ဒီတစ်ပတ်ရဲ့ သောကြာနေ့ ရောက်လာပြန်ပါပြီ .....။
ဒီနေ့တော့ နည်းနည်းစိတ်ရှုပ်စရာနဲ့ တွေ့လာတယ်ပေါ့လေ...။ research အတွက် ဖေဖော်ဝါရီမှာ မြန်မာပြည်ပြန်ချင်တာကို Sensei နဲ့ ဆွေးနွေးတဲ့အခါ ဌာနမှာ ဒီတစ်နှစ်အတွက် Budget မရှိတော့လို့ နောက်ဘဏ္ဏာရေးနှစ်မှ field research တွေ လုပ်လို့ရမှာတဲ့ ..။ ဒီမှာက မြန်မာနိုင်ငံလိုပဲ Budget Year က နောက်နှစ် မတ်လမှာပြီးတာပါပဲ ..။ ဒီက တက္ကသိုလ်တွေမှာ တစ်ခုထူးခြားတာက ကျောင်းသားတွေ Field research သွားချင်ရင် Lab က ဘက်ဂျက်ချပေးရတယ်။ သူတို့ဆီမှာ project တွေလုပ်နေတာလည်းရှိသလို ကျောင်းကရတဲ့ Fund ထဲကနေ ကျောင်းသားတွေကို ခွဲပေးတာမျိုး ပေါ့ ..။အဲဒီကရတဲ့ငွေက မလောက်ဘူးထင်ရင် အချို့တော့ အပြင်က Fellowship လျှောက်ကြတာမျိုးလည်း လုပ်လေ့ရှိပါတယ်..။ ဘယ်သူမှတော့ ကိုယ့်အိတ်ထဲက စိုက်ပြီးသွားတာမျိုး လုပ်လေ့မရှိပါဘူး ..။ research လုပ်ပြီးရင် paper publication လုပ်တဲ့အခါ lab ရော ကျောင်းရော ဆရာရော နာမည်ရတာဆိုတော့ ဒါဟာ ကျောင်းသားတစ်ယောက်တည်းရဲ့ အကျိုးအတွက်မဟုတ်ဘဲ အားလုံးအတွက် အကျိုးရှိတာကြောင့်လည်းဖြစ်သလို ဒီတက္ကသိုလ်ရဲ့ ထုံးစံတစ်ခုဖြစ်တာကြောင့်လည်း ပါပါတယ်..။
ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီမှာ ပြန်လို့မရဘူးဆိုတာ သိလိုက်ရတော့ စာတောင် ဆက်မလုပ်ချင်တော့လောက်အောင် စိတ်ညစ်သွားတယ်..။ ပြန်ဖို့အတွက် အသည်းအသန်ကို စိတ်ထဲမှာ ပြင်ဆင်ပြီးနေပြီလေ.... :( :( စိတ်ညစ်ညစ်နဲ့ အတန်းတစ်ခုသွားတက်ပါတယ်..။ အတန်းက စုစုပေါင်းမှ ကျောင်းသူ (၃) ယောက်ပဲတက်တော့ အလိုလိုနေရင်း Special Class ဖြစ်သွားတော့တာပေါ့ ..။ ဆရာနဲ့ သူ့အမျိုးသမီးနဲ့ အတူတူသင်ပေးကြတာ ...။ သဘောကောင်းတဲ့ ဆရာနဲ့ ဆရာမအတန်းကို အခုမှ ဒုတိယအကြိမ်မြောက်သွားတက်တာပါ ..။ အဲဒီမှာ စာသင်ပြီးတော့ သူတို့သူငယ်ချင်းတစ်ယောက်ဆီက လက်ဆောင်ရတဲ့ ဂျပန်လိမ္မော်သီးနဲ့ ယိုနဲ့ လက်ဆောင်ပေးတယ် ..