Wednesday, 12 September 2012

လမ်းနှစ်ခုရဲ့ .... ဒဏ္ဏာရီ ~~~

September 12, 2012 16 Comments

" လှမ်းလာခဲ့ပါချစ်သူ .........  အကောင်းဆုံးမဟုတ်ပေမယ့် ငါကိုယ်တိုင်ခင်းထားတဲ့လမ်း .....
နင်ခပ်ကြမ်းကြမ်းနင်းလျှောက်ရဲမယ်ထင်ပါတယ် ..တခါတလေ ခဲတွေ ချိုင့်တွေ ခလုတ်တိုက်မိမယ်
တခါတလေ သဲမှုန်၊ ဖုန်မှုန့်တွေ မျက်လုံးထဲ အခန့်မသင့် ၀င်ရင်ဝင်နိုင်တယ် .. တခါတလေတော့ ဆူးညောင့်ခလုတ်နည်းနည်းပါးပါး တွေ့ရင် တွေ့ရမယ် … ဒါပေမယ့် ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်နေပါတယ် …"

ကောင်လေးရဲ့ပြောစကား …. ဖြောင့်ဖြူးပြည့်စုံတဲ့လမ်းတစ်ခုမဖြစ်သေးပေမယ့် ကောင်မလေးအပေါ်မှာ ထားရှိတဲ့ သူရဲ့အချစ်တွေကြောင့် ဒီလမ်းကို သူအကောင်းဆုံးဖြစ်အောင် ဆက်လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ..။ စကားလုံးတွေမှာ ချစ်ခြင်းအပြည့်.. ယုံကြည်မှုအပြည့်ရှိနေတာ ကို ကောင်မလေးက အလိုလိုခံစားမိနေတယ် ..။ 

" လမ်းတစ်ခုက အရာအားလုံးပြီးပြည့်စုံမှုမှ မရှိသေးတာ.. ဒီအချိန်မှာ ငါတို့နှစ်ယောက်စလုံး နင်းလျှောက် လိုက်ရင် ဘယ်လိုမှ ရှေ့ဆက်တိုးလို့ရမှာမဟုတ်ဘူး …။ လျှောက်ရင်း ပျက်ရင်း ပြင်ရင်းနဲ့ ပဲ နေရာတစ်ခုမှာပဲ ရပ်တန့်နေမှာ…အကောင်းဆုံးဖြစ်လာဖို့အတွက် အချိန်တွေအများကြီး လိုဦးမှာဖြစ်သ လို နှစ်ယောက်စလုံး နင်းလျှောက်လိုက်တဲ့လမ်းတစ်ခုက ဖြောင့်ဖြူးသာယာဖို့ ပိုဝေးသွားလိမ့်မယ် ။ အဲဒီတော့ နင့်လမ်းကို အကောင်းဆုံးဖြစ်အောင် အရင်တည်ဆောက်လိုက်ပါဦး …။ ငါလဲ တစ်ဘက်ကနေ လမ်းတစ်ခုကို တတ်နိုင်သလောက် တည်ဆောက်လာခဲ့ပြီး တစ်ချိန်ချိန်မှာ အကောင်းဆုံးလမ်းနှစ်ခု ဆုံဆည်းပြီး ငါတို့နှစ်ယောက် ရဲရဲဝင့်ဝင့် နင်းလျှောက်ရဲနိုင်လာလိမ့်မယ်..။ အချိန်တစ်ခုတော့ လိုလိမ့်မယ် .. ။ အဲဒီကာလတစ်ခုကို သည်းခံစောင့်ဆိုင်းပြီး ကြိုးစားတည်ဆောက်လိုက်ရင် ခိုင်မာဖြောင့်ဖြူးတဲ့လမ်းတစ်ခုကို ငါတို့နှစ်ယောက်ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်....." 

ကောင်မလေးရဲ့ စဉ်းစဉ်းစားစားလေးလေးနက်နက်နဲ့ ယုတ္တိရှိရှိပြောလိုက်တဲ့ စကားလုံးတွေပြီးတဲ့နောက် ….. တွေးတွေးဆဆ နဲ့ ကောင်လေးလည်း သဘောတူလက်ခံခဲ့တယ် …..။ ဒီလမ်းကို အကောင်းဆုံး အသာယာအလှပဆုံးဖြစ်အောင် ဖန်တီးမယ် …. တစ်ချိန်ချိန်ရောက်ရင် ဖြောင့်ဖြူးသာယာတဲ့လမ်းထက် မှာ ချစ်သူနှစ်ဦး ရွှေလက်တွဲလို့ပေါ့ …။ စိတ်ကူးနဲ့တင် ပျော်စရာကောင်းလှတဲ့ဘ၀တစ်ခု ချက်ချင်းရောက် လာ သလို နှစ်ယောက်စလုံးမှာ … လမ်းလေးအတွက် အိမ်မက်ကိုယ်စီနဲ့ … မျှော်လင့်ချက်တွေ ပွေ့ပိုက်လို့ …။ 

တစ်နေ့ထက်တစ်နေ့ ပီပြင်လာတဲ့ လမ်းလေးကိုကြည့်ရင်း တစ်ဖြည်းဖြည်း ဖုန်မှုန့်၊ သဲမှုန့်တွေ ကင်းစင်စပြုလာတဲ့လမ်းလေးအတွက် ကိုယ်စီကြည့်နူးမှုတွေအပြည့် ….။ ချိုင့်ခွက်တစ်ချို့လည်း ညီညာပြန့်ပြူးလာခဲ့သလို ….. လမ်းလေးဘေးတစ်ဘက်တစ်ချက်က ပန်းပင်လေးတွေလည်း ဖူးပွင့်ဖို့အားယူလာလို့နေခဲ့ပြီ …။ ကောင်မလေးကလည်း တစ်ဘက်ကနေ တတ်နိုင်သလောက် ဖောက်လုပ်လာခဲ့တဲ့ လမ်းတစ်ခုကနေ သူတို့နှစ်ယောက်လက်တွဲပြီး ဆက်လျှောက်ကြဖို့ဆိုတဲ့ အိပ်မက်တွေကို ထွေးပိုက်လို့ ကောင်လေးရဲ့ တစ်စတစ်စ ပီပြင်လှပလာတဲ့ လမ်းလေးကို ကြည့်ရင်း ပျော်ရွှင်မှုတွေအပြည့်၊ မျှော်လင့်ချက်တွေအပြည့် ….။


