Monday, 7 January 2013

♪ ♪...သံစဉ်များနှင့် ရစ်နှောင်သော (၂) .. ♫

January 07, 2013 5 Comments

♫ ♥ ♫ ♥ ♫ ♥ ♫ ♥

(၅)
Drum Set နောက်က ထိုင်ခုံပေါ်မှာ ကျကျနနထိုင်ဖို့ သူမအရပ်က မမှီ့တမှီ ..။ ဟုတ်မှာပေါ့လေ.. သူ့လိုအရပ်ထောင်ထောင်မောင်းမောင်းယောက်ျားလေးတစ်ယောက်ရဲ့ထိုင်ခုံက သူမရဲ့အရပ်နဲ့ တော့ တော်တော်ကွာနေမှာပဲ ..။ ခုန်ပြီးထိုင်ဖို့ကြိုးစားနေစဉ်မှာပဲ .. အလိုလိုထိုင်ခုံပေါ်ရောက်နှင့်ပြီး ဖြစ်သွားသည်..။ အို …. ဘယ်အချိန်ကရောက်နေသည်မသိသည့် အမည်မသိအိမ်ရှင်က သူမကို မချီကာ ထိုင်ခုံပေါ်ထိုင်စေခဲ့တာပဲ ..။ အငိုက်မှာ သူခိုးမိသွားသလိုမို့ သူချီလိုက်တာကို စိတ်မဆိုးနိုင်ပဲ သူမဘာသာ အားတုံ့အားနာ ရှက်ရွံ့လို့ …။ 

နှစ်လိုဖွယ်အပြုံးတစ်ခုအောက်က သူ့စကားသံများက တဒင်္ဂအတွင်းမှာ သူ့ကိုငြိတွယ်သွားစေမိသလား..။ မဟုတ်ပါဘူး .. ဒါစိတ်ကစားတာပါလို့ …. ဖြေသိမ့်တွေးနေမိခဲ့တာ..။ 
"မင်းတီးချင်ရင် စိတ်တိုင်းကျ ပေါက်ကွဲလိုက်လေ..။ မခေါက်တတ်ရင်လည်း ကျွန်တော်သင်ပေးမှာပေါ့" လို့ဆိုလာတဲ့ လူငယ်တစ်ယောက်က သူမထက်တော့ အသက်ငယ်ပုံပဲ..။ ဘာသံစဉ်မှထွက်မလာတဲ့ သူမရဲ့ Drum ထိခတ်သံတွေက သူ့ကိုပြုံးစေရုံသာမက ပကတိရယ်သံများကိုပါ ဖြစ်ပေါ်စေနိုင်ခဲ့လို့ .. မြင်ရခဲတဲ့ အပြုံးတွေအတွက် သူမဘာသာကျေနပ်နေခဲ့ပြန်တယ်..။ ၄၂ လက်မခန့်ကြီးတဲ့ LCD Screen နဲ့ သူကိုယ်တိုင်ဖန်တီးထားတဲ့ MTV သူကိုယ်တိုင်ရေးဆိုထားတဲ့ သီချင်းတွေကို နားထောင်စေခဲ့ရင်း "မင်းက ကျွန်တော့်သီချင်းတွေရဲ့ ပထမဆုံးပရိသတ်ပဲ" လို့ ဆိုလာပြန်တော့ ပါးစပ်ကို လက်နှစ်ဖက်နဲ့အုပ်လိုက်မိရင်း သူမ တအံ့တသြဖြစ်ခဲ့မိလို့..။ " နှမျောစရာကြီး.. ဒီသီချင်းတွေရောင်းလိုက်ရင် ပိုက်ဆံတွေအများကြီးရပြီး ရှင်လည်း နာမည်ကြီးလာမှာ" လို့ဆိုတော့  .. ငွေနဲ့ ကျော်ကြားမှုက သူ့အတွက် အရေးမကြီးပါဘူးတဲ့..။ ဒါဆို သူ့အတွက် ဘာက အရေးကြီးတာပါလိမ့် ..။

