတ် ဦးညွတ်နှုတ်ဆက်လေ့ရှိကြပြီး အခြားနိုင်ငံသားတွေအနေနဲ့လည်း ဦးညွတ်နှုတ်ဆက်ကြတဲ့အချိန်မှာ တစ်ချိန်လုံး ခေါင်းမော့ ခါးမတ်နေလာတာနဲ့ အသားကျနေတဲ့ ကျမအနေနဲ့ တောင့်တောင့်ကြီး ဖြစ်နေဆဲပါပဲ ..။ Hai Hai ဆိုတဲ့နေရာမှာ ဂျာမာန်လို Ja Ja က အသားကျနေလို့ မနည်း ထိန်းပြောနေရတုန်း...။ ဆူမီမာစန်ဆိုတဲ့ စကားလုံးအစား Entschuldigung က ပါးစပ်ထဲ ရောက်ရောက်လာနေဆဲ ..။ 

ကျောင်းဝင်းထဲမှာတင်မက လမ်းပေါ်မှာအများဆုံးတွေ့နေရတဲ့ Ginko ပင်တွေဆိုတာ ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂျာမနီမှာ Trip တစ်ခုသွားတော့ ပထဆုံးမြင်ဖူးတဲ့အပင်..။ အဲဒီတုန်းကတော့ လွန်ခဲ့တဲ့ ရှေးနှစ်သန်းပေါင်းများစွာ၊ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့အပင်မျိုးစိတ်ဆိုပြီး အထူးအဆန်းတွေ ဖြစ်ခဲ့တဲ့အပင်က အခုတော့လည်း နေရာတိုင်း တွေ့နေရပြန်တယ်..။ ဂျာမနီမှာရော မြန်မာမှာရော သွားရင် ညာဘက်က ဖြစ်ပေမယ့် ဒီမှာက ဆန့်ကျင်ဘက် ဘယ်ကပ်ဖြစ်နေတဲ့အခါ မမှားအောင် သတိထားသွားနေရပါတယ်..။ တူတာတစ်ခုက ဒီမြို့မှာလည်း ကျောင်းသားတွေရော၊ ဆရာတွေရော စက်ဘီးနဲ့ပဲ သွားလာကြတာပါ..။ တစ်နှစ်လောက် မြန်မာနိုင်ငံမှာနေခဲ့တုန်း ဆိုင်ကယ်၊ ဒါမှမဟုတ်ရင် ကားနဲ့ပဲ သွားလာနေခဲ့တာ အကျင့်ပါသွားခဲ့တော့ အခု စက်ဘီးစီးရတာ တော်တော်အသားမကျဘဲ ပင်ပန်းတယ်လို့ ထင်နေမိတယ်..။ အဓိကက စက်ဘီးက သေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်..။ ဂျပန်တွေက သွားရင်းလာရင်း လေ့ကျင့်ခန်းဖြစ်အောင် လုပ်တဲ့အနေနဲ့ စက်ဘီးသေးသေးလေးတွေကို ပိုစီးကြတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်..။ ကျမ Sensei ရဲ့ စက်ဘီးဆို ငယ်ငယ်က စီးဖူးခဲ့တဲ့ BMX စက်ဘီးလို သေးသေးလေး..။ စက်ဘီးကလည်း တကယ့်ကို လေ့ကျင့်ခန်းလုပ်သလိုပဲ..။ နင်းလိုက်ရတာ မောလွန်းလို့..။ မြို့ကလည်း မြေညီက နည်းပြီး အနိမ့်အမြင့်က လည်း တော်တော်ပေါပါတယ်..။

