အခုလောလောဆယ် ~_~
Phyu Lwin
February 07, 2013
10 Comments
ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်တော့မယ် .......................ဂျာမနီင်္မှာနေလာတာ ၂ နှစ်ပြည့်တော့မယ်လို့ တွက်ကြည့်မိတာပါ ....။
နောက်လဆိုရင်တော့ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်......။ အဲဒီတစ်နှစ်ပြည့်အမှတ်တရမှာတော့ မှတ်မှတ်ရရ ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးဖို့ ကြိုးစားကြည့်ရဦးမယ်.. (မဖြစ်မနေ^^)
နောက်လရောက်ရင် ခရီးအကြီးကြီးတစ်ခုလည်း သွားရဦးမယ် ^^^ အဲဒီအတွက် ကြိုပျော်နေသလို ... အဲဒီသွားဖို့လည်း စီစဉ်ရတာ နားရတယ်လို့မရှိ.....။ ဒီတစ်လလုံးလိုပဲ ... ခရီးသွားဖို့ပြင်ဆင်ရတာရယ်.. အရင်သွားထားတဲ့ Field report က ဒီနေ့မှအပြီးသတ်ပြီး ဆူပါဗိုက်ဆာဆီ ပို့လိုက်တာရယ်.. စာမေးပွဲတစ်ချို့ရှိတာတွေကြောင့် ဘာစာမှမရေးဖြစ်တာကြာပြီ....။ မရေးရင် မရေးသလို ဧည့်သည်တွေလဲ အ၀င်ကျဲတယ်...။ မရေးသာမရေးတာ မအားသာ မအားတယ်.. နေ့တိုင်း ခဏခဏ၀င်ကြည့်တယ်လေ...။ အဲဒီလို ချစ်တာ.... (သံယောဇဉ်တွေ) ......။
Facebook Page လဲ တူတူပဲ ဘာမှမတင်ဖြစ်တော့ ဘယ်သူမှ အလည်မလာကြဘူး.....။ ကြိုးစားရဦးမယ်....။ တစ်ကယ်က အချိန်မရှိလို့ မရေးဘူးဆိုတာ အကြောင်းပြချက်တွေပါ... အိပ်ချိန်စားချိန်တွေတောင်ရှိသေးတာပဲ ... အချိန်က ညှိယူရင်ရပါတယ်... ဒါပေမယ့် တခြားအလုပ်တွေ ရှုပ်နေချိန်မှာ စာရေးဖို့ဆိုတာ ဘယ်လိုမှ Mood သွင်းဖို့မလွယ်တာ...။ စာရေးတယ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သုတစာတွေ ခေါင်းစားပြီး ရေးနေမှမဟုတ်ဘဲ... ဒီ Blog မှာ ဟိုရေးဒီရေး ရေးတာတောင်မှ ဈန်ဝင်မှ ရေးလို့ရတယ်.. တော်တော်တော့မလွယ်တဲ့အလုပ်ပဲနော်..။ ဒါပေမယ့် ဒီဝါသနာကို ဘယ်လိုမှ မစွန့်လွှတ်နိုင်ပြန်ဘူး..... ရေးတတ်သလောက်တော့ ရေးချင်သလို ရေးနေမိမှာပဲ ...။ ရေးလိုက်တဲ့စာအချို့က ဒိုင်ယာရီသဘောမျိုးဖြစ်ချင်ဖြစ်မယ်... ဖန်တီးထားတဲ့ ကဗျာတစ်ချို့ ၀တ္ထုတစ်ချို့ဖြစ်ရင်ဖြစ်မယ်... သေချာတာက ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး.....။ ကိုယ်ရေးလိုက်တဲ့စာတွေက ဆေးမဖြစ်ရင်တောင် အဆိပ်တော့ လုံးဝမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံထားပါတယ်.....။