 
တစ်ရက် …. အဲဒီတစ်ရက်မှာပေါ့ ..…
“ လာပါ သမီးရယ် … ဒီမှာ လမ်းလေးတစ်ခု .. အခုမှအသစ်ဖောက်ထားတာဖြစ်မယ် ..။ အရင်သွားနေကျလမ်းက မသွားပဲ ဒီလမ်းကနေသွားရင် ပိုမြန်လိမ့်မယ် ….” 
 အသက်ခပ်လတ်လတ်အပိုင်းအခြားမိန်းမတစ်ယောက်ရယ် … သူ့သမီးဖြစ်နိုင်မယ့် ကလေးမလေး တစ်ယောက်ရယ် … အဲဒီလိုစကားပြောရင်းနဲ့ သူဖောက်ထားတဲ့လမ်းလေးပေါ်ကို နင်းလျှောက်သွားကြ တယ်…။ ဒီလမ်းလေးကို ဘယ်သူမှ မသိလောက်သေးပါဘူးဆိုတဲ့အထင်နဲ့ ကောင်လေးက လမ်းလေးကို တစ်ခြားသူတွေမ၀င်အောင် ဘာမှ တားဆီးကာရံခြင်း မပြုလုပ်ထားခဲ့ဘူး …။ သူ့ရဲ့ အမှုမဲ့ အမှတ်မဲ့ မေ့လျော့ပေါ့ဆမှုနဲ့အတူ သူ မတားဆီးနိုင်လိုက်ခင်မှာပဲ … သူသတိမထားမိလိုက်ခင်မှာပဲ …. သူ့ချစ်သူကောင်မလေး မသိလိုက်ခင်မှာပဲ …. သူမသိတဲ့ သူစိမ်းသားအမိနှစ်ယောက်က သူခင်းထားတဲ့ … ဖြောင့်ဖြူးသာယာစပြုနေပြီဖြစ်တဲ့လမ်းလေးပေါ်ကို အလိုက်သင့်နင်းလျှောက်သွားကြတယ် …။ 

ဒီလိုနဲ့ နောက်နေ့တွေမှာလဲ သူတို့သားအမိနှစ်ယောက်က သူ့ရဲ့လမ်းလေးပေါ်ကို အမြဲနင်းလျှောက်ပြီး ဖြတ်သွားလေ့ရှိခဲ့ပေမယ့် တစ်ပါးသူအပေါ်ကို ကြင်နာသနားတတ်တဲ့ကောင်လေးက ဘာမှမပြောပဲ သူတို့နင်းဖြတ်ပြီး ပျက်သွားတဲ့လမ်းလေးကိုပြန်ပြင်ရင်း ..ကောင်မလေးမသိစေအောင် ပုံမှန်အတိုင်းပြန်ဖြစ်အောင် ကြိုးစားရင်းနဲ့ သူ့ရဲ့လမ်းလေးက ရှေ့ဆက်ကောင်းမလာတော့ပဲ ဒီလိုပဲ ပျက်လိုက်ပြင်လိုက်ဖြစ်နေတော့တယ် …။ 
  

တစ်ဖက်မှာတော့ တစ်နေ့နေ့မှာ ဆုံကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကောင်မလေးကြိုးစားဖောက်လာတဲ့ လမ်းလေးကတော့ တစ်ဖြည်းဖြည်းပီပြင်လာခဲ့တယ် …။ ဒီလိုနဲ့ပဲ ကောင်လေးရဲ့လမ်းလေးပေါ်မှာ သူစိမ်းသားအမိနှစ်ယောက်က နေ့စဉ်ဖြတ်သန်းနင်းလျှောက်ရင်း လမ်းလေးရဲ့ ဦးတည်ချက်က သားအမိနှစ်ယောက်ရဲ့ခြေရာအတိုင်းဖြစ်မှန်းမသိဖြစ်သွားတာကို ကောင်လေးသတိမထားမိလိုက်ဘူး..။
 ကောင်မလေးရဲ့လမ်းလေးနဲ့ဆုံမှာပဲဆိုပြီး သူဦးတည်ဖောက်လာတဲ့လမ်းက သူစိမ်းလူသားနှစ်ယောက် ရဲ့ ခြေသွားရာလမ်းအတိုင်း ဆက်ဖောက်မိမှန်းမသိ ဖောက်လာလိုက်တာ တစ်ဖြည်းဖြည်း နဲ့ ကောင်မလေးရဲ့လမ်းနဲ့ မျက်နှာချင်းဆိုင်တွေ့ရမယ့်အစား မျဉ်းပြိုင်လမ်းနှစ်ကြောင်းဖြစ် သွားခဲ့တယ် ….။ ကိုယ်တိုင်လမ်းမဖောက်နိုင်ခဲ့လို့ သူခင်းထားတဲ့လမ်းလေးပေါ်မှာ နေ့စဉ်ဖြတ်သန်း သွားလာ ရင်း ရုန်းကန်နေရတဲ့ ဘ၀နှစ်ခုကို တစ်စနဲ့တစ်စ သူသနားတတ်လာခဲ့တယ် …။ ကောင်မလေးရဲ့ လမ်းလေးနဲ့ မျဉ်းပြိုင်ဖြစ်လာခဲ့ပေမယ့် … သနားစရာဘ၀နှစ်ခု မိန်းမတစ်ယောက်ရယ် ကလေးလေးတစ်ယောက်ရယ် အတွက် သူဖြည့်ဆည်းပေးရတာကို ကျေနပ်လာတတ်ခဲ့တယ်..။ သူ့လမ်းကိုသူအကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ကောင်မလေးအတွက် သူစိုးရိမ်ပူပန်မနေတတ်တော့ပဲ သူ့ရဲ့လမ်းလေးပေါ် မှာ နေ့စဉ်နဲ့အမျှဖြတ်သန်းသွားလာနေတတ်ခဲ့တဲ့ အမျိုးသမီးနဲ့ သူမရဲ့ ကလေးလေး အတွက် ဆူးငြောင့်ခလုတ်တွေ မနင်းမိဖို့ သူတွေးတတ်လာခဲ့တယ် …။ လမ်းဘေးတစ်ဘက်တစ်ချက်က ပန်းပင်လေးတွေ ပွင့်ဖူးလှပလာဖို့ထက် …. မိခင်တစ်ယောက်နဲ့ သူမရဲ့ကလေးလေးရဲ့ တီတီတာတာအပြုံးလေးတွေ ဖူးပွင့်လာတာကို သူစောင့်ကြည့်ချင်လာခဲ့တယ် …။ 


