Tuesday, 9 April 2013

♥ ♥ ပြန်ဆုံတဲ့ တစ်နေ့ ♥ ♥

April 09, 2013 1 Comments


(၁)
ကိုယ့်ကို လေဆိပ်မှာ လာကြိုမှာလား မ .” မောင်က မေးတော့ အားနာတဲ့လေသံတစ်ချို့တစ်ဝက်နဲ့ ကျမပြန်ပြောမိပါတယ်..။ “မောင်ရောက်မယ့်ရက်မှာ ကျမ အားမှာမဟုတ်ဘူးမောင်ရဲ့ .. ခရီးသွားနေမှာ ..။ တကယ်လို့ မသွားဖြစ်ရင်တောင် ရန်ကုန်ထိ တစ်ယောက်တည်း လာကြိုဖို့ အိမ်က ခွင့်ပြုမှာ မဟုတ်ဘူး..။ တခြားအကြောင်းပြပြီး လာဖို့လည်း ကျမက ညာပြောတတ်တဲ့သူမဟုတ်မှန်း မောင်သိတယ်မလား..”

“မေးကြည့်တာပါကွာ.. မ မလာနိုင်ဘူးဆိုတာ ကိုယ်သိပြီးသားပါ” လို့ မောင်က စိတ်ထဲ ဘယ်လိုမှ မခံစားရသလို ပြန်ပြောပါတယ်…။ “ဒါပေမယ့် ရောက်ရောက်ချင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်မြင်ချင်တဲ့သူက မ ပဲ သိလား” လို့ဆိုတော့ ကျမလဲ စိတ်မကောင်းပါ ..။ တစ်ကယ်လည်း ကျမ အလုပ်မအားသလို အားတယ်ဆိုရင်တောင်မှ နယ်ကနေ ရန်ကုန်ကို တကူးတကသွားဖို့ မိဘတွေဆီက ခွင့်ပြုချက်ရမှာ မဟုတ်ဘူးဆိုတာ ကျမ သိနေပြီးသားလေ..။ မိန်းကလေးတစ်ယောက် စောင့်ထိန်းရမယ့် သိက္ခာတရားတွေ အပြည့်အ၀ စောင့်ထိန်းဖို့ .. အိနြေ္ဒသိက္ခာရှိဖို့.. ဘာသာတရားကိုင်းရှိုင်းဖို့ စသဖြင့် ယခုအရွယ်ထိ သွန်သင်ဆုံးမနေဆဲဖြစ်တဲ့ မိဘနှစ်ပါးထံမှာ သူစိမ်းယောက်ျားလေးတစ်ယောက်ကို အဝေးကြီးထိ သွားတွေ့ဖို့ဆိုတာ ဘယ်လိုမှ တောင်းဆိုဖို့ မဖြစ်နိုင်ပါ..။ “ဘာမှ မထူးဆန်းတဲ့ ကိစ္စပဲလေ မရဲ့ .. ကိုယ်က နိုင်ငံရပ်ခြားအဝေးကြီးကနေ ပြန်လာတယ်..။ အဲဒါကို ချစ်သူတစ်ယောက်အနေနဲ့ မ က လေဆိပ်မှာ နေ့ခင်းကြောင်တောင် ကိုယ့်ကို ခဏလာကြိုတယ်..။ ပြီးတာနဲ့ မ က နယ်ကို ချက်ချင်းပြန်လို့ရတယ်..။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ထက်တောင်မှ ရိုးစင်းတဲ့ ကိစ္စပါ..။ ဒါပေမယ့် မ မိဘတွေအကြောင်း ကိုယ်သိနေပြီးသားဆိုတော့လည်း သူတို့ မြန်မာပီပီ ရှေးရိုးဆန်တယ်ဆိုတာလဲ ရှင်းနေတာပါပဲလေ.. ကိုယ်နားလည်ပေးရမှာပေါ့” လို့ မောင်က ဆိုပြန်တော့ ကျမကို အမြဲနားလည်ပေးတတ်တဲ့ မောင့်ကို အားတုံ့အားနာတော့ ဖြစ်မိပါသည်..။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၂)
မောင်နဲ့ ကျမက ချစ်သူဖြစ်ပြီးကတည်းက အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေး..။ မောင် နိုင်ငံခြားကို မထွက်သွားခင်က သူငယ်ချင်းအဆင့်သာ ခင်မင်ခဲ့ကြပြီး ဟိုရောက်ကတည်းက အဆက်အသွယ်မပြတ်ကြပဲ အမြဲလိုလို ဖုန်းဆက်တတ်ပါသည်..။ မောင်ရောက်ပြီး ၃ လ ခန့်ရှိကတည်းက ကျမကို ချစ်ခွင့်တောင်းခဲ့ပြီး မောင်မြန်မာနိုင်ငံကို ပြန်မလာမီ ၆ လခန့်က မောင့်အချစ်ကို လက်ခံကာ ကျမတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်..။ ကျမထက် တစ်နှစ်ခန့်ငယ်သော မောင့်ကို ကျမက ‘မောင်’ လို့ ခေါ်ပြီး ကိုယ့်ကိုယ်ကိုတော့ ‘မ’ လို့ မသုံးတတ်သဖြင့် အရင်သုံးနေကျအတိုင်း ‘ကျမ’ ဟုသာ ပြောမြဲပြောဖြစ်ခဲ့သည်..။ ကျမက မောင်ဟုခေါ်သော မောင်ကတော့ သူ့ကိုယ်သူ ‘ကိုယ်’ ဟုသာ သုံးနှုန်းပြီး ကျမကိုတော့ အရင်က နာမည်ခေါ်နေကျဖြစ်သော်လည်း ချစ်သူဖြစ်ပြီးကတည်းက ‘မ’ ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်..။ “အဲဒီလိုဆိုတော့ ကျမတို့နှစ်ယောက်ကြားမှာ နာမ်စားက လေးလုံးတောင်ရှိတယ်နော်” ဟု ကျမဆိုတော့ မောင်က သဘောတကျ ရယ်မောကာ “ဒီချစ်သူတစ်ယောက်ပဲရှိတာ သုံးချင်တဲ့ နာမ်စားတွေ ကြိုက်သလောက်သာ သုံးစမ်းပါကွာ” ဟု ပြန်ပြောတတ်သေးသည်…။

