Friday, 5 December 2014

# Days In Japan # My Favorite Songs ^^

TGIF ^^

 ဒီဇင်ဘာပထမပတ်ရှင်းတမ်း++
ရက်သတ္တတစ်ပတ်ရဲ့ သောကြာနေ့ကို ရောက်လာတဲ့အခါ စိတ်တွေက တစ်ပတ်လုံး ရှုပ်ခဲ့သမျှ ပြန်လည် ပေါ့ပါးလာခဲ့ပါပြီ ...။ ဘာပဲဖြစ်ဖြစ် weekends ၂ ရက်မှာတော့ ကျောင်းမသွားဘဲ ပေါ့ပေါ့ပါးပါး နားလို့ရပြီလေ.....။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ဒီဇင်ဘာအမှတ်တရ ပို့စ်တစ်ခုရေးခဲ့တယ်..။ အဲဒီပို့စ်မှာတောင် ထည့်ရေးမိပါသေးတယ်..။ မနက်နိုးနိုးချင်း ခေါင်းလျှော်ရေချိုးပြီး ကျောင်းသွားခဲ့တယ်ဆိုပြီးတော့ပေါ့ ..။ ညပြန်ရောက်၊ Blog မှာ စာတွေဘာတွေရေး၊ အိပ်ပြီးတဲ့အချိန်အထိ ဘာမှမဖြစ်ခဲ့ဘူး ...။ နောက်တစ်ရက်တော့ ကျောင်းကို ပုံမှန်အတိုင်းသွားပါတယ်..။ နေ့လည်ပိုင်းရောက်တော့ Seminar တစ်ခုတက်တယ်..။ အဲဒီမှာ ဆရာကလည်း ခရီးသွားရာကနေ ပြန်ရောက်လာပါပြီ ...။ Seminar ပြီးတော့ ဆရာက ကျမရဲ့ research plan နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ဘာညာ မေးပါတယ်..။ အဲဒီတော့ ဘယ်လိုလုပ်ချင်တယ်၊ Study site က ဘယ်နေရာကို ရွေးထားတယ်..၊ ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ပါမယ်၊ ဘာညာသာရကာ ပြန်ပြောတာပေါ့ ...။ အဲဒါနဲ့ ဆရာက research plan ကို Detail ရေးပြီး သူ့ဆီကို တင်ပါတဲ့ ..။ word နဲ့လား powerpoint နဲ့လားဆိုတာ ဘာမှမပြောတာနဲ့ မြန်မြန်နဲ့ ထိထိရောက်ရောက်ပြနိုင်တဲ့ ppt နဲ့ ပေးချင်လို့ ppt file နဲ့ တင်လို့ရမလားဆရာဆိုတော့ document ပဲတင်ရပါမယ်တဲ့ ..။ Hai Hai ဆိုပြီးတော့ သောကြာနေ့အပြီးရေးတင်မယ်စိတ်ကူးတာ ... အိမ်ရောက်တော့ ဖျားတာပါပဲ ....။ လည်ချောင်းတွေက နာနေပြီ ..။ တကယ်က အဲဒီမနက်ကတည်းက လည်ချောင်းနာနေတာကို သတိထားမိတယ်..။ ရာသီဥတုက ချက်ချင်းအေးလာတော့ ရာသီအကူးအပြောင်းမှာ အ၀တ်အစားကို သေချာနွေးထွေးအောင် မ၀တ်မိဘဲ ပုံမှန်အတိုင်းဝတ်သွားမိလိုက်တာနဲ့ ခန္ဓာကိုယ်က ဖောက်ပြန်လာတော့တာပါပဲ..။ သေချာဂရုတစိုက်ဝတ်စားလဲ ဖြစ်မှာကတော့ ဖြစ်မှာပါပဲ .။ ကျမရဲ့ အကျင့်က ဘယ်နေရာရောက်ရောက် ရာသီအကူးအပြောင်းဆို အအေးမိတာ၊ အပူရှပ်တာက ဖြစ်နေကျ။ ရာသီဥတုပြောင်းပြီလားဆိုရင် ကျမကို ကြည့်ရင်ရပါပြီ..။ ကျမဖျားနေပြီဆို ရာသီတစ်ခုကနေ တစ်ခုပြောင်းလို့ဆိုတာ မှတ်လို့ရနေပြီလေ...။ ပုံမှန်ကတော့ နှာစေးချောင်းဆိုးလောက်ဖြစ်ပြီး ကြီးကြီးမားမားဖျားတာ နာတာ မရှိပဲ ရာသီပြောင်းရင် အဲလို နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသံဝင်၊ အဲဒီကနေတစ်ဆင့် အဖျားပါဝင်တော့တာပါပဲ ..။
အဲဒါနဲ့ နောက်တစ်ရက်ကျောင်းကိုသွားပါသေးတယ်..။ လုံးဝခေါင်းမထောင်နိုင်၊ စကားမပြောနိုင်တော့တာနဲ့ပဲ အခန်းကိုပြန်လာ၊ ဆေးသောက်ပြီးအိပ်၊ အားဆေးတွေလည်းသောက်ပေါ့..။ နောက်တစ်ရက်တော့ တစ်နေကုန်ကျောင်းမသွားပဲ ညနေပိုင်းမှ Seminar တစ်ခုသွားတက်ပါတယ်..။ အိမ်မှာတုန်းက ကောင်းစပြုလာရာကနေ လမ်းလဲထွက်လိုက်ရော တော်တော်အေးပြီး Seminar ခန်းထဲ ဘာတွေပြောလို့ ပြောသွားမှန်းမသိအောင်ကို ချာလပတ်ရမ်းနေခဲ့ပါတယ်..။ ညရောက်တော့ သေချာ အနားယူ၊ ဆေးသောက်လုပ်ရင်း မသက်သာရင် သောကြာနေ့ ကျောင်းက ဆေးရုံခေါ်သွားမယ်လို့ သူငယ်ချင်းက ပြောပေမယ့် အခုတော့ အကောင်းပကတိ သက်သာသွားပါပြီ ...။ ဆရာ့ကိုလည်း Proposal က မတင်နိုင်တော့ နောက်တစ်ပတ်တင်ပါ့မယ်ဆိုပြီး request လုပ်ထားခဲ့ရပါတယ်...။