ဆုံမှတ်နှစ်ခုလွဲချော်ပြီး မျဉ်းပြိုင်နှစ်ကြောင်းဖြစ်လုနီးနီးကနေ တစ်ဖြည်းဖြည်းဝေးကွာသွားတဲ့ လမ်းလေးကိုကြည့်ရင်း ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့လမ်းကို ကိုယ်တိုင်ဆက်ဖောက်နေဆဲ …။ သူပြောသွားတဲ့ စကားတစ်ချို့ကိုလည်း ကြားယောင်နေဆဲ …

" နင်က ငါမပါပဲနဲ့လဲ နင့်လမ်းကိုနင် အကောင်းဆုံးဖောက်နိုင်တယ်…။ ပြီးတော့ အကောင်းဆုံးလမ်းကိုပဲ အချိန်တစ်ခုကို စောင့်ပြီး လျှောက်ချင်ခဲ့တယ် ….။ အဲဒီတော့ ငါ့လမ်းလေးပေါ်မှာ ဆူးရှိရှိ ခလုတ်ရှိရှိ မညည်းမညူပဲ နင်းလျှောက်ရဲတဲ့ ငါခင်းပေးတဲ့လမ်းကိုပဲ အကောင်းဆုံးမဖြစ်သေးပေမယ့် ၀င်လျှောက်ရဲတဲ့သူကို တစ်သက်လုံးလျှောက်ခွင့်ပြုလိုက်တာ ငါမမှားပါဘူးနော် ။ အားနည်းသူကို ဖေးကူစောင့်ရှောက်ရမယ်လေ.."

အခုတော့ ကောင်လေးရဲ့လမ်းလေးကို စောင်းငဲ့ကြည့်မိတဲ့အခါ တစ်ချိန်က သူနဲ့သူမ အိပ်မက်ခဲ့ဖူးသလို သာယာပြန့်ပြူးတဲ့လမ်းလေးတစ်ခုတော့ မဟုတ်ခဲ့ပေမယ့် လမ်းလေးပေါ်မှာ သက်ဝင်လှုပ်ရှားမှုတွေ နဲ့ ပျော်ရွှင်နေကြပုံကို သူမမြင်လိုက်ရတော့ သူစိတ်ချမ်းသာနေမှာပဲလို့တော့ သူမတွေးမိခဲ့တယ် ….။ 

ဘာလိုသေးလဲကွယ် ….. ဘ၀ဆိုတာ အမြဲတမ်းဖြောင့်ဖြူးသာယာနေမှာမှမဟုတ်တာ…. သူ့ရဲ့လမ်းလေးက မဖြောင့်ဖြူးပေမယ့် …. သူစိမ်းလူသားနှစ်ဦးကို သူကိုယ်တိုင်ကျေကျေနပ်နပ် နင်းလျှောက်ခွင့်ပေးခဲ့ပြီး အခုချိန်ထိ ကြိုးစားပေးဆပ်ဖြတ်သန်းနေတဲ့ လမ်းတစ်ခုပေါ်မှာ သူ့ဆုံးဖြတ်ချက်အတွက် သူပျော်နေတယ်ဆိုရင် သူမကျေနပ်နေတတ်ခဲ့ပါပြီ ……။

သူမရှေ့ကလမ်းကရော… ဖြောင့်ဖြူးသာယာစပြုလာပေမယ့် တိတ်ဆိတ်အေးချမ်းတဲ့လမ်းပေါ်မှာ တစ်ယောက်တည်း ဖြတ်သန်းရင်း ….. ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ဖောက်ထားတဲ့လမ်းတစ်ခုပေါ်မှာ သူမကိုယ်တိုင်လျှောက်နင်းနေတာဆိုတော့ ဆိတ်ငြိမ်လှပေမယ့် ဒီလမ်းလေးကို သူမတွယ်တာနေတတ်ပြီ …။ 


************************************************


(မည်သူ့ကိုမှ မရည်ရွယ်ပါ ... စိတ်ကူးထဲရှိသလို ဖန်တီးကြိုးစားရေးဖွဲ့ခြင်းဖြစ်ပါသည် .. ဖတ်ရှုခံစားအားပေးသော သူငယ်ချင်းများအားလုံးအား ကျေးဇူးတင်စွာဖြင့် ..အားလုံးပျော်ရွှင်ပါစေ)