မောင်သွားခဲ့တဲ့ ၂ နှစ်ခွဲလောက်အတွင်း မောင့်ကို သေချာမမြင်ဖြစ်တော့ ..။ skype က ပြောဖို့လဲ မကောင်းတဲ့ connection နှင့် မအားလပ်သော ကျမတို့နှစ်ယောက်၏ ရှားပါးလှသော အချိန်များကြားမှာ ကျမဖုန်းကို မောင်အားတဲ့အချိန်ဆက်ခြင်းဖြင့်သာ ချစ်သူနှစ်ဦး အချစ်လမ်းကို အဆက်မပြတ် ဆက်လျှောက်နေဖြစ်ခဲ့ကြသည်..။

 ပြန်တွေ့ကြတော့မှာဆိုတဲ့ အသိနဲ့ ကျမ တော်တော်စိတ်လှုပ်ရှားနေမိသည်..။ မောင် ဘာတွေများ ပြောင်းလဲသွားပြီလဲ .. ၀ လာသလား ပိန်သွားသလား.. မောင်ပြောတော့ အသားတွေ ပိုဖြူလာသည်တဲ့ ..။ “နေရောင်ရှားပါးတဲ့အရပ်မှာ အကြာကြီးနေလာရတော့လည်း မောင် အသားတွေတော့ ပိုဖြူလာမှာပေါ့” လို့ ကျမဆိုတော့ “မ က တော့ နေပူထဲသွားလာလှုပ်ရှားနေရတာနဲ့ ကုလားမလေးလို မည်းမည်းသဲသဲလေးဖြစ်နေလောက်ပြီ” ဟု မောင်က စလျှင် ကျမက မခံချင်ပါ..။ “sun cream တွေ အမြဲတမ်းသုံးတယ် သိလား” ဟု ပြန်ပြောတော့ “အရင်က အလှအပစိတ်မ၀င်စားပဲနဲ့ ချစ်သူရှိမှ တော်တော်လှချင်လာတယ်ပေါ့” ဟု ကျမရှက်အောင် စနောက်နေတတ်သေးသည်..။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၃)
ဒီလိုနဲ့ပဲ ခုတော့ မောင် မြန်မာပြည်ကို ပြန်ရောက်လာတော့မည်..။ မောင်ရောက်တဲ့နေ့မှာ ကျမက လေဆိပ်မှာ သွားမကြိုနိုင်ရုံမက ဖုန်းဆက်နိုင်မည့်နေရာမျိုးမှာတောင် ရှိနေမှာမဟုတ်..။ အလုပ်ကိစ္စနဲ့ တောကျသည့် ရွာလေးတွေဘက် ကျမရောက်နေမှာ..။ လူမမြင်ရရင်တောင် အသံလေးတစ်ချက် ချက်ချင်းကြားစေအောင် မောင့်အတွက် ကျမ ဖန်တီးမပေးနိုင်သဖြင့် စိတ်တော့ မကောင်းလှပါ..။ ကျမကို မောင်နားလည်ပေးပေါင်းများပြီမှန်း ကျမ သေချာသိပါသည်..။ တစ်ယောက်နဲ့တစ်ယောက် ကမ္ဘာ့ကြီး၏ အရှေ့နှင့်အနောက်ဝေးနေစဉ်ကလဲ ဖုန်းဖြင့်သာ ဆက်သွယ်နေစဉ် မောင်ဖုန်းဆက်တိုင်း အေးအေးဆေးဆေးပြောဖြစ်သော အချိန်က နည်းသည်..။ ကျမ၏ အလုပ်တာဝန်တွေကြားမှာ တခါတလေ မောင်ဖုန်းဆက်နေတာကို မသိကျိုးကျွန်ပြုမိတာတွေရှိသလို အင်တာနက်ဆိုင်သွားပြီးလည်း vzo ဆိုတာတွေလည်း မပြောဖြစ်ခဲ့..။ အဲဒီလို အခြေအနေတွေကြားမှာ အဆက်အသွယ်မပြတ်စေပဲ အချစ်တွေ ရှင်သန်လာအောင် အမြဲကြိုးစားတတ်တဲ့ မောင့်ကို ကျေးဇူးတင်ကြောင်းတော့ ပြောချင်လှပါသည်..။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၄)
“ဒီရွာလေးမှာ ဖုန်းလိုင်းမိတဲ့ တနေရာရှိတယ် မမရဲ့ .. အဲဒီနေရာကိုသွားပြီးတော့ စိတ်ရှည်ရှည်သုံးရင် သုံးလို့ရတယ်” ဟု ဂျူနီယာမောင်လေးတစ်ယောက်ကပြောတော့လည်း တာဝန်က တစ်ဖက်ဖို့ ကျမ မကြိုးစားမိပြန်..။ ဒီလိုနဲ့ပဲ မောင် မြန်မာပြည်ကို ပြန်ရောက်နေတာ တစ်ပတ်ပြည့်ချိန်ထိ ကျမတို့နှစ်ယောက် ဖုန်းနဲ့တောင် စကားမပြောဖြစ်ကြသေး..။

