Wednesday, 21 January 2015

# Days In Japan # My Own Feelings

ဟိုဟို .....ဒီဒီ



အခုတလော စာရေးချင်တဲ့ Mood ပျောက်ချင်သလိုလို ဖြစ်နေပြန်တယ်...။ ရေးစရာအကြောင်းလည်း မယ်မယ်ရရမရှိသလို တစ်နေ့ပြီးတစ်နေ့ ပုံစံခွက်ထဲမှာလို လှုပ်ရှားနေတော့ ဘာမှ ထူးဆန်းထွေလာလည်း မတွေ့မိဘူးလေ..။ ရောက်ခါစရက်တွေတုန်းကတော့ မရောက်ဖူးတဲ့နေရာတွေ လျှောက်လည်၊ လျှောက်စား နဲ့ အရာအားလုံးက အသစ်အသစ်တွေဖြစ်နေတာကိုး....။

Language
အခုလောလောဆယ် ဂျပန်စာကို စကားပြောတတ်ဖို့ ဦးစားပေးသင်နေတယ်..။ Youtube က Tutorial တွေလည်း အဆက်မပြတ်လေ့လာတယ်..။ ဒီမှာက Daily life အတွက် ဂျပန်စကားက မဖြစ်မနေပြောတတ်ဖို့လိုတာဆိုတော့ အသည်းအသန်ကို သင်နေရပါတယ်..။ အရေးအဖတ်အတန်းတော့ Registration မမီလိုက်လို့ မတက်ဖြစ်သေးဘူး...။ ဒါပေမယ့် နောက်လလောက်တော့ စတက်တော့မယ်..။ မရေးခင်ကတည်းက သူတို့ စာလုံးရှုပ်ရှုပ်ထွေးထွေးတွေမြင်ပြီး နည်းနည်းတော့လန့်တယ်..။ တကယ်တမ်းသင်ရင်တော့ ဘယ်လိုဖြစ်မယ်တော့ မသိသေးပါဘူး...။ ဂျပန်စကားမတောက်တခေါက် ရွတ်တိုင်း ဂျာမာန်စကားတွေပဲ သတိရတယ်...။ ဂျာမာန်စာကိုလည်း မမေ့အောင် သေချာပြန်လေ့လာ ချင်တယ်..။ ဒါပေမယ့် အဲဒီအတွက်တော့ အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ်..။ ဂျပန်စာနဲ့တင် လုံးလည်ချာလည်ဖြစ်နေပြီလေ..။ ဘာသာစကားမှာ အင်္ဂလိပ်စာကတော့ လုံးဝယုံကြည်မှုရှိပါတယ်..။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် Four skills လုံးကို အသုံးချနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုတော့ ထင်တာပဲ ...။ တကူးတကကြီး ထပ်လေ့လာဖို့မလိုသေးဘူးဆိုပေမယ့် အင်္ဂလိပ်လိုရေးတဲ့အခါတိုင်း ပြောတဲ့အခါတိုင်းတော့ အမှားမပါအောင် သတိထားနေရတုန်းပါပဲ...။ ဒါတောင် မှားတဲ့အခါလည်း မှားနေသေးတာပါပဲ ...။ ဘာပဲဖြစ်ဖြစ် Language တွေလေ့လာရတော့ အသက်ကြီးတဲ့အခါ မေ့တတ်တဲ့ရောဂါဖြစ်နိုင်ချေ နည်းသွားတာပေါ့နော..။