Saturday, 8 September 2012

ကလေးပုံပြင် ~~~

September 08, 2012 12 Comments

မူကြိုကျောင်းတစ်ခုတွင်ဖြစ်သည် …..။
ကလေးပေါင်းများစွာ အသက်အရွယ်အရ အကြီးဆုံးက ၅ နှစ်ဝန်းကျင်ခန့်သာရှိကြသည် ….။ ၃ နှစ်မှ ၅ နှစ်အရွယ်ထိ ကလေးများ .. ပျော်ရွှင်စွာဆော့ကစားလျက် … ဆရာမများ၏ သွန်သင်မှုအောက်မှာ ကလေးသဘာဝ ပျော်ပျော်ပါးပါး …။ အချိန်တန်လျှင် အချိုးကျခွဲဝေပေးသော ခွဲတမ်းမုန့်များကို စားရသည့်အခါလည်း ရှိသည် …။ ခွဲတမ်းအရကျွေးသောမုန့်များကုန်လုခါနီးတိုင်း သူငိုတတ်သည်..။ မုန့်ပေးပါဟု ပွင့်ပွင့်လင်းလင်းတောင်းဆိုခြင်းမပြုသော်ငြား သူတအီအီငိုနေသည်ကို ကြာကြာမမြင်ရက်သည့်ဆရာမများက မုန့်တစ်ခုခုဖြင့် သူ့ကိုနှစ်သိမ့်စမြဲဖြစ်လေ့ရှိသည့်အခါတိုင်း သူမအံ့သြသွားရစမြဲ …။ သာတူညီမျှဟူသည့်အခွင့်အရေးဘယ်မှာလဲ ….။ သူမသည် မငိုတတ်သည့် ကလေးတစ်ယောက်၊ တကျီကျီပူဆာလေ့မရှိသည့်ကလေးတစ်ယောက်၊ အေးအေးလူလူနေလေ့ရှိသည့် ကလေးတစ်ယောက် … သူမ၏ မူကြိုကျောင်းသူဘ၀သည် ဆရာမကျွေးသော မုန့်လေးများဖြင့် သာ ကျေနပ်ခဲ့ရသည်..။ အခွင့်ထူးခံစာရင်းထဲ သူမမပါဝင်ခဲ့ပါ …။ 

သူမ၏ ဘ၀သည် မကြမ်းတမ်းသော်လည်း လွယ်ကူခြင်းမရှိခဲ့ပါ ..။ တစ်ခါတစ်ရံတွင် လမ်းခရီးဖြောင့်တန်း ခဲ့သလို လမ်းကွေ့များလည်း ကြုံခဲ့ရစမြဲ …။ မငိုတတ်သည့် ကလေးတစ်ယောက်အတွက် သူမကို နှစ်သိမ့်မှုဆိုတာ ဘယ်နေရာမှာလဲ …။ သူမက မျှော်လင့်နေသည်လား ..။ ပုထုဇဉ်လူသား တစ်ယောက်ပီပီ အမြဲတမ်းတော့ သူမ စိတ်မာပြတ်သားခြင်းမရှိနိုင်ခဲ့ပါ …။ ကြုံတွေ့ရသည့် အခက်အခဲတစ်ချို့ကိုတော့ ဘယ်သူ့ကိုမှမပြောပြဖြစ်ခဲ့ …။ မညည်းညူတတ်သော မတိုင်တည်တတ်သော သူမအတွက် တစ်ခြားသူ၏ ကရုဏာများကို လက်ခံရခြင်းမရှိသောအခါ အဲလိုများရလိုက်ရင် ဘယ်လိုနေမလဲ သူမသိချင်မိခဲ့သည် …။ "သူက အရမ်းအားငယ်တတ်တယ် … သူ့ကို ဂရုမစိုက်လို့မဖြစ်ဘူး .. သူပိုဝမ်းနည်းသွားလိမ့်မယ် …သူငယ်ချင်းချင်း ငါသူ့ကို စောင့်ရှောက်မှဖြစ်မယ် အားပေးမှဖြစ်မယ်" ဟု အခြားသူငယ်ချင်းတစ်ယောက်အပေါ်မှာ အမြဲလိုလို ပူပန်နေတတ်သော သူငယ်ချင်းဖြစ်သူကို ငါ့အတွက်ရော နင်မပူဘူးလားဟင် ဟု သူမ မေးချင်သော်လည်း ဘယ်တော့မှ မမေးဖြစ်ခဲ့ ….။ 

သာမာန်ကြုံတွေ့နေကျအခက်အခဲသေးသေးမွှားမွှားလေးများမှအစ အသည်းကွဲခြင်း၊ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေဖြစ်သည်အဆုံး …သူငယ်ချင်းများကို ရင်ဖွင့်တိုင်တည် ကူညီဖြေရှင်းစေလေ့ရှိသော သူငယ်ချင်းအချို့ …. အားပေးဖေးမတတ်သော သူငယ်ချင်းအချို့အတွက် သူတို့စိတ်အာရုံမှာ သူမသည် အစစအရာရာ အဆင်ပြေအောင်မြင်နေသော လူတစ်ယောက်အဖြစ် …။ သူမ၏ အသည်းကွဲခြင်းသည် …. ဟာသတစ်ပုဒ်လို ဘာမှမခံစားခဲ့ရသော အတိတ်အဖြစ် … ဘယ်သူ့ကိုမှမတိုင်တည်ဖြစ်သောကြောင့် သူမ၏ အသိုင်းအ၀ိုင်းအတွက် ခဏချင်းမေ့ပျောက် သွားနိုင်လောက်အောင်  …. လေးလေးနက်နက် မခံစားခဲ့ရသော အဖြစ်အပျက်များအဖြစ် ..။ သူမ၏ လုပ်ငန်းခွင်အတွင်း ဖြတ်သန်းခဲ့သမျှ … စာသင်ခန်းအတွင်း ကျင်လည်ခဲ့သမျှသည် ….. မိုးပေါ်မှ သိကြားမင်းဖန်ဆင်းပေးသလို အစစအရာရာ အဆင်ပြေမှုများချည်း ကြီးစိုးနေသော ကာလများအဖြစ် ….သူမဖန်တီးဖြစ်ခဲ့ရသည် …။ သူမမှ မငိုတတ်ခဲ့ပဲ …။ "သူမမှာ ဘာမှကြီးကြီးမားမားခက်ခဲတာမှမရှိတာ သူ့အခက်အခဲလဲ သူများတွေကို ပြောတာလည်းမဟုတ်  သူ့ကို ဂရုစိုက်နေဖို့မလိုပါဘူး … ငါတို့အချင်းချင်းပဲ နွေးနွေးထွေးထွေးနေကြစို့" ဟု တွေးတတ်သော သူငယ်ချင်းများအတွက် သူမသည် တစ်ခါတစ်ရံစည်းအပြင်က လူတစ်ယောက်အဖြစ် ခံစားမိလျက် …။ 

