Monday, 22 October 2012

ကြယ်ရောင်လင်းတဲ့ည ^^

October 22, 2012 9 Comments



*****************************************
နေရောင်ပျောက်သွားတိုင်း မှောင်မိုက်သွားတာမဟုတ်ပါဘူး
အေးချမ်းတဲ့ လရောင် ရောက်လာတတ်တယ်….။
လရောင်ကွယ်သွားတိုင်းလည်း
အလင်းမဲ့သွားတာမျိုး မဟုတ်သေးပါဘူး ….
ကြယ်ရောင်လင်းတဲ့ညတွေ အများကြီးပါ ….
မျက်လုံးမမှိတ်ထားဖို့ပဲလိုတာပါ ….
ဘယ်အချိန်ဖြစ်ဖြစ် အလင်းကိုတော့ မြင်ရမှာပဲ ….။

******************

သစ်ရွက်တွေကြွေသွားတိုင်းလည်း
အပင်သေသွားတာမျိုးမဟုတ်သလို ……
မြက်ခင်းတွေ ခြောက်သွားတိုင်းလည်း
ရေခမ်းသွားတာမဟုတ်ပါဘူး……။
ရွက်ဝါတွေကြွေပြီးရင် ရွက်သစ်တွေ တစ်ခါပြန်ထွက်လာသလို
မိုးကုန်သွားရင် နှင်းစက်တွေရောက်လာလိမ့်မယ် ….။

******************

တစ်ခါလဲကျတိုင်း ရှုံးနိမ့်သွားတာမဟုတ်သလို
ဝမ်းနည်းစရာတွေ့တိုင်း …. ပျော်ရွှင်မှုနဲ့ ဝေးကွာတာမဟုတ်ပါဘူး ….။
လဲကျတိုင်းပြန်ထ .. အောင်မြင်လာနိုင်သလိုပဲ
ဝမ်းနည်းစရာတွေကိုမေ့ပစ် …. ပျော်ရွှင်မှုတွေ တစ်ဖန်ပြန်ရောက်လာလိမ့်မယ် ….။

******************************************

Wednesday, 17 October 2012

သက်တန့်ပေါ်က လိပ်ပြာ ..(၁)

October 17, 2012 11 Comments


 (၁)
အသက် ၅၀ ဆိုတဲ့အရွယ်နဲ့မလိုက်အောင် လှပနေဆဲဖြစ်တဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း သူမရဲ့ အဆီအစ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ကို ကွယ်လိုကွယ်ငြား … ကိုင်လာတဲ့လက်ကိုင်အိတ်ကို ကိုယ်လုံးရှေ့ အမှတ်မထင် ဆွဲယူလိုက်မိသည်…။

"ဘယ်သူလိုက်ပို့လဲ.. ချယ်ရီ.." ဆိုသည့် အလုပ်လုပ်ရင်း စိတ်ထဲဘာမှတွေးပုံမရပဲ ရိုးရိုးသားသားမေးလိုက်သည့် မေးခွန်းတစ်ခုကို ရိုးရိုးရှင်းရှင်း ပြန်ဖြေဖို့မကြိုးစားမိဘဲ.. အချိန်တိုလေး အတွင်းမှာ မုသားသုံးချင်ခဲ့ခြင်းသည် မည်သူ့ကိုမှ ထိခိုက်စေခဲ့ခြင်းမရှိသည့်အတွက် အပြစ်ကင်း သည်ဟုတော့ သူမယူဆရပါလိမ့်မည်။ အပြင်သွားလျှင် တစ်ယောက်တည်းသွားတိုင်း စိတ်မချဖြစ် တတ်သော၊ ကြောက်တတ်သောစိတ်ကြောင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်လွန်ကာ ကိုယ်တိုင်ကားမမောင်းစေချင်ခဲ့သော ခင်ပွန်းကြောင့် မိမိကိုယ်ကို ယုံကြည်မှုများ မသိမသာတစ်စစ လျော့ပါးလာခြင်းနှင့်အတူ ဒီနေ့လည်း သားဖြစ်သူကိုယ်တိုင် ဒီရုံးရှေ့အထိလိုက်ပို့တာပါ ဟု အမှန်အတိုင်းပြောလိုက်လျှင် ကြောက်တတ်ရန်ကော .. ကိုယ်တိုင်တစ်ယောက်တည်း ကားမောင်းလာဖို့ သတ္တိနည်းသလားဟု ထင်သွားမလားတွေးမိကာ … "အိမ်က ကားတွေက ကိုယ်စီသုံးနေကြတော့ ငါယူလာဖို့ မရှိလို့ တစ်ယောက်တည်း Taxi စီးလာခဲ့တယ်" ဟု ပြန်ပြောမိခဲ့ပါသည်..။ ဒီလောက်အဝေးကြီးကို Taxi နှင့်မကြောက်မရွံ့တစ်ယောက်တည်း လာရဲလိုက်တာ ၊ သတ္တိရှိပေသားပဲ ဟူသည့် မှတ်ချက်တစ်ခုတော့ ရို့စ် အတွေးထဲမှာ တွေးမိသွားပါစေဟု သူမတိတ်တဆိတ်ဆုတောင်းလိုက်မိသည်..။ 