♫ ♥ ♫ ♥
 (၆) 
စာဖတ်စာရေးရတာငြီးငွေ့လာတတ်တဲ့အခါမျိုး … သူအိမ်မှာ မရှိတတ်တဲ့အချိန်မျိုးတွေမှာ သူမတစ်ယောက်တည်း အဲဒီအိမ်လေးမှာ သီချင်းတွေ နားထောင်နေတတ်ခဲ့တယ် ..။ သူမရဲ့ မနက်ခင်းတွေဟာ … တစ်ဖက်က သူ့ရဲ့ သီချင်းသံမှမကြားရရင် … အသက်မ၀င်တော့သလို..။ သေချာပါတယ်.. ဒီသီချင်းအေးအေးလေးတွေကို ငြိတွယ်နေတာပဲ ဖြစ်မှာပါလေလို့ မလုံမလဲတွေးနေမိပြန်ရဲ့..။ သူ အိမ်မှာ မရှိချိန်တွေကို စောင့်ကြည့်ပြီး သီချင်းတွေသွားနားထောင်တတ်တိုင်း .. သူ့အတွက် သူမ ရှားရှားပါးပါးကျွမ်းကျင်သော ကြေးအိုး ဒါမှမဟုတ် ဖက်ထုပ်၊ spring roll တစ်ခုခုကို ချန်ထားပေးတတ်ပြန်တယ်..။ မိသားစုမရှိတဲ့သူ့အတွက် .. သူမအိမ်ကနေချက်ပေးလာတဲ့ ဟင်းတွေကိုကျွေးချင်တဲ့ စေတနာက သနားတတ်တဲ့ ကရုဏာစိတ်တစ်မျိုးပဲဖြစ်မယ်ထင်ပါရဲ့..။ မိဘတွေမရှိတော့လို့ အထီးကျန်အားငယ်နေတာများလားလို့တွေးမိကာ .. သူမရဲ့မိဘတွေနဲ့ ဖုန်းပြောရင်တောင် သူ့ကိုအားနာစိတ်နဲ့အရင်လို အကျယ်ကြီးမပြောဖြစ်တော့..။ မိဘမေတ္တာကို ဘယ်လောက်များ သူငတ်မွတ်နေလိုက်မလဲလို့ .. ကိုယ်ချင်းစာမိပါရဲ့..။
♫ ♥ ♫ ♥
(၇)
မပြုံးတတ်ဘူးလို့ထင်ခဲ့တဲ့လူတစ်ယောက်က သူမရဲ့ရှေ့မှာတော့ ရယ်ရယ်မောမော စကားတွေပြောစပြုလာတဲ့အခါ လူတစ်ယောက်ကို ပျော်ရွှင်အောင် သူမ စွမ်းဆောင်နိုင်ခဲ့လေသလား ပီတိဖြစ်ခဲ့မိပြန်တယ်..။ သူ့အတွက် ငွေထက်အရေးကြီးတာက မေတ္တာသံယောဇဉ်ပဲဆိုတာ သူမ တစ်ဖြည်းဖြည်းခန့်မှန်းတတ်လာခဲ့တာ..။

"မင်းကို သီချင်းတစ်ပုဒ်ဆိုပြမယ်" လို့ပြောလာတော့ သူမအတွက် သူကိုယ်တိုင်ရေးထားတဲ့ သီချင်းများလားလို့ အထင်တကြီးမျှော်လင့်မိခဲ့သေးတာ..။ 

... And the reason is you

I've found a reason for me
To change who I used to be
A reason to start over new
and the reason is you...... ♫



.... A reason for all that I do

I've found a reason to show

A side of me you didn't know ...

