မနေ့က
ဂျပန်စာအတန်းမှာ refreshment အချိန်ရောက်တော့ ဆရာမက ဗဟုသုတအနေနဲ့ ဂျပန်ရိုးရာ card
game တစ်ခုကို ကစားစေခဲ့ပါတယ်...။ ဒီကစားနည်းက နှစ်သစ်မှာ ပျော်ရွှင်ဖို့ ကစားတဲ့ဂိမ်းလို့လဲ
ပြောပါတယ်...။ ကျမတို့ဆီက ဖဲကစားနည်းနဲ့ နည်းစနစ်တူမတူတော့ ကျမ သေချာတော့ မသိပါဘူး..။
ဘာကြောင့်ဆို ကျမက ဖဲကစားနည်းနဲ့ တော်တော်ကို အလှမ်းဝေးတော့ ဘာမှ မသိလို့ပါ ..။ ဂျပန်မှာလည်း
ဖဲကစားနည်းက အမျိုးမျိုးရှိတာဆိုတော့ အခု ဆရာမနဲ့ကစားကြတာကတော့ အားလုံးအလွယ်တကူနားလည်လွယ်တဲ့
အရိုးဆုံးနည်းပဲဖြစ်မယ် ထင်ပါတယ်...။ ဂျပန်စကားက ရေရေလည်လည်မပြောတတ်သေးတော့ သေချာလည်း
မမေးတတ်ဘူးလေ..။ ဆရာမကလည်း အင်္ဂလိပ်လို ပြောတော့ပြောတတ်မှာဖြစ်ပေမယ့် ဂျပန်လိုပဲ ပြောလေ့ရှိပြီး
အင်္ဂလိပ်လို ပြောလေ့မရှိပါဘူး..။
ကစားနည်းကတော့
ထုံးစံလိုပဲ ဖဲချပ်တွေဝေပြီး မွှေပြီးတာနဲ့ ကစားတဲ့သူတွေအားလုံး တစ်ယောက်ကို ၂ ပုံစီပုံပါတယ်..။
ဘယ်သူက အရင်လှန်ရမလဲဆိုတာကိုတော့ စက္ကူရယ်၊ ကပ်ကြေးရယ်၊ ကျောက်တုံး ရယ် ရွေးတဲ့နည်းနဲ့
ရွေးချယ်ပါတယ်..။ ဖဲချပ်တွေမှာ တွေ့ရတာက သာမာန်လူယောက်ျားပုံရယ်၊ မင်းသမီး (သို့မဟုတ်)
အမျိုးသမီးကဗျာဆရာမပုံရယ်၊ သာမာန်ဗုဒ္ဓဘာသာဘုန်းကြီးပုံရယ်နဲ့ special monk ခေါ်တဲ့ ဘုန်းတော်ကြီးတဲ့
ဘုန်းကြီးပုံရယ်ဆိုပြီး ၄ မျိုးပါဝင်ပါတယ်..။ ကဒ်တိုင်းမှာ သက်ဆိုင်ရာပုံတွေနဲ့အတူ
ကဗျာလေးတွေလည်း ရေးထားပါတယ်..။ ပုံမှန်ကစားနည်းကတော့ ကဗျာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး
အဆက်ကိုရှာဖတ်ရတာလို့ ဆိုပါတယ်..။ ဒါကလည်း ဂျပန်စာဖတ်တတ်တဲ့သူမျိုးနဲ့မှ အဆင်ပြေတာဆိုတော့
အခုကျမတို့ကစားတဲ့ကစားနည်းက အခုနောက်ပိုင်းကာလတွေမှာ ကစားလာကြ တာပါတဲ့..။
ကဒ်ကိုလှန်တဲ့အခါမှာ
ယောကျာ်းပုံဆိုရင် သိမ်းလို့ရပါတယ်..။ မင်းသမီးကဒ်ရတယ်ဆိုရင် နောက်ကဒ် တစ်ခု ဆက်လှန်ခွင့်ရှိသလို
အခြားသူစွန့်လိုက်တဲ့ကဒ်တွေကိုလည်း သိမ်းခွင့်ရှိပါတယ်..။ စွန့်လိုက်တဲ့ကဒ် ဆိုတာက ကိုယ်လှန်လို့ရလာတဲ့ကဒ်က
သာမာန်ဘုန်းကြီးပုံဆိုရင် ကိုယ့်ဆီမှာအရင်ရှိနေတဲ့ကဒ်တွေရော ရလာတဲ့ကဒ်ရော အားလုံးကို
စွန့်လိုက်ရတာပါ..။ အဲလိုဆိုတော့ အရာအားလုံးက ကံပေါ်ပဲ မူတည်နေတော့တာပေါ့..။ တစ်ကြိမ်မှာ
မင်းသမီးကဒ်ကျလို့ အခြားသူပစ်လိုက်ရတဲ့ကဒ်တွေရော အားလုံး ကိုပိုင်ဆိုင်ရပြီး ကဒ်တွေအများကြီး
ရသွားနိုင်ပေမယ့် နောက်တစ်ကြိမ်မှာ ဘုန်းကြီးကဒ်ကျလာရင်တော့ အားလုံးကို စွန့်ပစ်လိုက်ရမှာပါ..။
