၁၁-၁၁-၂၀၁၄ ရက်နေ့က ဘုရားဖူးခရီးတစ်ခုသွားဖြစ်ပြန်တယ်...။ နိုင်ငံခြားသားကျောင်းသား ၊ ကျောင်းသူတွေအတွက် ကျောင်းကနေ အားလုံးစီစဉ်ပေးတဲ့ လေ့လာရေးခရီးတစ်ခုပါ..။ အခြားသူတွေအတွက်ကတော့ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုကို သွားလည်ရုံ သက်သက်ဖြစ်ခဲ့ပေမယ့် ကျမအတွက်တော့ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ နေရာတစ်ခုမှာ ဘုရားဖူးသွားခဲ့ရ သလို ကြည်နူးခဲ့ရပါတယ်..။
သွားခဲ့တဲ့နေရာက အိုဆာကာနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ နာရ (Nara) ဆိုတဲ့ ရှေးဟောင်းမြို့လေး တစ်မြို့ပါ..။ မြို့ကလေးက တောင်တွေတောတွေနဲ့ စိမ်းစိုနေပြီး ဗုဒ္ဓဘာသာ ထွန်းကားအားကောင်းခဲ့ကာ ဂျပန်နိုင်ငံမှာ ရှေးအကျဆုံး နဲ့ အကြီးဆုံး ဘုရားကျောင်းကြီးတွေရှိတဲ့ အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ပါ...။ ကားတွေ၊ လူတွေ၊ စက်ရုံတွေနဲ့ စက်မှုထွန်းကားမှုပြယုဂ်ကို မတွေ့ရဘဲ မြို့ကလေးထဲဝင်လိုက်တာ နဲ့ ကျေးလက်အငွေ့အသက်ကို ခံစားရတဲ့အပြင် ဘာသာတရားရဲ့ အရိပ်အောက်က စိတ်အေးချမ်းမှု ကိုလည်း တပြိုင်တည်း ခံစားရပါတယ်.။
အပေါ်ဆုံးက ပုံလေးထဲမှာ ပါတဲ့ စက္ကူ ရုပ်ကလေးက သမင်ပုံချိုး ထားတာပါတဲ့..။ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ Horyuji ဆိုတဲ့ ဘုရားကျောင်းကို သွားလေ့လာတော့ လိုက်ရှင်းပြပေးတဲ့ ဂိုက်အဒေါ်ကြီးက လက်ဆောင်ပေးလိုက်တာပါ..။ သွားခဲ့တဲ့နေရာအတော်များများ Tour Guide တွေက အသက်ကြီးကြီး ဦးလေးကြီး၊ အဒေါ်ကြီးတွေပဲ တွေ့ရပါတယ်..။ ကျမသွားဖူးတဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ တောင်အာဖရိက၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံတွေမှာလည်း Guide တွေက အသက်ကြီးသူတွေပဲ တွေ့ခဲ့ရပါတယ်..။ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ စာလေးတွေဖတ်ပြီး စကားပြော၊ ရှင်းပြကာ သက်သောင့်သက်သာလုပ်ရတဲ့အလုပ်တစ်ခုကို လူကြီးတွေကို ဦးစားပေးလုပ်စေတာလားလို့ အရင်ကတည်းက တွေးနေမိခဲ့တယ်..။ လူငယ်တွေဆိုတာက စွန့်စွန့်စားစား၊ ပြေးပြေးလွှားလွှား၊ ပင်ပင်ပန်းပန်းလုပ်ရင်း လှုပ်ရှားရုန်းကန်ချင်တဲ့ အရွယ်တွေဆိုတော့ အဲဒီလို အေးအေးဆေးဆေးအလုပ်မျိုး ကို စိတ်မဝင်စားကြတာလည်း ပါပါလိမ့်မယ်..။ မြန်မာနိုင်ငံမှာတွေ့ဖူးတဲ့ ဂိုက်ကိုကို၊ ဂိုက်မမများကတော့ တစ်မျိုးပေါ့လေ...။ အဲဒီသမင်ပုံချိုးထားတဲ့ အဓိပ္ပာယ်က နာရဆိုတဲ့မြို့လေးမှာ သမင်တွေပေါများလွန်းလို့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစားရှိတာကြောင့် သမင်ဆိုတာလည်း နာရရဲ့ အမှတ်အသား တစ်ခုကြောင့်လည်း ဖြစ်ပါသတဲ့...။
