Wednesday, 14 January 2015

# My Own Feelings # အမှတ်တရ အချိန်များ

ရေတမာနဲ့ ခရေတည်ရာဆီ ..(၃)



ကြာတော့ ကြာခဲ့ပါပြီ...။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က နေရာတစ်ခုဟာ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလွန်မြောက်လာခဲ့ပေမယ့်လည်း အတွေးထဲမှာ၊ အိပ်မက်ထဲမှာ၊ စိတ်ကူးထဲမှာ၊ စကားတွေထဲမှာ၊ စာတွေထဲမှာ မှတ်မှတ်ရရနေရာယူထားနိုင်ဆဲ ....။

အဖြူရောင်ချစ်ခြင်းတွေ ဖြစ်တည်ရင့်သန်ခဲ့ရာ နေရာတစ်ခု၊ အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိအောင် လှေကားထစ်ခုအဖြစ် ရပ်တည်ပေးခဲ့တဲ့နေရာတစ်နေရာဟာ ရင်ထဲမှာ ထာဝရ သက်ဆုံးတိုင် မပျောက်မပျက်တည်ရှိနေမှာ အသေအချာပါ...။

"ငါတို့ အတူတူပျော်ရွှင်ခဲ့ကြတယ်..။ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေလည်း အတူတူကြုံခဲ့ဖူးတယ်..။ ရန်တွေဖြစ်ခဲ့ကြဖူးတယ်..။ စာတွေအတူတူ ကျက်ခဲ့ဖူးတယ်...။ သီချင်းတွေ အတူတူ အော်ဆိုခဲ့ကြဖူးတယ်..။ စိန်ပန်းနီရဲရဲတွေကို ငေးကြည့်ရင်း နွေနေ့လည်ပူပူထဲမှာ စာမေးပွဲအတွက် ရတက်ပွေခဲ့ကြဖူးတယ်..။ ငုပန်းဝါဝါတွေကိုမြင်ယောင်ရင်း ကျောင်းဖွင့်မယ့်ရက်ကို လက်ချိုးရေတွက် ခဲ့ကြဖူးတယ်...။ ပိုက်ဆံတွေ အပြန်အလှန် ချေးငှားကြသလို .. မုန့်တွေ အပြန်အလှန် ဝယ်ကျွေးခဲ့ကြဖူးတယ်..။ ကောင်မလေးချောချောလေးတွေနောက် တကောက်ကောက်လိုက်ကြည့်ဖူး သလိုပဲ ကောင်လေးသန့်သန့်လေးတွေမြင်ရင်လည်း  အတူတူလိုက်ငေးခဲ့ကြဖူးတာပဲ..။ ယောက်ျားလေး၊ မိန်းကလေးရယ်လို့ ခွဲခြားမှုမရှိဘဲ သူငယ်ချင်းဆိုတဲ့စိတ်တစ်ခုမှာ ချစ်ခြင်းတွေဟာ အဖြူရောင်တွေချည်းသာ ဖြစ်ခဲ့ကြတယ်..."

"သတိရတယ်.." "သူငယ်ချင်းတွေကို လွမ်းလိုက်တာ" .. "အရင်ကအချိန်တွေကို ပြန်တမ်းတတယ်" ဆိုတဲ့ သူငယ်ချင်းအချို့ရဲ့ စကားတွေကြားမှာ အတိတ်ကာလဟာ အတွေးထဲ ပြန်ရောက်လာခဲ့ တယ်....။ ဒီနေရာလေးမှာ ရှင်သန်ရပ်တည်ကြစဉ်ဘဝကတည်းက တစ်ဦးအခက်အခဲရှိရင်၊ တစ်ခုခုအဆင်မပြေတာကြုံလာရရင် အားလုံးဝိုင်းဝန်းဖြေရှင်းကြတဲ့ဓလေ့ဟာ မြန်မာနိုင်ငံမှာ Team Work ဆိုတာ ရှိနေပါသေးတယ် ဆိုတဲ့အကြောင်း ငါတို့ သက်သေပြနိုင်ခဲ့တာပဲ မဟုတ်လား...။