ရောက်စနေ့ကတည်းက ပေါင်မုန့်ဆိုင်ရှာတာ ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို တွေ့ပါပြီ..။ ဂျာမာန်ပေါင်မုန့်လိုမျိုးတွေရော လတ်လတ်ဆတ်ဆတ်ဖုတ်ရောင်းတဲ့ဆိုင်ကိုတွေ့လိုက်ရတာ ကွဲကွာသွားတဲ့ အမျိုးတွေ ပြန်တွေ့လိုက်ရသလို..။ နေရာတွေက သေချာမသိသေးတော့ Cheese slice ကလေးတွေကို မနည်းလိုက်ရှာဝယ်ရတယ်...။ ဒါတောင် အသားပြားက နောက်နေ့မှ လိုက်ရှာဝယ်ရဦးမယ်..။ သူငယ်ချင်းကတော့ပြောတယ်..။ ဂျပန်လာပြီး ဂျာမာန်စာတွေပဲ စားချင်နေသေးတုန်းပဲလားတဲ့ ..။ ဂျပန်ဆန်စီးစားတာ သိပ်အဆင်မပြေဘူး..။ နဂိုကတည်းက ကောက်ညှင်းစားရင် အစာမကြေဖြစ်တတ်တော့ အခုလည်း ထမင်းစားရင် အစာမကြေ ရင်ပြည့်ရင်ခံဖြစ်နေလို့ ပေါင်မုန့်နဲ့ Pasta ကို မဖြစ်မနေလိုက်ရှာဝယ်ရပြန်တယ်..။ တိုကျိုကနေတော့ ထိုင်းဆန်မှာထားတော့ ရောက်လာရင် ထမင်းစားဖို့ အဆင်ပြေလောက်ပါပြီ..။


နေရတဲ့ အဆောင်ကလည်း လုံးဝ Privacy မရှိဘူး..။ မီးဖို၊ အိမ်သာ၊ Basin တွေက အခန်းထဲမှာ မပါဘူး..။ Common သုံးရတယ်..။ ဒါပေမယ့် မိန်းကလေး၊ ယောက်ျားလေးတော့ ခွဲထားတယ်..။ ထူးထွေဆန်းပြားပုံက ရေချိုးရင် ယန်း ၁၀၀ coin ထည့်ရတယ်..။ ရေတခါချိုးတိုင်း ယန်း ၁၀၀ က ကုန်တော့ ရေချိုးတာတောင် အလကားမရပါဘူး..။ အ၀တ်လျှော်စက်သုံးရင်လည်း ယန်း ၁၀၀ coin ထည့်ရတယ်..။  အဲဒါထက် အခန်းထဲမှာ အိမ်သာ၊ ရေချိုးခန်း၊ ဘေစင်၊ မီးဖို တွဲရက် မပါတာကို စိတ်ညစ်တာ..။ ခဏခဏအပြင်ထွက်ပြီး ပစ္စည်းတွေ တပွေ့တပိုက်နဲ့ ချက်ပြုတ်ရတာကို အချိန်တွေ အရမ်းကုန်လို့ စိတ်ကုန်တာ...။ နောက်တော့ အဲလိုအကုန်ပါတဲ့ အခန်းပြောင်းဖို့ လိုက်ရှာနေတယ်..။

လမ်းတွေကတော့ အခုမှ မနည်းမှတ်နေရတုန်း..။  နေရာသစ်တစ်ခုရောက်ရင် မျက်စိမလည်အောင် ကျမသွားတဲ့ပုံစံက မြေပုံတော့ လက်ထဲမှာအမြဲပါတယ်..။ စသွားတဲ့နေရာကို မှတ်ထားပြီး သွားလိုတဲ့နေရာကို သွားပြီး လမ်းလွဲတယ်လို့ထင်မိတယ်ဆိုရင် Initial point ကို ပြန်လာပြီး အဲဒီကနေ လမ်းတွေကို အစကနေပြန်သွားတယ်..။ အနည်းဆုံးတော့ ဘယ်နေရာရောက်မှန်းမသိပဲ မျက်စိမလည်တော့ဘဲ မူရင်းနေရာတော့ ပြန်ရောက်တာပေါ့..။ ဂျပန်စာက မြန်မာနိုင်ငံမှာ တစ်လုံးမှ သင်မလာတော့ တစ်လုံးမှ မပြောတတ်ဘူး..။ အခုတော့ Speaking class တက်နေပါတယ်..။ Daily conversation အတွက် အဆင်ပြေအောင်ပါ..။ မဟုတ်ရင် နေရာတိုင်း ဂျပန်လိုပဲပြောကြတာဆိုတော့ မျက်လုံးကလယ်ကလယ် ဖြစ်မနေအောင်ပါ..။ ကျောင်းကတော့ PhD အတန်းအတွက်က class သီးသန့်မရှိတော့ အတန်းတက်စရာမရှိဘဲ Seminar တွေပဲ တက်၊ ကိုယ့်သုတေသနအတွက် စာဖတ်၊ experiment လုပ်၊ paper ထွက်ဖို့ ကြိုးစားရမှာ..။

