ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီလိုအချိန်လောက်က မြန်မာပြည်ပြန်ရောက်နေခဲ့ပြီလေ...။ ၂၀၁၃ စက်တင်ဘာလထဲမှာ ဂျာမနီကနေ မြန်မာပြည်ကို ပြန်လာတယ်...။ အောက်တိုဘာမှာ အလုပ်ပြန်ဝင်ပြီးတော့ ၂၀၁၃ အောက်တိုဘာလကနေ နောက်တစ်နှစ် ဇန်နဝါရီလအထိ ၄ လ လောက်က ကျေးလက်ဒေသတွေဘက်ကို ခဏခဏ ခရီးထွက်တဲ့အလုပ်ကို လုပ်ဖြစ်တယ်...။ အများဆုံးသွားဖြစ်ခဲ့တာက ရှမ်းပြည်နယ်ဘက်ကိုပါ ...။ လျှပ်စစ်မီးမရှိ၊ အင်တာနက်လိုင်းမမိ၊ ရေရှားပါးတဲ့ တောင်ပေါ်ရွာလေးတွေဆိုပါတော့ ..။ ခရီးထွက်ဖြစ်ချိန်တိုင်း Landscape ပုံတွေ အများဆုံးရိုက်ဖြစ်တယ်....။ ကိုယ့်ပုံကိုယ်ရိုက်ဖို့ အာရုံမရလောက်အောင် သဘာဝရှုခင်းတွေမြင်လိုက်ရရင် အဲဒါတွေကို သဘောကျမဆုံး ငေးမောပြီး ဓါတ်ပုံတွေ ရိုက်ဖြစ်တာပါပဲ ...။ အခုမှ ပြန်နောင်တရမိတာက ဘာကြောင့် ဒီလောက်လှတဲ့ ရှုခင်းတွေကြားမှာ လူပါရောပါပြီး မရိုက်ဖြစ်ခဲ့တာလဲဆိုပြီးတော့ပေါ့ ...။ အခုဆို Facebook မှာ တချို့တင်ထားတဲ့ Prewedding photos တွေမှာဆိုရင် အဲဒီလို တောင်ပေါ်နေရာလေးတွေမှာ ရိုက်တာတွေက သဘာဝအလှတွေနဲ့ ပိုကြည့်ကောင်းသလို ထင်မိလို့ပါ ..။
သွားခဲ့တာ ခဏခဏဆိုတော့ ဓါတ်ပုံတွေက အများကြီးပဲ...။ ဒါပေမယ့် မြန်မာပြည်မှာတုန်းက အင်တာနက်က အဲလောက် အခြေအနေမပေးတော့ Blog မှာ မတင်ဖြစ်ခဲ့ဘူးလေ..။ ဒီနေ့မှ ဓါတ်ပုံတွေပြန်ကြည့်ရင်း ဒီပုံလေးတွေ Share ချင်တာရယ်၊ Post တစ်ခုလောက်ရေးချင်တာရယ်၊ ဘာရေးရမှန်းမသိ.. အာရုံမရတာရယ်ကြောင့် ရှိတဲ့ပုံတွေ တင်တော့တာပေါ့ ..။ အပေါ်ကပုံတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ရိုက်ထားခဲ့တာ..။ ပန်းနှမ်းခင်းတွေ..။ တကယ်က အပြင်မှာ မြင်ရတာက ဓါတ်ပုံထဲကထက် ပိုလှတယ် ...။ ကင်မရာက သိပ်မကောင်းလို့သာ ဒီလောက်ပဲ ပုံထွက်တာ..။ ကင်မရာကလည်း ဝယ်မယ်ဆိုပြီး ခုထိ ကောင်းကောင်းကန်းကန်း မဝယ်ဖြစ်သေးဘူး ....။
ရွာကလေးက နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာပေါ့ ...။ ရွာသူရွာသားအားလုံးလိုလိုက ဓနုတွေများကြတယ်..။ ဒါပေမယ့် ဓနုစကားတော့ သိပ်မပြောတတ်ကြဘူးတဲ့..။ ဗမာစကားပဲ ပြောတာများပါတယ်...။ အဲဒီနိုဝင်ဘာလမှာ နေကြာရိုင်းလို့ခေါ်တဲ့ အပေါ်က ဓါတ်ပုံထဲက ပန်းလေးတွေလည်း လှိုင်လှိုင်ပွင့်တယ်...။ လမ်းတစ်လျှောက်မှာ နေကြာရိုင်းတွေကို မြင်နေရခြင်းက ပန်းခင်းလမ်းကို သွားနေရသလို ကြည်နူးမှုကို ခံစားမိစေတယ်...။ အဲဒီအချိန်ကာလ နေကြာရိုင်းတွေကို အမှတ်တရအဖြစ် ဝတ္ထုတိုအပိုင်းတစ်ပုဒ်တောင် ဖန်တီးဖြစ်ခဲ့ပါသေးတယ်...။ Link >> Here