တစ်ရက်တော့ ရေအမြန်ချိုးကာ ထမင်းမစားသေးပဲ ဖုန်းလိုင်းမိသည်ဆိုသည့် ထိုနေရာလေးသို့ မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်ဖြင့် ကျမသွားဖြစ်ခဲ့သည်..။ ကြက်ခြေခတ်ပုံပြလိုက် .. ဖုန်းလိုင်းသေးသေးလေး မိလာလိုက် စသည့် connection ကြားမှာ ၅ ခါလောက်ခေါ်တော့ ကံကောင်းထောက်မစွာဖြင့် မောင့်ဖုန်းကို ခေါ်လို့ရသွားပါသည်…။ “ကိုယ်ဝမ်းသာလိုက်တာကွာ.. ခုတော့ မ နဲ့ဆက်သွယ်လို့ရပြီ..။ ရောက်ကတည်းက မ ဖုန်းကို နေ့တိုင်းခေါ်တယ် .. ဖုန်းပိတ်ထားတယ်ချည်းပဲ ပြောနေတာ..။ ထင်တောင်မထင်မိဘူး.. မ ဖုန်းဆက်လာလိမ့်မယ်ဆိုတာကို” လို့ မောင်ပြောတော့ ကျမ ၀မ်းနည်းမိပါသည်..။ ကျမက ဘာကြောင့် ဒီလို အလုပ်တာဝန်တွေ.. လေ့လာစရာတွေနဲ့ အမြဲ မအားမလပ်ဖြစ်နေရတာလဲ .. အလှအပဆိုတာကို စိတ်ကူးထဲမထည့်မိအောင် မိန်းကလေးတန်မဲ့ ကိုယ့်ကိုယ်ကို လှအောင်ပြင်ဆင်ဖို့ အချိန်မပေးချင်တတ်တဲ့သူတစ်ယောက်ဖြစ်နေရတာလဲ..။ ချစ်သူအပေါ်ကို အချိန်ပေးပြီး ခရာတာတာတွေပြောဖို့ .. ကြင်ကြင်နာနာစကားတွေပြောဖို့ အချိန်တွေရှားပါးနေရတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတော့ ရိုးရိုးရှင်းရှင်းပဲ ပြောရလျှင် ဒါကို လောဘဟုခေါင်းစဉ်တပ်နိုင်ပါလိမ့်မည်..။ ဟုတ်တယ်.. အောင်မြင်ချင်တဲ့ လောဘ.. အစိုးမရတဲ့ လောကကြီးထဲမှာ ကိုယ်တိုင်ရပ်တည်ချင်တဲ့လောဘ.. မိဘတွေဂုဏ်ယူနိုင်အောင် အရာရှိတစ်ယောက် ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်တဲ့ လောဘတွေပဲလေ..။ ကံကောင်းစွာဖြင့် ဒီလောဘတွေကို နားလည်ပေးနိုင်သည့် ချစ်သူတစ်ယောက်ကို ခုချိန်ထိ ပိုင်ဆိုင်ထားတဲ့အတွက် ကံတရားမျက်နှာသာပေးမှုကိုတော့ ကျေးဇူးတင်မိပါသည်..။