 Photos ++

Momiji တွေ အရောင်နီတာ ကြည့်ရင်း လျှောက်သွားထားခဲ့တာ ဓါတ်ပုံတွေမှ အများကြီးပဲ ..။ ဒါပေမယ့် Post က ရေးပြီးပြီဆိုတော့ အဲဒီဓါတ်ပုံတွေ ဒီအတိုင်း ကွန်ပျူတာထဲ ထည့်သိမ်းထားရုံပေါ့ ..။ Facebook တော့ တစ်ပုံစနှစ်ပုံစလောက်သာတင်ပြီး သိပ်မတင်ဖြစ်ပါဘူး..။ အပေါ်က ၂ ပုံက Momiji တွေသွားကြည့်တုန်းက Temple တစ်ခုက စမ်းချောင်းလေးတစ်ခုရဲ့ တံတားပေါ်ကနေ ရိုက်ထားတာ..။ ရေတွေကြည်နေတဲ့ သဲချောင်းလေးထဲက ကျောက်တုံးပေါ်မှာ အကြွေစေ့တွေ ပစ်ထားတာ အများကြီးပဲ..။ ဒဏ္ဏာရီဇာတ်လမ်းတွေထဲက ရွှေတွေ ငွေတွေတွေ့တဲ့ပုံနဲ့တူလို့ တော်တော်သဘောကျခဲ့တဲ့နေရာလေးပါ..။ စမ်းချောင်းလေးထဲမှာ ငွေအကြွေတွေအပြင် မေပယ်လ်ရွက်ကြွေတွေပါမျောပြီး တကယ်ကဗျာဆန်တဲ့ နေရာလေးတစ်ခုပါ ..။ ဒီမှာကတော့ ဘယ်နေရာပဲဖြစ်ဖြစ် ကဗျာဆန်ဆန်လှနေတာပါပဲလေ..။

Blog & Facebook ++
အခုတလော Facebook account ကို Deactivate လုပ်ချင်စိတ်တော်တော်များနေတယ်..။ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရလို့ ..။ အချိန်ကုန်လို့ ......။ Blog ကတော့ သိပ်အချိန်မပေးရပါဘူး ..။ နောက်တစ်ချက်က Blog မှာ တစ်ခုခုရေးဖြစ်ခြင်းက ကျမအတွက် အကျိုးရှိတယ်လေ..။ အနည်းဆုံး အချိန်မရလို့ ကိုယ့်ဒိုင်ယာရီပဲကိုယ်ရေးတယ်ဆိုရင်တောင် စာရေးကျင့်တော့ မပျက်ဘူးပေါ့ ..။ ဒီ Blog မှာကလဲ ကိုယ်ပဲစာရေးသူ၊ ကိုယ်ပဲ စာဖတ်ပရိသတ် :D :D
Feedjit live ကို ကြည့်လိုက်ရင် ကိုယ်ပဲ အများဆုံးဝင်တာကို တွေ့ရတာပါပဲ ..။ အနည်းဆုံးတော့ ပျင်းတဲ့အချိန် ကိုယ်ရေးထားခဲ့ဖူးတဲ့ စာလေးတွေ ပြန်ဖတ်ရခြင်းကလည်း ကြည်နူးခြင်းတစ်မျိုးပါပဲ ..။