မြို့ပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဟန်ဆောင်မျက်နှာဖုံးနဲ့လူတွေ၊ ရှုပ်ထွေးများပြားလှတဲ့ အလုပ်တွေကြားမှာ ရွာလေးတွေကို ရောက်သွားပြီဆိုရင် အနည်းနဲ့အများတော့ စိတ်ထဲမှာ ငြိမ်းချမ်းသွားခဲ့တယ် ...။ ရွာသူရွာသားတွေရဲ့ ရိုးသားမှုတွေဟာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ဟန်ဆောင်မှုမရှိ ထင်ဟပ်နေခဲ့တယ် ...။ အချို့တော့လည်း မြို့နဲ့ အကူးအသန်းများသူဆိုရင်တော့ ရွာသားလူလည်ပုံစံမျိုးတော့ ရှိတာပေါ့လေ...။ ဒါပေမယ့် အများစုက ရိုးသားသူသာများကြပါတယ်.....။ ရှမ်းဆန်စေးစေးနဲ့ ထမင်း၊ အသားမပါတဲ့ ဟင်းပွဲတွေဟာ ကျမအတွက်တော့ စားသောက်ဆိုင်ကြီးတွေထက် ပိုပြီး အရသာတွေ့စေတယ်ထင်မိပါတယ်..။ ကျမကြိုက်တတ်လို့ ခဏလာတဲ့အချိန်တိုင်းချက်ကျွေးတတ်တဲ့ အိမ်ရှင်အဒေါ်ရဲ့ ဟင်းထုပ်၊ မုန်ညင်းဆော၊ ပဲပြုတ်ကြော်၊ အသားတုကြော်၊ ကြက်ဥကြော်စတာတွေဟာ အသားမပါ၊ ဆီနည်းနည်းနဲ့ တကယ်ကို အရသာရှိလှပါတယ်..။ ဟင်းထုပ်ကိုသုပ်ပြီးကျွေးတာကို တော်တော်ကြိုက်ခဲ့လို့ လုပ်နည်းမေးခဲ့ပြီး အိမ်မှာ ပြန်လုပ်ကျွေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တွေ၊ စာတွေကြားထဲ အခုထက်ထိ မလုပ်ဖြစ်ခဲ့ပါဘူး..။
တကယ်ဆို အိမ်မှာက ဟင်းထုပ်လုပ်ချင်ရင် ရဲယိုရွက်တွေလည်း အဆင်သင့်ရှိတယ်လေ...။ ဒါပေမယ့် Time Management ညံ့တဲ့ကျမဟာ အချိန်မပေးနိုင်လောက်အောင် ညံ့ဖျင်းလွန်းလှတယ်လေ..။
ဒီရဲယိုပင်တွေက အိမ်မှာ အဖေစိုက်ထားတဲ့အပင်တွေ..။ တစ်ရက်လောက်မှ အိမ်က Home Garden အကြောင်း စာတစ်ပုဒ်လောက် ရေးရဦးမယ်..။

++++++++++++++++++++++
3 comments:
ကိုယ်လည်းရှမ်းပြည်ရှုခင်းတွေသိပ်ချစ်တာ။
လမ်းဘေးတစ်လျှောက်မှာ သဘာဝပန်းရိုင်းခင်းတွေနဲ့ ရောပြီး ပန်းနှမ်းစိုက်ခင်းတွေမြင်ရတာစိတ်ထဲမှာစွဲနေတယ်။
အဲလိုတွေမြင်ခဲ့ရတုန်းက ကိုယ်လည်းအဲဒီအလှတွေကိုခံစားရတာတွေကိုစာချရေးခဲ့ဘူးတယ်။ ကိုယ့်ရဲ့ ဟိုရေးဒီရေးစာရွက်တွေထဲမှာပေါ့။
အိမ်က အပင်လေးတွေအကြောင်းမြန်မြန်တင်နော်။
ခြံထဲမှာကိုယ်တိုင်စိုက်တဲ့အပင်တွေကိုသိပ်သဘောကျတယ်။ ဘာလို့ လည်းမသိဘူး။း)
အိုင်အိုရာ
တောင်တန်းကြီးတွေ နှစ်သက်တာမို့ ရှမ်းပြည်အကြောင်း ရေးသမျှစာတွေဖတ် တင်သမျှဓာတ်ပုံတွေ ကြည့်မိတိုင်းစိတ်ကြည်နူးတယ် တိမ်လွှာရေ။ ခြံထဲမှာ သစ်ပင် ပန်းမာလာ စုံလင်စွာစိုက်ရတဲ့ ပီတိဘာနဲ့မှ လဲမရဘူး။ ရဲယိုရွက်မြင်တော့ မကြာခဏ ငါးထုပ်ချက်တာ သတိရတယ်။
ပစ်လည်းရှမ်း ပြည်ကိုသဘောကျတယ်..
အေးချမ်းမှု့ရော တောင်ပေါ်ဒေသ ဖြစ်တာရော
တောင်တွေကို လှမ်းမြင်နေရတဲ့နေရာမျိုး
ဖြစ်တာရော...အဲဘက်တွေကနေရတာ
တိတ်တိတ်ဆိတ်ဆိတ်ရှိတယ်..
Post a Comment