Saturday, 22 September 2012

# My Favorite Songs ^^ # Short stories of Love

Everytime ..♫ ♪ ♥




ဆောင်းဦးတောင် ရောက်လာပြီ ကောင်မလေးရဲ့ … သစ်ပင်တွေလည်း နင်ချစ်တဲ့အစိမ်းရောင်တွေ မဟုတ်တော့ပဲ …. အရွက်တွေက အရောင်စုံနေကြပြီလေ …
ရောင်စုံရွက်ကြွေတွေကြဲထားတဲ့လမ်းထက်.. တစ်ယောက်တည်းလျှောက်ရင်း …. မင်းပြောဖူးတဲ့စကားတစ်ချို့ပြန်ကြားယောင်လို့ ….. "ကျမက မိုးရာသီကိုချစ်တယ်လေ …မိုးစက်တွေ ထိတွေ့နေတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေကို မြင်ရတာလောက် ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းမျိုး ရှိနိုင်ပါဦးမလား..." 
မိုးစက်တွေအောက်မှာ ထီးမပါပဲ ပြေးလွှားလမ်းလျှောက်တတ်ပြီး မြက်ခင်းစိမ်းစိမ်းတွေကိုမချစ်တတ်ပဲ သစ်ပင်စိမ်းစိမ်း သစ်ရွက်စိမ်းစိမ်းတွေကို ငေးကြည့်သဘောကျနေတတ်တဲ့ ကောင်မလေးတစ်ယောက် … ။ ဘာလို့ မိုးရေထဲမှာ ထီးမဆောင်းချင်ရတာလဲလို့မေးတိုင်း … အဲဒါဆို ကောင်းကင်ကြီးနဲ့ ပိုဝေးကွာသွားမှာပေါ့လို့ပြန်ဖြေတတ်တဲ့ သူမ …။

"တခြားအရာတွေထက်စာရင် တိမ်တွေက ကောင်းကင်ကြီးနဲ့ အနီးဆုံးမှာရှိတယ်… ။ သူတို့ရွာချလိုက်တဲ့ မိုးရေတွေက လူသားတွေ သစ်ပင်တွေအတွက် အလှမ်းကွာလွန်းတဲ့ ကောင်းကင်ကြီးနဲ့ဆုံနိုင်ဖို့ လက်ကမ်းတာနဲ့ တူတယ်လေ …။ အဲဒါကို ကြားထဲမှာတစ်ခုခုတားဆီးလိုက်ရင် ကောင်းကင်ကို ထိတွေ့ခွင့်ရမှာမဟုတ်တော့ဘူး…။ နေပူလဲ ထီးမဆောင်းချင်ဘူး..။ မိုးရွာလဲ ထီးမဆောင်းချင်ဘူး ..။ ကောင်းကင်ကျယ်ကြီးနဲ့ဝေးကွာသွားသလို ခံစားရတယ်" လို့ ပြန်ပြောတတ်တဲ့သူမ အတွက် … သူကတော့ အရောင်အသွေးစုံ ထီးလှလှလေးများကို အမြဲလိုလို လက်ဆောင်ဝယ်ပေးဖြစ်ခဲ့ပါသည် …။