အဲဒီနေရာကို ကိုယ် လိုက်လာမယ်ကွာ.. ဘယ်လိုလာရမယ်ဆိုတာသာပြောတော့.. ။ ကိုယ် မ ကို အရမ်းတွေ့ချင်နေပြီကွ” လို့မောင်ပြောတော့.. “အရမ်းခေါင်တယ် မောင်ရဲ့. ဒီကိုလာဖို့ ကားလည်း မရှိဘူး.. ကျမတို့တောင်မှပဲ လမ်းကြမ်းကြမ်းကြီးကို ဆိုင်ကယ်တွေနဲ့ လာရတာ.. ။ မောင် မလာနေနဲ့နော်.. ကျမ အိမ်ပြန်ရောက်မှ ကျမမြို့ကိုသာ မောင် လာခဲ့သိလား. ကျမ ပြန်တော့မှာပါ” လို့ နှစ်သိမ့်စကားဆိုတော့ မောင်က တွေ့ချင်စိတ်ကို မျိုသိပ်ထားရတဲ့ ခံစားချက်နဲ့ စိတ်မကောင်းသလို သက်ပြင်းတစ်ချက်ချပြန်သည်..။ ဖွင့်မပြောဖြစ်လို့ပါမောင်.. ကျမကလည်း မောင့်ကို အရမ်းတွေ့ချင်ပြီး မျက်နှာချင်းဆိုင်လို့ စကားတွေ အများကြီး ပြောချင်နေမိသူပါ.. ပျက်ကွက်တဲ့သူတစ်ယောက်အနေနဲ့ ကျမက ပိုခံစားရသူပါ..။ ချစ်တယ်ဆိုတဲ့ စကားလုံးကို အမြဲတမ်းမပြောဖြစ်ပေမယ့် … ကျမရင်ထဲမှာ တစ်ယောက်တည်းသော လေးလေးနက်နက်ချစ်မိသူဟာ မောင်ပါ .. တနေ့တော့ မောင့်ကို ကျမ ဘယ်လောက်ထိချစ်ကြောင်း ပြောပြဖို့ သတ္တိတွေ အပြည့်ရှိလာပါလိမ့်မည်ဟု ကျမဘာသာ နှစ်သိမ့်နေမိပြန်သည်..။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၅)
ကိုယ်ရောက်မယ့် ကားဂိတ်မှာ ကြိုစောင့်နေနော်.. တခါမှမရောက်ဖူးတော့ ကိုယ်တစ်ယောက်တည်း သွားတတ်မှာမဟုတ်ဘူး” လို့ ရန်ကုန်ကနေ ကားစထွက်တော့ မောင်က ဖုန်းဆက်လာသည်..။ ဒီမြို့သေးသေးလေးကို မောင်အလည်လာမည်ဆိုတော့ ကြည်နူးမှုနှင့်အတူ စိတ်လှုပ်ရှားရင်ခုန်နေပြန်ပါသည်..။ ချစ်သူဖြစ်ပြီးသည့်နောက် ပထမဆုံးတွေ့ကြ စကားတွေပြောကြမည့်အချိန်မှာ ကျမ တော်တော်ရှက်နေလေမလား.. စကားတောင် ပြောရဲပါ့မလား စသဖြင့်လည်း စိုးရိမ်နေမိပြန်သည်…။ စာအုပ်တွေအများကြီးမထည့်ချင်တာနဲ့ပဲ ကိုင်နေကျ Tablet ထဲမှာ E-book တွေပြောင်းထည့်ရင်း မောင့်ကိုစောင့်နေချိန် အကျိုးရှိအောင် ဖတ်ဖို့စာတွေ စီစဉ်နေမိသည်..။ အ၀တ်အစားကို ဘယ်လိုလှလှလေးဝတ်သွားရမလဲ စဉ်းစားမိတော့ မဖြစ်စဖူး ဒီတစ်ကြိမ်တော့ မိန်းကလေးပီပီလှချင်လာတာ အချစ်ကြောင့်ပဲဖြစ်နေလေမလား။ မိန်းကလေးဆန်ဆန်လှလှပပအ၀တ်အစားမျိုးတွေမရှိသဖြင့် ညီမလေးဆီမှ ယူဝတ်ကြည့်သော်လည်း ၀တ်နေကျမဟုတ်သဖြင့် မနေတတ်ပြန်..။ ဒါနဲ့ပဲ နောက်ဆုံးတော့ အမြဲဝတ်နေကျပုံစံအတိုင်း ဂျင်းဘောင်းဘီအပြာဖျောဖျော့တစ်ထည်နှင့် ရှေ့ဘက်မှာ ကာတွန်းရုပ်လေးများပါသော အစိမ်းရောင် တီရှပ်တစ်ထည်သာ..။ ဘေးလွယ်အိတ်သေးသေးတစ်လုံးထဲမှာ tablet တစ်ခု ပိုက်ဆံအိတ်တစ်လုံး နားကြပ်တစ်ခု ထည့်ကာ ဆိုင်ကယ်တစ်စီးဖြင့် မောင်ရောက်လာမည့် ကားဂိတ်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်…။