။ လိမ္မော်သီးက Japan လို Yuzu လို့ခေါ်ပြီး သူတို့ဂျပန်ရိုးရာအရဆိုရင် ရေချိုးရင် ထည့်ချိုးရတယ်တဲ့.. ။ ရေနွေးထဲမှာ အသီးကိုစိမ်ပြီး အရည်ညှစ်ပြီး အနံ့မွှေးမွှေးထွက်စေရပါမယ်တဲ့ ..။ အဲဒါနဲ့ ရေချိုးပြီးရင် ဆောင်းတွင်းမှာ အအေးဒဏ်ကို ခံနိုင်တယ်၊ အသားအရေကြမ်းတာကို နူးညံ့စေတယ်၊ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး စိတ်ကိုကြည်လင်လန်းဆန်းစေတယ်တဲ့ ..။ ပုံမှန်အားဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ Yuzu နဲ့ ရေချိုးလေ့ရှိကြပြီး အဲဒါကို ဂျပန်စကားနဲ့ Yuzuyu လို့ ခေါ်ပါသတဲ့ ..။
ဒီမှာရောက်နေခဲ့တာ ၁ လ ကျော် ကြာနေပြီဖြစ်ပေမယ့် ဂျပန်ထမင်းဟင်းစစ်စစ်ကို ဆိုင်မှာ သွားမစားဖူးသေးဘူး..။ အဲဒါအပြင် Sushi လည်း တစ်ခါမှ မစားဖြစ်သေးဘူး ..။ထမင်းဗူးတွေတော့ ၀ယ်စားဖူးပါတယ် ..။အရသာက ချိုသလိုလို ပေါ့သလိုလို သိပ်မကြိုက်ဘူး ..။ ဂျပန်စာဆိုလို့ ခေါက်ဆွဲပြုတ်တွေတော့ တခါတလေ စားဖြစ်တယ် ..။ ready-made ၀ယ်စားရင်တော့ ဈေးမကြီးပေမယ့် ဆိုင်မှာကတော့ ပုံမှန်အတိုင်းဈေးကြီးတာပဲပေါ့ ...။ ဒီမှာဆိုးတာက Tax က 8% ပေးရတယ်လေ ..။ ဂျာမနီမှာဆိုရင် နှစ်ရှည်ခံတဲ့ပစ္စည်းမှ 2.5% လောက်ပေးရတာ ..။ အစားအသောက်တွေဆို ပိုတောင် လျော့သေးတယ်..။ 0.8% လားပဲ သိပ်တော့ မမှတ်မိတော့ဘူး ...။ ဂျပန်ကတော့ ဒါတောင် နောက်ဆိုရင် အခွန်ကို 10% ထိ တိုးကောက်ဦးမယ်ဆိုပဲ ... -_- -_-
ဒီခေါက်ဆွဲက Udon လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပေါ့ ...။ ပုံစံက မြန်မာနိုင်ငံက နန်းကြီးနဲ့ ဆင်တူပေမယ့် အရသာကတော့ တော်တော်နူးညံ့တယ် ...။ ကျမကတော့ ခေါက်ဆွဲကြိုက်တဲ့သူဆိုတော့ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ကြိုက်ပါတယ်..။ အဲဒါကို သူငယ်ချင်းတစ်ယောက်က အုဒုံးစားရင်လေ... စိတ်ထဲမှာ ဘာကောင်ကြီးမြင်လာတယ်.. ဘာညာသာရကာ လာလာပြောရင် တော်တော်စိတ်တိုတယ် ..။ Go to hell လို့ တစ်ခွန်းတည်းပြန်ပြောလိုက်ချင်တာ ။ သူကအရင်ကတည်းက အဲလိုပဲ နန်းကြီးစားရင် ဘာဖြစ်တယ်..။ နန်းပြားစားရင်ဘာဖြစ်တယ်..။ မစားရဲဘူးနဲ့ ပြောနေကျ ..။ ဒီနေ့ နည်းနည်းစိတ်ရှုပ်လို့ သူပြောတာတွေ သတိရပြီး ပေါက်ကွဲတာ :) :)
