ဒီဆောင်းရဲ့ ပထမဆုံးနှင်းအနေနဲ့ မနေ့က ည ၁၀ နာရီလောက်မှာ နှင်းပွင့်တွေ တဖွဲဖွဲစကျလာခဲ့တယ်..။ မျှော်လင့်ထားတဲ့အတိုင်း ပထမဆုံးနှင်းကျတဲ့အချိန်မှာ အားလုံး အော်ဟစ်လိုက်တဲ့အသံက အခန်းထဲမှာ တိတ်တိတ်လေးစာဖတ်နေသူကို လန့်သွားစေခဲ့တယ်..။ ဒါပေမယ့် ဘာကြောင့်အော်ကြသလဲဆိုတာ သေသေချာချာ သဲသဲကွဲကွဲမသိခဲ့ပါဘူး..။ ညီမလေးတစ်ယောက်က Viber ကနေ အစ်မ နှင်းတွေစကျနေပြီလို့ ပြောတော့မှ ပြတင်းပေါက်ကို ဖွင့်ကြည့်တဲ့အခါ ပြတင်းပေါက်ဘောင်မှာ နှင်းဖတ်ကလေးတွေ ကပ်နေတာကို တွေ့ခဲ့ရတယ်...။ အေးစက်စက်လေတွေနဲ့အတူ နှင်းပွင့်တချို့လည်း မျက်နှာကို လာမှန်လို့ပေါ့ .....။
ဒါပေမယ့်လည်း တစ်ညလုံး တဖွဲဖွဲကျနေခဲ့ပေမယ့် ပမာဏနည်းတာကြောင့် မနက်ရောက်တဲ့အခါ ကျမတွေ့ဖူးခဲ့တဲ့ ဥရောပက နှင်းတွေလို ထုအထူကြီးဖြစ်မနေပါဘူး...။ ဒီမြို့လေးမှာက ပုံမှန်အားဖြင့် နှင်းကျတာ နည်းတယ်လို့ပြောကြတယ်...။ ဂျပန်က အခြားမြို့တွေမှာတော့ နှင်းတွေ တော်တော်ထူထပ်အောင် ကျနေကြပြီလေ....။
နှင်းကျနေပေမယ့် ရာသီဥတုကတော့ အရင်နေ့ကထက်တော့ ပိုအေးမနေခဲ့ပါဘူး...။ အပူချိန် ၃ ဒီဂရီလောက်ဆိုတာက နွေးနွေးထွေးထွေးဝတ်ထားရင် ကျမအတွက် ပုံမှန်လို နေလို့ရတဲ့အပူချိန်မျိုးပါ...။ အခုဆောင်းမှာ ကျမကြိုက်နေတဲ့ အနွေးထည်တွေက ကိုရီးယားမင်းသမီးတွေ အရင်က ဝတ်လေ့ရှိကြတဲ့ Long Coat စတိုင်မိုက်မိုက် ခပ်ထူထူတွေ မဟုတ်တော့ပြန်ဘူး...။ ပေါ့ပေါ့ပါးပါးရှိလှတဲ့ Ultralight warm Jacket အတိုတွေကို ကြိုက်လို့ အဲဒါမျိုးတွေပဲ ၀တ်ဖြစ်နေတာ..။ အထဲက Extra Heattech တစ်ထည်ရယ်၊ အပေါ်က ခါးရှည်ရှည်အကျီင်္ ဒါမှမဟုတ် ဂါဝန်တစ်ထည်ရယ်ဆိုရင် အပေါ်ပိုင်းအတွက်က ကျမအတွက် တော်တော်နွေးနေပြီ...။
ကျောင်းသွားတဲ့အချိန်မှာ နေထွက်နေပြီမို့ နှင်းတွေ အရည်ပျော်စပြုနေပြီ ....။ ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် နှင်းတွေမြင်ရင်ကို စိတ်လှုပ်ရှားတာလေ...။ အဲဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နှင်းတွေရှိတဲ့နေရာကို တစ်ခေါက်လောက်ပြန်ရောက်ချင်လိုက်တာဆိုပြီး တမ်းတခဲ့ဖူးတယ် ...။ ကံကောင်းတော့ ကံတရားက နှင်းတွေရှိတဲ့ မတူညီတဲ့နေရာတစ်ခုဆီကို ကျမကို နောက်ထပ်တစ်ကြိမ် ရောက်စေခဲ့ပါတယ်...