သွားခဲ့တာက ၂ နေရာဆိုတော့ ဒီနေ့တော့ Horyuji Temple က ပုံတွေပဲ တင်ပြီးတော့ နောက်ရက်တွေ မှ နောက်ထပ်ပုံတွေ ဆက်တင်ပါမယ်..။ ဘာကြောင့် ပုံတွေ အဲလောက်တင်ချင်တာလည်းဆိုရင် တစ်နေရာရာသွားရင် အမှတ်တရဓါတ်ပုံတွေရိုက်ချင်ပါတယ်..။ ရိုက်ခဲ့တဲ့ပုံတွေကို ဒီအတိုင်းသိမ်းထားရင် လည်း နှမြောစရာကောင်းတယ်၊ Facebook ပေါ်ကျတော့လည်း မတင်ချင်ဘူး၊ အဲဒီမှာ ဓါတ်ပုံတွေတင်တာ ဘယ်လိုမှ Feel မလာတော့ ဘယ်သူမှ သိပ်လာလေ့မရှိတဲ့ Blog မှာတင်တော့ ကိုယ့်ရဲ့ ပုံတွေ Share ချင်တဲ့စိတ်လဲပြေပျောက်သလို ကိုယ်မရောက်ဖူးတဲ့နေရာတွေကို စိတ်ဝင်စားတဲ့ အခြားသူတွေအတွက် လည်း လေ့လာခံစားလို့ရတာပေါ့နော်..။
ဘုရားကျောင်းကို အ၀င်မှာ မူလတန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားလေးတွေ လေ့လာရေး လာနေတာနဲ့ ကြုံနေရပါသေးတယ်..။ သွားခဲ့တဲ့ တစ်လျှောက်လုံး ကလေးလေးတွေနဲ့ ရှောင်မလွတ်ခဲ့ ပါဘူး..။
ဒါက ဘုရားကျောင်းရဲ့ အထိန်းအမှတ်ကျောက်စာတိုင်ပဲဖြစ်ပါတယ်..။ ဒီဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော် လောက်က တည်ဆောက်ထားခဲ့တာဖြစ်ပါသတဲ့..။
ဒီပုံထဲမှာတွေ့ရတဲ့ ရုပ်ထုတွေက ဘုရားကျောင်းကို အ၀င်မှာ ထုလုပ်ထားတာဖြစ်ပြီး ရွှံ့တွေနဲ့ ထုထားတာလို့ပြောပါတယ်..။ အပေါ်က တစ်ရုပ်ကတော့ ပျက်စီးသွားခဲ့လို့ ခန္ဓာကိုယ်ကို သစ်သားနဲ့ ပြန်ထုထားပါတယ်..။
မြတ်စွာဘုရားရဲ့ ကြွင်းကျန်ရစ်တဲ့ ဓါတ်တော်၊ မွေတော်တွေနဲ့ ဌာပနာထားပြီး တည်ထားတဲ့ စေတီတော် ပါ..။ ဘုံ ၅ ဆင့်ရှိပါတယ်..။ အောက်ဆုံးဘုံရဲ့ လေးဖက်လေးတန်မှာ ဘုရားရုပ်တုတွေတည်ထားပြီး ကျမတို့ဆီက စေတီပုထိုးတွေလိုပဲ မြေကြီးထဲမှာ ဓါတ်တော်၊ မွေတော်တွေ ဌာပနာထားတည်ထားတာပါ..။
ဒီပုံက စေတီရဲ့ လေးဖက်မှာ တည်ထားတဲ့ ဘုရားဆင်းတုပုံတော်တွေပါ..။ အထဲမှာ အစစ်တွေကို ဓါတ်ပုံရိုက်ခွင့်မပေးထားတော့ ဂိုက်အဒေါ်ကြီးရဲ့ စာအုပ်ထဲက ပြန်ရိုက်ထားရတာပါ..။
ဒီပုံက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အချိန်မှာ ဘေးနားက တပည့်သာဝကာတွေ ၀မ်းနည်းငိုကြွေးနေပုံကို ထုလုပ်ထားတဲ့ပုံဖြစ်ပါတယ်..။