"ငါတို့ကျောင်းတုန်းက ဆိုခဲ့ဖူးတဲ့သီချင်းတချို့ မှတ်မိသလောက်ပြန်ပြောပြပါ" ဆိုတော့ အဆိုတော် Alex ရဲ့ သီချင်းတွေဖြစ်တဲ့ မြတ်နိုးခွင့်၊ သူငယ်ချင်းချစ်သူ၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေ၊ အငဲရဲ့ ထပ်မဝေးဘူး၊ ဂန္တဝင်မြောက်အိမ်အပြန်ဆိုတဲ့သီချင်းတွေနဲ့ လေးဖြူရဲ့ သီချင်းတော်တော်များများကို သူမှတ်မိသမျှ ပြောပြလာတယ်...။ ဒီနေ့ မှတ်မှတ်ရရ "ထပ်မဝေးဘူး" ဆိုတဲ့ သီချင်းကိုပြန်နားထောင်မိတဲ့အခါ... ငါတို့အားလုံးအတူတူ ဂစ်တာတီးတဲ့သူကတီးပြီး ဆိုတဲ့သူက ဝိုင်းအော်ဆိုကြတဲ့ မီးပုံဘေးနားက သူငယ်ချင်းတစ်သိုက်ကို ပြန်မြင်ယောင်လာတယ်...။

"ပြန်ဆုံဖြစ်ကြရင် .... ကြက်သားကာလသားချက် ပြန်ချက်ကျွေးရမယ်" ဆိုတော့ စားချင်တာစား၊ လိုချင်တာ ရနေတဲ့ ဘဝတွေမှာ တောထဲက မပြည့်မစုံနဲ့ ချက်ရတဲ့ ဟင်းတစ်ခွက်ကို တမ်းတနေသေးတာလားလို့ စသလို နောက်သလို ပြောဖြစ်ကြတယ်..။ "မဟုတ်ပါဘူး... တကယ်ကတော့ အဲဒီအချိန်က စေတနာကိုသာ ပြန်လိုချင်တာ" ..။ လောက်လောက်ငင မစားနိုင်လို့ အခြားသူတွေကို ဝှက်ပြီး ခိုးစားကြတဲ့ ရယ်မောစရာအဖြစ်တွေကို ပြန်ခံစားချင်မိတာ....။

ဘယ်မေ့နိုင်ပါ့မလဲ ....။ သံယောဇဉ်တွေက လွယ်လွယ်နဲ့ဖြစ်တည်လာခဲ့ကြတာမှမဟုတ်တာ...။ အရင်အချိန်တွေက ဓါတ်ပုံတွေပြန်မြင်မိတိုင်း ငါကတော့ ခုထိပုံစံမပြောင်းသေးဘူးလို့ .... သိသိနဲ့ ငြင်းနေတတ်ဆဲ...။ ကိုယ်ကလွဲရင် အားလုံး စိတ်ရော ကိုယ်ရော ပြောင်းလဲ ရင့်ကျက်သွားပြီလို့ ထင်နေမိဆဲ ....။ ကိုယ့်ပုံစံကိုကြည့်ပြီး တော်တော်လူရည်လည်လာပြီလို့ ပြောတဲ့သူတွေကို သူတစ်ယောက်ကတော့ ခုထိစိတ်ထားဖြူစင်ဆဲလို့ သတ်မှတ်ထားတဲ့ သူငယ်ချင်းအချို့လည်း အနားမှာ ဝန်းရံလို့ လိုအပ်ရင် ကူညီဖေးမဖို့ အဆင်သင့်ရှိနေကြဆဲ ...။

ဒီလိုနဲ့ပဲ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ..... လူငယ်ဘဝကနေ လူလတ်ပိုင်းအရွယ်ကို ရောက်ရှိလို့ ဘဝမှာ ကိုယ်စီရုန်းကန်နေကြဆဲပါပဲ .....။

1 comment:

Aunty Tint said...

ဒီကနေ့ဘလော့ပြန်လည်ခွင့်ရလို့ စာကြွေးတွေ ရှင်းသွားပြီနော် ...

Follow Us @soratemplates