ကဒ်တွေအားလုံးထဲမှာ Special monk card က တစ်ခုပဲပါပါတယ်..။ တကယ်လို့ ကိုယ်လှန်လိုက်တဲ့ကဒ်က
Special
Monk card သာဆိုရင် စွန့်ထားတဲ့ကဒ်တွေရော အခြားသူတွေအားလုံးရထားတဲ့ကဒ်တွေရော
အားလုံးကို ပိုင်ဆိုင်ရမှာပါ..။ ဆိုလိုတာက လှန်ထားပြီးသား ကဒ်တွေအားလုံးကို စားလိုက်ရတာပေါ့...။
ဂိမ်းတွေရဲ့ထုံးစံအတိုင်း နောက်ဆုံးမှာ ကဒ်အများဆုံး ရတဲ့သူက နိုင်တာပါပဲ ...။
အခုထိတော့
ဂျပန်ရိုးရာ ကဒ်ကစားနည်းကို ဗဟုသုတအနေနဲ့ ဝေမျှပေးတာပါ..။ အဲဒီကနေ ဆင့်ကဲရလာ တဲ့အတွေးက
ဘဝဆိုတာ ကိုယ်ဖန်တီးပြု ပြင်လို့မရတဲ့ ကံတရားပေါ်လည်း မူတည်သေးတယ်ဆိုတဲ့ အကြောင်းပေါ့..။
ကစားနေရင်းနဲ့လည်း ဆရာမကပြောတယ်လေ..။ ကဒ်တွေအများကြီးပိုင်လိုက်ပြီ ဆိုရင် ပျော်နေပြီး
မထင်မှတ်ဘဲ အားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရရင် ဟင်ကနဲဖြစ်သွားတော့ ဘဝဆိုတာလည်း
ဒီလိုပါပဲ လို့ ပြောခဲ့တယ်..။ အနိမ့်အမြင့်တွေ၊
အချိုးအကွေ့တွေ၊ အလှည့်အပြောင်းတွေ နဲ့ကြုံတတ်တာ ဘဝပဲဆိုတော့ ဒါကိုနားလည်လက်ခံထားမယ်ဆိုရင်
ဖြတ်သန်းရတဲ့ဘဝက တမျိုးတဖုံတော့ ပျော်စရာကောင်းနေပါလိမ့်မယ်..။ ဘဝက အမြဲတမ်း တူ ဖြစ်မနေသလို
အမြဲတမ်းတော့လည်း ပေ ဖြစ်မနေပါဘူး..။
ဖြတ်သန်းခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ
ကျမကျင်လည်ဖြတ်သန်းနေတဲ့ အဝန်းအဝိုင်းလေးက ကျဉ်းကျဉ်းလေးပါ..။ အဲဒီ ပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးထဲမှာ
နွားခြေရာခွက်ထဲက ဖားသူငယ်လို ဘဝမျိုးဆိုပေမယ့် သံဝေဂရစရာ အဖြစ်အပျက်တွေကတော့ အမြဲလိုလို
ကြုံတွေ့ခဲ့ရပါတယ်...။ အခြားသူတွေရဲ့ အဖြစ်အပျက်တွေ၊ ဘဝအလှည့်အပြောင်းတွေ မြင်ခဲ့ရတိုင်း
သင်ခန်းစာတစ်ခုအဖြစ် အမြဲတမ်းမှတ်ထားမိပါတယ်..။ “လှံထမ်းလာတာကို မြင်ရတယ်၊ ကံထမ်းလာတာကို
မမြင်ရဘူး” ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း ကိုယ့်မျက်မှောက်မှာတင် ပြောင်းလဲသွားတဲ့
အပြောင်းအလဲတွေ ကို မြင်ရတဲ့အခါ ဘယ်အရာကိုမှ အမြဲတမ်းကိုယ်ပိုင်တယ်ဆိုတာကြီးကို စွဲမထားချင်တော့ပါဘူး..။
အနည်းဆုံး ဆယ်စုနှစ်တစ်ခုအတွင်းလောက်မှာကို ထိပ်ဆုံးကနေ အောက်ဆုံးကျသွားတဲ့သူမျိုးတွေ နဲ့
အောက်ဆုံးကနေ ထိပ်ဆုံးကို တက်သွားတဲ့သူမျိုးတွေကို မြင်ခဲ့ဖူးပါတယ်..။ အခြားသူတွေ ထက်
မြင့်မားတဲ့အခြေအနေတုန်းက မောက်မာစွာ မာနကြီး စိတ်ကြီးဝင်ခဲ့သူမျိုးက အခြေအနေ အကြောင်းကြောင်းကြောင့်
