Wednesday, 12 November 2014

_/\_ Pilgrimage _/\_

November 12, 2014 4 Comments
၁၁-၁၁-၂၀၁၄ ရက်နေ့က ဘုရားဖူးခရီးတစ်ခုသွားဖြစ်ပြန်တယ်...။ နိုင်ငံခြားသားကျောင်းသား ၊ ကျောင်းသူတွေအတွက် ကျောင်းကနေ အားလုံးစီစဉ်ပေးတဲ့ လေ့လာရေးခရီးတစ်ခုပါ..။ အခြားသူတွေအတွက်ကတော့ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုကို သွားလည်ရုံ သက်သက်ဖြစ်ခဲ့ပေမယ့် ကျမအတွက်တော့ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ နေရာတစ်ခုမှာ ဘုရားဖူးသွားခဲ့ရ သလို ကြည်နူးခဲ့ရပါတယ်..။

သွားခဲ့တဲ့နေရာက အိုဆာကာနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ နာရ (Nara) ဆိုတဲ့ ရှေးဟောင်းမြို့လေး တစ်မြို့ပါ..။ မြို့ကလေးက တောင်တွေတောတွေနဲ့ စိမ်းစိုနေပြီး ဗုဒ္ဓဘာသာ ထွန်းကားအားကောင်းခဲ့ကာ ဂျပန်နိုင်ငံမှာ ရှေးအကျဆုံး နဲ့ အကြီးဆုံး ဘုရားကျောင်းကြီးတွေရှိတဲ့ အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ပါ...။ ကားတွေ၊ လူတွေ၊ စက်ရုံတွေနဲ့ စက်မှုထွန်းကားမှုပြယုဂ်ကို မတွေ့ရဘဲ မြို့ကလေးထဲဝင်လိုက်တာ နဲ့ ကျေးလက်အငွေ့အသက်ကို ခံစားရတဲ့အပြင် ဘာသာတရားရဲ့ အရိပ်အောက်က စိတ်အေးချမ်းမှု ကိုလည်း တပြိုင်တည်း ခံစားရပါတယ်.။
အပေါ်ဆုံးက ပုံလေးထဲမှာ ပါတဲ့ စက္ကူ ရုပ်ကလေးက သမင်ပုံချိုး ထားတာပါတဲ့..။ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ Horyuji ဆိုတဲ့ ဘုရားကျောင်းကို သွားလေ့လာတော့ လိုက်ရှင်းပြပေးတဲ့ ဂိုက်အဒေါ်ကြီးက လက်ဆောင်ပေးလိုက်တာပါ..။ သွားခဲ့တဲ့နေရာအတော်များများ Tour Guide တွေက အသက်ကြီးကြီး ဦးလေးကြီး၊ အဒေါ်ကြီးတွေပဲ တွေ့ရပါတယ်..။ ကျမသွားဖူးတဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ တောင်အာဖရိက၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံတွေမှာလည်း Guide တွေက အသက်ကြီးသူတွေပဲ တွေ့ခဲ့ရပါတယ်..။ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ စာလေးတွေဖတ်ပြီး စကားပြော၊ ရှင်းပြကာ သက်သောင့်သက်သာလုပ်ရတဲ့အလုပ်တစ်ခုကို လူကြီးတွေကို ဦးစားပေးလုပ်စေတာလားလို့ အရင်ကတည်းက တွေးနေမိခဲ့တယ်..။ လူငယ်တွေဆိုတာက စွန့်စွန့်စားစား၊ ပြေးပြေးလွှားလွှား၊ ပင်ပင်ပန်းပန်းလုပ်ရင်း လှုပ်ရှားရုန်းကန်ချင်တဲ့ အရွယ်တွေဆိုတော့ အဲဒီလို အေးအေးဆေးဆေးအလုပ်မျိုး ကို စိတ်မဝင်စားကြတာလည်း ပါပါလိမ့်မယ်..။ မြန်မာနိုင်ငံမှာတွေ့ဖူးတဲ့ ဂိုက်ကိုကို၊ ဂိုက်မမများကတော့ တစ်မျိုးပေါ့လေ...။ အဲဒီသမင်ပုံချိုးထားတဲ့ အဓိပ္ပာယ်က နာရဆိုတဲ့မြို့လေးမှာ သမင်တွေပေါများလွန်းလို့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစားရှိတာကြောင့် သမင်ဆိုတာလည်း နာရရဲ့ အမှတ်အသား တစ်ခုကြောင့်လည်း ဖြစ်ပါသတဲ့...။