အို.. သီချင်းအဓိပ္ပာယ်က ကိုယ့်ကြောင့် သူပြောင်းလဲချင်လာခဲ့တယ်တဲ့..။  သူ့ဘ၀ကို အသစ်တစ်ဖန်ပြန်စပြီး ပြောင်းလဲချင်လာတဲ့အကြောင်းပြချက်က ကိုယ့်ကြောင့်တဲ့..။ စိတ်ထဲမှာ ဘာသာပြန်ရင်း ရင်ခုန်သံတွေကို ခဏမေ့ထားပါရစေ.. အတွေးနဲ့အတူ ခေါင်းယမ်းမိတော့ "သီချင်းကို မကြိုက်ဘူးလား" လို့ သူက မေးလာခဲ့တယ်..။ "ရှင်ကိုယ်တိုင်ရေးထားတာလား" လို့ မရဲတရဲမေးလိုက်မိပြီးမှ မင်းအတွက်ရည်ရွယ်ရေးထားတာလို့များပြောလိုက်ရင် သူမဘယ်လိုတုံ့ပြန်မိမလဲ ကိုယ်တိုင်မသိခဲ့..။ "ဒီသီချင်းတောင်မသိဘူးလား Hoobastank ရဲ့ The reason ဆိုတဲ့သီချင်းလေ.. အရမ်းနာမည်ကြီးတာ" လို့သူဆိုလာတော့ … သူမရဲ့ဗဟုသုတနည်းတာကို သူသိသွားလို့ရှက်တာအပြင် .. တစ်ဖက်သတ်အတွေးကိုလဲ ရှက်ရွံ့မိရင်း သူ့ရှေ့ကနေ အလျင်အမြန်ပြေးထွက်ခဲ့မိရဲ့..။

"The reason ဆိုတဲ့သီချင်းကို ရှင်ဆိုပြပြီးကတည်းက အရမ်းကြိုက်သွားခဲ့တယ်" လို့ ၀န်ခံခဲ့မိတော့ သူမ မတောင်းဆိုခဲ့ဘဲ.. မနက်ခင်းတိုင်း သူညည်းနေတတ်တဲ့ သီချင်းက အဲဒီသီချင်းပဲ ဖြစ်နေခဲ့ပြန်တယ်..။
ညို့မှိုင်းနေတတ်တဲ့ မျက်ဝန်းတစ်စုံက တစ်ဖြည်းဖြည်းတောက်ပစူးရှလာခဲ့တော့ … သူ့ဆီမှာ ပျော်ရွှင်မှုတွေ တစ်ခါပြန်ရလာခဲ့လေသလား.. ဖြစ်နိုင်ရင် အဲဒီအပျော်တွေက သူမနဲ့ မသက်ဆိုင်ရင် ..သူ့အတွက် ပီတိက ပိုပီပြင်လာခဲ့မှာပဲ..။



♫ ♥ ♫ ♥ ♫ ♥ ♫ ♥
 (၈)
"သွားမယ်လေ ဟန်နီရဲ့..တိတ်ဆိတ်နေတဲ့အိမ်ဘက်ကို ဘာလို့ ဒီလောက်လှည့်ကြည့်နေတာလဲ .. ဘာမှလဲရှိပုံမရပါဘူး" လို့ … ချစ်သူက မေးလာခဲ့တော့ … "ရှိတာပေါ့" လို့ သူမ ပြန်ဖြေတယ်..။ သူမရည်မှန်းထားတဲ့စာတမ်းကို ရေးအပြီးမှာ ဒီအိမ်လေးကနေ ပျောက်သွားမှာကို သူကြိုသိနေခဲ့တာများလား..။ "အဲဒီအိမ်လေးထဲမှာ သံစဉ်တွေ အပြည့်ရှိတယ်မောင်ရဲ့" လို့ ချစ်သူကို ပြောလိုက်ရင်း သံစဉ်တစ်ချို့ကို ရှာဖွေချင်လာမိတယ်..။ တိတ်ဆိတ်နေတဲ့အိမ်လေးထဲကရခဲ့တဲ့ မိုးပြာရောင်ကာဗာနဲ့ CD တစ်ချပ်ထဲက The reason ရဲ့ မူရင်းအမ်တီဗီကို အိမ်အပြန် ကားပေါ်မှာနားထောင်ရင်း ချစ်သူကပြုံးကာ "သီချင်းတွေကိုမချစ်တတ်တဲ့ ဟန်နီက သံစဉ်တွေကို ချစ်တတ်လာပါလား" လို့ ဆိုနေလေရဲ့..။ ဟုတ်မှာပါ .. … သံစဉ်တွေကို ချစ်တာ သေချာပါတယ်လို့ တစ်ယောက်တည်း တီးတိုးရေရွတ်မိရင်း............................