မြင်ကွင်းရှေ့မှ အဆီမရှိသော ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီစွာဝတ်ဆင်ထားသော ၀တ်စုံကြောင့် သူမထက် အသက်တော်တော်ငယ်သည်ဟု ထင်မှတ်နိုင်သော ရို့စ်သည် ကျောင်းတုန်းကတော့ သူမ၏ ကျော့ရှင်းသော ကိုယ်ခန္ဓာအချိုးအစားကို အားကျလိုက်တာဟု ရေရွတ်တတ်သူတစ်ဦးဖြစ်ခဲ့ဖူး သည်…။ သားနှင့်သမီးကို မွေးဖွားပြီး အိမ်ထောင်တာဝန်၊ သားသမီးတာဝန်တွေကြားမှာ အချိန်ကုန်မှန်းမသိကုန်နေခဲ့သော သူမသည် တရိပ်ရိပ်တက်လာခဲ့သော ပေါင်ချိန်နှင့် ခါးပေါ်မှ အဆီပြင်တစ်ချို့ .. စမ်းမိလိုက်တိုင်း အရစ်တစ်ခုနှင့်ခြားထားသော မေးစေ့နှစ်ထပ်တို့ကြောင့် စိတ်ညစ်မလိုဖြစ်ခဲ့ရသော်လည်း ခင်ပွန်းနှင့်သားသမီးများ၏ အပြုံးအပျော်များကြားမှာ.. အလှအပဆိုတာ သူမအတွက် ဘ၀၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် မတွေးမိတတ်တော့ တာ တော်တော်ကြာနေခဲ့ပြီဖြစ်သည်…။ 

" ခဏနော် သူငယ်ချင်း … overseas call ၀င်လာလို့" ဟု ကမန်းကတန်းပြောဆို ကာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနှင့် အင်္ဂလိပ်လို အလုပ်ကိစ္စများ ဆွေးနွေးပြောဆိုနေသော၊ ဌာနတစ်ခု၏ အကြီးအကဲတစ်ယောက်ဖြစ်နေပြီဖြစ်သော သူငယ်ချင်းဖြစ်သူကို ငေးကြည့်နေရင်း ရို့စ် လိုသာ ပညာတွေကြိုးစားသင်ပြီး အလုပ်ကိုတစိုက်မတ်မတ်ကြိုးစားလုပ်ခဲ့လျှင် အခုလို အင်္ဂလိပ်စကားကို ထမင်းစားရေသောက်သလို.. ပညာရပ်ပိုင်းဆိုင်ရာစကားလုံးတွေကို စာအုပ်မကြည့်ပဲ …. အချက်ကျကျ ရှင်းလင်းပြောဆိုနေသော မိန်းမတစ်ယောက်သည် သူမဖြစ်ကောင်းဖြစ်နေပါလိမ့်မည်…။ အမည်ရှေ့မှ ဒေါက်တာဆိုသည့် ဂုဏ်ပုဒ်တစ်ခု၊ အမည်နောက်မှ ကြီးကျယ်သည့် ရာထူးတစ်ခုအပြင် ဘွဲ့ဒီဂရီများ၊ အဆောင်အယောင်များကို သူတစ်ဦးတည်းပိုင်ဆိုင်ထားသည့် ရို့စ်ရှေ့မှာတော့ ခင်ပွန်းဖြစ်သူ၏ ဂုဏ်ပုဒ်များကို အကာအကွယ်ယူ၍ မသိမသာပေါ်လာတတ်သည့် အားငယ်စိတ်ကို ကြိုးစားမေ့ဖျောက်ထားခဲ့ဖူးတာ မိမိဘာသာ အသိဆုံးဖြစ်ခဲ့ပါသည်..။ အခုတော့ မီးဖိုထဲမှာ…. အိမ်ကဧည့်ခန်းထဲမှာ.. ခြံထဲက ပန်းခြံထဲမှာ အချိန်တွေကိုကုန်ဆုံးစေလေ့ရှိခဲ့သော သူမလိုမိန်းမတစ်ယောက်အဖို့… မနက်အိပ်ရာနိုးလျှင်တောင် ခင်ပွန်းနှင့် သားသမီးများကို Good Morning ဟုနှုတ်ဆက်ဖို့တောင် မတွေးမိခဲ့သဖြင့် … ဘာသာစကားဘယ်နှစ်မျိုးတတ်သလဲဟုများ တစ်ယောက်ယောက်မေးလာခဲ့ပါလျှင် တစ်ကမ္ဘာလုံးသုံးစွဲနေသော English စကားလည်း တတ်ပါတယ်ဟုပြောဖို့ ယုံကြည်ချက်များ ပျောက်ဆုံးခဲ့ပြီဖြစ်သည်..။