ကားဂိတ်မှာ အသိတစ်ယောက်နှင့်တွေ့တော့ ချစ်သူကို လာကြိုတာဖြစ်သဖြင့် ဘာမှမမေးပဲနှင့် ကျမ အနည်းငယ်ရှက်ရွံ့နေမိပြန်သည်…။ ဘ၀မှာ ဒါပထမဆုံးအတွေ့အကြုံပဲ ….။ သူစိမ်းယောက်ျားလေးတစ်ယောက်ကို ချစ်သည်ဟု အဖြေပေးကာ ဘ၀ထဲကို ၀င်လာဖို့ ခွင့်ပြုခဲ့သလို အဲဒီနေ့ကစလို့ ကျမဘ၀ရဲ့ နေ့ရက်တွေတိုင်းမှာ မောင် ပါဝင်လာခဲ့တာပဲ….။ ကျမရဲ့အလုပ်တွေကို မောင့်ကို တခါတလေ ဖွင့်ဟပြောဆိုမိတိုင်း ပိုကောင်းဖို့အကြံညဏ်တွေပေးတတ်တာ.. သတ္တိတွေပိုရှိလာစေဖို့ စိတ်ဓါတ်မကျဖို့ စကားလုံးတွေနဲ့ ခွန်အားတွေပေးဖြစ်ခဲ့ပေမယ့် ကျမကတော့ မောင့်ကို သိပ်ဂရုမစိုက်ဖြစ်ခဲ့…။ မောင်နဲ့တွေ့မှ မောင့်မျက်လုံးတွေထဲက အချစ်တွေကို ဖတ်ကြည့်ရဦးမည်ဟု တွေးရင်း ရသည့်အချိန်လေးအတွင်းမှာ ကားဂိတ်ထဲ စာဖတ်နေခဲ့တာ ကျမပဲလေ..။ ဘေးပတ်ဝန်းကျင်မှ သွားလာလှုပ်ရှားနေတဲ့အသံတွေ ဈေးသည်လေးတွေရဲ့ တစာစာအော်ရောင်းနေသံတွေကို ဂရုမပြုမိပဲ စာထဲပဲ အာရုံရောက်နေဆဲ ကျမခေါင်းပေါ်သို့ လက်တစ်ဖက်ရောက်လာခဲ့သည်…။ မောင်ရောက်လာလို့ မောင့်ကိုမြင်တာနဲ့ ချက်ချင်းပြေးသွားကာ အပြုံးတွေနဲ့ မောင့်လက်တစ်ဖက်ကို ဆွဲကိုင်လို့ ဆီးကြိုမည်ဟု တွေးထားမိသမျှ စာထဲ စိတ်ရောက်နေသဖြင့် မောင်ရောက်နေတာ သတိမထားမိလိုက်…။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၆)
ဒီပုံစံဟာ မ ပဲလေ.  အမြဲလိုလို စာဖတ်နေတတ်တယ်.. ကိုယ်လုပ်နေတဲ့အလုပ်မှာပဲ အာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုမသိ .. တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလို ထင်နေတတ်တာ ကိုယ့်ချစ်သူပဲပေါ့ ..” လို့ မောင်က ကျမခေါင်းကို ခပ်ဖွဖွထုရင်း ပြောလာတော့ အသားတွေပိုဖြူလာပြီး အရင်ထက် ပိုချောလာတဲ့မောင့်ကို တအံ့တသြငေးကြည့်နေမိပြန်သည်..။ “လာ.. သွားမယ်” ဆိုပြီး မောင်က ခေါ်လိုက်မှ လက်ရှိအချိန်ထဲ အသိပြန်ဝင်လာ ကျမ မောင့်ကို ကြည့်ရင်း “ပျော်လိုက်တာ” လို့ ပြောမိပါသည်…။

ဟုတ်တယ်… တကယ်ပါ.. အကြာကြီးဝေးနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့တစ်နေ့ဆိုတာ ချစ်သက်တမ်းတစ်လျှောက်မှာတော့ ဘယ်လိုမှ မေ့မရတဲ့ နေ့စွဲတစ်ခုပဲပေါ့….။ အကွာအဝေးကို လျစ်လျူရှုပြီး ဝေးနေချိန်တွေမှာ အချစ်တွေကို ရှင်သန်နေအောင် အမြဲဖန်တီးပေးတတ်တဲ့ မောင့်လို ချစ်သူတစ်ယောက်ကို မျက်နှာချင်းဆိုင်လို့ “အရမ်းချစ်တယ်” ဆိုတဲ့ စကားကို ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောဖို့ ကျမ နှုတ်က ဆွံ့အမနေသင့်ဘူးလေ…။ 


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


Thursday, 4 April 2013

အတိတ်က ခြေရာ .......