ငါမင်းကို အရိပ်မိုးပေးနိုင်ဖို့ အတောင်အလက်တွေ မစုံသေးဘူးလေ… အဲဒါကြောင့် နေသာတဲ့နေ့တွေမှာ မင်းလမ်းလျှောက်ရင် နေရောင်ကနေကာပေးဖို့ .. မိုးရွာထဲကို မင်းပြေးလွှားသွားရင် မိုးစက်တွေ မထိမှန်ဖို့ …. ကိုယ်လက်ဆောင်ပေးတဲ့ ထီးလေးတွေ အမြဲဆောင်းစေချင်တယ်လို့ ကိုယ်ပြောတိုင်း တိုးလျလျရယ်တတ်တဲ့ မင်းသွင်ပြင်တွေ …။ Forget me not လို့ခေါ်တဲ့ ကြည်ပြာပန်းလေးတွေကို ချစ်တတ်တဲ့မင်းအတွက် ကြည်ပြာပန်းပွင့်နုတ်နုတ်လေးတွေ ရေးခြယ်ထားတဲ့ ထီးလှလှလေးတွေကို မင်းအတွက် တကူုးတက ကိုယ်လက်ဆောင်ဝယ်လာပေးတိုင်း အမှတ်တရအလှထားတဲ့အရုပ်တစ်ခုလို ပန်းပွင့်လေးတွေ အရောင်ပျက်သွားမှာစိုးရိမ်လို့ ဒီအတိုင်းပဲ သိမ်းထားမယ်နော် လို့ ပြန်ပြောတတ်တဲ့ စကားသံတွေ ….။ မင်းကို တစ်ဘ၀လုံး စောင့်ရှောက်သွားချင်တာ.. နေပူပူ ..မိုးရွာရွာ.. ဘာအခက်အခဲပဲရှိရှိ ..မင်းရှေ့ကနေ ရင်ဆိုင်ပေးချင်တယ်..။ ငါ့ရင်ခွင်မှာ တစ်သက်လုံး ခိုလှုံစေပြီး ဘာအန္တရာယ်မှ မတွေ့အောင် အရိပ်မိုးပေးထားချင်တာ…။ အဲဒီဘ၀ရောက်အောင် ကိုယ်ကြိုးစားနေတဲ့ ဒီကာလတွေမှာတော့ ကိုယ်နဲ့ဝေးနေတဲ့ကာလတစ်လျှောက်လုံး ကိုယ့်ကိုယ်စား ဒီထီးလေးတွေက မင်းကို နေဒဏ် မိုးဒဏ်ကနေ ကာကွယ်ပေးထားစေချင်တယ်လေ …။ 

ကိုယ်သိနေတယ် ကောင်မလေးရဲ့ …။ ကိုယ်ဝယ်ပေးထားခဲ့တဲ့ ထီးလှလှလေးတွေကို ဟောင်းသွားတဲ့အထိ လွှင့်မပစ်ရက်ပဲ မင်းသိမ်းထားတတ်တာတွေ ….။ ထီးဆိုတာ စနေနာမ်လေ.. စနေနာမ်ထွက်သွားတာက ကောင်းတာပေါ့လို့ပြောပြီး မင်းရဲ့ ထီးအဟောင်းတွေကို လွှင့်ပစ်ဖို့ ပြောလေ့ရှိတဲ့ မင်းအမေနဲ့ မင်းနဲ့ အမြဲတမ်း စကားနိုင်လုရတာတွေ …..။ မကောင်းတော့တာတော့ လွှင့်ပစ်လိုက်ပါ.. ကိုယ်အမြဲတမ်း လက်ဆောင်ဝယ်ပို့ပေးးနေတာပဲလို့ ကြားကနေကူပြောပေးတတ်တဲ့ ကိုယ့်ကို " ရှင်နဲ့ဝေးနေတဲ့ ကာလတွေမှာ သူတို့နဲ့ပဲ ကျမအရင်းနှီးဆုံးဖြစ်ခဲ့ရတာလေ..... ရှင်ဘေးနားမှာ မရှိတဲ့အချိန်တွေတိုင်း ဒီထီးလေးတစ်ချောင်းကို ဆောင်းပြီး လမ်းလျှောက်နေရင် ကျမဘ၀က အထီးကျန်တယ်လို့ မခံစားရတော့ဘူး..။ ကျမရဲ့ ရဲဖော်ရဲဖက်လိုဖြစ်နေတဲ့ ဒီသက်မဲ့ပစ္စည်းလေးတွေကို လက်တွေ့မှာ အသုံးမ၀င်တော့ဘူးဆိုပြီး စွန့်ပစ်လိုက်ရင် ကျမက ကိုယ်ကျိုးကိုပဲကြည့်တတ်တဲ့ အတ္တသမားတစ်ယောက်ဖြစ်သွားမှာပေါ့ …။ သူတို့ဘယ်ဘ၀ပဲရောက်ရောက်.. ကျမနဲ့အနီးဆုံးမှာ အမြဲသိမ်းထားမယ်" လို့ ဖုန်းဆက်တိုင်း ပြောတတ်တဲ့ ကောင်မလေးရဲ့အသံလေးတွေ ….။ ကလေးမဆန်သင့်တော့ဘူးကောင်မလေးရဲ့..မင်းအသက်က မငယ်တော့ဘူးလို့ ကိုယ်အကြံပေးတိုင်း …. "ကျမလူကြီးဆန်နေပါပြီ.. ရှင်ကအဝေးမှာဆိုတော့ ဘယ်သိနိုင်မလဲ … ရှင်နဲ့စကားပြောရင် ရင့်ကျက်ဖို့တော့ ကြိုးစားလို့မရသေးဘူး" လို့ ပြောတတ်တဲ့ စကားသံတွေကို ပြန်ကြားယောင်လာမိတယ်….။