♫ ♥ ...The END ... ♥


Part-1 ===> သံစဉ်များနှင့် ရစ်နှောင်သော (၁)

Friday, 4 January 2013

သံစဉ်များနှင့် ..ရစ်နှောင်သော (၁)

January 04, 2013 3 Comments


♪ ♫ ♪ ♫
(၁)
တိတ်ဆိတ်နေတတ်တဲ့ အဲဒီအိမ်လေးကို သူမပြောင်းလာတာမကြာသေး။။ 
"အိမ်မှာဆို ကျမအာရုံတွေစုစည်းနိုင်မှာမဟုတ်ဘူး ဖေဖေ ..။ ဘေးအိမ်က အသံတွေ.. လမ်းဘေးဆိုတော့ ကားသံတညံညံ.. ဆိုင်တွေက သီချင်းသံတွေနဲ့ ..။ အေးအေးဆေးဆေးနေရာလေးတစ်ခုမှာ သွားနေပြီး ဒီစာတမ်းကိုရေးနိုင်ရင် အာရုံစူးစိုက်နိုင်တော့ အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် "
သူမရဲ့ ယုံကြည်မှုအပြည့်ဖြင့် ခွင့်တောင်းသယောင်ယောင် ခွင့်ပြုချက်မရမချင်းတောင်းဆိုမည့် စကားလုံးများကြောင့် အမြဲတမ်းသူမအလိုကို လိုက်လျောတတ်သော မိဘနှစ်ပါးက သဘောတူညီကာ ဒီအိမ်လေးကို ငှားဖြစ်ခဲ့ခြင်းဖြစ်သည် ။

အိမ်လေးသည် မြို့လေး၏ အစွန်မကျတကျတွင် တည်ရှိကာ အခြားအိမ်များနှင့် အနည်းငယ်အလှမ်းဝေး သလို လူအများဖြတ်သန်းသွားလာသော လမ်းနှင့်လည်း အတန်ငယ်လှမ်းသဖြင့် တိတ်ဆိတ်အေးချမ်း လှသည် ..။
ခြံထဲတွင်လည်း သူမချစ်သော Tulips ပန်းရောင်စုံ၊ နှင်းဆီပန်းရောင်စုံစိုက်ပျိုးထားကာ သူမမနေခင် အမြဲလာပြုစုနေကြ အလုပ်သမားများရှိသော်လည်း ပန်းပင်များကို ကိုယ်တိုင်ပြုစုပါမည်ဟု ခွင့်တောင်းထားသဖြင့် ထိုအိမ်လေးတွင် သူမတစ်ယောက်သာ စာအုပ်များနှင့်အဖော်ပြုရင်း အချိန်ကုန်လွန်စေမည်ဟု ရည်ရွယ်ထားခဲ့သည် ..။
တစ်ပတ်ခန့်အထိ သူမနှင့် အိမ်လေးသည် လိုက်ဖက်ညီစွာ .. စည်းချက်ကျကျလှုပ်ရှားလျက် .. သူမ၏ စာဖတ်စာရေးခြင်းအလုပ်သည် ငှက်ကလေးများ၏ တေးသွားများအောက်တွင် လှပနေခဲ့ပါသည် ။