ငိုတတ်တဲ့ကလေး မုန့်ပိုရတယ် ဟူသောစကားကို အမြဲလိုလိုကြားဖူးနေခဲ့သလို လက်တွေ့လည်း မြင်ခဲ့ဖူးပါသည် …။ မငိုတတ်သည့် ကလေးတစ်ယောက်အတွက်ရော မုန့်စားဖို့အခွင့်အရေးမရနိုင်ဘူးလား ..သူမသိချင်ခဲ့မိသည် ….။ ထိုကလေးမျိုးသည် သူ့ဘာသာ ဘာသိဘာသာနေတတ်သည် … အေးအေးဆေးဆေးနေတတ်သော ကလေးတစ်ယောက်အတွက် ဆုလာဒ်အနေနှင့် မုန့်မကျွေးသင့်ဘူးလားဟု သူမတွေးခဲ့မိသည် …။ ထိုကလေးမျိုး၏ စိတ်ထဲမှာရော သူရဲ့သိတတ်မှုအတွက် တန်းတူမရရှိမှုအပေါ် စိတ်ဒဏ်ရာတစ်ခုတစ်လေရကောင်းရသွားနိုင်ပါသည် …။ လူကြီးမိဘ၊ ဆရာသမားများကို သိတတ်လိမ္မာသဖြင့် ငိုယိုတောင်းဆိုလေ့မရှိသော ကလေးတစ်ယောက်အတွက် အခြားဂဂျီဂဂျောင် တအီအီငိုနေတတ်သော ကလေးများနှင့်ယှဉ်လိုက်လျှင် လျစ်လျူရှုခံရသလိုမျိုးဖြစ်လာတတ်သောအခါ ထိုကလေးတစ်ယောက်၏ စိတ်ကို ဘယ်သူဖတ်ရှုနိုင်မလဲ ။… သူ့စိတ်ထဲမှာ ဘယ်လောက်များ အော်ဟစ်ငိုယိုနေမလဲ … သူမတွေးမိသောအခါ…. တစ်ကယ်တော့ သူမသည်လည်း ငိုတတ်သူတစ်ယောက်မဟုတ်ခဲ့ပါ …။




Monday, 3 September 2012

Such a Person ~~~

September 03, 2012 18 Comments


မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် … ဘ၀ဆိုတာရိုးရိုးလေးပါလို့တွေးတယ်..။ ရိုးရိုးစင်းစင်းပဲဖြတ်သန်း တယ် ..။
မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် …။ ကျောင်းစာကလွဲရင် အင်္ဂလိပ်စာကလွဲရင် အချိန်မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗဟုသုတရမယ့်စာတွေ သိပ်ဖတ်လေ့မရှိခဲ့ဘူး ..။ မေးလိုက်ရင် သိသယောင်ယောင် နဲ့ ဘာကိုမှ တိတိကျကျပြန်မဖြေတတ်ခဲ့ဘူး …။
မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးတယ် ….။ နိုင်ငံခြားပညာသင်ဆုတွေ တစ်ခုပြီးတစ်ခု လျှောက်ခဲ့ဖူးတယ် …။ တစ်ချိန်လုံးအဲဒီအကြောင်းပဲ တွေးနေခဲ့ဖူးတယ် ..။ တစ်ချိန်လုံးပညာဆက်သင်ဖို့ ပဲ တွေးနေခဲ့ဖူးတယ်.. ။ 

တစ်ကယ်တော့  သူမသည် ..လည်မလိုလိုနှင့်အသည်  … တစ်ချို့နေရာတွေမှာတော့ အမလိုလိုနှင့် လည်နေပြန်သည် …။ မိုးရွာထဲလမ်းလျှောက်လျှင် ….. မိန်းကလေးမဆန်စွာ … ဆတ်တောက်တောက်လျှောက်တတ်သော သူမရဲ့ ကျောပြင်သည် …. မလှမပစွာ ရွှံ့စက်တွေနှင့် အကျည်းတန်နေတတ်သည် …။ စကားပြောလျှင် …. စကားလုံးများကို လှပစွာမဖွဲ့နွဲ့တတ်သလို …. ချွဲနွဲ့စွာ … ကွေ့ဝိုက်စွာမပြောတတ်သော သူမကို သူငယ်ချင်းတစ်ယောက်ယောက်က အပြောကောင်းသည် ဟု ဝေဖန်သောအခါ ဘာမှပြန်မပြောတတ်သော သူမ ရယ်နေတတ်ပြန်သည် …။ နယ်မြို့တစ်ခုမှာ မွေးဖွားသော .. တောသူမကျတကျ သူမသည် … ရန်ကုန်လိုမြို့ကြီးမှာ လိုင်းကားတိုးစီးရမှာ ကြောက်တတ်သလို ..တစ်ယောက်တည်း Taxi စီးရမှာ ကြောက်တတ်သူလည်း ဖြစ်ပြန်သည် ..။ တောင်တန်းကြီးများကို ချစ်တတ်သော သူမအတွက် … အစိမ်းရောင်သစ်ပင်တွေနဲ့ တောင်တန်းတွေအဖြစ်ပဲမြင်ချင်သူတစ်ယောက်ဖြစ်သလို … အ၀ါရောင်တောင်တန်းများ ကိုမြင်နေရသည်ကို …. ၀မ်းနည်းနေတတ်သူလည်းဖြစ်ပြန်ပါသည် …။
သူမသည် လမ်းလျှောက်မြန်သူတစ်ယောက် .. တောင်တက်ရသည်ကို နှစ်ခြိုက်သူတစ်ယောက် … အလှမပြင်တတ်သော်လည်း .. မိန်းကလေးပီပီလှချင်သူတစ်ယောက် …။