သွားခဲ့တာက ၂ နေရာဆိုတော့ ဒီနေ့တော့ Horyuji Temple က ပုံတွေပဲ တင်ပြီးတော့ နောက်ရက်တွေ မှ နောက်ထပ်ပုံတွေ ဆက်တင်ပါမယ်..။ ဘာကြောင့် ပုံတွေ အဲလောက်တင်ချင်တာလည်းဆိုရင် တစ်နေရာရာသွားရင် အမှတ်တရဓါတ်ပုံတွေရိုက်ချင်ပါတယ်..။ ရိုက်ခဲ့တဲ့ပုံတွေကို ဒီအတိုင်းသိမ်းထားရင် လည်း နှမြောစရာကောင်းတယ်၊ Facebook ပေါ်ကျတော့လည်း မတင်ချင်ဘူး၊ အဲဒီမှာ ဓါတ်ပုံတွေတင်တာ ဘယ်လိုမှ Feel မလာတော့ ဘယ်သူမှ သိပ်လာလေ့မရှိတဲ့ Blog မှာတင်တော့ ကိုယ့်ရဲ့ ပုံတွေ Share ချင်တဲ့စိတ်လဲပြေပျောက်သလို ကိုယ်မရောက်ဖူးတဲ့နေရာတွေကို စိတ်ဝင်စားတဲ့ အခြားသူတွေအတွက် လည်း လေ့လာခံစားလို့ရတာပေါ့နော်..။
 ဘုရားကျောင်းကို အ၀င်မှာ မူလတန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားလေးတွေ လေ့လာရေး လာနေတာနဲ့ ကြုံနေရပါသေးတယ်..။ သွားခဲ့တဲ့ တစ်လျှောက်လုံး ကလေးလေးတွေနဲ့ ရှောင်မလွတ်ခဲ့ ပါဘူး..။ 
 ဒါက ဘုရားကျောင်းရဲ့ အထိန်းအမှတ်ကျောက်စာတိုင်ပဲဖြစ်ပါတယ်..။ ဒီဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော် လောက်က တည်ဆောက်ထားခဲ့တာဖြစ်ပါသတဲ့..။


ဒီပုံထဲမှာတွေ့ရတဲ့ ရုပ်ထုတွေက ဘုရားကျောင်းကို အ၀င်မှာ ထုလုပ်ထားတာဖြစ်ပြီး ရွှံ့တွေနဲ့ ထုထားတာလို့ပြောပါတယ်..။ အပေါ်က တစ်ရုပ်ကတော့ ပျက်စီးသွားခဲ့လို့ ခန္ဓာကိုယ်ကို သစ်သားနဲ့ ပြန်ထုထားပါတယ်..။
 မြတ်စွာဘုရားရဲ့ ကြွင်းကျန်ရစ်တဲ့ ဓါတ်တော်၊ မွေတော်တွေနဲ့ ဌာပနာထားပြီး တည်ထားတဲ့ စေတီတော် ပါ..။ ဘုံ ၅ ဆင့်ရှိပါတယ်..။ အောက်ဆုံးဘုံရဲ့ လေးဖက်လေးတန်မှာ ဘုရားရုပ်တုတွေတည်ထားပြီး ကျမတို့ဆီက စေတီပုထိုးတွေလိုပဲ မြေကြီးထဲမှာ ဓါတ်တော်၊ မွေတော်တွေ ဌာပနာထားတည်ထားတာပါ..။
 ဒီပုံက စေတီရဲ့ လေးဖက်မှာ တည်ထားတဲ့ ဘုရားဆင်းတုပုံတော်တွေပါ..။ အထဲမှာ အစစ်တွေကို ဓါတ်ပုံရိုက်ခွင့်မပေးထားတော့ ဂိုက်အဒေါ်ကြီးရဲ့ စာအုပ်ထဲက ပြန်ရိုက်ထားရတာပါ..။
ဒီပုံက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အချိန်မှာ ဘေးနားက တပည့်သာဝကာတွေ ၀မ်းနည်းငိုကြွေးနေပုံကို ထုလုပ်ထားတဲ့ပုံဖြစ်ပါတယ်..။
ဒါက ရှေးခေတ်ကတည်းက ကိုရင်တွေ၊ ဘုန်းကြီးတွေကို စာချပေးတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ဟိုးရှေးကတည်းကကျောင်းက မိုးကြိုးပစ်ပြီး မီးလောင်သွားလို့ သက္ကရာဇ် ၁၃၀၀ လောက်မှာ ရှေးတုန်းက ပုံစံနဲ့ထပ်တူကျအောင် အသစ်ပြန်ဆောက်ထားခြင်း ဖြစ်ပါတယ်တဲ့..။
ဒီစင်္ကြန်လမ်းလေးက ဘုန်းကြီးကျောင်းကနေ ဘုရားကိုသွားတဲ့လမ်းလေးပါ..။ ဘေးဘက်က တိုင်တွေက ဂျပန်မှာ အသုံးအများဆုံးသစ်မျိုးတစ်မျိုးဖြစ်တဲ့ Japanese Cypress ဆိုတဲ့အပင်က သစ်တွေပါတဲ့..။




 ဂျပန်မေပယ်လ်ပင်လေးတွေ နေရာတိုင်း အရောင်တွေပြောင်းလို့ ကဗျာဆန်ဆန်လှလိုက်တာာ။

Souvenir ရောင်းတဲ့ဆိုင်လေးတွေ..။
ယန်း ၅၀၀ ပေးရတဲ့ ကျောင်းက စီစဉ်ပေးတဲ့နေ့လည်စာ..။ ဂိုက်အဒေါ်ကြီးက သူ့လုပ်သက်က တော်တော် နုသေးတယ်ဆိုတော့ ဘယ်လောက်ကြာပြီလဲမေးတဲ့အခါ သူလုပ်တာ ၄ နှစ် ၅ နှစ်လောက်ပဲရှိသေးတာဆိုတော့ အင်္ဂလိပ်စကားကို ရေရေလည်လည် မပြောတတ်သေးပါဘူးတဲ့..။ အခြားသူတွေဆိုရင် ၁၀ နှစ် ၁၅ နှစ်ရှိကြပြီတဲ့..။ ဒါပေမယ့် သူလည်း ကြိုးစားပမ်းစား ရှင်းပြရှာပါတယ်..။ ကိုယ်တွေလည်း မရှင်းတာကို ဖြည့်တွေးရင်း နောက်ဆုံးတော့ အဆင်ပြေသွားတာပါပဲ..။

