Saturday, 2 February 2013

# Days in Germany # My Own Feelings

31th January အမှတ်တရ ♥ ♥


အစိမ်းရောင်တွေ လင်းတဲ့နေ့
ဇန်န၀ါရီ(၃၁)…….
ဖြူလွှလွှ နှင်းဝတ်လွှာအောက်
Aquarius တစ်ယောက်ရဲ့ ပေးဆပ်ခြင်းနဲ့
ချိုမြမြ နှင်း စပွင့်တဲ့နေ့
အဲဒီနေ့မှာ
ပန်းစကားတွေလဲ တိုးတိုးဖွဖွလေး ခင်းကျင်းထားလို့
ကဗျာတွေလဲ မထိတထိ ရှိုက်တယ်။
သေချာပါတယ်….
တစ်လောကလုံးလဲ တောထလို့
အစိမ်းရောင်တွေနဲ့ လင်းထိန်နေအောင် နှင်းကို ကြိုဆိုခဲ့မှာ။
ရိုးမြေကျ(24.1.2013, 11:55am)
(အစ်မ စနိုးအတွက် Jan 31 အတွက် မွေးနေ့အမှတ်တရ)


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ဖြူလွလွ  စိတ်ရင်းတွေကြား
ချိုမြတဲ့  အပြုံးလေးတွေ 
လှလွန်းတယ်  တအား
ဘယ်အချိန်  ကြည့်ကြည့်
ရိုးသား ပွင့်လင်းမှုတွေ
သူ့ဆီမှာ  ရှိတယ်ကွာ
နတ်သမီးလေး တစ်ပါးလို 
ချစ်စရာ ကောင်းလိုက်တာများ
အဲဒါ  အားလုံးက ချစ်ကြတဲ့
စနိုးလေး  တဲ့လား 
(ဘလော့ဂါညီအစ်မ စနိုးလေးအတွက် မွေးနေ့အမှတ်တရ ရေးပေးထားတဲ့ ကဗျာလေးပါ....
 မိုးနတ်ရေးတတ်သလို ရေးထားတာမို့ စနိုးရေ.... နှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်....
 စနိုးလေး ယခုမွေးနေ့မှစလို့ နောင်လာမဲ့မွေးနေ့များစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့   
 လိုရာဆန္ဒပြည့်ဝပါစေနော် :)))  ) 
 ချစ်တဲ့.....မိုးနတ်