နိမ့်ပါးသွားရတာမျိုး၊ သူ့ထက် နိမ့်တဲ့သူတွေက သူ့ထက် တစ်နည်းနည်းနဲ့ သာသွားတာမျိုးတွေ
ကြုံတွေ့ဖူးပါတယ်..။ တခါတလေ အခြေအနေအရပ်ရပ်ကြောင့် ကံတရားမျက်နှာ သာပေးမှုကြောင့် အမြင့်ကိုရောက်နေတဲ့အခါ
အခြားသူတွေကို မတူသလို မတန်သလို ကိုယ်ကသာ အတော်ဆုံး၊ အချမ်းသာဆုံး၊ အလှဆုံး စသဖြင့်
စိတ်ကြီးဝင်နေသူများကို တွေ့မိတဲ့ အခါလည်း လောကဓံနဲ့များကြုံတွေ့ရင် ဒီလိုပဲ ဆက်ပြီး
စိတ်ထားနိုင်မလား ပူပန်နေတတ်ပြန်ပါသေးတယ်..။
ကြားခဲ့ဖူးတဲ့
စာတစ်ခုလည်း ရှိပါသေးတယ်..။ ဘဝဆိုတာ ကြိုတင်ရေးသားပြဌာန်းထားပြီးသား စာအုပ်တစ်အုပ်ဆိုပေမယ့်
စာမျက်နှာကျော်ဖတ်ခွင့်မရှိတဲ့ စာအုပ်မျိုးလည်း ဖြစ်ပြန်ပါသတဲ့..။ တစ်နေ့တစ်မျက်နှာသာ
ဖတ်ခွင့်ရှိတဲ့စာအုပ်တစ်အုပ်မှာ မနက်ဖြန်အတွက် ဘာတွေရေးထားသလဲဆိုတာ ဘယ်သူမှ အတိအကျ
မပြောနိုင်ဘူးမဟုတ်လား..။ လူတိုင်းကတော့ အကောင်းတွေချည်းပဲ လိုချင်ကြပေ မယ့် လောကဓံက
တခါတရံ အဆိုးတွေလည်း ယူလာပေးတတ်ပါသေးတယ်...။ အဲလိုဆိုရင်တော့ တူဖြစ်တုန်းက နာနာထုခဲ့သူမျိုးဆိုရင်
ပေဖြစ်ရင်လည်း ညည်းညူမနေဘဲ ကြိတ်ခံနိုင်ရမယ်၊ ရင်ဆိုင်နိုင်ရမယ်မဟုတ်လား...။ ဘာမှ အသေအချာ
အတိအကျ မျှော်လင့်ထားလို့မရတဲ့ ဘဝဆိုတဲ့ အရာတစ်ခုမှာ ကိုယ်က အမြင့်တစ်နေရာရောက်နေတုန်းမှာ
ဘာကြောင့် မောက်မာ စိတ်ကြီးဝင်၊ မာနတွေကြီးပြီး တူတစ်ခုလို ကျင့်ကြံနေစရာ လိုမလဲ
...။ ရုတ်တရက် နိမ့်ပါးသွားတဲ့ အခြေအနေရောက် သွားခဲ့ရင်ရော၊ အခက်အခဲ ဒုက္ခတွေ၊ အဆင်မပြေမှုတွေကို
ခံနိုင်အောင်ကြိုးစားရင်း ပြန်လည်အားတင်း ရပ်တည်ဖို့ အရေးကြီးပါတယ်..။
တကယ်ကတော့
ဘဝဆိုတာ ဘာမှကြိုတင်တွက်ဆလို့မရတာကြောင့် လောကဓံအလှည့်အပြောင်းမှာ လိုက်ပါစီးမျောရင်း
အကောင်းဆုံးတွေကို ရရှိလာတဲ့အခါမှာ အောက်ခြေလွတ်မသွားဖို့နဲ့ အဆိုးဆုံးတွေနဲ့ ရင်ဆိုင်လာရရင်လည်း
အားငယ်စိတ်ဓာတ်ကျမနေဘဲ ပြန်တည့်မတ်ရပ်တည်ဖို့ပါပဲ ..။ တချိန်က ကြုံခဲ့တဲ့အဆိုးတွေက
အချိန်တစ်ခုကျော်လာပြီးရင် အကောင်းဆုံးတွေဖြစ်ချင်လည်း ဖြစ်သွားတတ်တာပဲ မဟုတ်လား..။
ဒါက ဘဝပဲလေ....။
2 comments:
ဘ၀တိုင်းအနည်းနဲ့ အများအတက်အကျရှိတာမို့ 
စနိုးအောက်ဆုံးပိုဒ်မှာရေးထားသလိုပါဘဲ
မြင့်ရင်လည်းအောက်ခြေမလွတ်ဖို့ နဲ့ 
နိမ့်ရင်လည်းစိတ်ဓါတ်မကျပဲ ပြန်တည့်မတ်နိုင်အောင်ကြိုးစားဖို့ လိုပါတယ်။
အိုင်အိုရာ
ဟုတ်တယ်...
Ups & downs က ဘဝရဲ့
နေရာတိုင်းမှာ ရှိတယ်...
ကြုံလာတဲ့အချိန်မှာ
ခံနိုင်ရည်ရှိဖို့ဘဲလိုတယ်..
ပစ်ပစ်
Post a Comment