Studying
ကျောင်းမှာ မနက် ၁၀ နာရီလောက်ကနေ ည ၉ နာရီလောက်အထိနေပြီး ကျောင်းစာတွေ လုပ်ဖြစ်တယ်..။ အတန်းရှိတဲ့ရက်လည်း အတန်းတက်၊ Seminar တွေတက်၊ ပြီးတော့ အခန်းထဲမှာ စာလုပ်လေ့ရှိပါတယ်..။ ဒီမှာက ဂျာမနီနဲ့မတူဘဲ ကျောင်းသားတွေအတွက် Facility အပြည့်ပေးထားတော့ ကျောင်းမှာနေရတာ အိမ်မှာနေရတာထက် သက်သောင့်သက်သာရှိသလို အိမ်မှာထက်တော့ စာပိုလုပ်ဖြစ်တယ်လေ..။ ဂျာမနီမှာကတော့ PhD ကျောင်းသားတွေအတွက်ပဲ ကိုယ်ပိုင်စာကြည့်ခန်းပေးပြီး Master, Bachelor တန်းတွေအတွက် အခန်းမပေးတော့ အဲဒီကျောင်းသားတွေက ကျောင်းမှာစာလုပ်ချင်ရင် Common room or library တွေမှာ လုပ်ရလေ့ရှိတယ်..။ ဒီမှာတော့ phd, Master ကျောင်းသားတွေအတွက် အခန်းသီးသန့်ပေးထားပြီး Bachelor တန်းတွေအတွက်တော့ သူတို့ paper ရေးတဲ့ နောက်ဆုံးနှစ်တစ်နှစ် အတွက် အခန်းပေးပါတယ်..။ ဆိုတော့ ကျောင်းသားတော်တော်များများက တော်တော်နောက်ကျတဲ့ အထိ ကျောင်းမှာနေပြီး စာလုပ်လေ့ရှိပါတယ်..။ Microwave oven, coffee maker, basin စသဖြင့် အစားအသောက်ပြင်ဆင်စရာတွေလည်း အားလုံး စီစဉ်ပေးထားတယ်ဆိုတော့ တော်တော်အဆင်ပြေပါ တယ်..။

Reading
ဒီရောက်မှ အပြင်စာတွေလည်း တော်တော်ဖတ်ဖြစ်ပါတယ်..။ ကျောင်းက ည ၉ နာရီလောက်ပြန်ရောက်ရင် စားသောက်၊ ရေမိုးချိုးပြီးရင် မြန်မာပြည်က TV လိုင်းတွေကြည့်ရင်း စာဖတ်ဖြစ်ပါတယ်..။ ဟိုတစ်လောက အထိ ဆက်တိုက်ဖတ်ပြီးသွားခဲ့တာက ဆရာမဂျူးရဲ့ စာအုပ်တွေပါ..။ ငယ်ငယ်က ဖတ်ခဲ့ပြီးသားတွေပေမယ့် အခုပြန်ဖတ်တော့ အသစ်တွေလိုဖြစ်နေတယ်...။ ငယ်ငယ်ကတော့ ဖတ်သာဖတ်သာ ဘာမှသိပ်မသိခဲ့ဘူး...။ အခုပြန်ဖတ်မှ ဆရာမရဲ့စာအုပ်တိုင်းလိုလိုက Living together ကို ထည့်ရေးလေ့ရှိတာကို တွေ့မိတယ်...။ အခုနောက်ဆုံးထွက်တဲ့စာအုပ် ဆုံနေရက်နဲ့ လွမ်းလေခြင်း အထိပဲဆိုပါတော့ ....။ ပင်လယ်နဲ့တူသော မိန်းမများ ဆိုတဲ့ စာအုပ်ထဲက ဆရာမပေးချင်တဲ့ message ကို အရမ်းသဘောကျတယ်..။ “လောကမှာ လူ ၂ မျိုး ၂ စားရှိတယ်တဲ့..။ လောကနဲ့ ပတ်ဝန်းကျင်က ပြု ပြင်ပြောင်းလဲပေးတာကို ခံလိုက်ရတဲ့လူစားမျိုးက တစ်မျိုး..။ နောက်တစ်မျိုးကတော့ လောကနဲ့ပတ်ဝန်းကျင်ကို ပြု ပြင်ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ လူတွေပဲ” ဆိုတဲ့အကြောင်းပါ..။ အခုလောလောဆယ် ဖတ်နေတာက ဦးနုရဲ့ မိတ္တဗလဋီကာကိုရယ်၊ ဆရာမြသန်းတင့်ရဲ့ လေရူးသုန်သုန်ရယ်ပါ.။ လေရူးသုန်သုန်က ဖတ်နေတာနှစ်ပေါင်းကြာခဲ့ပြီ...။ နည်းနည်းဖတ်လိုက်၊ ထားလိုက်နဲ့ ပြီးတဲ့အထိ တစ်ခါမှ မဖတ်ဖြစ်သေးဘူး..။ ဒီတစ်ကြိမ်တော့ ပြီးအောင်ဖတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်..။