♫ ♥ ♫ ♥
(၂)
တစ်ရက် ..ထိုရက်က …. ကွန်ပျုတာရှေ့မှာ ..မျက်မှန်တစ်လက်ဖြင့် .. ရေးနေသောစာတမ်းအတွက် ကိန်းဂဏန်းများကို software တစ်ခုသုံးအသည်းအသန်တွက်ချက်နေချိန် .. မိုးကြိုးထစ်ချုန်းသကဲ့သို့ မြည်ဟည်းသံများကို အဆက်မပြတ်ကြားလိုက်ရသည် ..။
ရုတ်တရက်အငိုက်မှာ လန့်ဖြတ်သွားသောသူမ အာရုံကို အမြန်စုစည်းကာ အသံလာရာကို နားစွင့်ရင်း ထိုအသံကို အဓိပ္ပာယ်ဖော်နေဆဲ ..။ ထိုအသံသည် ဒရမ်တစ်ခုကို အဆက်မပြတ်ရိုက်ခတ်နေသံ .. စည်းချက်ကျကျမဟုတ်ပဲ စိတ်လွှတ်လက်လွှတ်ထိခတ်နေသံ .. ထိုအသံသည် သူမအိမ်လေး၏ ဘေးအိမ်မှ ပေါ်ထွက်လာသောအသံ ..။ အရင်က အမြဲပိတ်ထားနေကျအိမ်လေးမှာ မီးမှိန်ပျပျဖြင့် တစ်စုံတစ်ယောက်များ ပြန်ရောက်လာလေသလား ..။ ဘာဖြစ်ဖြစ် အသံဆူညံညံကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိသော်ငြား ထိုသူသည် သူမကို ဘယ်လိုမှ အန္တရာယ်ပြုမည့်သူမဟုတ်မှန်း စိတ်ထဲမှ အလိုလိုသိနေသည် ..။ တစ်ဖြည်းဖြည်းဖြင့် ထိုအသံများတည်ငြိမ်သွားချိန်မှာတော့ သူမလည်း အလုပ်ထဲစိတ်ပြန်ရောက်ကာ မေ့သွားခဲ့ပါသည် ..။

တစ်မနက်မှာ နှင်းဆီပန်းပင်များကြား ရေလောင်းပေါင်းသင်ရင်း အနားယူနေသော သူမနားထဲသို့ ဂစ်တာသံတိုးလျလျလေးကို ကြားလိုက်မိသည် ..။ နောက်တော့ သီချင်းသံသဲ့သဲ့ .. ထိုအသံသည် သူမ မကြိုက်သော လည်ပင်းညှစ်လိုက်သလိုထွက်လာသော အသံသေးညှောင်ညှောင်မျိုးလည်းမဟုတ်… စာသားတစ်ခုကို စာဖတ်သလို အဆက်မပြတ်ရေရွတ်နေသော .ခပ်မြန်မြန်ရွတ်နေသော သီချင်းမျိုးလည်းမဟုတ် …။ ခံစားချက်တစ်ခုကို ဖော်ညွှန်းနေသလို သူ့သီချင်းသံက ဖန်တီးထားခြင်းမဟုတ်ပဲ နှလုံးသားထဲမှ ထွက်လာသလို စိတ်ပါလက်ပါ ဆိုနေသလိုမျိုး…။ သူမ၏ အာရုံတစ်ခုလုံးက သီချင်းသံကြားမှာပဲ အပြည့်အ၀ .. အသံပိုင်ရှင်သည် တိကျပြတ်သားသောအသံဖြင့် စကားလုံးတစ်လုံးချင်းကို ပီပီသသဖြင့် သံစဉ်များကြားတွင် လှုပ်ရှားနေသော သူ့အသံသည် တဒင်္ဂအတွင်းမှာတော့ သီချင်းအေးအေးများကို ကြိုက်တတ်သော သူမကို ဖမ်းစားနိုင်ခဲ့ပါသည် ..။ သူမ၏ မျက်ဝန်းအစုံက အသံလာရာဆီသို့သာ ဦးတည်လို့.။ အိုးးးး .. မျက်ဝန်းတစ်စုံ …. တစ်ခါမှ မမြင်ဖူးခဲ့တဲ့မျက်လုံးမျိုး ..။ အကြည့်က တောက်ပစူးရှနေသင့်ပါလျက် … ခံစားချက်တစ်စုံတစ်ရာကြောင့် .. မှိုင်းမှုန်နေသည့် မျက်ဝန်းမျိုး..။ ဒါမျိုးက အရူးတစ်ယောက်ရဲ့ မျက်လုံးမျိုးများလား… သူမ မခွဲခြားတတ်ခဲ့..။ ဘာဖြစ်ဖြစ် သတိတော့ထားမှဖြစ်မည်ဟု သူမတွေးနေခဲ့မိသေးတာ ..။