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

အဲဒီနေ့ပေါ့.. ဘယ်သူ့အတွက်မှ မထူးခြားပေမယ့် မြန်မာနိုင်ငံက မြို့သေးသေးလေးရဲ့တစ်နေရာမှာနေတဲ့ လူနှစ်ယောက်အတွက် မေ့မရတဲ့နေ့..။ အခြားသူတွေနဲ့ဆို စကားသိပ်မပြောတတ်ပေမယ့် အဲဒီလူနှစ်ယောက်နဲ့ဆို ပေါက်ပေါက်ဖောက်သလို စကားတွေတတွတ်တွတ်ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်မွေးတဲ့နေ့..။ နှစ်တိုင်း အဲဒီနေ့ရောက်ရင် သမီးအတွက် အမှတ်တရ တစ်ခုခုလုပ်ပေးတတ်တဲ့သူနှစ်ယောက်အတွက် ဒီနှစ်မွေးနေ့မှာလည်း အဝေးမှာရောက်နေရပြန်တယ်..။ မိသားစုနဲ့ဝေးနေပေမယ့် အတူတူတစ်တန်းတည်းပညာသင်နေကြတဲ့ အဝေးမှာရောက်နေကြတာချင်းအတူတူ ဒီလိုအမှတ်တရနေ့ကို အတူတူဖြတ်သန်းကြမယ်ဆိုပြီး သူငယ်ချင်းတွေလုပ်ပေးတဲ့မွေးနေ့ပွဲကြောင့် ကျမရဲ့နေ့ဟာ အထီးမကျန်ပဲ ရယ်သံတွေပဲ လွှမ်းနေခဲ့တယ်..။ Facebook ကဆုတောင်းသံတွေ..mail, skype, phone message ကမွေးနေ့ဆုတောင်းတွေ ဖုန်းထဲက အဖေနဲ့အမေရဲ့စကားသံတွေကြားမှာ အဲဒီနေ့က ပိုလှပသွားခဲ့တယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှ အလုပ်တွေလဲ အတော်ရှုပ်၊ အလုပ်ရှုပ်တော့ စိတ်ရှုပ်။ သူငယ်ချင်းတွေက ဒီရက်တော့ အေးအေးဆေးဆေးနားသင့်တယ်လို့ ပြောကြပေမယ့် ကိုယ့်တာဝန်ကို ကျေအောင် လုပ်ချင်တာကြောင့် သူတို့စကားလဲ နားမထောင်ဖြစ်ခဲ့..။
နေ့လည်လောက်မှ ရုတ်တရက် သူတို့လာခဲ့မယ်ဆိုတာကြောင့် စားစရာတစ်ချို့ပဲပြင်ဆင်ဖြစ်ခဲ့တယ်..။ မြန်မာအစားအစာတွေ မြည်းကြည့်ချင်တယ်ဆိုလို့ တစ်ယောက်တည်း ကြိုးစားပြီး ဖန်တီးကြည့်လိုက်တာ .. ဂျပန်စာတွေရော ကုလားစာတွေရော ပါကုန်လို့ အာရှအစားအစာနော်. မြန်မာအစာတင်မကဘူးလို့ ပြန်ပြင်ပြောရသေးတယ်..။ အာရှအစားအစာတွေ မြည်းကြည့်ရမှာ တစ်ခါမှ မစားဖူးလို့ ရင်ခုန်တယ်လို့ တောင်အမေရိက က သူငယ်ချင်းတစ်ယောက်ကပြောရင်း တော်တော်အားပေးသွားပါတယ်..။ အစားအသောက်ချက်ရင် ကျမက ကိုယ့်ကိုယ်ကို ဘယ်တော့မှ ယုံကြည်မှုမရှိဘူး.. ကိုယ်စားဖို့တော့ ပေါက်ကရ လုပ်ချင်သလိုလုပ်ပေမယ့် သူများကိုကျွေးဖို့ဆို ကောင်းကောင်းပြင်ဆင်တတ်ချင်တာကြောင့် ဘယ်တောမှစိတ်တိုင်းမကျလို့ ချက်တာပြုတ်တာတော့ အမြဲကြောက်ကြောက်လန့်လန့်ပဲ.. ကိုယ်ချက်တာကို မကြိုက်မှာ ချက်တာမကောင်းမှာ စိုးရိမ်တာလေ..။
ပုဇွန် Spring roll ဒီတစ်ခုကတော့ သေချာကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တော့ ဒါအတွက် စားမကောင်းမှာ မပူရဘူး..။ 