တစ်ခါတစ်ရံတွင် ရဲရင့်သတ္တိရှိသယောင် … ဆတ်ဆတ်ထိမခံ စွာတေးလန်တစ်ယောက်ဖြစ် တခါတရံတွင် .ယုန်သူငယ်တစ်ကောင်လို ကြောက်ရွံ့တတ်သူတစ်ယောက်လည်း ဖြစ်သည်..။ စာတွေကဗျာတွေ မတောက်တခေါက်ရေးတတ်သော သူမသည် ပြောလိုက်သည့်စကားလုံးတစ်ချို့မှာ ၀တ္ထုတွေ၊ ကဗျာတွေထဲကလို စကားလုံးမျိုးတွေဖြစ်သွားလေ့ရှိသောအခါ အခြားသူများအတွက် ရယ်စရာဖြစ်သွားတတ်သော သူတစ်ယောက်…။ ဘ၀ရိုက်ခတ်မှုကို ကြီးကြီးမားမားမခံစားဖူးသော သူမအတွက် အခြားသူများနှင့် နှိုင်းယှဉ်လျှင် မရင့်ကျက်သော မိန်းကလေးတစ်ယောက် …။ ဘ၀အတွေ့အကြုံအများကြီးမရှိသောကြောင့် ရေးချင်သလို ချရေးတတ်သော စာများသည် ကလေးသာသာ ရယ်စရာဖြစ်သွားတတ်သော်လည်း စာရေးသည့်အရည်အသွေးတိုးတက်မလာသော် လည်း ယခုအချိန်ထိ ရေးချင်ရာ ရေးနေသော သူတစ်ယောက် …။ ရင့်ကျက်သည့် အတွေးအခေါ် .အရေးအသားတွေကို ဖော်ပြနိုင်ခြင်းမရှိသေးသော မိန်းကလေးတစ်ယောက် …။


လူတွေအကြောင်း..လောကအကြောင်းကို ကောင်းကောင်းမနှံ့စပ်သေးသော်လည်း သိအောင်လုပ်ဖို့ မကြိုးစားသောသူတစ်ယောက် …။ ရေးလိုက်သော စာများအတွက် တစ်စုံတစ်ခုတော့ ပေးချင်သော်လည်း အပျင်းပြေဖတ်ချင်စရာပင်မကောင်းလောက်အောင် ရိုးအီနေသော အရေးအသားများ.. တစ်ခါတစ်ရံ အပ်ကြောင်းထပ်နေသော အရေးအသားများကိုသာ ဖန်တီးနေသော သူတစ်ယောက် …။ 
 ကော်ဖီကြိုက်တတ်သူတစ်ယောက် ၊ သစ်ပင်ချစ်တတ်သူတစ်ယောက် ၊ ဘာမှမထူးခြားသော သူတစ်ယောက် ..။ ညအချိန်ကော်ဖီသောက်လျှင် အိပ်မပျော်မှာ သိသိနှင့် သောက်လေ့ရှိသောသူတစ်ယောက် .......။
ဒီညလည်း သကြားမထည့်သော ကော်ဖီတစ်ခွက်ကြောင့် ည ၁၂ နာရီကျော်ထိ မအိပ်သေးပဲ ရေးချင်ရာရေးနေသော သူတစ်ယောက် ၊ စိတ်ကူးတည့်ရာလျှောက်ရေးပြီး ကိုယ်ရေးတာ ပြန်ဖတ်ရတာကို ရှက်တတ်သော သူတစ်ယောက် ...။ ရေးချင်သည့်အကြောင်းအရာများက တစ်မျိုး.ရေးတာတွေကတစ်ခြား ... ဖြစ်ဖြစ်သွားတတ်သော သူတစ်ယောက် ...။ သေချာတာက ကျမကြိုးစားနေပါတယ် ... ။ တစ်ဖြည်းဖြည်းနဲ့ အတွေးရဲသလို အရေးရဲသူတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ် ....။

---------------------------------------
ရေးချင်ရာရေးမိပါတယ် ..... ။ အပျော်သက်သက်ပါ ..... :)

Saturday, 1 September 2012

ပြဒါးမဲ့ အချစ်ဖြင့် ~~~

September 01, 2012 6 Comments
တစ်ခါတုန်းကပေါ့ ………………………..
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက် သိပ်ချစ်ကြဖူးတယ် ..။ ချစ်သူအပေါ်အရမ်းချစ်တတ်တဲ့ ကောင်လေးက ကောင်မလေးအတွက် ချစ်စရာစက္ကူကြိုးကြာငှက်ရုပ်လေးတွေ ၁၀၀၀ ကို ကိုယ်တိုင်ခေါက်ပြီး လက်ဆောင်အဖြစ်ပေးခဲ့တယ်..။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ကောင်လေးရဲ့ဘ၀ဟာ အနာဂတ်ကိုသေချာမပြောနိုင်သေးတဲ့ လူငယ်လေးတစ်ယောက်၊ သူအလုပ်လုပ်တဲ့ Company မှာ အောက်ခြေအဆင့်ဝန်ထမ်းလေးမျှ သာဖြစ်နေပါသေးတယ်..။ အဲဒီအခြေအနေမှာဖြစ်ပေမယ့်လည်း သူတို့နှစ်ယောက်က အချစ်စစ်နဲ့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး ပျော်ရွှင်တဲ့ချစ်သူနှစ်ဦးအဖြစ်ပေါ့ ။ 