စာရေးတဲ့ Blogger အတော်များများ တစ်ယောက်နဲ့တစ်ယောက်အရမ်းရင်းနှီးပြီး မောင်နှမရင်းချာတွေလို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြစ်နေတာတွေတွေ့တော့ ကျမက တိတ်တိတ်လေး နေတတ်တဲ့သူပါလားလို့ သဘောပေါက်လာတယ်..။ တစ်ကယ်က အပြင်မှာလည်း အဲလို တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူပါ..။ တစ်ကယ်က အဲဒါကို မပေါင်းတတ်မသင်းတတ် တစ်ယောက်တည်း နေရတာကိုပဲ သဘောကျတဲ့သူလို့ ပြောလို့ရမယ်ထင်တယ်...။ မကောင်းတဲ့ အကျင့် ..သိပေမယ့် မပြင်နိုင်သေးဘူး..။
အခုတလော report ရေးတာနဲ့ စာမေးပွဲအတွက် စာကြည့်နေရတာရယ်.. ခရီးသွားဖို့ စာတွေပြင်နေရတာရယ်ကြောင့် စာကြည့်တိုက်ကို နေ့တိုင်းလိုလို သွားဖြစ်တယ်..။ အဲမှာ တစ်ခုတွေ့တာက ဒီက စာကြည့်တိုက်က ပွဲလမ်းသဘင်လိုဖြစ်နေတာပဲ...။ စာကြည့်တိုက်ထဲမှာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာတွေ ထားပေးထားတယ် ။ Group Discussion လုပ်ချင်ရင် အဖွဲ့လိုက်ထိုင်လို့ ရတဲ့ စားပွဲတွေအများကြီးရှိတယ်..။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်စာဖတ်ချင်ရင် ဖတ်လို့ရအောင် တစ်ယောက်ထိုင်စာကြည့်စားပွဲလေးတွေ တန်းစီထားတာတွေ အများကြီးရှိတယ်..။ စာကြည့်တိုက်က ၂ ထပ်ရှိတာ ကျောင်းသားပေါင်း ၃၀၀ ကျော် ၄၀၀ လောက်ဝင်လို့ရတယ်..။ ဒါပေမယ့် မနက် ၁၀ နာရီနောက်ပိုင်းမှ သွားရင် အဲဒီ နေရာ ၄၀၀ လောက်က လူအပြည့်ဖြစ်နေပြီ..။ ကိုယ့်အတွက် နေရာရဖို့ မလွယ်တော့ဘူး..။ ဒီက ကျောင်းသားကျောင်းသူတွေ စာအရမ်းကြိုးစားပါလားလို့ သဘောပေါက်လာတယ်..။ တစ်ကယ်က သူလဲတူတူ ကိုယ်လဲတူတူပဲ အိမ်မှာဆို ဘယ်သူမှ တစိုက်မတ်မတ်မကြည့်ဖြစ်ဘူးလေ.... ကျမဆိုပိုဆိုးတယ်.. Facebook ရောက်ချင်ရောက်တယ်..။ စာအရမ်းအရေးကြီးလာတဲ့အချိန်ဆို စာမကြည့်ရအောင် အခန်းသန့်ရှင်းရေးလုပ်လိုက် ... အ၀တ်တွေ လျှော်လိုက်.. စားချင်တာ ထလုပ်ပြီး စားလိုက်.. တစ်ယောက်တည်းရှုပ်ပြီး အချိန်တွေကုန်တာ..။ အဲဒါကြောင့် ဟိုမှာဆိုတော့ သူလဲကြည့် ကိုယ်လဲကြည့် ... တော်တော်အလုပ်ဖြစ်တယ်...။ အဲဒါနဲ့ပဲ နှင်းတောထဲတိုးပြီး သွားသွားနေရတာ..။
ဒီကလူတွေကို သဘောကျတဲ့တစ်ချက်က အချိန်ကို ခွဲခြားပြီး အလုပ်လုပ်တတ်တာကို ကြိုက်တာ...။ သူတို့ စာကြည့်ရမယ့်အချိန်မှာ စာပဲ အာရုံစိုက်တယ်..။ ဘယ်မှ အာရုံမရောက်ဘူး..။ စာကြည့်တိုက်ကို လာပြီး စိတ်ဝင်တစား ဖြစ်မြောက်အောင် လေ့လာတယ်..။ ပြီးရင် ပါတီတွေဘာတွေသွားတာဘာညာကတော့ သူတို့ဓလေ့ပေါ့..။ ဒါပေမယ့် အချိန်ကို ခွဲခြားလုပ်တတ်တော့ ပျော်ပါးတဲ့အချိန်မှာလည်း လွတ်လွတ်လပ်လပ် ပျော်လို့ရတာပေါ့..။ တစ်ကယ်လို့ စာကြည့်တဲ့အချိန်မှာ စာထဲစိတ်မရောက်ပဲနဲ့ Facebook ကြည့်လိုက် ရုပ်ရှင်ကြည့်လိုက် ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတာမျိုးက ဘယ်တော့မှ အလုပ်မဖြစ်ဘူး.. အဲဒါအောင်မြင်မယ့်လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာမဟုတ်ဘူး..။