မင်းဘေးနားမှာ ငါမပါပဲ ဘ၀ခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်ဖို့ ခွင့်မပြုနိုင်ဘူး ကောင်မလေးရဲ့ … ။ တစ်မြေထဲမှာ တစ်မြို့တည်းမှာနေစဉ်တုန်းက .. ငါတို့နှစ်ယောက်လက်တွဲပြီး လျှောက်ခဲ့တဲ့အတိုင်း… အချစ်တွေ ခိုင်မြဲခဲ့စဉ်တုန်းကအတိုင်း ငါ့ဘက်ကို အမြဲတမ်းငဲ့ကြည့်ပြီး ရဲရဲဝံ့ဝံ့လက်လှမ်းလိုက်ရုံပါပဲ….။ မင်းလက်ကလေးတွေကို ကိုယ်မလွှတ်တမ်း ဆုပ်ကိုင်ထားမှာပါ …။ "အခုလိုဝေးနေတုန်း သူစိမ်းတွေလိုပဲနော်… ရှင်အလုပ်ပျက်မှာစိုးလို့ ရှင်စာကြည့်ပျက်မှာစိုးရိမ်လို့ တခါတလေ message လေးချန်ထားဖို့တောင် စဉ်းစားနေရတယ်" လို့ အလိုက်တသိပြောတတ်တဲ့ မင်းစကားလုံးတွေနောက်မှာ သံယောဇဉ်တွေကို ကိုယ်မြင်နေရပါတယ် ....။

တစ်ချိန်က ကိုယ်ရှုံးနိမ့်မလိုဖြစ်သွားတတ်တဲ့အခါတိုင်း … ၀မ်းနည်းစိတ်ဓါတ်ကျတဲ့အချိန်တိုင်း လူကြီးတစ်ယောက်လို နွေးထွေးတဲ့အားပေးစကားတွေပြောတတ်ပြီး ခွန်အားတွေပြန်ဖြစ်စေတတ် တဲ့ ကောင်မလေးသာ ကိုယ့်အနားမှာမရှိရင် တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေရတဲ့ ဘ၀ကြီးက ပြီးပြည့်စုံမှုမရှိ.. အဓိပ္ပာယ်မဲ့သွားသလို….။ ကိုယ့်အတောင်ပံတွေလိုဖြစ်နေတဲ့ မင်းမှမပါရင် ကိုယ်ပျံသန်းဖို့ကြိုးစားတဲ့အချိန်တိုင်း လဲကျနေလိမ့်မယ်… ။ ဘ၀ခရီးတစ်ခုကို ပျံသန်းဖြတ်ကျော်ဖို့ ကိုယ့်အတောင်ပံတွေကို လိုအပ်တယ်ကောင်မလေးရဲ့ …။ ဝေးနေတဲ့ကာလတစ်လျှောက်လုံး မင်းရဲ့အရိပ်တွေပဲ ကိုယ့်ကိုချောက်လှန့်နေတတ်တယ်..။ အိပ်မပျော်တဲ့ညတွေမှာ မင်းမျက်နှာပဲမြင်ယောင်ပြီး မင်းအကြောင်းပဲတွေးနေတတ်သလို အိပ်ပျော်တဲ့အချိန် အိပ်မက်တိုင်းကိုလဲ မင်းပဲစိုးမိုးထားတတ်ပြန် တယ်…  သေချာတာက ကိုယ် မင်းကို လိုအပ်တယ် ဘေဘီ …..။