"လပြည့်နေ့မှာ အိမ်မှာအလှူလုပ်မှာမို့ ရှင့်ကိုလာဖိတ်တာလေ.. ပြီးတော့ မတွေ့တာလည်း ကြာတော့ အေးအေးဆေးဆေးစကားပြောချင်တာလဲ ပါတာပေါ့ .." ဟု လာရင်းကိစ္စကိုပြောအပြီး .. "တစ်နေရာမှာ တို့တွေ ကော်ဖီသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတာပေါ့.. ပြီးရင် အပြန်ကို လာမကြိုခိုင်းနဲ့တော့.. ငါပဲ လိုက်ပို့ပေးမယ် .." ဟုပြောလာခဲ့သော ရို့စ်ရဲ့စကားအဆုံးမှာ "မင်းလိုခပ်ရိုးရိုးပုံမျိုးနဲ့ ဒီလောက်အဝေးကြီးကို Taxi နဲ့တောင် စိတ်မချပါဘူး" ဟုပြောတတ်သော ခင်ပွန်းဖြစ်သူကို တဆိတ်ပိုလွန်းသည်ဟုထင်သွားမိခဲ့သည်…။ သူမနှင့်သက်တူရွယ်တူမိန်းမ တစ်ယောက်တောင် တစ်ယောက်တည်း ကားတစ်စီးမောင်းပြီး သွားလာကျင်လည်နေတဲ့အချိန်မှာ .. ကိုယ်တိုင်ကားမမောင်းစေသည့်အပြင် အငှားကားနှင့်တောင် စိတ်မချတတ်သော ခင်ပွန်းနှင့်သားသမီးများ ကို သူမရဲ့ ရဲဝင့်ယုံကြည်မှုတွေပျောက်ဆုံးအောင် စကားလုံးတွေနှင့် ထိုးနှက်ထားသည်ဟု တစ်ကြိမ်တော့ ငြိုငြင်သွားမိသည်…။ 

ကိုယ်တိုင်ရှာဖွေရရှိထားသည့် ချွေးနှဲစာမဟုတ်ပဲ ခင်ပွန်းသည်ပေးလေ့ရှိသော ငွေကြေးများဖြင့်သာ မိဘတွေကို မိသားစုလိုက်သွားကန်တော့တိုင်း ကိုးလလွယ်ဆယ်လဖွားရုံမက မှဲ့တစ်ပေါက်မစွန်းစေဘဲ ပညာတွေတတ်မြောက်အောင် တစ်ဘ၀လုံးကြိုးစားသင်ကြား ကျွေးမွေးပေးခဲ့သော မိဘတွေအတွက် သားသမီးတာဝန်မှ ကျေပွန်ပါရဲ့လားဟု သံသယ၀င်ခဲ့ဖူးသည်…။ ထိုအခါမျိုးမှာ မိဘနှစ်ပါးစလုံးကို တစ်အိမ်ထဲမှာ အတူနေစေ၍ ရှာဖွေရသမျှ ကျေးဇူးဆပ်ကာ မွေးရကျိုးနပ်လိုက်တာဟု လူအများပြောလေ့ ချီးမွမ်းလေ့ရှိသည့် ရို့စ်ကို သူမ တိတ်တိတ်ကြိတ်ပြီး လေးစားအားကျခဲ့ရပါသည်။ ခင်ပွန်းနှင့် သားသမီးများအကြိုက် ဟင်းမျိုးစုံကို မရိုးအောင် ချက်ပြုတ်ကျွေးမွေးလေ့ရှိသော သူမသည် အိမ်ထောင်ကျပြီးကတည်းက အဝေးမှာနေသော မိဘတွေအတွက် သူတို့စိတ်ကြိုက် ဘယ်နှစ်ကြိမ်များ ချက်ပြုတ်ကျွေးမွေးခဲ့ဖူးပါလိမ့်ဟု လက်ဆယ်ချောင်းကို ထောင်ကြည့်ရင်း နေ့စဉ်နေ့တိုင်း မိဘတွေအတွက် ကျန်းမာရေးနှင့်ကိုက်ညီအောင် ဘယ်လိုအစားအစာတွေ ချက်ရမလဲဟု တွေးနေ တတ်သော ရို့စ်ကို မနာလိုဖြစ်မိကောင်း ဖြစ်မိပါလိမ့်မည်...။