အဲဒီနေ့အထိပေါ့ ..ကောင်မလေးက သူ ပဲရစ်ကိုထွက်သွားတော့မယ့်အကြောင်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်တဲ့အကြောင်း ကောင်လေးကို ဖွင့်ပြောလာခဲ့တဲ့နေ့အထိပေါ့..။ 
 သူတို့နှစ်ယောက်ရဲ့အနာဂတ်က လှပလိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်နိုင်တဲ့အခါ မခန့်မှန်းနိုင်တဲ့အခါ ကိုယ့်လမ်းကိုယ်စီလျှောက်ကြဖို့ သူမပြောလာတဲ့အတွက် ချစ်သူအပေါ်အရမ်းချစ်ခဲ့တဲ့ကောင်လေးက ရင်နာနာနဲ့ပဲ အသည်းကွဲခံခဲ့ပြီး သူမရဲ့ ဆန္ဒကို လိုက်လျောခဲ့ပါတယ် ..။ 
 
♥ ...... ♥ ...... ♥ ......
ဒီလိုနဲ့ပဲ ကောင်လေးက သူ့ယုံကြည်ချက်တွေ ပြန်ရလာတဲ့အခါ နေ့မနားညမအား အလုပ်ကြိုးစားခဲ့တယ် .သူ့ဘ၀တိုးတက်ဖို့ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားခဲ့တယ် ..။ နောက်ဆုံးတော့ သူ့ရဲ့ကြိုးစားမှု၊ မိတ်ဆွေအပေါင်းသင်းတွေရဲ့ ပံ့ပိုးအားပေးမှုတွေကြောင့် ကောင်လေးက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်နိုင်ခဲ့တယ် ..။ ကြိုးစားမှုကို မရပ်သရွေ့တော့ ဘယ်တော့မှ ကျရှုံးမှာမဟုတ်ပါဘူး ..။

♥ ...... ♥ ...... ♥ ......  
တစ်နေ့ ………………  မိုးရွာတဲ့နေ့တစ်နေ့မှာ…….............
ကောင်လေးက ကားမောင်းလာနေတုန်း ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း တစ်နေရာစီဦးတည် လမ်းလျှောက်သွားနေတဲ့ အဘိုးအိုနဲ့ အဘွားအိုစုံတွဲကို သူမြင်ကွင်းမှာ တွေ့လိုက်တယ် ..။
ထီးဆောင်းထားပေမယ့်လည်း သူတို့နှစ်ယောက်က မိုးရေတွေနဲ့ စိုနေတာကို သူတွေ့လိုက်ရတယ် ..။ အဲဒီစုံတွဲဟာ ကောင်မလေးရဲ့ မိဘနှစ်ပါးဖြစ်တယ်ဆိုတာ ပြန်မှတ်မိဖို့ ကောင်လေးအချိန်အများကြီး မယူခဲ့ရပါဘူး..။ ကောင်မလေးအပေါ်ထားတဲ့အချစ်တွေကြောင့် သူမနဲ့ ပတ်သက်တဲ့အရာရာကို သူကောင်းကောင်းမှတ်မိနိုင်တယ်လေ..။ အဘိုးအဘွားစုံတွဲနားရောက်တဲ့အထိ ကားကို ဖြည်းဖြည်းချင်း ပြန်မောင်းလာခဲ့ကာ သူရဲ့ အဖိုးတန်ဇိမ်ခံကားပေါ်ကို တက်ပြီး သွားလိုရာ လိုက်ပါပို့ဆောင်ပေးဖို့ ခွင့်တောင်းခဲ့တယ် ..။
ကောင်လေးက လူကြီးတွေကို သူအရင်လိုမဟုတ်တော့တဲ့အကြောင်း .. သူ့မှာ ကိုယ်ပိုင်ကုမ္ပဏီ၊ ကိုယ်ပိုင်ကား ၊ အိမ်တွေ၊ စည်းစိမ်တွေပိုင်ဆိုင်နေပြီဖြစ်တဲ့အကြောင်း စသဖြင့် ပြောပြခဲ့တယ်..။ သူစွမ်းဆောင်နိုင်တယ်ဆိုတဲ့အကြောင်း၊ ယောကျာ်းကောင်းတစ်ယောက်ဖြစ်တဲ့အကြောင်း သူမရဲ့မိဘနှစ်ပါးကို သိစေခဲ့တယ် ..။
ကောင်လေး သတိမထားမိခင်မှာပဲ သူမရဲ့မိဘနှစ်ပါးက သချိင်္ုင်းတစ်ခုဆီကို ဦးတည်လမ်းလျှောက်သွားကြတယ် .. ကောင်လေးလည်း ကားထဲက ထွက်ပြီး သူတို့နောက်ကို လိုက်လျှောက်လာခဲ့တယ်..။ မမျှော်လင့်ထားပဲ သူ့ရဲ့ကောင်မလေးကို သူမရဲ့မြေပုံမို့မို့လေးထက်မှာ အရင်က သူ့ကိုပြုံးကြည့်နေကျပုံစံအတိုင်း ချစ်စရာဓါတ်ပုံလေးအဖြစ် မြင်လိုက်ရတယ်..။ အဲဒါအပြင် သူမဘေးနားမှာ သူပေးခဲ့တဲ့ စက္ကူကြိုးကြာရုပ်လေးတွေကိုလည်း တွေ့လိုက်ရတယ် ..။ ကောင်လေးက သူမမိဘတွေကို ဖြစ်ကြောင်းကုန်စင်မေးတဲ့အခါမှာ တစ်ကယ်တော့ ကောင်မလေးက ပြင်သစ်ကိုထွက်ခွာသွားတာမဟုတ်ပဲ အဲဒီအချိန်တုန်းက ကင်ဆာရောဂါခံစားနေရတယ်ဆိုတာ သိခဲ့ရတယ် ..။
ကောင်မလေးက သူမရဲ့ချစ်သူကောင်လေးဟာ တစ်နေ့မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်မယ့်သူတစ်ယောက်ဆိုတာ ယုံကြည်တဲ့အတွက် သူ့ဘ၀အောင်မြင်ဖို့ အတားအဆီးတစ်ခုအဖြစ်မခံချင်ခဲ့ဘူး..။ အဲဒါကြောင့် သူ့ကိုစွန့်လွှတ်ဖို့ သူမဆုံးဖြတ်ခဲ့တာဖြစ်တယ် ။
ကောင်မလေးက သူမမိဘတွေကို သူမသေဆုံးသွားတဲ့အခါ ကြိုးကြာရုပ်ကလေးတွေကို သူမရဲ့ဘေးနားမှာ ထားပေးဖို့ တောင်းဆိုသွားခဲ့တယ် .. ဘာကြောင့်လဲဆိုရင် တနေ့နေ့မှာ ကံကြမ္မာကကောင်လေးကို သူမရှိတဲ့နေရာဆီ ခေါ်ဆောင်လာနိုင်ခဲ့မယ်ဆိုရင် သူ့ဘ၀ရဲ့အမှတ်တရအဖြစ် ကြိုးကြာရုပ်လေးတစ်ချို့ကို သူနဲ့အတူပြန်ယူသိမ်းထားနိုင်ဖို့ သူမမျှော်လင့်ခဲ့လို့ဖြစ်တယ် ..။ ၀မ်းနည်းစရာ ဇာတ်လမ်းရဲ့ အဆုံးသတ်က ကောင်လေးရဲ့ မျက်ရည်တွေပဲပေါ့ ..... ။