♪ ♪..... Everytime I try to fly I fall
 Without my wings
I feel so small
I guess I need you baby
And everytime I see
You'r in my dreams
I see your face
Its haunting me
I guess I need you baby……. ♪ ♪

ကိုယ့်ရဲ့အတ္တတွေကြောင့် ကိုယ့်ရဲ့ လောဘတွေကြောင့် မင်းနဲ့အဝေးကြီးမှာလာနေ... ကြိုးစားနေခဲ့ရပြီး မင်းကိုအလွမ်းတွေနဲ့ အဖော်ပြုနေစေလို့ ကိုယ်ဖန်တီးခဲ့တဲ့အလွမ်းတွေကြောင့် တခါတလေ မင်းမျက်ရည်ကျနေစေအောင် ဖြစ်နေတတ်ပြီလား… ။ ဘ၀အတွက် ခဏလောက်ဝေးနေတဲ့ ကာလလေးအတွင်းမှာ မင်းအမြဲဆိုညည်းနေတတ်တဲ့ Everytime ဆိုတဲ့သီချင်းအေးအေးလေးကို ကိုယ်နားထောင်နေတတ်ပြီ.....။ 


♪ ♪..... I may have made it rain
Please forgive me
My weakness Caused you pain
And this song's my sorry  …. ♪ ♪

တစ်ချိန်တုန်းက ကိုယ်တို့ နှစ်ယောက်အတူတူလျှောက်ခဲ့ဖူးတဲ့ မိုးရေထဲမှာ မင်းချစ်တဲ့ သီချင်းလေးကို နှစ်ယောက်အတူဆိုညည်းလို့ သစ်ပင်တွေက လေယူရာယိမ်းပြီး မိုးနဲ့အတူ ကခုန်နေမယ့် နေ့ရက်တစ်ချို့အတွက် ကြိုရင်ခုန်ရင်း ဒီဆောင်းဦးကာလတစ်ခုကိုတော့ ရွက်ကြွေတွေကို ငေးကြည့်လို့ အထီးကျန်နေ့ရက်တစ်ချို့ကို ဖြတ်သန်းရဦးမယ် ........။



14 comments:

ချစ်စံအိမ် said...

ရေးတတ်ပါပေစနိုးရေ..
စိတ်ကူးတောင်ယှဉ်သွားပါတယ်.:)

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ဇာက်လမ်းကရိုးရိုးလေးပေမယ့် စာသားတွေနဲ့ရေးထားတဲ့ပုံစံကြောင့် ဖတ်လို့ကောင်းတယ်အမ.....

အိပ်မက်ကောင်းကင် said...

မမစနိုးရေ ကြာလေကြာလေ အရေးအသားလေးတွေက
ပိုကောင်းလာလေလေပါလားးးး
အားတောင်ကျမိတယ် :P
Every time ဆိုတဲ့ သီချင်းလေးကိုလည်းကြိုက်တယ်
နားထောင်သွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

သီချင်းလေးလဲနားထောင်ခဲ့တယ်
သီချင်းကိုခံစားပြီး အက်ဆေးဆန်ဆန်ရေးထားတာလေးကလဲ
အရမ်းဖတ်လို့ကောင်းတယ်
မဂျီးဂျက်က ဆောင်ရာသီကိုချစ်တယ်
ဆောင်းဦးကိုလဲချစ်တယ်
ပိုစ့် အသစ်လေးတက်လာ
တိုင်းရောက်ဖြစ်တယ်sweety ရေ

မိုးသူ(တောင်ကြီး) said...