ဆရာမြသန်းတင့်ရဲ့ လူလေးသို့ပေးစာများ ဆိုတဲ့ စာအုပ်မှာဖတ်ဖူးတယ်...။ တစ်ချိန်မှာ အလုပ်တစ်ခုပဲလုပ်တာက ထိရောက်အောင်မြင်တယ်တဲ့..။ "ဘယ်အလုပ်ကိုပဲလုပ်လုပ်.. အလုပ်တစ်ခု တည်းကိုပဲ သတ်သတ်မှတ်မှတ်လုပ်ပါ..။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုကို မလုပ်ပါနဲ့တဲ့"
စာတွေကို လေ့လာကျက်မှတ်တဲ့ အချိန်ရှိသလို ပျော်ရွှင်ဖို့အချိန်လည်း ရှိရမယ်။ ဒီနှစ်ခုကို အညီအမျှဂရုမထားခဲ့ဘူးဆိုရင် နှစ်ခုစလုံးမှာ ပျော်ရွှင်မှု၊ ဒါမှမဟုတ် ကျေနပ်မှုကို ရမှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ မိမိရဲ့အာရုံကို လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာ စူးစိုက်ခြင်းမပြုခဲ့ရင်၊ သို့မဟုတ် မပြုနိုင်ခဲ့ရင် အဲဒီအချိန်မှာ အခြားသော အလုပ်များကို (တစ်စုံတစ်ခုသော အတိုင်းအတာဖြစ်စေ) ဖယ်ထုတ်မထားခဲ့ရင် အဲဒီလူဟာ အလုပ်လုပ်ဖို့လည်း မသင့်လျော်ဘူး။ ပျော်ရွှင်မှုအတွက်လည်း မသင့်လျော်ဘူး။ လူတစ်ယောက်ဟာ ကပွဲမှာ ဖြစ်စေ၊ ညစာစားပွဲမှာဖြစ်စေ၊ ဧည့်ခံပွဲဖြစ်စေ သူ့စိတ်ထဲမှာ ပုစ္ဆာတစ်ပုဒ်ကို တွက်နေရင် အဲဒီလူဟာ အလွန်ညံ့ဖျင်းတဲ့ အဖော်တစ်ယောက် ဖြစ်နေမှာပဲ။ အဲဒီ အသိုက်အဝန်းထဲမှာ အလွန်သနားစရာကောင်းတဲ့ သတ္တဝါတစ်ယောက်ပဲ ဖြစ်နေမှာပဲ။ ဒီလို မဟုတ်ဘဲ အခန်းထဲမှာ ပုစ္ဆာတစ်ပုဒ်ကို တွက်နေတုန်း အကအကြောင်းကို စဉ်းစာနေရင်လည်း သူဟာ အလွန်ညံ့ဖျင်းတဲ့ သင်္ချာသမားတစ်ယောက်သာ ဖြစ်လာလိမ့်မယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုသာ လုပ်သွားရင် တစ်နေ့တစ်နေ့မှာ သူ့ဆိုင်ရာဆိုင်ရာလုပ်ဖို့ လုံလောက်တဲ့ အချိန်ရှိတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ အလုပ်နှစ်ခုကို လုပ်မယ်ဆိုရင် တစ်နှစ်လုံးမှာတောင် လုံလောက်တဲ့အချိန်ရှိမှာ မဟုတ်ဘူး။ (လူလေးသို့ပေးစာများမှ ကောက်နှုတ်ချက်.. ကြိုက်လွန်းလို့ လက်တွေ့အသုံးချနေပါတယ်)
စာလုပ်ရမယ့်အချိန်မှာ အပျော်အပါးကို စိတ်ရောက်နေတာမျိုး (ဒီနေ့ခေတ်မြန်မာနိုင်ငံမှာဆိုရင်တော့ အနီးစပ်ဆုံးပြောရင် ကျောင်းသားတွေ Facebook ထဲ စိတ်အရမ်းရောက်နေတာမျိုး).. စိတ်အပန်းဖြေနေတဲ့အချိန်မှာ စာထဲအလုပ်ထဲ စိတ်ရောက်နေတာမျိုးက ဘယ်လိုမှမဖြစ်သင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာနိုင်သလို အလုပ်လဲမဖြစ် ပျော်လဲမပျော်ရ.. ကြာတော့ လုပ်တိုင်းမဖြစ်တော့ မိမိကိုယ်ကို ယုံကြည်မှုလျော့သွားနိုင်တယ်..။