See you in next post !!!
Thanks for your visit!!! <3 <3

Friday, 7 November 2014

နန်းတော် ++

November 07, 2014 4 Comments
ပြီးခဲ့တဲ့ ၄ ရက်လောက်က ခမ်းနားကြီးကျယ်တယ်လို့ သူတို့သတ်မှတ်ထားကြတဲ့ နန်းတော်ကြီးတစ်ခုထဲ အလည်ရောက်သွားခဲ့တယ်...။ အဲဒီလို ရှေးဟောင်းအဆောက်အဦတွေ မမြင်ဖူးတဲ့သူတွေအတွက်တော့  ကြီးကျယ်ခမ်းနားချင် ခမ်းနားတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ရှေးဟောင်းဗိသုကာ လက်ရာတွေ ပေါတဲ့နေရာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက လာသူတစ်ယောက်အနေနဲ့တော့ ကိုယ့်နိုင်ငံက နန်းတော်တွေနဲ့ နှိုင်းယှဉ်ရင် သိပ်တော့ အံ့သြဘနန်း ဖြစ်စရာ မကောင်းလှပါဘူး..။

သွားခဲ့တာက Kyoto Imperial Palace လို့ခေါ်တဲ့ ဂျပန်ရှေးဟောင်းနန်းတော်ဟောင်းတစ်ခုဆီကိုပါ..။ ရှေးရှေးက ဂျပန်ဘုရင်အဆက်ဆက်က ရှေးကာလကတည်းကနေ ၁၈၆၈ ခုနှစ်အထိ စံမြန်းခဲ့ကြတဲ့ နန်းတော်လို့ ပြောပါတယ်..။ ၁၈၆၈ ခုနှစ်မှာတော့ နန်းတော်ကို တိုကျို မြို့ကို ပြောင်းရွှေ့သွားခဲ့ပါသတဲ့..။ ၁၈၅၅ မှာ တစ်ခါ ပြု ပြင်မှုတွေ လုပ်ခဲ့ပြီး အဲဒီနောက်ပိုင်းတော့ ရှေးမူမပျက် ထိန်းသိမ်းထားခဲ့တာပါတဲ့..။ 
နန်းတော်ထဲကို မရောက်ခင် ဘေးပတ်ပတ်လည်မှာ ရှိတဲ့ တံတိုင်းတွေကလည်း မြန်မာနိုင်ငံက ရှေးဟောင်း နေရာတွေလောက် ဗိသုကာလက်ရာ အနုမစိတ်လှပါဘူး..။ ဘေးနားပတ်ပတ်လည်မှာ သစ်ပင်သစ်တောတွေတော့ အုပ်ဆိုင်းနေအောင် ထိန်းသိမ်းထားပါတယ်..။

အပင်အချို့တော့ အရောင်တွေ ပြောင်းစပြု လာနေပါပြီ..။ 
ဒါက ပင်မ၀င်ပေါက်ဖြစ်ပါတယ်..။ နိုင်ငံခြားသားတွေ အတော်များများတော့ လာလေ့လာနေကြတာ တွေ့ခဲ့ရတယ်..။


ဒါတွေက ဂုဏ်သရေရှိ ဧည့်သည်တွေလာရင် စောင့်ဆိုင်းရတဲ့ အခန်းတွေတဲ့.။ ချယ်ရီ၊ ကြိုးကြာ၊ ကျား ဆိုပြီး အခန်း အမျိုးအစား (၃) မျိုး ရှိပါတယ်။

ဒီလှည်းက နွားနဲ့မောင်းတာဖြစ်ပြီး ၀န်ကြီးတွေ၊ လူကြီးမင်းတွေ စီးတဲ့လှည်းဖြစ်ပါသတဲ့..။ တစ်စီးမှာ လူ (၄) ယောက် စီးလို့ရပါတယ်..။

ဒီအဆောက်အဦကတော့ အခမ်းအနားတွေလုပ်လေ့ရှိတဲ့ နေရာပါတဲ့..။ 












ဥယျာဉ်က ဘွန်ဆိုင်းပင်တွေနဲ့ အလှဆင်ထားတာ ချစ်စရာကောင်းတယ်..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သဘာဝအတိုင်း ကြီးပြင်းခွင့်မရတဲ့ အပင်လေးတွေကတော့ သနားစရာကောင်းပါတယ်.. >_<
Ekkkk,,, ရေးတာ မများပေမယ့် ပုံတွေ အတော်များသွားတော့ ပို့စ်က ရှည်သွားပြီ...။ ဒီမှာ နေနေစဉ်ကာလတွေမှာ သွားခဲ့တဲ့ ဖြစ်ခဲ့တဲ့ ကြုံတွေ့ခဲ့တဲ့အရာတွေအားလုံး မှတ်တမ်းတင်ထားချင်လို့ ရေးနေမိတာပါ..။ မဟုတ်ရင် နောက်ဆို နောက်ရောက်သွားပြီး အရာအားလုံးက မေ့သွားတတ်တော့ ဘာမှတ်တမ်းမှ မကျန်ခဲ့တတ်တာ ကြုံရပေါင်းများနေပြီလေ..။ အဲဒါကြောင့် သည်းခံပြီးသာ ဖတ်ပေးကြပါလို့ ...။ Diary Post တွေတော့ များလာပါလိမ့်မယ်...။