Blogging, Writing
တစ်ရက်တော့ မောင်က message ပို့လာတယ်....။ ပိုကာတွေ သိပ်မကစားနဲ့နော်တဲ့...။ ဘာပြောချင်တာပါလိမ့်ဆိုပြီး စဉ်းစားကြည့်မှ သူက ကျမ Blog ကို ဝင်ဖတ်သွားပြီး တစ်ရက်က ဂျပန်က ဖဲကစားတဲ့အကြောင်း ရေးထားတဲ့ Post ကို ဖတ်ပြီး စနေတာကိုး..။ သူ့ကို ဝင်မဖတ်နဲ့..၊ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်ရေးချင်လို့ပါ ဆိုပြီး ပြောထားတာ မရဘူး..။ အလုပ်ရှုပ်နေတဲ့ကြားထဲက မရမက ဝင်ကြည့်ပြီး ဘာတွေရေးနေလဲဆိုတာ Check သွားတယ်လို့ ဆိုသေးတာ..။ သူငယ်ချင်းတွေကလည်း တစ်ယောက်ကနေ တစ်ယောက်ကို ပျံ့နှံ့ကုန်ရင်း ကျမရဲ့ Blog က ရင်းနှီးတဲ့သူတော်တော်များများလည်း သိကုန်ပါပြီ...။ ကိုယ့်ဘာသာ လူမသိသူမသိ တိတ်တိတ်ကလေး စာရေးချင်တာကို ရေးမရတော့ဘူး...။ ရပ်သိရွာသိကို ဖြစ်လို့...။ တကယ်က ဟိုးကတည်းက ပြောဖူးသလိုပဲ..၊ ကျမက စာရေးချင်လို့ကိုရေးတာ၊ ရေးနေရရင် ပြီးတာပဲ ...။ ကျန်တာက သူ့အလိုလို ဆက်ဖြစ်လာလိမ့်မယ်..။

Movies
ဇာတ်ကားတွေတော့ သိပ်ကြည့်လေ့မရှိပါဘူး...။ စာပဲ အေးအေးဆေးဆေးဖတ်ချင်တာဆိုတော့ ဇာတ်ကားဆိုတာဖွင့်ထားလည်း ၁၅ မိနစ်ပြည့်အောင် မကြည့်ဖြစ်တော့ ဖွင့်ကိုမဖွင့်တော့တာ..။ ဒါပေမယ့် တစ်ရက်က ဂျပန်စကားပြော နားထောင်ချင်လို့ ဂျပန်ဇာတ်ကားလေးတစ်ခုကို Facebook မှာ တွေ့တာနဲ့ကြည့်မိတယ်..။ ကလေးလေး ၂ ယောက်နဲ့ ခွေးမလေးမိသားစုအကြောင်းရိုက်ထားတာပါ...။ ဇာတ်ကားနာမည်က A tale of Mari and three puppies တဲ့..။ ဂျပန်မှာ ၂၀၀၄ တုန်းက လှုပ်ခဲ့တဲ့ ငလျင်တစ်ခုမှာ တစ်ကယ့်အဖြစ်အပျက်တစ်ခုကို ရိုက်ထားတာလို့ပြောပါတယ်...။ ကြည့်မိတာက ညမှာကြည့်မိတာ၊ ဇာတ်ကားတစ်ကားလုံးလိုလို သနားဖို့ကောင်းတာနဲ့ ငိုလိုက်တာ နောက်တစ်ရက်ကျောင်းသွားတော့ မျက်လုံးတွေကို မို့ဖောင်းလို့လေ...။ ကျမက ခွေးလေးတွေကို ချစ်တာကြောင့်လည်း ပိုခံစားမိတာလားတော့ မသိပါဘူး...။ အဲဒါနဲ့ တစ်ဆက်တည်း ဂျပန်က ခွေးဘူတာက ဟာချီကိုဆိုတဲ့ ခွေးကလေးရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ထားတဲ့ ဇာတ်ကားလည်း ကြည့်မိရင်း အဲဒီညကတော့ သနားပြီး မျက်ရည်တွေပဲ ကျနေတော့တာပါပဲ...။ 

 ကြည့်ချင်ရင် Youtube မှာ ဇာတ်ကား ၂ ကားစလုံးအတွက် Full movie ရှိပါတယ်...။


1 comment:

Aunty Tint said...

စာရေးသူတစ်ယောက်မှာ စာရေးစရာ အကြောင်းအချက်တွေ အများကြီးရှိနေပေမယ့် မု မ၀င်တဲ့အခါ အစဖော်ဘို့တောင်ခက်တယ် တိမ်လွှာရေ။
မု ၀င်တဲ့အချိန်တွေမှာတော့ အထစ်အငေါ့မရှိ ပို့စ်တစ်ပုဒ်ဟာ ပီပီပြင်ပြင်ပေါ့။

Follow Us @soratemplates