ဖိတ်စာတစ်ခုရောက်လာတိုင်း ဦးနေနိုင်နှင့် ဇနီး ဟူသော အသုံးအနှုံးများ.. တခါတရံ သူမ၏ အမည်ကိုမေ့လျော့ကာ ဆရာကတော်ဟုခေါ်ဆိုသုံးနှုံးပုံများ ..၊ နေထိုင်ရာအိမ်သည် ဦးနေနိုင်၏အိမ်၊ ပစ္စည်းဥစ္စာ၊ ရာထူးများစသဖြင့် သူမကိုယ်သူမတောင် မပိုင်ဆိုင်တော့သလို အဖြစ်များကြောင့် ရွှေတောင်ကြီးများပြိုသွားလျှင် ဆိုသည့် စိုးရိမ်သောကပွားနေရသည့် ဘ၀မျိုးကို တခါတလေ ကြောက်ရွံ့လာမိသည် ...။ လူတစ်ယောက်၏ အသက်ရှင်ရပ်တည်မှုသည် အခြားလူတစ်ယောက်အပေါ်မှာ မှီခိုနေရသည့်အဖြစ်ကို အားငယ်လာမိသလို ပိုင်ဆိုင်ထားသမျှ ဆုံးရှုံးသွားမည့်ဘ၀မျိုးကို တွေးကြောက်နေတတ်ခဲ့သည်..။ ထိုအခါမျိုးမှာ ကိုယ့်ဝင်ငွေပေါ် ကိုယ်ရပ်တည်ကာ ဘယ်သူ့အကူအညီမှမယူပဲ ဘ၀ကို တစ်ယောက်တည်း ရဲရဲကြီးဖြတ်သန်းနေသော သူငယ်ချင်းကို ငေးမောနေမိခဲ့ဖူးသည် ။

တစ်ခုခုဆုံးဖြတ်မလိုလုပ်တိုင်း ခင်ပွန်းသည်ကို အသေးအဖွဲလေးမှအစ တိုင်ပင်ပြီး သူ့အကြံညဏ်မှမယူရလျှင် မနေနိုင်သော သူမသည် Decision Making role မှာနေကြီးကျယ်သော အလုပ်ကိစ္စများကို စီမံခန့်ခွဲနေသော ရာထူးကြီးကြီးအမျိုးသမီးကိုမြင်တိုင်း သိမ်ငယ်စိတ်တော့ ၀င်မိကောင်းဝင်လာမိပါလိမ့်မည် ..။ 

(၂)
ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်တော့ မိမိမဟုတ်သည့် မိမိမရရှိနိုင်သည့် ဘ၀မျိုးကို အားကျမိသည့် အဖြစ်အပျက်များ လူတော်တော်များများ ကြုံတွေ့ဖူးပါလိမ့်မည်..။ မတွေ့ဖြစ်သည့် ကာလများမှာ ရှားရှားပါးပါးဆုံမိခိုက် သူငယ်ချင်းနှစ်ဦးစကားတွေဖောင်ဖွဲ့နေမိမလားဟု ထင်မိခဲ့ပေမယ့် ကိုယ်စီအတွေးတွေနဲ့ ငြိမ်သက်နေတဲ့ စကားဝိုင်းတစ်ခုကို အသက်ဝင်လာစေဖို့ တစ်ကြိမ်လောက်တော့ ရင်ထဲက ခံစားချက်စစ်စစ်ကို သူငယ်ချင်းကို ဖွင့်ပြောဖို့ ကြိုးစားမိခဲ့ပါသည်…။ 