Thursday, 6 November 2014

Culture Shock @@@

November 06, 2014 2 Comments


ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကို ဂျာမနီတုန်းက ကျမရဲ့ Master thesis အတွက် supervise လုပ်ပေးတဲ့ ကျမရဲ့ Professor ရောက်လာတယ်..။ သူ့အလုပ်ကိစ္စအတွက် လာတာဆိုတော့ ဂါရ၀ပြုရင်း ဆရာ့ကို သူ့တပည့်ဖြစ်ဖူးတဲ့ အခြားမြန်မာ အစ်ကိုအစ်မတွေနဲ့အတူ ညစာကျွေးကြတယ်...။ အဲဒီမှာ ကျမရဲ့ အခု ကျောင်းလျှောက်ထားတဲ့အကြောင်း စကားစပ်မိတော့ ဆရာကပြောလာတယ်...။ ဘာကြောင့် ဂျာမနီမှာ ဆက်တက်ဖို့ မလုပ်ဘဲ ဂျပန်တက္ကသိုလ်ကို အရင်လျှောက်တာလဲပေါ့ ..။ ကျမက ထုံးစံအတိုင်းပြန်ပြောပါတယ်..။ တံခါးတွေအကုန်လိုက်ခေါက်ထားတော့ အရင်ဆုံးပွင့်တဲ့တံခါး အရင်ဝင်လို့ ရတာပေါ့လို့...။ ပြီးတော့ မတူညီတဲ့နိုင်ငံ ၂ နိုင်ငံမှာ ပညာသင်ရင်း ကွဲပြားတဲ့ အတွေ့အကြုံတွေကို လိုချင်မိတာလည်း ပါပါတယ်ပေါ့..။ ဆရာကတော့ စိုးရိမ်တဲ့ပုံစံနဲ့ Europe မှာ ကျောင်းတက်လာတဲ့သူက အာရှရဲ့ပုံစံနဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလားပေါ့..။ ဂျာမနီမှာဆိုရင် လုံးဝ Independent ပဲတဲ့..။ ကျောင်းသားက ကိုယ့်စာ၊ ကိုယ့်သုတေသနပဲ အာရုံစိုက်ပြီး ဆရာက support လုပ်ပေးရုံသက်သက်ပဲတဲ့..။ ဂျပန်မှာဆိုရင် အရမ်းရိုကျိုးနေရမယ်.. ဆရာမလာခင် ရုံးအရင်သွား၊ ဆရာပြန်မှ အိမ်ပြန်ရ၊ ဆရာ့အလုပ်တွေ ကူလုပ်ပေးရ ဘာညာတွေရှိတော့ ကျောင်းသားတွေအနေနဲ့ အလုပ်ပိုရှုပ်ပြီး လွတ်လွတ်လပ်လပ်မရှိဘူး၊ ဘာညာ နဲ့ ကျမရဲ့ Professor က ပြောနေလေရဲ့..။ အာရှမှာ တစ်သက်လုံးကြီးပြင်းလာတဲ့သူတစ်ယောက်က အာရှနိုင်ငံတစ်ခုမှာပဲ ကျောင်းသွားတက်မှာ ဘာမှ ထူးထူးထွေထွေ Culture shock ဖြစ်စရာ မရှိလောက်ပါဘူးလို့ ကျမ ပြန်ပြောခဲ့ပါတယ်..။

ဒီလိုနဲ့ပဲ ဒီနေရာကို အောက်တိုဘာလကုန်လောက်မှာ ရောက်လာခဲ့ပါတယ်...။ ရောက်ရောက်ချင်းမှာပဲ စာရွက်စာတမ်းပေါင်းများစွာ လက်ထဲရောက်လာတယ်..။ တော်တော်များများက ဂျပန်စာတွေနဲ့ပေါ့လေ..။ အချို့အနည်းငယ်လောက်သာ အင်္ဂလိပ်လို ပါပါတယ်....။ ဂျာမနီမှာတုန်းက Health Insurance တစ်ခုပဲ မဖြစ်မနေလုပ်ခဲ့ရတာ..၊ ဒီမှာတော့ မတူညီတဲ့ Insurance ပေါင်းစုံလို့..။ Health Insurance အပြင် ကျောင်းက Dormitory မှာ နေတော့ တစ်ခုခုပျက်စီး၊ ဖျက်ဆီးမှုများဖြစ်ခဲ့ရင် ဘာမှမလျော်ရအောင် Rental Insurance မဖြစ်မနေလုပ်ရတယ်...။ ပြီးတော့ ကိုယ်က မတော်တဆ စက်ဘီးစီးရင်း၊ ကားမောင်းရင်း အခြားတစ်ဦးဦးကို ထိခိုက်မိစေမယ်ဆိုရင် လျော်ပေးမယ့် Liability Insurance၊ ကျောင်းဝင်းထဲမှာ ထိခိုက်မှု၊ ဘာညာအတွက် Insurance စသဖြင့် အနည်းဆုံးတော့ ၃ ခု လောက် မဖြစ်မနေလုပ်ရပါတယ်..။

စတွေ့တာကတော့ နှုတ်ဆက်တဲ့အချိန်ပေါ့..။ ဂျပန်တွေအချင်းချင်းဆိုရင် ခါးကျိုးမတတ် ဦးညွတ်နှုတ်ဆက်လေ့ရှိကြပြီး အခြားနိုင်ငံသားတွေအနေနဲ့လည်း ဦးညွတ်နှုတ်ဆက်ကြတဲ့အချိန်မှာ တစ်ချိန်လုံး ခေါင်းမော့ ခါးမတ်နေလာတာနဲ့ အသားကျနေတဲ့ ကျမအနေနဲ့ တောင့်တောင့်ကြီး ဖြစ်နေဆဲပါပဲ ..။ Hai Hai ဆိုတဲ့နေရာမှာ ဂျာမာန်လို Ja Ja က အသားကျနေလို့ မနည်း ထိန်းပြောနေရတုန်း...။ ဆူမီမာစန်ဆိုတဲ့ စကားလုံးအစား Entschuldigung က ပါးစပ်ထဲ ရောက်ရောက်လာနေဆဲ ..။ 