Writing++
ရေးလက်စစာတွေလည်း တော်တော်များနေပြီ ..။ အဆုံးမသတ်ဖြစ်သေးတာတွေက ခပ်များများပေါ့ ..။ အဆုံးမသတ်ဖြစ်တာတွေကိုတော့ Blog မှာ မတင်ဖြစ်ပေမယ့် ဟိုတစ်လောက ဆရာမဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ဆိုတဲ့ စာအုပ်ကိုပြန်ဖတ်မိရင်း ကိုယ့်အကြောင်းကိုယ်ရေးထားတဲ့ အက်ဆေးကို သိသိနဲ့ အဆုံးမသတ်ဖြစ်သေးဘူး ..။ အားလုံးရေးလိုက်ရင်လည်း Public မှာ ကိုယ့်အကြောင်းကိုယ် ချပြသလိုဖြစ်သွားမှာကြောင့် တမင်ကို ဆက်မရေးဖြစ်တာပါ ..။ တခါတလေလည်း တိတ်တိတ်ကလေးနေတာ အကောင်းဆုံးပဲမဟုတ်လား ..။ ကျမရဲ့ Blog post တချို့ကို ထည့်ပေးနေတဲ့ ဂျာနယ်ဆီကို အက်ဆေးကောင်းကောင်းလေးတွေ သေချာရေးပို့မယ်လို့  စိတ်ကူးထားပေမယ့်လည်း စာတွေထဲစိတ်ရောက်နေရတဲ့အခါ အဲဒီစိတ်ကူးလဲ ပျက်ပြယ်နေရပါတော့တယ် ....။

Favorite song ++
ကျမအကျင့်က သီချင်းတစ်ပုဒ်နားထောင်ပြီိဆိုရင် တချိန်လုံး အဲဒီသီချင်းကို ဆက်တိုက်ဖွင့်ပြီး နားထောင်တော့တာပါပဲ ..။ အခုအချိန် အခုရာသီမှာ ကြိုက်နေတဲ့သီချင်းက နီနီခင်ဇော်နဲ့ စန္ဒီမြင့်လွင်နဲ့ဆိုထားတဲ့ "နှင်းဝေတဲ့ဆောင်း" ဆိုတဲ့ သီချင်းပါ ..။ ဒီဆောင်းရာသီအတွက် ခရေဇီအဖြစ်ဆုံးသီချင်းဆိုပါတော့ ..။

Time flies so fast!!!
အချိန်တွေအကုန်မြန်ပုံက ရောက်ခါစက ကျောင်းဝင်းထဲက အပင်တွေအစိမ်းရောင်၊ အဲဒီနောက် အဝါရောင် အခုတော့ အရွက်တွေအကုန်ကြွေလို့ အရိုးပြိုင်းပြိုင်းကျလို့နေပါပြီ ..။ ရာသီဥတုကလည်း ရောက်ခါစက ၁၇ ဒီဂရီလောက်ကနေ အခုတော့ ၄ ဒီဂရီလောက်ထိ အေးနေပါပြီ ..။ ဂျပန်ရဲ့ ထူးခြားတဲ့ရာသီဥတု၊ အထူးသဖြင့် ဒီမြို့ရဲ့ ရာသီဥတုဖြစ်မယ်ထင်ပါတယ်..။ အပတ်တိုင်းမိုးရွာပါသတဲ့ ..။ ရာသီဥတုကအေးတဲ့ကြားမှာ မိုးကလည်း မကြာခဏရွာတဲ့အခါ ... ဘာမဆိုင်ညာမဆိုင် သက်ဆိုင်သူကို လွမ်းမိတာပါပဲ .....။

3 comments:

Anonymous said...

အသူပြောပါတယ် ..ခုကောအဖျားကျပြီလားမဖြူ.စိတ်ပူတာ..
ခံစားချက်တွေအဖြစ်အပျက်တွေအတွေးတွေကဘာလို့အဲ့လောက်တူနေရတာလဲဟင်...ဖေ့ဘုတ်လဲဖျက်ချင်နေပြီ။ဘလော့ဂ်ဘက်လစ်ဟင်းနေလို့...
@Ahthu

Phyu Lwin said...

ဟုတ်တယ် အသူရေ..။ နည်းနည်း ဂရုမစိုက်တာနဲ့ ဖြစ်သွားတာ..။ အခုတော့ ကော်းသွားပါပြီ.။ ဒီပို့စ်ကို ရေးပြီးပြီးချင်းပဲ တိုက်တိုက်ဆိုင်ဆိုင် Facebook ကို Deactivate လုပ်လိုက်ပြီ.။ ဘာမှတော့ မဟုတ်ပါဘူး..။ အချိန်ကုန်လို့ပါ.။

Aunty Tint said...

ဖဘမှာတီတင့် မနှစ်သက်တဲ့ စတေးတပ်မျိုးဆိုရင် ကျော်သွားတယ် တိမ်လွှာ။ အရေးလုပ်နေရင် ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲတွင်းဆွဲသွင်းသလို ဖြစ်နေမှာစိုးလို့ .... :)
တီတင့်အခုရေးနေတဲ့ ဘ၀မှတ်တိုင်တွေ အပိုင်း ၃၁တောင်ရောက်နေပြီ တိမ်လွှာရေ.. လက်လွန်သွားပြီး နောက်ပြန်ဆုတ်လို့မရတော့ဘူး ... :P
တိမ်လွှာတင်တဲ့ ဓာတ်ပုံတွေအရမ်းလှတယ် တစ်ချိန်တုန်းကဂျပန်ကိုလဲ လွမ်းတယ် တီတင့်ဖေဖေကိုလဲ အခုကွန်မန့်ရေးရင်း လွမ်းသွားတယ်။

Follow Us @soratemplates