ဒါက ရှေးခေတ်ကတည်းက ကိုရင်တွေ၊ ဘုန်းကြီးတွေကို စာချပေးတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ဟိုးရှေးကတည်းကကျောင်းက မိုးကြိုးပစ်ပြီး မီးလောင်သွားလို့ သက္ကရာဇ် ၁၃၀၀ လောက်မှာ ရှေးတုန်းက ပုံစံနဲ့ထပ်တူကျအောင် အသစ်ပြန်ဆောက်ထားခြင်း ဖြစ်ပါတယ်တဲ့..။
ဒီစင်္ကြန်လမ်းလေးက ဘုန်းကြီးကျောင်းကနေ ဘုရားကိုသွားတဲ့လမ်းလေးပါ..။ ဘေးဘက်က တိုင်တွေက ဂျပန်မှာ အသုံးအများဆုံးသစ်မျိုးတစ်မျိုးဖြစ်တဲ့ Japanese Cypress ဆိုတဲ့အပင်က သစ်တွေပါတဲ့..။
ဂျပန်မေပယ်လ်ပင်လေးတွေ နေရာတိုင်း အရောင်တွေပြောင်းလို့ ကဗျာဆန်ဆန်လှလိုက်တာာ။
Souvenir ရောင်းတဲ့ဆိုင်လေးတွေ..။
ယန်း ၅၀၀ ပေးရတဲ့ ကျောင်းက စီစဉ်ပေးတဲ့နေ့လည်စာ..။ ဂိုက်အဒေါ်ကြီးက သူ့လုပ်သက်က တော်တော် နုသေးတယ်ဆိုတော့ ဘယ်လောက်ကြာပြီလဲမေးတဲ့အခါ သူလုပ်တာ ၄ နှစ် ၅ နှစ်လောက်ပဲရှိသေးတာဆိုတော့ အင်္ဂလိပ်စကားကို ရေရေလည်လည် မပြောတတ်သေးပါဘူးတဲ့..။ အခြားသူတွေဆိုရင် ၁၀ နှစ် ၁၅ နှစ်ရှိကြပြီတဲ့..။ ဒါပေမယ့် သူလည်း ကြိုးစားပမ်းစား ရှင်းပြရှာပါတယ်..။ ကိုယ်တွေလည်း မရှင်းတာကို ဖြည့်တွေးရင်း နောက်ဆုံးတော့ အဆင်ပြေသွားတာပါပဲ..။
See you in next post !!!
Thanks for your visit!!! <3 <3
4 comments:
ဂျပန်မှာ တီတင့်တို့နေစဉ်ကာလက ဗုဒ္ဓဘာသာဝင် တစ်ဦးမဖြစ်သေးချိန်မို့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ Horyuji ဆိုတဲ့ ဘုရားကျောင်းကိုသွားခွင့်မကြုံခဲ့ဘူး တိမ်လွှာရေ။ ဒါပေမယ့် ဒီကနေ့ တိမ်လွှာရဲ့ကျေးဇူးနဲ့ရောက်သွားလို့ ကျေးဇူးတင်ပါတယ်။ ဗဟုသုတတွေယူသွားပြီနော်။
We just visited the place such as Kyoto Imperial palace, Nara last week. Too bad we didn't bump into you.
Enjoy Osaka!!!
TunTun
သွားခွင့်ကြုံရင်သွားသာသွားစနိုးရေ။
ကိုယ်တော့ဂျပန်က နေ့ လယ်စာအသင့်ဘူးတွေကိုသိပ်ချစ်တာဘဲ။ အတုယူစရာဘဲ။
အရသာမသိရခင်မှာကိုတအားလှတော့စားကြည့်ချင်နေတာလေ။
ပုံလေးတွေမြင်ရတာကိုယ်တိုင်ရောက်ရသလိုမို့ ကျေးဇူးဘဲစနိုးရေ။
အိုင်အိုရာ
ဟိုဟိုဒီဒီလျှောက်လည်ရတာပျော်ဖို့ကောင်းလိုက်တာ..
အောက်ဆုံးပုံကျမှ ဘဝင်ပိုကျသွားတယ်။:P
နောက်ကြုံရင် လည်စရာတင်မဟုတ်ဘဲ ဂျပန်ကအစားအသောက်လေးတွေပါတင်ပေးနော်။ :P :P
Post a Comment