ကျောင်းဝင်းထဲမှာတင်မက လမ်းပေါ်မှာအများဆုံးတွေ့နေရတဲ့ Ginko ပင်တွေဆိုတာ ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂျာမနီမှာ Trip တစ်ခုသွားတော့ ပထဆုံးမြင်ဖူးတဲ့အပင်..။ အဲဒီတုန်းကတော့ လွန်ခဲ့တဲ့ ရှေးနှစ်သန်းပေါင်းများစွာ၊ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့အပင်မျိုးစိတ်ဆိုပြီး အထူးအဆန်းတွေ ဖြစ်ခဲ့တဲ့အပင်က အခုတော့လည်း နေရာတိုင်း တွေ့နေရပြန်တယ်..။ ဂျာမနီမှာရော မြန်မာမှာရော သွားရင် ညာဘက်က ဖြစ်ပေမယ့် ဒီမှာက ဆန့်ကျင်ဘက် ဘယ်ကပ်ဖြစ်နေတဲ့အခါ မမှားအောင် သတိထားသွားနေရပါတယ်..။ တူတာတစ်ခုက ဒီမြို့မှာလည်း ကျောင်းသားတွေရော၊ ဆရာတွေရော စက်ဘီးနဲ့ပဲ သွားလာကြတာပါ..။ တစ်နှစ်လောက် မြန်မာနိုင်ငံမှာနေခဲ့တုန်း ဆိုင်ကယ်၊ ဒါမှမဟုတ်ရင် ကားနဲ့ပဲ သွားလာနေခဲ့တာ အကျင့်ပါသွားခဲ့တော့ အခု စက်ဘီးစီးရတာ တော်တော်အသားမကျဘဲ ပင်ပန်းတယ်လို့ ထင်နေမိတယ်..။ အဓိကက စက်ဘီးက သေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်..။ ဂျပန်တွေက သွားရင်းလာရင်း လေ့ကျင့်ခန်းဖြစ်အောင် လုပ်တဲ့အနေနဲ့ စက်ဘီးသေးသေးလေးတွေကို ပိုစီးကြတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်..။ ကျမ Sensei ရဲ့ စက်ဘီးဆို ငယ်ငယ်က စီးဖူးခဲ့တဲ့ BMX စက်ဘီးလို သေးသေးလေး..။ စက်ဘီးကလည်း တကယ့်ကို လေ့ကျင့်ခန်းလုပ်သလိုပဲ..။ နင်းလိုက်ရတာ မောလွန်းလို့..။ မြို့ကလည်း မြေညီက နည်းပြီး အနိမ့်အမြင့်က လည်း တော်တော်ပေါပါတယ်..။

ရောက်စနေ့ကတည်းက ပေါင်မုန့်ဆိုင်ရှာတာ ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို တွေ့ပါပြီ..။ ဂျာမာန်ပေါင်မုန့်လိုမျိုးတွေရော လတ်လတ်ဆတ်ဆတ်ဖုတ်ရောင်းတဲ့ဆိုင်ကိုတွေ့လိုက်ရတာ ကွဲကွာသွားတဲ့ အမျိုးတွေ ပြန်တွေ့လိုက်ရသလို..။ နေရာတွေက သေချာမသိသေးတော့ Cheese slice ကလေးတွေကို မနည်းလိုက်ရှာဝယ်ရတယ်...။ ဒါတောင် အသားပြားက နောက်နေ့မှ လိုက်ရှာဝယ်ရဦးမယ်..။ သူငယ်ချင်းကတော့ပြောတယ်..။ ဂျပန်လာပြီး ဂျာမာန်စာတွေပဲ စားချင်နေသေးတုန်းပဲလားတဲ့ ..။ ဂျပန်ဆန်စီးစားတာ သိပ်အဆင်မပြေဘူး..။ နဂိုကတည်းက ကောက်ညှင်းစားရင် အစာမကြေဖြစ်တတ်တော့ အခုလည်း ထမင်းစားရင် အစာမကြေ ရင်ပြည့်ရင်ခံဖြစ်နေလို့ ပေါင်မုန့်နဲ့ Pasta ကို မဖြစ်မနေလိုက်ရှာဝယ်ရပြန်တယ်..။ တိုကျိုကနေတော့ ထိုင်းဆန်မှာထားတော့ ရောက်လာရင် ထမင်းစားဖို့ အဆင်ပြေလောက်ပါပြီ..။