ဒါကတော့ ဂျပန်ခေါက်ဆွဲထဲမှာ နာမည်ကြီး Soba ဆိုတဲ့ ခေါက်ဆွဲ အညိုရောင်လား အစိမ်းရောင်လား သေချာတော့မသိ။ ထင်တာတော့ ရေညှိရောင်ထင်တာပါပဲ ..။ ဒါပေမယ့် ရေညှိကထုတ်တာတော့ မဟုတ်ပါဘူး..။ ဂျုံအမျိုးအနွယ်အပင်က ထုတ်တာပါပဲ ...။ ဂျပန်မှာ အယူအဆတစ်ခုက မစားတဲ့အချိန်ပဲဖြစ်ဖြစ် စားပြီးရင်ပဲဖြစ်ဖြစ် တူကို အဲလိုတင်ထားရလေ့ရှိပါတယ်..။ ပန်းကန်ထဲ တူစိုက်ထားတတ်တာက Funeral မှာပဲ ထားလေ့ရှိတာပါတဲ့ ..။
ဒါကတော့ အကြိုက်ဆုံးအစားအစာ မြန်မာမုန့်ဟင်းခါးး <3 <3 အသိအစ်မတစ်ယောက်လာတော့ လက်ဆောင်ပေးသွားတာနဲ့ စုပြီးးချက်စားကြတာ..။
ဒီမှာတော့ အပြင်မှာ တခါတလေ စားဖြစ်ရင် တရုတ်ဆိုင်ပဲ စားဖြစ်ကြတာများတယ်..။ တရုတ်ဟင်းတွေက အနည်းဆုံးတော့ မြန်မာတွေနဲ့ အစပ်တည့်နေပြီးသားလေ...။
တချို့ဆိုင်တော်တော်များများတော့ လက်ဖက်ရည်ချိုရောင်းတာတွေ့တယ် ..။ ဒါပေမယ့် မြန်မာမှာလို နို့ဆီနဲ့ ခပ်ပျစ်ပျစ်ဖျော်ထားတာမျိုးမဟုတ်ဘဲ Milk Tea ဆိုပြီး နွားနို့နဲ့ပဲ ကျဲကျဲဖျော်ထားတာမျိုးပါ ...။
ဒါလည်း တရုတ်ဆိုင်က ဟင်းတွေပဲ ..။ ဒီမှာရတဲ့ ပေါက်ဆီ၊ ဝက်သားပေါင်း၊ ဖက်ထုပ်တွေက တော်တော်စားကောင်းတယ်..။ ဂျုံသားက မြန်မာပြည်က အသားတွေလိုမဟုတ်ဘဲ အိနေပြီး အပြင်ဂျုံ သားကကို စားလို့ကောင်းနေတာ ..။ ဆိုင်တွေမှာ အဲလိုပေါက်စီတွေရောင်းရင် ဂျပန်ရိုးရာ အစပ်တစ်မျိုးဖြစ်တဲ့ Wasabi လို့ခေါ်တဲ့ Sauce တစ်မျိုးပေးလေ့ရှိတယ်...။ Wasabiက ကျန်းမာရေးအတွက်ကောင်းတယ်ပြောပေမယ့် စားလိုက်ရင် ငရုတ်သီးလိုစပ်တာမျိုးမဟုတ်ဘဲ ခေါင်းတွေပါ ချာချာလည်ပြီး မွှန်သွားတာကြောင့် ကျမက စားရမှာ တော်တော်ကြောက်သူပါ ..။ ပထမဆုံးစားဖူးတာက ဂျာမနီမှာတုန်းက ဂျပန်ဆိုင်တစ်ခုမှာပေါ့..။ Sushi ထဲမှာ အဲဒါပါတာကို တစ်ခါမှလည်း မစားဖူးတော့ မသိပဲ စားလိုက်မိတာ ခေါင်းတစ်ခုလုံး ချာချာလည်သွားလို့ အစာအဆိပ်သင့်တာမျိုး ဖြစ်တာထင်ပြီး အလန့်တကြားဖြစ်ဖူးခဲ့တယ်..။ အဲဒီနောက်ပိုင်း မစားရဲတော့တာ ..။