April 04, 2013 2 Comments


(၁)
နေရာဟောင်းကို ပြန်ရောက်တော့လည်း
သတိရစိတ်က ပိုတိုးမလာ …..
လွမ်းတယ်ဆိုတာ နှစ်ဦးနှစ်ဖက်ခံစားမိမှ
ဖြစ်ပေါ်လာတတ်တဲ့ ဝေဒနာမျိုးလား
မေ့မသွားခဲ့ပေမယ့် … သတိရတာလည်း ဖြစ်မလာတော့
ဥပေက္ခာစိတ်က ကြီးစိုးသွားပြီ ထင်ပါရဲ့ …..
သူကြင်မှကိုယ်ကြင် … တွေ့ဆုံကြုံကွဲလောကကြီးထဲမှာ
ချန်ထားရစ်နိုင်သူတစ်ယောက်အတွက်
အတိတ်ကခြေရာတွေကြားထဲမှာတောင်
ရယ်မောနေနိုင်ဆဲ ကိုယ့်အဖြစ်က
အိပ်မက်တော့ မဟုတ်ပါဘူး ..
စကတည်းက မစစ်မှန်ခဲ့တဲ့ ချစ်ခြင်းတစ်ခုအတွက်
ကြိုမြင်နေတဲ့ မသိစိတ်က
ရင့်ကျက်သွားပြီထင်ပါရဲ့ ……..။

(၂)
ဆုံမှတ်မရှိတော့တဲ့ လမ်းခွဲတစ်ခုမှာ
အိပ်မက်မှ မဟုတ်တာပဲကွယ် ….
လက်တွေ့မှာ ……
ငါတို့ တကယ်ဝေးခဲ့ကြပြီပဲ ……
လျှောက်ဖူးတဲ့ လမ်းတစ်ခုကတော့ …..
အပြောင်းအလဲတွေကြားမှာ ..အသားကျလို့ ……
ရာသီအလိုက် ပြောင်းနေလေရဲ့ …. ။
သွားမယ့် လမ်းတစ်ခုအတွက် ….
ခလုတ်ကန်သင်းတစ်ခုလို့လဲ …. မတွက်ချက်မိခဲ့ပါဘူး …..
ညည်းဆိုဖြစ်တဲ့ သီချင်းတစ်ပိုင်းတစ်စမှာ ….
အတိတ်ထဲက သံစဉ်တစ်ချို့မပါဖြစ်အောင် …
သိစိတ်က ထိန်းချုပ်နေတတ်ပြန်ပြီ ……။

(၃)
လွမ်းစိတ်ဆိုတာ ဘာသာမပြန်တတ်တော့ပေမယ့် …..
တမင်တကာ မေ့ပစ်လို့မရတဲ့ မသိစိတ်က
သတိရတယ်ဆိုတာကို အဓိပ္ပာယ်မဖော်တတ်တော့ဘူးလို့ ….
တစ်ဖတ်သတ်ယုံကြည်နေပြန်တယ် ….။
ခေါင်းမော့လျှောက်မိတဲ့ ခြေလှမ်းတိုင်းက …
မာနကို အဖော်ပြုထားတာလို့ စွပ်စွဲကြလည်း ….
ငါလေ …. ဘယ်လိုတုံ့ပြန်ရမလဲ ….
မျက်ရည်တစက်တလေတောင် ငါ့ခြေလှမ်းပေါ်မကျစေချင်ခဲ့တာ
မာနလို့ သတ်မှတ်လည်း …
ငါက မာနကြီးသူတစ်ယောက်ပေါ့ …..။

(၄)
ရယ်မောသံတွေက ပီပြင်လှသတဲ့ ……
အများအမြင်မှာ ….. မာကျောတယ်လို့ ထင်မှတ်ကြတဲ့ စိတ်တစ်ခုက
အတွင်းကြေများဖြစ်နေမလား …
ငါကိုယ်တိုင်တောင် ပြန်မဆန်းစစ်ချင်ခဲ့ …….
ပြောမိတဲ့ စကားတွေတိုင်းမှာ ….
နာမည်တစ်ခု မရေရွတ်မိအောင် … ဘာသာသတိထားနေမိတာ …..
အာရုံထဲမှာ ထင်ကျန်နေဆဲ
နံပါတ်တစ်ခုကို မနှိပ်မိအောင် ထိန်းချုပ်နေခဲ့ရတာ …..
ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို
အတိတ်က နေရာတွေကြားမှာ … ဖျောက်ဖျက်ဖို့ကြိုးစားနေခဲ့တာ ….
ကျလုဆဲဆဲ မျက်ရည်တစ်ချို့က .. အငွေ့အဖြစ်ပဲ ပျံသွားခဲ့တာ ….
မချိပြုံးလို့ နာမည်တပ်မခံရအောင် ……
ပကတိအချိုသာဆုံးပဲ ပြုံးပြတတ်ဖို့ကြိုးစားနေခဲ့ရတာ …..
ရင်ဖွင့်ခွင့်မရှိတဲ့ ပတ်ဝန်းကျင်မှာ
အသည်းနှလုံးမရှိဘူးလို့ ထင်မှတ်လောက်အောင် ငါမာကြောနေခဲ့ရတာ ….
……..
……………….
…………………………
နင် .. သိရဲ့လား ………………….
ငါလဲ အသည်းကွဲတတ်ပါတယ် ……………….ငါလဲ ငိုကြွေးတတ်ပါတယ်.. ငါလဲ ခံစားတတ်ပါတယ် …..။