ဒီကစာကြည့်တိုက်မှာ အဲလိုပဲ ပွဲလမ်းသဘင်လို စားပွဲတိုင်းမှာ ကျောင်းသားတွေအပြည့်...။ ညဆိုတော်တော်နဲ့မအိပ်တော့ မနက်ကိုမနည်းထပြီး ၉ နာရီလောက်ရောက်အောင် နေရာယူထားရတယ်.။ မဟုတ်ရင် အိမ်ကိုလှည့်ပြန်ပဲ ..။ တစ်ရက်က မသိမသာဓါတ်ပုံရိုက်ထားတာ..။ ဆရာမြသန်းတင့်ရဲ့စာအုပ်အကြောင်း Blog မှာရေးချင်တာရယ်.. အဲဒီစာအုပ်ထဲက အကြောင်းအရာက ဒီကလူတွေရဲ့စရိုက်နဲ့ တိုက်ဆိုင်တာတွေကြောင့် ဒီအကြောင်းလဲ ရေးချင်တာနဲ့ပဲ ..။
အဲဒီစာအုပ်က တော်တော်များများလည်း ဖတ်ဖူးပြီးဖြစ်မှာပါ..။ အရမ်းနာမည်ကြီးတဲ့စာအုပ်ပဲလေ..။ အဝေးမှာ ပညာသင်နေတဲ့သားကို အဖေက စာရေးပြီး ကောင်းရာကောင်းကြောင်းဆုံးမထားတာ..။ ၁၇၀၀ ၀န်းကျင်လောက်က သားက ဥရောပတစ်ဝိုက်မှာ ပညာသင်နေတုန်း သားဖြစ်သူဆီရေးလိုက်တဲ့ စာတွေထဲက အဖေဖြစ်စေချင်တာတွေ၊ ဒီနေ့အချိန်ထိ ဥရောပမှာ ဒီလိုစရိုက်တွေ တွေ့နေရတုန်းဆိုတော့ ဒီနိုင်ငံတွေ ဘာကြောင့်တိုးတက်သလဲဆိုတာ အဓိကက လူတွေရဲ့ အချိန်ကိုအကျိုးရှိရှိအသုံးချ တစိုက်မတ်မတ် ကြိုးစားချင်စိတ်တွေကြောင့်ပေါ့.။ အဲဒီစာအုပ်ထဲမှာ သားကဥရောပတစ်ဝိုက်မှာ ပညာသင်ရင်း ဂျာမနီမှာလည်း တော်တော်ကြာ နေခဲ့ပုံပေါ်တယ်.. ။ ကျမနေနေတဲ့မြို့နဲ့ ပတ်ဝန်းကျင် က မြို့နာမည်တွေ တော်တော်များများ ဖတ်မိတယ်..။
++++++++++++++++++++++++++++++++
အခုတလော ဖတ်ချင်နေတဲ့စာအုပ်တစ်အုပ်ရှိတယ်..။ ဒီမှာက ၀ယ်ဖို့မလွယ်လောက်ဘူး..။ မြန်မာဆိုင်မှ မရှိတာ..။ အိမ်ကိုပို့ခိုင်းရင်ရပေမယ့် နောက်မှ ၀ယ်ဖတ်တော့မယ်..။ သဘောကျတဲ့ စာရေးဆရာမတစ်ယောက် ရေးထားတဲ့စာအုပ် ..။ လုံးဝရသစစ်စစ်.. သူက နာမည်ကြီးဘတ်ဆဲလား အချစ်ဝတ္ထုတွေ ဟောတစ်အုပ်ဟောတစ်အုပ်ထွက်နေတဲ့သူမဟုတ်ဘူး..။ ဒါပေမယ့် ကျမ သဘောကျတယ်...။ သူရယ်လို့မဖြစ်လာခင်ကတည်းက သူရေးတဲ့ပုံစံကို သဘောကျနေတာ..။ လူတွေ သူ့ကိုမသိခင်ကတည်းက ကျမက သူ့ရဲ့ Way of Writing ကို သဘောကျခဲ့တာ.. အခုတော့ သူနာမည်ရလာတော့ သူ့အစားပျော်တယ်..။
++++++++++++++++++++++++++++++++++++
ဟိုရောက်လိုက်ဒီရောက်လိုက်... ရေးချင်ရာရေးလိုက်တဲ့ ပို့စ်တစ်ပုဒ်တော့ ပြီးပါပြီ..။ နောက်ဆိုရင် ခဏခဏစာရေးဖြစ်အောင် ကြိုးစားပါဦးမယ်..။ အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်ပါတယ် <3 <3