ရေးထားတာလေး ကသေသပ်လှပါတယ်
ကြိုက်တယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးနတ်ကြယ်စင် said...

သီချင်းလေးကို စိတ်ကူးနဲ့ ပုံဖော်ပြီးရေးထားတဲ့ ဇာတ်လမ်းလေး..အားကြီးကောင်းမှကောင်း..
ရေးလက်လေးကလဲ တက်ပါ့...သတိတရရှိနေတယ်
စနိုးရေ...အားပေးနေတယ်နော်..
ခင်မင်နေတဲ့..မိုးနတ်

မင်းအရိပ် said...

ဟဲ
ကျွန်တော်ကတော့ နွေဦးသစ်ရွက်ရောင်စုံတွေပဲ ကြိုက်တယ်
အရောင်အသွေးစုံတယ် ပိုလှသလားလို့
ဓာတ်ပုံရိုက်လို့ သိပ်ကောင်းပေါ့
ဟုတ်တယ်ဟုတ်
လှပတဲ့ အရေးအသားလေးတွေကို အားပေးသွားကြောင်းပါနော်

Yoemyaykya said...

မနေ့ကတည်းက မန့်ချင်နေတာ ကွန်နက်ရှင်ကမကောင်းလို့မမရေ။
ကိုယ့်ရဲ့ အတောင်ပံတွေနဲ့တူတဲ့ ကောင်မလေးကို ကိုယ်တကယ်လိုအပ်နေပါတယ်….

မြတ်နိုးသူ(MUFL) said...

ဝေးနေတဲ့ကာလတစ်လျှောက်လုံး မင်းရဲ့အရိပ်တွေပဲ ကိုယ့်ကိုချောက်လှန့်နေတတ်တယ်..။ အိပ်မပျော်တဲ့ညတွေမှာ မင်းမျက်နှာပဲမြင်ယောင်ပြီး မင်းအကြောင်းပဲတွေးနေတတ်သလို အိပ်ပျော်တဲ့အချိန် အိပ်မက်တိုင်းကိုလဲ မင်းပဲစိုးမိုးထားတတ်ပြန် တယ်… သေချာတာက ကိုယ် မင်းကို လိုအပ်တယ်
အရမ်းကောင်းတယ်အမရေအားပေးသွားပါတယ်

Anonymous said...

တော်တဲ့သူတွေရေးတတ်ကြပါပလေတယ်..ဟက်ဟက်

လွင်ပြင်လှိုင်းငယ် said...

တပုဒ်ထက်တစ်ပုဒ်လက်ရည်တက်လာတယ်

mstint said...

ဆောင်းဦးရဲ့ လှပတဲ့ ရှုခင်းပန်းချီကားချပ်လေး ကြည်ပြာပန်းလေးနဲ့အတူ သီချင်းလေးကို နားဆင်ရင်း စကားလုံးလှလှလေးတွေ အားပေးသွားတယ် စနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသက် said...

အစ်မရှနိုး.. လိုမှ လာတယ်တော့မထင်ပါနဲ့ဂျာ..။
တားဘလော့လေးလင့်ခ်ပျက်သွားလို့ လာပြောတာ.။ အသစ်ပြောင်းလိုက်ပါပီ.။
နာမည်လည်းချိန်းလိုက်ပီ နွေမိုးလို့.။

နွေလ said...

သီချင်းလေးက ငြိမ့်ငြိမ့်ညောင်းညောင်းလေး
နားထောင်ရတာ အရမ်းမိုကတယ်
ဘရစ်တနီကို ဒီတစ်ပုဒ်ပဲ ကြိုက်တယ်
သိပ်မကြိုက်ဘူး
စာကိုတော့ Save file လုပ်သွားတယ်
နောက်မှ ပြန်လာမန့်မယ်
အခုတော့ သေသေချာချာ ဖတ်လိုက်ဦးမယ်
နှစ်ပတ်အတွင်း မလာဖြစ်တာ
သွားစရာတွေ တော်တော်များနေတယ်

Follow Us @soratemplates