။ အရင်တစ်ခေါက်ကထက် လတော်တော်ကြာ ကုန်ဆုံးနေထိုင်ရမယ့် နေရာတစ်ခုက အရင်တစ်ခါနေခဲ့တဲ့မြို့လေးလိုပဲ အေးချမ်းတဲ့နေရာတစ်ခု ဖြစ်နေပြန်တယ်....။ အရင်လိုပဲ အားလုံးလိုလို စက်ဘီးနဲ့ သွားလာလှုပ်ရှားလေ့ရှိတဲ့ နေရာလေးတစ်ခုဖြစ်နေပြန်ပါတယ်....။ အစားအသောက်တွေ၊ လူတွေ၊ ဓလေ့ထုံးစံ၊ ဘာသာစကားတွေ ပြောင်းလဲသွားပေမယ့် ကျောင်းဝန်းထဲက အဆောက်အဦတွေကတော့ အရင်နေခဲ့တဲ့မြို့လေးနဲ့ အနည်းငယ်ဆင်တူပါတယ်.။ တိုက်ဆိုင်တာက အရင်တက္ကသိုလ်တုန်းက South Uni, North Uni, Central Uni စသဖြင့် ကျောင်းကို ငါးနေရာခွဲထားတာမှာ ကျမတက်ရတဲ့ကျောင်းက North Uni မှာ ရှိတာပါ..။ အခုတက္ကသိုလ်မှာတော့ Main Campus, North Campus, South Campus စသဖြင့် အခေါ်အဝေါ်ရှိပြီး ကျမတက်ရတဲ့ကျောင်းက North Campus မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပြန်ပါတယ်...။
ကျောင်းကိုရောက်တော့ အိတ်ကိုအခန်းထဲမှာချထားခဲ့ပြီး နှင်းတွေရှိတဲ့ နေရာမှာ ဓါတ်ပုံတချို့ရိုက်ဖြစ်တာပါပဲ ...။ အခြားသူတွေလည်း ရိုက်နေကြတာပါ...။ ဒီမှာက တစ်ဆောင်းတွင်းကို ၂ ခါ ၃ ခါလောက်ပဲ နှင်းကျတာလို့ ဂျပန်သူငယ်ချင်းတစ်ယောက်ကပြောပြပါတယ်...။ အခုပထမဆုံးကျတဲ့နှင်းက တော်တော်ထူတယ်လို့လည်း သူကပြောသေးတယ်..။
ဘာပဲဖြစ်ဖြစ်ပေါ့လေ..... ပထမဆုံးနှင်းကျတဲ့အမှတ်တရပို့စ်တစ်ပုဒ်ပဲဆိုပါတော့.....။
*******************************************
Thanks for visiting ;-) ;-)
4 comments:
နှင်းလေးတွေကချစ်စရာအရမ်းကောင်းတာဘဲ
ပစ်လည်းနှင်းတွေကိုသဘောကျတယ်..
ဒါပေမဲ့ပစ်နေတဲ့စီမှာ နှင်းမကျဘူး..
facebook က အကောင့်ပိတ်ထားတယ်မရေ..
စိတ်တည်ငြိမ်သွားတဲ့ တနေ့ facebook ကနေ ပြန်လာ
နှုတ်ဆက်ပါ့မယ်...နော်....
နှင်းတွေအပြင်မှာမြင်ဖူးချင်လိုက်တာ
ပထမဆုံး နှင်းကျတာ မြင်ခဲ့ရတော့ တော်တော်ပျော်ခဲ့ရတာ။ နောက်တော့ နှင်းက နင်းပါများတော့ ရေခဲဖြစ် ခဏခဏ ချော်လဲလာတော့ နှင်းတွေ အရည်ပျော်မယ့် အချိန် ဆုတောင်းနေမိရော။
ဖြူဖြူလွလွနှင်းလေးတွေမြင်တိုင်း မောင်နှမတစ်တွေ စုံစုံလင်လင်နဲ့ စနိုးမဲန်လုပ်ခဲ့တဲ့ အတိတ်ဆီကို ပြန်တမ်းတပြီး လွမ်းမိတယ်။ အလွမ်းပြေ ဓာတ်ပုံလေးတွေနဲ့အတူ ဖတ်ခွင့်ရလို့ ကျေးဇူးပါ တိမ်လွှာ။
Post a Comment