Monday, 1 April 2013

မပြယ်တဲ့ ..သစ္စာ .(၂)

April 01, 2013 1 Comments

ခုတလော ပန်းရောင်နှင်းဆီတွေ အမြဲလိုလိုရောက်ရောက် လာတတ်ပြန်တယ် ” သူမက စကားးစပ်မိရင်း ပြောလာတော့ အဲဒီပန်းရောင်နှင်းဆီ ၅ ပွင့်ရဲ့ အဓိပ္ပာယ်ကို သိလားလို့ သူက မသိသလို ပြန်မေးခွန်းထုတ်လာတယ်..။

ကျမအတွက် သိဖို့မလိုအပ်ဘူး တဲ့..။ သူမမျက်ဝန်းထဲမှာ ဒီပန်းတွေကို ချစ်တတ်တဲ့စိတ်ရှိနေခဲ့လား မရှိခဲ့ဘူးလား ဆိုတာကို သူ ဘာသာမပြန်တတ်ခဲ့ပြန်ဘူး…။ သူမက ခံစားချက်ကို ၀ှက်ထားတတ်ပြီး ဟန်ဆောင်ကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီလား..။ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို မဖတ်တတ်တာ သူညံ့လို့ပဲဖြစ်မှာပဲလို့ ဘာသာတွေးရင်း လှမ်းဖို့မရဲတဲ့ အရုပ်တစ်ရုပ်လို အဝေးကနေ ငေးကြည့်နေရုံဘ၀ပဲပေါ့ ဟန်နီ ..။

သူ့ရဲ့အချစ်တွေ သူမ သိစေဖို့ ပန်းနုရောင်နှင်းဆီ ၅ ပွင့်ကို အမြဲလို ပို့ပေးနေမိတယ်.။ ပန်းနုရောင်နှင်းဆီဆိုတာ မြတ်မြတ်နိုးနိုးချစ်ခင်ခြင်းရဲ့ သင်္ကေတဖြစ်သလို နှင်းဆီင်္ ၅ ပွင့်ဆိုတာက ကိုယ် မင်းကိုချစ်တယ် လို့ ရည်ညွှန်းတယ် ဆိုတာ သူမလို မိန်းကလေးတစ်ယောက်အနေနဲ့ သိနေလိမ့်မယ်ဆိုတာ သူယုံကြည်တာပေါ့..။

စိတ်ရော လူရော အနားမပေးဘဲ မိန်းကလေးတစ်ယောက်က ဒီလောက်ထိ လေ့လာကြိုးစားနေဖို့မလိုပါဘူး..။ ဟန်နီ့လို ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်အတွက် ဘ၀လုံခြုံစေနိုင်အောင် စောင့်ရှောက်နိုင်မယ့်သူ ဆိုတာ မရှားပါဘူးကွာ..” ဆိုတော့ သူ့ရဲ့စကားကို သူမက ခပ်ပြုံးပြုံးတုံ့ပြန်ပြောဆိုတယ်..။ 

လူဆိုတာ မိမိကိုယ်ကို ကိုးကွယ်ရာလေ.. လူတစ်ယောက်ရဲ့ရပ်တည်မှုက အခြားတစ်ယောက်အပေါ်မှာ မူတည်နေတဲ့ အခြေအနေမျိုးတော့ ကျမ မလိုချင်ဘူး .. တတ်နိုင်သလောက်ပေါ့ .. လူ့လောကကြီးထဲရောက်လာတုန်း လောကကောင်းကျိုးတစ်ခုခုပြုနိုင်ခဲ့တယ်ဆိုရင်ပဲ .. ကျမ လူဖြစ်ရကျိုးနပ်ပါပြီ…။ ကြယ်ပွင့်လောက်မတောက်ပရင်တောင် ပိုးစုန်းကြူးလို မှိတ်တုတ်မှိတ်တုတ် လင်းလက်ခွင့်ရလည်း ကိုယ်ပိုင်အလင်းရောင်နဲ့မို့ ကျေနပ်နေမိမှာပဲ ..” 