♥ ...... ♥ ...... ♥ ......
    
 သင့်အပေါ်ကို ချစ်စေချင်တဲ့အတိုင်း မြတ်နိုးတန်ဖိုးထားစေချင်ခဲ့တဲ့အတိုင်း လူတစ်ယောက်က မလုပ်နိုင်ခဲ့ဘူးဆိုတိုင်း အဲဒါက သူက သင့်ကို မချစ်လို့မဟုတ်ပါဘူး .. ချစ်လွန်းလို့ သင့်ဘ၀အတွက် အကောင်းဆုံးကို မျှော်လင့်လို့ သူ့ရဲ့အချစ်တွေကို ရင်နာနာနဲ့ လျစ်လျူရှုလိုက်ရတာလည်း ဖြစ်နိုင်တယ်ဆိုတာ ကျမတို့ သဘောပေါက်နားလည်ထားသင့်ပါတယ် ..။ တစ်ချို့ကိစ္စတွေမှာ ကိုယ်နားမလည်နိုင်တဲ့ ကိုယ်မသိတဲ့နောက်ကွယ်က အကြောင်းတရားတွေ ရှိနေတဲ့အခါမျိုးမှာ အပေါ်ယံအကြောင်းပြချက်လေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်မယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါဘူး ..။
အချစ်ဆိုတာာ တစ်ကြိမ်ချစ်ပြီးပြီဆိုရင် ထာဝရချစ်သွားမယ့်အရာမျိုးဖြစ်နိုင်ပါတယ် ..။ ဦးနှောက်ထဲမှာတော့ နာကျည်းနေမယ် … မချစ်တော့ဘူးလို့ ခေါင်းမာမာနဲ့ ဇွတ်ငြင်းနေပေမယ့် နှလုံးသားထဲမှာ ဖြစ်ပေါ်ဖူးတဲ့အချစ်က ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပဲ ထာဝရတည်နေမှာပါပဲ.. ။ တခါတလေတော့ ကိုယ့်သိက္ခာအတွက် ကိုယ့်မာနအတွက် မချစ်တော့ဘူးလို့ ဦးနှောက်ကငြင်းဆန်နေတယ် .. နှလုံးသားကို လျစ်လျူရှုတယ် … ဒါပေမယ့် ..ဒါပေမယ့် …… ။
လူတစ်ယောက်က ကိုယ့်အနားမှာမရှိတော့တဲ့အချိန်မှာ ကိုယ့်အနားကို ဘယ်လိုမှ ပြန်မရောက်နိုင်တဲ့အခါမျိုးမှာ တစ်ယောက်တည်းကြိတ်မှိတ်လို့ အဲဒီလူတစ်ယောက်ကို တမ်းတနေတယ်ဆိုတာ ဘ၀မှာ ခံစားရအခက်ခဲဆုံးအရာတွေထဲက တစ်ခုပါပဲ ..။ သင်က သူ့ဘ၀အတွက် အရမ်းအရေးပါအရာရောက်တယ်လို့ သတ်မှတ်တဲ့သူတစ်ယောက် သင့်ကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ်ဆိုတာ သေချာသိဖို့ အချိန်ပေးသင့်ပါတယ် …။ ဒီလိုမှမဟုတ်ရင် နောက်တစ်ရက် သင်နိုးထလာတဲ့အခါ သင့်ကို ချစ်တဲ့သူက သင့်ဘေးနားမှာ ဆက်မရှိပဲ ဆုံးရှုံးသွားတာမျိုးကြုံနိုင်တာမို့ … သူရှိနေတုန်း … သူ့အတွက် အချိန်ပေးသင့်ပါတယ် ..။ သင်ဘယ်လောက်အလုပ်ရှုပ်ရှုပ်ပေါ့ ..။ 
==============================
>>>> အင်တာနက်မှာ ဖတ်မိတဲ့ A way of Love ဆိုတဲ့ ၀တ္ထုတိုလေးကို ခံစားပြီး ဘာသာပြန်ကြည့်ပါတယ် .. ။ မူရင်းစာရေးသူဘယ်သူလဲတော့ မတွေ့မိလို့ စာရေးသူနာမည်တော့ မထည့်လိုက်နိုင်ပါဘူး ..။ တော်တော်ကြာနေပြီဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် အရင်ဘာသာပြန်ဖူးတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ် ...။ 

Thanks to ALL <3

Follow Us @soratemplates