♫ ♥ ♫ ♥
(၃)
ညတိုင်းလိုလို သူ့အိမ်လေးဘက်မှ စိတ်တိုင်းကျပေါက်ကွဲနေသကဲ့သို့ အော်ဟစ်သီချင်းဆိုသံများကို ကြားနေတတ်သလို .. တခါတခါလည်း သူမ ကြိုက်တတ်သည့် သံစဉ်လှလှလေးများကို ဖန်တီးနေတတ်သေးသည်..။ 
မနက်ခင်းတိုင်းမှာ အဖေနှင့်အမေကို တတွတ်တွတ်ရွတ်ရင်း မိဘနှစ်ပါးနှင့် ဖုန်းပြောနေတတ်သော သူမကို သူကြည့်နေသည့် အကြည့်များက အဓိပ္ပာယ်တစ်မျိုးလိုလို..။ သူက တစ်ကယ့်အရူးတစ်ယောက်များလား .. ကျပ်မပြည့်သည့် လူငယ်တစ်ယောက်လား.. အဲလိုလည်း ဟုတ်မည်မထင်။။ စိတ်မနှံ့သည့်လူတစ်ယောက်က ဂီတတွေကို ဖန်တီးနိုင်မှာမဟုတ်ဘူးလို့တော့ သူမထင်မိပါသည် ..။ မိဘများနှင့် သူမ ရယ်ရယ်မောမောဖုန်းပြောနေတတ်သည့်အချိန်တိုင်း ဘာသာမပြန်တတ်သည့် သူ့အကြည့်များကို လက်ခံရမြဲ..။ သူတစ်ပါးအကြောင်းကို စိတ်ဝင်စားတာမျိုးမဟုတ်သော်လည်း တစ်ယောက်တည်းနေသူမို့ မမြင်နိုင်သည့် အန္တရာယ်များအတွက် ၀ီရိယလျှော့လို့တော့မဖြစ်ပြန်..။

အချိန်အတော်ကြာသည်အထိ သူ့ထံမှ အပြုံးတစ်ချက်မှ မမြင်ဖူးသေး..။ သေချာတာက ဒီလူဟာ သူများတွေပြောသလို အနုပညာကို အလွန်အကျွံရူးသွပ်သူတစ်ယောက်ပဲ ဖြစ်နိုင်သည်..။ သီချင်းတွေထဲမှာပဲ နစ်မြုပ်နေလို့ … ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မနေတတ်သည့် လူ့ဂွစာတစ်ယောက်ဖြစ်နိုင်သေးတာပဲ..။ နေ့တိုင်းမှာတော့ သူ့သီချင်းသံစဉ်အေးအေးလေးတွေက သူမအတွက် မနက်ခင်းတေးသံသာတွေ ဖြစ်လာခဲ့တော့တာ..။ သူမအိပ်ရာထချိန်လောက်ဆို ညပိုင်းပေါက်ကွဲနေတတ်သလိုမျိုးမဟုတ်ပဲ ဂစ်တာသံလေးဖြင့်သာ သီဆိုနေတတ်သည့်သူ့ကို သူမအတွက်များ တမင်ရည်ရွယ်ဆိုနေသလားလို့ တစ်ဖတ်သတ်တွေးနေမိလို့ ..။ ဒါပေမယ့် သူ့ပုံစံက သူမကို ရှိတယ်လို့တောင် မထင်သလို တစ်လောကလုံးမှာ သူတစ်ယောက်တည်းရှိနေသလိုမျိုး …။ 

♫ ♥ ♫ ♥

(၄)
တခါတလေ စာတွေကြည့်ရင်း ခေါင်းပူလာကာ သူ့လိုမျိုးဒရမ်ကို စိတ်တိုင်းကျ တီးပြီး ပေါက်ကွဲလိုက်ရရင် ကောင်းမှာပဲလို့ သူ့ကို အားကျနေတတ်ခဲ့ပြန်တယ်..။ ဒီလိုနဲ့ပဲ သူမရှိလောက်ဘူး ထင်တဲ့ ရက်တစ်ရက် မှာ သတိမထားမိပဲ ထိုအိမ်ဘက်ကို သူမခြေလှမ်းတွေ ဦးတည်သွားနေမိတယ်..။ လူမရှိပဲ တိတ်ဆိတ်နေတဲ့ အိမ်လေးထဲမှာ မြင်လိုက်ရတာက Theater အသေးစားလေးတစ်ခုလို..။ 

♫ ♥ ♫ ♥ ♫ ♥ ♫ ♥

Follow Us @soratemplates