နေရတဲ့ အဆောင်ကလည်း လုံးဝ Privacy မရှိဘူး..။ မီးဖို၊ အိမ်သာ၊ Basin တွေက အခန်းထဲမှာ မပါဘူး..။ Common သုံးရတယ်..။ ဒါပေမယ့် မိန်းကလေး၊ ယောက်ျားလေးတော့ ခွဲထားတယ်..။ ထူးထွေဆန်းပြားပုံက ရေချိုးရင် ယန်း ၁၀၀ coin ထည့်ရတယ်..။ ရေတခါချိုးတိုင်း ယန်း ၁၀၀ က ကုန်တော့ ရေချိုးတာတောင် အလကားမရပါဘူး..။ အ၀တ်လျှော်စက်သုံးရင်လည်း ယန်း ၁၀၀ coin ထည့်ရတယ်..။  အဲဒါထက် အခန်းထဲမှာ အိမ်သာ၊ ရေချိုးခန်း၊ ဘေစင်၊ မီးဖို တွဲရက် မပါတာကို စိတ်ညစ်တာ..။ ခဏခဏအပြင်ထွက်ပြီး ပစ္စည်းတွေ တပွေ့တပိုက်နဲ့ ချက်ပြုတ်ရတာကို အချိန်တွေ အရမ်းကုန်လို့ စိတ်ကုန်တာ...။ နောက်တော့ အဲလိုအကုန်ပါတဲ့ အခန်းပြောင်းဖို့ လိုက်ရှာနေတယ်..။

လမ်းတွေကတော့ အခုမှ မနည်းမှတ်နေရတုန်း..။  နေရာသစ်တစ်ခုရောက်ရင် မျက်စိမလည်အောင် ကျမသွားတဲ့ပုံစံက မြေပုံတော့ လက်ထဲမှာအမြဲပါတယ်..။ စသွားတဲ့နေရာကို မှတ်ထားပြီး သွားလိုတဲ့နေရာကို သွားပြီး လမ်းလွဲတယ်လို့ထင်မိတယ်ဆိုရင် Initial point ကို ပြန်လာပြီး အဲဒီကနေ လမ်းတွေကို အစကနေပြန်သွားတယ်..။ အနည်းဆုံးတော့ ဘယ်နေရာရောက်မှန်းမသိပဲ မျက်စိမလည်တော့ဘဲ မူရင်းနေရာတော့ ပြန်ရောက်တာပေါ့..။ ဂျပန်စာက မြန်မာနိုင်ငံမှာ တစ်လုံးမှ သင်မလာတော့ တစ်လုံးမှ မပြောတတ်ဘူး..။ အခုတော့ Speaking class တက်နေပါတယ်..။ Daily conversation အတွက် အဆင်ပြေအောင်ပါ..။ မဟုတ်ရင် နေရာတိုင်း ဂျပန်လိုပဲပြောကြတာဆိုတော့ မျက်လုံးကလယ်ကလယ် ဖြစ်မနေအောင်ပါ..။ ကျောင်းကတော့ PhD အတန်းအတွက်က class သီးသန့်မရှိတော့ အတန်းတက်စရာမရှိဘဲ Seminar တွေပဲ တက်၊ ကိုယ့်သုတေသနအတွက် စာဖတ်၊ experiment လုပ်၊ paper ထွက်ဖို့ ကြိုးစားရမှာ..။

ကျောင်းကတော့ system တွေက ဂျာမနီတုန်းကနဲ့ တူတူပဲဆိုတော့ သိပ်တော့ စိတ်လှုပ်ရှားစရာ မကောင်းတော့ပါဘူး..။ စက်တွေနဲ့ပဲ လုပ်ရတာ အထူးအဆန်းမှ မဟုတ်တော့တာ..။ ဂျပန်စာ မဖတ်တတ်တာတော့ နည်းနည်းစိတ်ညစ်တာပေါ့..။ လမ်းသွားရင် ပလက်ဖောင်းကျဉ်းကျဉ်းလေးမှာ လမ်းလျှောက်သွားတဲ့သူတွေကို ကပ်သီးကပ်သပ်ရှောင်ရရှားရသေးတယ်..။ တွေ့မိတာက မရမကသာ ရှောင်ကြတာ ၊ ဟွန်းတော့ တီးလေ့မရှိပြန်ဘူး..။ လမ်းကွေ့ရင်လည်း ဂျာမနီမှာဆို လက်ပြလိုက်ရင် အလိုလိုသိပြီး ကွေ့သွားလို့ရပေမယ့် ဒီမှာတော့ အဲဒီလိုလက်မပြကြဘဲ ကိုယ့်ခေါင်းကိုယ်ပဲ ချာချာလည်အောင် ကြည့်ပြီး အန္တရာယ်ကင်းအောင် သွားလာရပြန်တယ်။

ရာသီဥတုက ဆောင်းဦးဆိုတော့ နည်းနည်းလေးအေးလာနေပါပြီ။ ကျမအတွက်တော့ အနေတော်ပဲဆိုတော့ အနွေးထည်ပါးပါးလောက်ဆို လုံလောက်ပေမယ့် အခြားသူတွေတော့ မာဖလာတွေ၊ ကုတ်အကျီင်္တွေနဲ့ စတိုင်ထုတ်လို့ ကောင်းတဲ့အချိန်ဖြစ်နေပါပြီ..။ ဆောင်းတွင်း အပူချိန်က အနည်းဆုံး ၀ လောက်ပဲ ကျတယ်လို့ပြောကြတော့ ကျမအတွက် ထူးထူးထွေထွေ ချမ်းနေမှာမဟုတ်ပါဘူး..။ နှင်းကလည်း သိပ်ကျလေ့မရှိဘူးလို့ ပြောပါတယ်..။ ကံကောင်းရင်တော့ ကျရင်ကျလာတတ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် စနိုးတွေတော့ မြင်ချင်သေးတယ်..။