******************************************



 >>> ၀တ္ထရှည်မဟုတ်သည့် ၀တ္ထုလတ်တစ်ပုဒ်ကို ကြိုးစားရေးဖွဲ့နေပါသည် ..။ ဇာတ်လမ်းဇာတ်ကွက်များကို ဇာတ်အိမ်ခိုင်ခိုင်မာမာဖြင့် ရေးသားခြင်းထက် သရုပ်ဖော်အရေးအသား တိုးတက်လာဖို့ အသားပေးရေးသားထားသဖြင့် ဖတ်ရတာပျင်းစရာကောင်းချင်ကောင်းနေပါလိမ့်မည် ..။ နောက်အခန်းဆက်များကို ဆက်လက်ကြိုးစားရေးသားသွားမည်ဖြစ်ပါသည်ရှင်..။ တစ်ခါလောက်တော့ ဇာတ်လမ်းထဲမှာ နာမည်ထည့်ရေးတာမျိုးဖြစ်သလို အမည်ဆန်းဆန်းပြားပြားများ ကို ခေါင်းစားခံမစဉ်းစားချင်သောကြောင့် လွယ်လွယ်ကူကူအမည်များသာ သုံးထားပါသည် ^^






Thursday, 11 October 2012

ပြန်ဆုံမယ့် နေ့ရက်များဆီသို့ .......

October 11, 2012 10 Comments


ဝေးနေခဲ့ကြတာ ကြာခဲ့ပြီပဲ …. အေးမြမြလေညင်းတွေဝေ့၀ဲနေတတ်တဲ့နွေဦးကာလအချိန်တွေ .. နေရာတိုင်းစိမ်းစိမ်းစိုစိုတွေ့ရတတ်တဲ့ နွေနေ့ရက်တွေ၊ ပြီးတော့ ရောင်စုံသစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကျနေတတ်တဲ့ ဆောင်းဦးကာလတစ်ချို့လည်းပါဝင်ရင်း…. နောက်တော့ နှင်းပွင့်တွေ တဖွဲဖွဲကျနေတတ်တဲ့ သွေးခဲမတတ်အေးတဲ့ ဆောင်းရာသီတွေ ….. အချိန်တွေ တရွေ့ရွေ့ပြောင်းသွားနေပေမယ့် နင်နဲ့အဝေးကြီးမှာ ငါတစ်ယောက်တည်း ခုထိရှင်သန်နေဆဲ …. အထီးကျန်နေ့ရက်တွေကို ကျော်ဖြတ်နေဆဲ ….။ 

တခါတလေ သီချင်းအေးအေးလေးတွေကို တိုးလျလျလေးညည်းနေတဲ့အသံတွေကို ငါပြန်ကြားယောင်လာတတ်တယ် ….။  ညတွေတိုင်းမှာ ….. နင်နဲ့မိုင်ပေါင်းများစွာဝေးနေတဲ့နိုင်ငံ တစ်ခုက မြို့တစ်မြို့ရဲ့ …. တစ်နေရာမှာ … တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် … အချိန်တစ်ချို့ကို ဖြတ်သန်းနေရင်း ….။ နင့်အတွက် အဆင်ပြေစေဖို့ စိုးရိမ်ပူပန်နေတတ်ရင်း …. ဒီလိုအချိန် ငါ့ဘေးနားမှာ နင်ရှိနေရင်ကောင်းမှာပဲလို့ .. မဖြစ်နိုင်တဲ့ဆန္ဒတစ်ခုကို ပြုရင်း …. ဒါတွေက ငါ့နေ့ရက်တစ်ချို့ပဲလေ ……။

