Tuesday, 6 January 2015

# ♥♥♥ မောင် ♥♥♥ # Days In Japan

ချစ်သော...နှင်း ***


မောင်ရေ .....
အချိန်က ၂၀၁၅ ထဲမှာ ဖြတ်သန်းနေပြီနော်...။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ၂၀၁၅ မှာ ရည်ရွယ်ထားတာ တချို့ကို ချရေးဖြစ်ခဲ့သေးတယ်လေ..။ အဲဒီနေ့က ကျောင်းပိတ်ပေမယ့် အိမ်မှာဆိုရင် စာမလုပ်ဖြစ်လို့ ကျောင်းကိုတော့ သွားဖြစ်ခဲ့တယ်...။ စာလုပ်ရတာ ပျင်းလာတဲ့အချိန်ရောက်တော့ စာရေးဖြစ်ခဲ့တယ်..။ စာရေးနေတုန်း နေ့လည် ၁ နာရီကျော်လောက်မှာ နှင်းတွေ တဖွဲဖွဲကျလာခဲ့တယ်..။ အစကတော့ ပထမဆုံးနှင်းကျတဲ့ရက်လိုပဲ သိပ်အများကြီး မကျလောက်ဘူး ထင်တာပေါ့..။ သူငယ်ချင်းတွေကလည်း ပြောတယ်လေ..။ ဒီမြို့က နှင်းအထူကြီး ကျလေ့မရှိသလို ဆောင်းတွင်းတစ်ခုလုံးမှာလည်း တစ်နှစ်လုံးမှာမှ ၃ ရက် ၄ ရက်လောက်သာ ကျတာတဲ့မောင်ရဲ့ ...။
အပြင်မှာ နှင်းတွေ တဖွဲဖွဲကျနေတုန်း ကျမလည်း အခန်းထဲမှာ စာရေးနေတာပေါ့..။ ခဏကြာတော့ နှင်းကျရင် အလိုလိုပျော်လာတဲ့စိတ်ကြောင့် အပြင်ထွက်ပြီး ခဏထွက်ကြည့်၊ ဓါတ်ပုံတွေ၊ Video တွေ ဘာတွေရိုက်ပေါ့လေ..။ Blog post က ရေးနေတုန်းတန်းလန်းဆိုတော့ အဲဒီမှာ နှင်းကျနေတဲ့ပုံတွေ ထည့်ချင်မိတာကိုး...။


မောင်သိတဲ့အတိုင်းပဲ ကျမက နှင်းတွေမြင်ရရင်ကို ပျော်နေတတ်တာ..။ အရင် ဂျာမနီမှာတုန်းကတော့ ပထဆုံးနှင်းကိုမြင်ဖူးတဲ့အချိန်တုန်းက ရင်တွေတောင် ခုန်လို့...။ အခြားစီနီယာတွေ သူငယ်ချင်းတွေက အဲဒီတုန်းကတော့ ပြောကြတာပေါ့....။ စမြင်ဖူးကာစအချိန်မှာသာ နှင်းတွေက ချစ်စရာကောင်းတာ..။ တဖြည်းဖြည်းကြာလာရင် ရေခဲတမျှအေးစက်နေတဲ့ နှင်းထုကြီးထဲ လမ်းလျှောက်ရလွန်းလို့ နှင်းတွေကို အမြင်ကတ်လာလိမ့်မယ်တဲ့..။ ဒါပေမယ့် အဲဒီသူတွေထဲမှာ ကျမ မပါခဲ့ဘူးမောင်..။ ဘယ်အချိန်မှာပဲ နှင်းတွေကျကျ၊ ဘယ်လောက်ပဲများများ နှင်းတွေကို ချစ်တဲ့စိတ်၊ နှင်းကျလာရင် ပျော်နေတဲ့စိတ်၊ အေးခဲနေတဲ့နှင်းမွမွတွေကြားမှာ ခြေလှမ်းနေရတဲ့ခံစားချက်ဟာ စိတ်ကို အလိုလိုကြည်နူးစေတတ်တယ်...။ နှင်းတွေကိုမြင်တိုင်း သူတို့အကြောင်း စာတွေ ရေးချင်မိတယ်..။

ခုနက နှင်းကျတဲ့ရက်ကို ပြန်ဆက်ရရင် အဲဒီနေ့က စာလည်းရေးပြီးရော... အပြင်ကို ကြည့်လိုက်တဲ့အခါ ခဏလေးအတွင်းမှာ နေရာတိုင်း နှင်းတွေဖုံးလွှမ်းနေရုံမက ကောင်းကင်ပေါ်ကနေလည်း နှင်းပွင့်တွေ အရှိန်ပြင်းပြင်းနဲ့ အဆက်မပြတ်ကျနေလေရဲ့လေ....။ အဲဒါနဲ့ပဲ ကျောင်းကိုလာကြတဲ့သူငယ်ချင်းတွေနဲ့အတူ အဆက်မပြတ် တဖွဲဖွဲကျနေတဲ့နှင်းတွေကြား လျှောက်သွားပြီး ဓါတ်ပုံတွေ ရိုက်ကြတာပေါ့ မောင်ရေ..။ လက်အိတ်ချွတ်လိုက်၊ ဓါတ်ပုံရိုက်လိုက်၊ နှင်းတွေကြား ပြေးလွှားသွားလိုက်နဲ့ အေးလို့အေးမှန်းတောင် မသိပါဘူး..။ ဒါပေမယ့်လည်း ဒီမြို့လေးရဲ့ နှင်းကျနေတဲ့အချိန်ရှိတဲ့ အပူချိန်က ၀ ဒီဂရီပဲရှိတယ်လေ..။ အဲဒီလိုဆိုတော့ အနှုတ် ၂၅ လောက်ထိ အေးတတ်တဲ့ ဂျာမနီဆောင်းကို ဖြတ်သန်းလာခဲ့တဲ့ကျမအတွက် ၀ ဒီဂရီဆဲလ်စီးယပ်စ်ဆိုတာ အပြင်မှာ သွားလို့လာလို့ အဆင်ပြေနေတဲ့အပူချိန်ပဲ ဖြစ်နေတာ မဆန်းပါဘူးနော်...။