ထမင်းလိပ်ကတော့ ပထမဆုံးဆိုတော့ ဘုရားတပြီး လုပ်ရတယ်. အ၀ိုင်းမဟုတ်ပဲ လေးထောင့်တုံးတွေ ဖြစ်နေတာက ရှိသေးတယ်..။
မြန်မာအစားအစာစစ်စစ် လက်ဖက်သုပ်.. ဒါလည်း အိမ်မှာဆို သူများသုပ်တာမှကြိုက်တယ်. ကိုယ်တိုင်သုပ်တာဆို ဘယ်တော့မှ စိတ်တိုင်းမကျ..။
ဒါက Main dish (Typical Myanmar Food) .. မစားခင်က ဓါတ်ပုံမရိုက်ထားဖြစ်လိုက်လို့ နောက်ဆုံးသူငယ်ချင်းတွေပြန်သွားမှ ဓါတ်ပုံမရိုက်ရသေးတာ သတိရပြီး ကျန်တာနဲ့ ခင်းကျင်းရိုက်ထားလိုက်ရတာ..။ ဒီအကြောင်းရှင်းပြရတာလည်း အမော.. ဘယ်လိုချက်လဲ မေးနေလို့ အင်တာဗျူးဖြေနေရသလိုပဲ.. တစ်ဆင့်ချင်း ရှင်းပြနေရသေးတယ်..။ မုန့်ဟင်းခါးနဲ့တော့ တူပါတယ်နော်.. :)
=========================================
အဲဒီနေ့အတွက် အမှတ်တရ ကဗျာရေးပေးတဲ့ ရိုးမြေကျနဲ့ မိုးနတ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်..။ အပေါ်ဆုံးက ကဗျာ ၂ ပုဒ်က ညီမလေး ၂ ယောက်ရေးပေးတဲ့ ချစ်စရာကဗျာလေးတွေပေါ့..။
Birthday Cake က သူငယ်ချင်းတွေစီစဉ်လာကြတာ..။ ဖယောင်းတိုင်မမှုတ်ခင် ကိုယ်ပြည့်ချင်တဲ့ ဆုတစ်ခု တောင်းတော့ စိတ်ထဲမှာ အာရုံပြုပြီး တစ်ယောက်တည်း တိတ်တိတ်လေးတောင်းတဲ့.. သူငယ်ချင်းတွေကပြောတယ်..။
အဲဒီဆုတောင်းက ဘာလဲဆိုတော့ ထူးထူးခြားခြားတော့ မဟုတ်ပေမယ့်.. ကျမရဲ့မိဘနှစ်ပါးအတွက် အမြဲတမ်းဂုဏ်ယူရပြီး ပျော်ရွှင်မှုတွေပဲ ဖန်တီးပေးနိုင်တဲ့ သမီးတစ်ယောက်ဖြစ်ချင်ပါတယ် ဆိုတဲ့ ကျမအမြဲတောင်းဖြစ်တဲ့ဆုဖြစ်သလို အဲဒီလိုဖြစ်အောင်လည်း အမြဲကြိုးစားနေပါတယ်..။
==========================================

8 comments:

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးးးး
ပျော်ပါစေ စနိုးရေ...
စနိုးလေး မွေးနေ့မှာ ပျော်ရတယ်ဆိုလို့ မိုးနတ်
အရမ်းပဲ ၀မ်းသာကြည်နူးမိပါတယ်...
နောက်နှစ်နောက်နှစ်တွေမှာ ဒိထက်မက
ပျော်နိုင်ပါစေရှင်...မိုးနတ်ဆုတောင်းပေးလိုက်တယ်နော်
စနိုးတောင်းတဲ့ ဆုနဲ့လဲ ပြည့်ပါစေနော် :)))
ချစ်တဲ့.....မိုးနတ်

Anonymous said...

Happy Birthday Snow!!!
Iora

မိုးသက် said...

မသိလိုက်ဘူး အစ်မရေ.။
ဒီလို မှန်းသိရင် ကျွန်တော်လည်းရေးပေးပါတယ်..။
ဆောရီးနော်.။
မောင်ငယ်
မေမြို့မိုး

ဝိ၀ိ said...

ပျော်ရွှင်စရာမွေးနေ့ လေးဖြစ်ပြီး
ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေအားလုံးကို အောင်မြင်နိုင်ပြီး ပျော်ရွှင်သာယာစရာကောင်းတဲ့ ဘ၀လေးကိုပိုင်ဆိုင်ပါစေနော် အစ်မစနိုး

ဝိ၀ိ

Yoemyaykya said...

မွေးနေ့မှာ အားရပါးရပျော်ခဲ့တယ်မလားမမ။ မမတင်ထားတဲ့ မွေးနေ့ကိတ်စားလိုက်တာ သွားကျိုးသွားပီ။

Thu said...

စာရေးလဲတော်..အချက်အပြုတ်လဲကောင်းမယ့်ပုံပဲ..
ကဗျာရေးမပေးလိုက်ရတာတော့စိတ်မကောင်းဘူးမမရယ်။

မင်းအရိပ် said...

မရောက်တာကြာခဲ့ပါပြီစနိုးရေ
အလုပ်ရှုပ်နေလို့ ဘလော့ဘက်မလှည့်နိုင်ခဲ့တာလည်း ကြာပါပြီ
မွေးနေ့ကို မသိလိုက်တဲ့အတွက် ဆောရီးပါနော်

လရိပ်အိမ် said...

Happy Belated Birthday စနိုးလေးရေ။
ဘဝတလျှောက်လုံးအောင်မြင်မှုအပေါင်းနဲ့သရဖူဆောင်းနိုင်ပါစေနော်။

Follow Us @soratemplates