အဲဒါကြောင့်များ သူမက လရောင်ကို မနှစ်သက်တတ်သူလား..။ ကဗျာတွေ စာတွေကို ချစ်တတ်ပေမယ့်လည်း ကဗျာတွေ သီချင်းတွေထဲမှာ အမြဲဖွဲ့နွဲ့လေ့ရှိတဲ့ လရောင်ကိုတော့ သူမက ဘယ်တော့မှ နှစ်သက်တယ်ဆိုတာ ပြောလေ့မရှိ..။ နေမင်းဆီက အလင်းနဲ့ မော်ကြွားနေတဲ့ လမင်းကြီးအတွက်တော့ သူ့အလှကို ဖွဲ့ဖို့ ကျမ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူးလို့ တစ်ခါတော့ ပြောခဲ့သေးရဲ့..။ ပိုင်ဆိုင်တာဆိုလို့ … ဒီမာနပဲ .. ကိုယ့်အားကိုယ်ကိုးမယ် .. ကိုယ့်ဘ၀ကို စိတ်တိုင်းကျ ကိုယ်တိုင်တည်ဆောက်ရင်း …. ရလာတဲ့ဘ၀က ခရောင်းလမ်းဖြစ်နေလည်း ဘယ်အရာတွေရဲ့လွှမ်းမိုးမှု သြဇာသက်ရောက်မှုတွေ မပါလို့ .. ကျေနပ်နေပြန်သတဲ့..။

ေ၀၀ါးနေတဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက် သူမအပေါ်မှာချစ်တဲ့ အချစ်က အနိုင်ယူသွားခဲ့တော့ ပိုင်ဆိုင်ချင်စိတ်က ဦးမော့လာခဲ့ပြန်တယ်..။ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ တစ်ခါတုန်းက လက်လွှတ်ဆုံးရှုံးသွားခဲ့ဖူးတဲ့ အရာတစ်ခုကို ဒီတစ်ကြိမ်တော့ ပိုင်ဆိုင်လာချင်ခဲ့တဲ့ သူ့အတ္တက အစွန်းမရောက်ဘူးလို့တော့ ယုံကြည်မိပါရဲ့…။ လှလှပပပြုံးတတ်တဲ့ သူမရဲ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားလုံးတစ်ချို့မှာ .. သူ့အပေါ်ထားရှိတဲ့ သံယောဇဉ်အရိပ်အယောင်လေးများ ပါလာလေမလား .. အပြုံးတွေကို တိတ်တဆိတ်ဘာသာပြန်သူတစ်ယောက်ဖြစ်လာပြန်တယ်…။

မနက် ၅ နာရီတိတိမှာ missed call ပေးဖို့ ညဥ့်နက်မှ အိပ်ရာဝင်တတ်တဲ့သူတစ်ယောက်အတွက် နည်းနည်းတော့ ကသိကအောင့်မဖြစ်ဘူးလား” လို့ သူမက ပြုံးစစမေးတော့ သူ့ရဲ့ဂရုစိုက်မှုတစ်ချို့တစ်လေကို အသိအမှတ်ပြုတာများဖြစ်မလား .. သူတစ်ဖတ်သတ်တွေးရင်း အပျော်တစ်ချို့ နှလုံးသားထဲစီးဆင်းသွားတယ်..။ 
“နှိုးစက်ကအသံကိုတောင် မလိုအပ်အောင် မနက်စောစောအိပ်ရာနိုးတတ်ဖို့ ကျမရဲ့ မဖြစ်မနေတာဝန်တစ်ခုလို ကျင့်လာခဲ့တာ နှစ်ပေါင်းတော်တော်ကြာပြီလေ..။ အဲဒီတော့ ခုမှရှိလာတဲ့ နှိုးစက်တစ်ခုအတွက်နဲ့တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားပါဘူး” လို့ဆိုတဲ့ သူမက သူ့ရဲ့ဂရုစိုက်မှုကို မလိုအပ်ဘူးလို့ သွယ်ဝိုက်ပြောနေသယောင် သူ ထင်မှတ်လာမိတယ်..။ “ဒါပေမယ့် ပြန်တွေ့ကြပြီးတဲ့နောက်ပိုင်း ကိုယ် မင်းအတွက် နှိုးစက်တစ်လုံးဖြစ်ခွင့်ရချင်ခဲ့တာ” လို့ သူဆိုတော့ အဲဒီစကားလုံးတစ်ခုဟာ ဘယ်လိုအဓိပ္ပာယ်သက်ရောက်လဲဆိုတာ သူမလို မိန်းကလေးတစ်ယောက်အနေနဲ့ ချက်ချင်းသိနိုင်မယ်ဆိုတာ သေချာပေမယ့် သူမကတော့ ဘာမှမသိသလို တိတ်ဆိတ်သွားပြန်တယ်…။ 


+++++++++++++++++++++++++++++++

အပိုင်း(၁) ကိုရေးထားခဲ့ဖူးတယ်..။ Link ပြန်ပေးဖို့ connection မကောင်းလို့ တနေရာရာမှာ ရှာဖတ်နိုင်ပါတယ် :D :D .. ဆက်ရန်အပိုင်းတွေရှိပါသေးတယ်..။ အားပေးကြည့်ပါဦးနော် :)))

Follow Us @soratemplates