သူငယ်ချင်းကိုတောင် ပြောဖြစ်သေးတယ်..။ ငါအရင်ဘဝက ဒီလို နှင်းတွေကျတဲ့နေရာမှာများ လူဖြစ်ခဲ့သလားပဲလို့..။ ဘာကြောင့်ဆိုရင် နှင်းတွေမြင်ရရင်ကို စိတ်က အလိုလို ပျော်လာလို့လေ ဆိုပြီးပေါ့..။



ဒီမြို့လေးမှာ အဲဒီ ၁ ရက်နေ့က ကျတဲ့နှင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၁ နှစ်အတွင်းမှာ အထူဆုံး အများဆုံးကျတဲ့နှင်းဖြစ်တယ်တဲ့ မောင်ရဲ့..။ စံချိန်တင်သွားတဲ့နှင်းပေါ့..။ စံချိန်တင်ဆိုရင် နှင်းအထူကလည်း ၁ ပေကျော်ခဲ့တယ်လေ...။ နောက် ၃ ရက် ၄ ရက်လောက်အထိ အဲဒီနှင်းတွေ ရှိနေတုန်း..။ ဒီမြို့မှာက ဂျာမနီမှာလို နှင်းတွေကို သန့်ရှင်းရေးမလုပ်တော့ နောက်ရက်တွေမှာ နှင်းတွေက သိပ်သွားပြီး ရေခဲပြင်လိုဖြစ်သွားတဲ့အခါ စက်ဘီးစီးလို့လဲ အဆင်မပြေသလို လမ်းလျှောက်လို့လဲ အဆင်မပြေတော့ဘူးလေ...။ အချို့တော့ ကိုယ့်အိမ်ရှေ့ ကိုယ့်ဆိုင်ရှေ့ တပိုင်တနိုင် နှင်းသန့်ရှင်းရေးလုပ်ကြတာလည်း ရှိပါတယ်...။ အများသွားတဲ့လမ်းတွေပေါ်တော့ သန့်ရှင်းရေးမလုပ်တာ တော်တော် အန္တရာယ်များလှတယ်..။ ကျမလည်း စက်ဘီးစီးဖို့အဆင်မပြေတော့ ဂရုတစိုက်နဲ့ လမ်းလျှောက်ပြီးပဲ ကျောင်းသွားရတော့တာပေါ့ ....။ ဘာပဲဖြစ်ဖြစ် ကျမကတော့ နောက်ထပ်ကျလာဦးမယ့် နှင်းတွေကိုလည်း ရင်ခုန်စွာနဲ့ စောင့်နေတုန်းပဲ မောင်ရဲ့......။ ကျမ နှင်းပွင့်တွေကို ချစ်တယ်လေ.....။

အဲဒီနေ့က ဘာရယ်မဟုတ် NewYear ညက အရှိန်မပျက်သေးတော့ မြန်မာသူငယ်ချင်းတွေ စုံပြီး စားဖြစ်ကြသေးတယ်....။

4 comments:

Aunty Tint said...

တိမ်လွှာရဲ့တမ်းတသံလေးနဲ့အတူ ဓာတ်ပုံလေးတွေမြင်တော့ နှင်းမိုးတွေသည်းသည်းမဲမဲရွာနေတဲ့ နေ့ရက်လေးတွေကို ပြန်သတိယတယ် တိမ်လွှာရေ....

Thu said...

Ahthuလဲ နှင်းတွေမြင်ဖူးချင်လိုက်တာ..
သတင်းမှာတောင်ပါတယ်..ဂျပန်မှာနှင်းတွေအရမ်းကျလို့.လမ်းတွေတောင်ပိတ်တယ်ဆိုတာလေ..
အအေးမိမယ်နော်..ချစ်မ..ဂရုစိုက်အုန်း ♥♥

Mrs. Bagel said...

စနိုးရေ ပို့စ်က မြန်မာစာတွေက မြတ်ကြည်ရဲ့ browser မှာ ဖတ်လို့မရဘူး။ ဘေးကစာနဲ့ ကော်မန့်တော့မြင်ရတယ်။

Phyu Lwin said...


အယ် ဟုတ်လား မြတ်ကြည်ရေ။။ Zawgyi နဲ့ Unicode မှာ တစ်ခုခု ငြိသွားလို့ထင်တယ်..။ ဒီမှာလည်း တခါတလေ Unicode နဲ့ ပေါ်သွားပြီး ဖတ်လို့မရပေမယ့် refresh လုပ်လိုက်ရင် ဇော်ဂျီအတည့်ပေါ်ချင် ပေါ်သွားပြန်ရော။ အဲလို ခဏခဏဖြစ်တယ်..။

Follow Us @soratemplates