Saturday, 1 November 2014

#We r One#

November 01, 2014 5 Comments


ဒီနေ့တော့ ကျောင်းပိတ်ရက်ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တယ်...။ အဓိကက ချက်ဖို့ပြုတ်ဖို့ အိုးခွက်ပန်းကန်၊ အနွေးထည်တွေ ၀ယ်ရင်း စနေနေ့ဆိုတော့ သူငယ်ချင်းက သွားတတ်အောင် ဈေးဝယ်လိုက်ပို့ပေးတာ .။
နောက်တစ်ခု အရေးကြီးဆုံး လုပ်ရမယ့်အရာက ဖုန်းဝယ်ဖို့ ..။ အရင်နေ့တွေက ကျောင်းကိစ္စတွေရှုပ်နေ တာနဲ့ ချက်ချင်းမ၀ယ်ဖြစ်ခဲ့ဘူး ...။ ဒီနေ့တော့ မဖြစ်မနေ၀ယ်မှ ရမယ်ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တာပေါ့ ...။

 ရောက်တဲ့နေ့၊ ရောက်တဲ့အချိန်ကတည်းကစပြီး မနားရသေးတာ ဒီနေ့အထိပါပဲ..။ ဒါပေမယ့်လည်း ဘယ်လောက်ပင်ပန်းပင်ပန်း အစားအသောက်က မပျက်ဘဲ ဒီရောက်မှ ပိုပြီးတောင် စားနိုင်နေပြန် ပါသေးတယ်..။ အဓိကက ကျမက ဆန်စီးကြိုက်တဲ့သူဆိုတော့ ဂျပန်ဆန်နဲ့  ကျမအကြိုက်ကွက်တိဖြစ်နေတော့ စားလို့ကို မရိုးနိုင်သေးပါဘူး...။ နောက်ဆိုရင်တော့ အစားကို သေချာဂရုစိုက်ပြီး လျှော့စားမှ ဖြစ်မယ်..။ ၀ိတ်တက်လို့ မဖြစ်ဘူး..။ ကျမက ၀လာရင် အသက်ရှုကျပ်တော့ ၀ိတ်မတက်အောင် မနည်းထိန်းနေရတာ T_T



ရောက်တဲ့နေ့တစ်ရက်လုံး အဲဒီမှာ အရင်ကျောင်းတက်နေကြတဲ့ မြန်မာသူငယ်ချင်းတွေက ဆိုင်မှာ လိုက်ကျွေးတယ်..။ ခရီးသာပန်းတာ စားတာတော့ အများကြီးစားတာပဲ .။ နောက်တစ်ရက်တော့ ကျောင်းက Cafeteria မှာ နေ့လည်စာစားတယ်..။ ညစာကို Lab က newcomers တွေအတွက် welcome party လုပ်ပေးတာ အင်ဒီးယန်းဆိုင်မှာ လုပ်ကြတယ်..။ ကုလားစာမစားနိုင်ဘူးထင်တာလည်း ချသမျှအကုန်စားတာပဲ ..။ အင်းးးး အစားအသောက်ပျက်နေတာလေ -.- -.- -.-

ဖုန်းကိစ္စပြန်ဆက်ရရင် ဒီမှာက မြန်မာနိုင်ငံမှာလို Sim card သီးသန့်မရောင်းဘူးလေ...။ ဂျာမနီမှာဆိုရင်တော့ ဖုန်းမပါပဲ Sim card and Line ရောင်းတာရှိတယ်..။ ဒီမှာကျတော့ Handset မှာပဲ လိုင်းရော၊ အင်တာနက်ရော တခါတည်း ချိတ်ပြီး Contract နဲ့ ရောင်းတာဆိုတော့ Handset က မဖြစ်မနေ ၀ယ်ရတာပေါ့ ..။ ဈေးနည်းနည်းနဲ့ ကိုင်လို့ရတဲ့ Handset မျိုးလည်း ရှိပေမယ့် ၀ယ်မယ့်ဝယ်မှတော့ ကောင်းတာပဲ ၀ယ်ချင်တာကြောင့် Iphone 6 ပဲ ၀ယ်ဖြစ်ခဲ့တယ်..။ တစ်လျှောက်လုံး Samsung Android Phone သုံးလာခဲ့တဲ့သူက အခုတော့ Iphone ပြောင်းကိုင်ရပြန်ပါဦးမယ်...။ ဈေးတွေက Iphone 5s 16GB or Iphone 6 16 GB ဆိုရင် ဟန်းဆက်ဖိုးက မပေးရဘူး..။ ဒါပေမယ့် ၂ နှစ် Contract မှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းရောသုံးလို့ရပြီး တစ်လကို ယန်း ၇၀၀၀ လောက်ကျတယ်..။ မြန်မာငွေနဲ့ဆိုရင် ၇ သောင်းလောက်ပေါ့..။ တကယ်လို့ အဲဒီ ၂ နှစ်ကြားထဲမှာ Contract ကို Cancel လုပ်လိုက်မယ်ဆိုရင် Cancellation fees က ယန်းတစ်သောင်းပေးရမယ်တဲ့..။ ဖုန်းကတော့ unlock လုပ်မယ်ဆိုရင် နည်းနည်းတော့ ထပ်ပေးရလိမ့်မယ်ထင်တယ်..။