မနေ့က တရုတ်ဆိုင်တစ်ခုသွားစားမလို့ သွားကြရင်းကနေ သွားတဲ့ဆိုင်က ပိတ်ထားတော့ ဂျာမာန်ဆိုင်တစ်ခုမှာ သွားစားဖြစ်တယ် ...။ မစားတာကြာပြီဖြစ်တဲ့ ဂျာမာန်အစားအစာကို ပြန်စားဖြစ်တာပေါ့လေ.။ ဒါပေမယ့် ပုံစံက ဟမ်ဘာဂါထဲထည့်တဲ့ ပုံစံတွေကို ပြန်ဆန်းသစ်ပြီး ဟင်းပွဲပုံစံပြောင်းထားပြီးတော့ ထမင်းနဲ့ စားရတာပါ ..။ ဂျာမာန်စာကို ဂျပန်စတိုင်လ်ပြောင်းထားတဲ့သဘောပေါ့ ..။
Ketchup ကလည်း ဂျာမန်တံဆိပ်၊ ပြီးတော့ ဂျာမနီမှာ စားလေ့ရှိတဲ့ သခွားသီးသေးသေးလေးတွေကို အချဉ်တည်ထားတာမျိုးလည်း ပါပါတယ်..။
အစားအသောက်တွေကတော့ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလိုဖြစ်နေတဲ့အခါ ဘယ်နေရာပဲဖြစ်ဖြစ် စားချင်ရာတော့ ရတာပါပဲ ..။ ဘယ်နေရာပဲရောက်ရောက် ကျမက အစားအသောက်ကို အလွယ်တကူကျင့်သားရသွားတတ်တာကြောင့် အစားအသောက်နဲ့ ပတ်သက်ရင် စိတ်မညစ်ရပါဘူး..။ ဒီကထုံးစံ အစားအစာတွေပဲ အလွယ်တကူစားဖြစ်နေတာကြောင့် မြန်မာပြည်ကနေ သယ်လာတဲ့ အခြောက်တွေတောင် ဘာမှမစားဖြစ်သေးဘူး ..။ အချိန်အများကြီးပေးပြီး ချက်ပြုတ်မစားနေချင်တာကြောင့် လွယ်တာပဲ ပြင်ဆင်စားသောက်နေတာကြောင့်လည်း ပါပါတယ်..။ ဂျပန်ဆိုတာကလည်း ချက်စားစရာမလိုအောင် အသင့်စားဗူးတွေက မျိုးစုံရောင်းနေတဲ့ နေရာလည်း ဖြစ်တာကိုး..။
ဒီရာသီမှာ အကြိက်ဆုံးအသီးပေါ့ ...။ ခဏခဏစားဖြစ်နေပါတယ်...။
စိတ်ရှုပ်တဲ့အခါ ကုထုံးတစ်ခုရှိပါတယ်..။ အဲဒါကတော့ အစားအစာတွေခဏခဏစားခြင်းပါပဲ ..။။ အခြားသူတော့မသိ ..။ At least it works for me :) :)

2 comments:
ကကြီးမှာလည်း Hamburg steak ကို ထမင်းနဲ့ပဲ တွဲချပေးတယ်။ အာလူးထောင်းနဲ့။
စိတ်ရဲ့ဖြေရာပေါ့ တိမ်လွှာရေ... စိတ်ရှုပ်တဲ့အခါ စိတ်ညစ်တဲ့အခါ ထွက်ပေါက်ကို နည်းမျိုးစုံနဲ့ ရှာဖွေကြတာ လူ့သဘာဝပေါ့ ... ဂျပန်အကြောင်းလေးတွေ ဖတ်ရင်း အသင့်စား ဘွန်းကာရီဆိုတဲ့ ဟင်းထုပ်လေးတွေ တစ်ချိန်က တီတင့်မေမေဟင်းချက်ချိန်မရတိုင်း စားခဲ့တာလေး သတိယတယ်။
Post a Comment