ကျောင်းကတော့ system တွေက ဂျာမနီတုန်းကနဲ့ တူတူပဲဆိုတော့ သိပ်တော့ စိတ်လှုပ်ရှားစရာ မကောင်းတော့ပါဘူး..။ စက်တွေနဲ့ပဲ လုပ်ရတာ အထူးအဆန်းမှ မဟုတ်တော့တာ..။ ဂျပန်စာ မဖတ်တတ်တာတော့ နည်းနည်းစိတ်ညစ်တာပေါ့..။ လမ်းသွားရင် ပလက်ဖောင်းကျဉ်းကျဉ်းလေးမှာ လမ်းလျှောက်သွားတဲ့သူတွေကို ကပ်သီးကပ်သပ်ရှောင်ရရှားရသေးတယ်..။ တွေ့မိတာက မရမကသာ ရှောင်ကြတာ ၊ ဟွန်းတော့ တီးလေ့မရှိပြန်ဘူး..။ လမ်းကွေ့ရင်လည်း ဂျာမနီမှာဆို လက်ပြလိုက်ရင် အလိုလိုသိပြီး ကွေ့သွားလို့ရပေမယ့် ဒီမှာတော့ အဲဒီလိုလက်မပြကြဘဲ ကိုယ့်ခေါင်းကိုယ်ပဲ ချာချာလည်အောင် ကြည့်ပြီး အန္တရာယ်ကင်းအောင် သွားလာရပြန်တယ်။

ရာသီဥတုက ဆောင်းဦးဆိုတော့ နည်းနည်းလေးအေးလာနေပါပြီ။ ကျမအတွက်တော့ အနေတော်ပဲဆိုတော့ အနွေးထည်ပါးပါးလောက်ဆို လုံလောက်ပေမယ့် အခြားသူတွေတော့ မာဖလာတွေ၊ ကုတ်အကျီင်္တွေနဲ့ စတိုင်ထုတ်လို့ ကောင်းတဲ့အချိန်ဖြစ်နေပါပြီ..။ ဆောင်းတွင်း အပူချိန်က အနည်းဆုံး ၀ လောက်ပဲ ကျတယ်လို့ပြောကြတော့ ကျမအတွက် ထူးထူးထွေထွေ ချမ်းနေမှာမဟုတ်ပါဘူး..။ နှင်းကလည်း သိပ်ကျလေ့မရှိဘူးလို့ ပြောပါတယ်..။ ကံကောင်းရင်တော့ ကျရင်ကျလာတတ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် စနိုးတွေတော့ မြင်ချင်သေးတယ်..။


2 comments:

Thu said...

မြန်မာပြည်ကတော့ thesisလုပ်ရတာ..ကတော့supervisorကိုအဓိကဖားနေရသလိုပဲ :P တစ်နေ့တစ်နေ့သူ့မျက်နှာလေးမြင်ရဖို့အရေးတနေကုန်တနေခမ်းလဲစောင့်ရတယ်။သူ့စိတ်မပါလို့မဖတ်အားသေးဘူးဆိုလဲကိုယ့်မှာအဝေးကြီးလဲပြန်ရတယ်..(စော်ကားတာတော့မဟုတ်ပါဘူး)အဲ့တာကြောင့်လဲပါတယ်။PhDဆက်တက်ဖို့ စာဆက်ဖတ်ဖို့ကိုစိတ်ထဲမှာရွံ့သွားတာ.အခွင့်အရေးရရင်တော့စာတွေဆက်ဖတ်ဆက်လေ့လာချင်ပါသေးတယ်။သိရသလောက်ကတော့ဂျပန်ကသူတို့စကားပြောတတ်မှအဆင်ပြေတယ်လို့ပြောကြတယ်။အမအမြန်ဆုံးအသားကျနိုင်ပါစေ။

Aunty Tint said...

အတွေ့အကြုံရှိပြီးသားလူမို့ အစစအရာရာ အဆင်ပြေသွားမှာပါ။ ဂျပန်မှာ တီတင့်လဲ M.E ဆက်တက်ချင်ခဲ့ပေမယ့် ယောက်ျားယူလိုက်မိတော့ ဇာတ်လမ်းအဆုံးသတ်သွားတယ် :D
အခွင့်အရေးဆိုတာ နှစ်ကြိမ်မလာဘူးတဲ့ တိမ်လွှာရေ....

Follow Us @soratemplates