အခု ကျမ၀ယ်လိုက်တာက Iphone 6 128GB ၀ယ်လိုက်တာဆိုတော့ ဟန်းဆက်ဖိုးက အလကားမဟုတ်ပြန်ဘူး..။ တစ်လကို ယန်း ၉၉၀ ပေးရတယ်ဆိုတော့ လိုင်းဖိုးနဲ့ အင်တာနက်ဖိုးနဲ့ဆိုရင် တစ်လကို ယန်း ၈၀၀၀ ကျော် ပေးရတယ်...။ ဒါပေမယ့်လည်း Iphone တွေက External memory ထည့်မရတော့ ကောင်းကောင်းသုံးလို့ရအောင် 128 GB ပဲ တစ်ခါတည်း ၀ယ်လိုက်တာ..။ မဟုတ်ရင် 16 GB က App တွေ အများကြီးလည်း ထည့်လို့မရသလို photo တွေ အများကြီးလည်း မဆန့်ဘူးလေ..။ ဖုန်းပြောခက အချင်းချင်းဆိုရင် မနက် ၁ နာရီကနေ ည ၉ နာရီထိ Free။ အခြားဖုန်းတွေကိုဆိုရင်တော့ တစ်မိနစ်ကို ယန်း ၄၀ လောက်ပေးရတယ်။ ဒါပေမယ့် ဒီမှာ ကျောင်းတက်နေတဲ့ မြန်မာတွေအားလုံး ဖုန်းက ကုမ္ပဏီတစ်ခုတည်းက လုပ်ထားတာဆိုတော့ တနေကုန် Free call and free msg ဆိုတော့ အဆင်ပြေပါတယ်..။ အခြားဖုန်းကို အရေးတကြီးဆက်ချင်ရင် Lab မှာ လိုင်းဖုန်းတစ်လုံးရှိတော့ အဲဒါကိုသုံးလို့ရတယ်တဲ့..။ အင်တာနက်ကလည်း unlimited ပါ..။ 


ညနေ ၄ နာရီလောက်ပြန်ရောက်ကတည်းက Apple ID လုပ်တာ Apk တွေသွင်းတာနဲ့ အလုပ်တွေကို ရှုပ်လို့.။ ညစာတောင် မချက်ဘဲ ခေါက်ဆွဲပြုတ်စားပြီး တစ်ချိန်လုံး ထိုင်ကလိ၊ သုံးသမျှ Account တွေကို အကုန်ပြန်ဝင်ရနဲ့ ရှုပ်နေတာပဲ ..။ အရောင်လေးက ရွှေရောင်လေး..။ ဖုန်းနံပါတ်က နောက်ဆုံးဂဏန်း ၄ လုံးကို ကိုယ်ကြိုက်တဲ့ ဂဏန်းရွေးချင်တယ်ဆိုရင် ယန်း ၃၀၀ ပေးရမယ်လို့ ဆိုင်ကပြောတယ်..။ အင် တော်ပါပြီလို့ .. ကိုယ့်ဂဏန်းက သူများတွေမှတ်ရတာ၊ ကိုယ်မှတ်ရမှာမှ မဟုတ်တာ..။ ပိုက်ဆံအကုန်ခံပြီး မရွေးတော့ဘူး၊ ကံအတိုင်းပဲ ကျတဲ့ ဂဏန်းပဲ ယူမယ်ဆိုပြီး ယူလိုက်တာ နောက်ဆုံးဂဏန်း ၄ လုံးစလုံးက 1111 ဖြစ်နေတယ်.. တိုက်တိုက်ဆိုင်ဆိုင် ၀ယ်တဲ့နေ့စွဲကလည်း ၁၁ လ ပိုင်း ၁ ရက် ..။ အခု ဒီပို့စ်ကို စရေးတဲ့အချိန်တောင်မှ ည ၁၁း၁၁ နာရီဖြစ်နေသေး..။ ဟီးးဟီးး ပျော်စရာကြီး..။ ဂဏန်း ၁ တွေချည်းပဲ ^_^

အရင် ၂ နှစ်ကျော်ကျော်လောက် သုံးလာတဲ့ Samsung Galaxy S2 လေးကို ဘေးဖယ်ပြီး ဖုန်းအသစ်လေး ပြောင်းကိုင်ရတော့မယ် .။ အဲဒီ S2 က ဂျာမနီမှာကတည်းက ၀ယ်သုံးတာ..။ သုံးရတာအဆင်ပြေလို့ မြန်မာနိုင်ငံပြန်ရောက်တော့လည်း အသစ်မ၀ယ်ဘဲ အဲဒါလေးပဲ သုံးနေတာ...။ အခုတော့ ခွဲရတော့မယ်လေ ..T_T
 My Pink Family

အသစ်ဝယ်လာတဲ့ဖုန်းနဲ့ စမ်းရိုက်ကြည့်ပြီး ကလိနေတာ..။ အဲဒီ B612 ဆိုတဲ့ Selfie apk လေးက တော်တော်မိုက်တယ်..။ ပေတီးပေစုပ်ရုပ်တောင်မှ လှလှလေးထွက်လာသတဲ့ ...။ Apple ကို Samsung နဲ့ရိုက်၊ Samsung ကို Apple နဲ့ရိုက်နဲ့ အားလုံးကို ရှုပ်နေတာပဲ >_<


+++++++++++

ဒီလောက်ပါပဲ ...။ ဖုန်းကလိရတာ မျက်လုံးတွေလည်း ညောင်း၊ ဇက်ကျောတွေလဲတက်၊ ည ၁၂ နာရီလည်းကျော်ပြီဆိုတော့ အိပ်လည်းအိပ်ချင်လာပြီ ....။ နောက်ရက်တွေလည်း ရောက်တတ်ရာရာတွေ ဆက်ရေးပါဦးမယ်...။ Internet Connection က ကိုယ့်ဘက်မှာ ရှိသွားပြီလေ :D :D

Follow Us @soratemplates