အနေဝေးရင် သွေးအေးသွားတတ်တယ်ဆိုတဲ့ ဆိုရိုးစကားတွေကို ပြောင်းပြန်ဖြစ်အောင် ငြိတွယ်တတ်တဲ့ ငါ့ရင်ခုန်သံတစ်ချို့ … ဝေးနေချိန်ရောက်မှ အလွမ်းတွေရော ထပ်ဆင့်ပိုတိုးပြီး ကြီးထွားလာတဲ့ သံယောဇဉ်အပိုင်းအစတွေ …..။ ငါသေချာသိနေပါတယ်….. ဒီနေ့လဲ နင်မပါတဲ့ နေ့ရက်ကို ကျော်ဖြတ်ရဦးမယ် … ရယ်မယောင်ပြုံးနေတတ်တဲ့ မျက်ဝန်းတစ်စုံကို တမ်းတနေရဦးမယ် …. ။ အကွာအဝေးက ငါ့နှလုံးသားရဲ့ ငိုညည်းသံကို ရပ်တန့်မသွားစေပါဘူး ..ချစ်သူ ….။ ဘေးနားမှာ နင်မရှိတဲ့ နေ့ရက်တစ်ချို့က ခက်ခဲကောင်း ခက်ခဲနေနိုင်ပေမယ့် ….. အဲဒီနေရာကို ဘယ်သူမှ အစားမ၀င်နိုင်ပါဘူး …….။ 

ဒီလိုကာလတွေပေါ့ ……. တစ်ချို့နေ့ရက်တွေမှာ …. ကြယ်တွေစုံတဲ့ကောင်းကင်အောက် …. အလွမ်းတွေက မိုးရေစက်တွေအဖြစ် ကျဲပက် … နင်ရော ..ငါရော မိုင်ပေါင်းများစွာ ကိုယ်စီဝေးနေကြပေမယ့် ….. လေလှိုင်းထဲက… အကြင်နာစကားသံတစ်ချို့ကြားမှာ ….အလွမ်းတွေကို သံယောဇဉ်အဖြစ် အသွင်ပြောင်း …ချစ်ခြင်းတို့ ခိုင်မြဲစေမယ် ….။ အကွာအဝေးကို မေ့လို့ …. ကြယ်တွေစုံတဲ့ကောင်းကင်ကြီးတစ်ခုတည်းအောက်မှာ …. ငါတို့နှစ်ယောက် ဝေးမနေကြပဲ ရင်ခုန်သံချင်း ထပ်တူကျရင်း … ငါ့နေ့ရက်တစ်ချို့ကို လှပစေခဲ့တယ် …..။  

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

တစ်ချိန်ချိန်တော့ …… ပြန်ဆုံဆည်းမယ့်နေ့ရက်တစ်ချို့ကို မျှော်လင့်နေရင်း …… မရောက်သေးတဲ့ အနာဂတ်အတွက် ကြိုရင်ခုန်ရင်း …… ငါ့ဘေးနားကနေ နင်ကမ်းပေးတဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင် …… ဘ၀ခရီးတစ်ခုကို အတူလျှောက်လှမ်းဖို့ ….. ငါတို့အတူတူကြီးပြင်းခဲ့တဲ့ နေရာတစ်ခုကို ငါပြန်လာခဲ့မှာပါ ……။  

နူးညံ့တဲ့ လက်ချောင်းလေးတွေနဲ့ ထိခတ်လိုက်တဲ့ ဂစ်တာသံတွေထဲ နင်ဆိုညည်းလိုက်တဲ့ သီချင်းသံစဉ်တစ်ချို့ကြား..... လှပတဲ့ ကာရံတွေကို အသုံးချ ငါ ကဗျာတွေ ဖန်တီးဖို့ ..... နှင်းပွင့်တွေ မရှိတဲ့ မိုးရေစက်တွေကြားထဲ ငါအရောက်ပြန်လာခဲ့မယ် ......။


တစ်နေ့နေ့ပေါ့ ...။ အဲဒီပြန်ဆုံမယ့် တစ်နေ့နေ့မှာ .......... နင့်ဘေးနားမှာ ထာဝရနေဖို့ ...... ငါ့အတွက် ... နင်ကိုယ်တိုင် တယုတယစိုက်ပျိုးထားတဲ့ နှင်းဆီနီရဲရဲတွေကြားထဲ .... ဆုပ်ကိုင်ထားတဲ့ လက်နှစ်စုံ ဒီတစ်သက်တာအတွက် တည်မြဲစေဖို့ .... ...၊ ဆုတောင်းနေမယ်ဆိုတာထက် .... ကြိုးစားနေမယ်ဆိုတာ နင်ယုံကြည်နေမှာပါ .......။

 .. And I love you more than I did before
        And if today I don't see your face 
Nothing's changed no one can take your place
        It gets harder everyday
♫ ♥

  Say you love me more than you did before
      And I'm sorry that it's this way
But I'm coming home, I'll be coming home
    And if you ask me I will stay, I will stay
I'll always stay …
♫ ♥



Oooh, oh I miss you
Oooh, oh I need you 
 

Follow Us @soratemplates