တကယ်ဆို ကျမက မြန်မာနိုင်ငံမှာမွေးကတည်းကနေခဲ့ပြီး
… သိပ်မကြာသေးတဲ့ကာလတစ်ခုဆီကမှ ဒီနိုင်ငံ ဒီနေရာကိုရောက်လာတဲ့သူပါ ..။ အချိန်တန်လို့
ကျောင်းပြီးရင် ကိုယ့်နိုင်ငံကိုယ်ပဲ ပြန်မယ့်သူတစ်ဦး..။ မြန်မာနိုင်ငံမှာ တသက်လုံးနေလာခဲ့တဲ့သူ…
ကျန်ရှိတဲ့သက်တမ်းတော်တော်များများမှာလည်း အဲဒီမှာပဲ ကုန်ဆုံးမယ့်သူတစ်ယောက်အနေနဲ့
အဲဒီဒေသရဲ့ ဓလေ့စရိုက်တွေက တွေ့နေကျမို့ မထူးဆန်းတော့ပေမယ့် .. သူမအတွက်တော့ အထူးအဆန်းဖြစ်နေပါသတဲ့
…။ သူမဆိုတာက ကျမနဲ့သိတဲ့ နိုင်ငံခြားမှာငယ်ငယ်ကလေးတည်းက နေခဲ့ပြီး သိပ်မကြာခင်က မြန်မာနိုင်ငံကို
အလည်သွားခဲ့သူတစ်ဦး …။ သူမကို လူတွေက ၀ိုင်းကြည့်ကြတာ … အဲဒီအကြည့်တွေထဲမှာ စူးစမ်းတဲ့အကြည့်တွေ
.. စပ်စုတဲ့အကြည့်တွေ ပါဝင်ပြီး အဲလိုမျိုးကြည့်တာဟာ နိုင်ငံကြီးသားမပီသဘဲ ရိုင်းစိုင်းတယ်လို့
ထင်ပါသတဲ့ ….။
သူမက အဲဒီလိုပြောလာတော့ တချိန်က
ကျမဆရာတစ်ယောက် ပြောသွားတာကို ပြန်ပြောင်းသတိရမိ
တယ်…။ ကျမ မြန်မာနိုင်ငံမှာ ဂျာမာန်စာသင်တော့
ဆရာက ဂျာမာန်လူမျိုးအစစ် ..။ ကျမတို့ သူနဲ့စာသင်ရတဲ့အချိန်မှာ သူက မြန်မာနိုင်ငံမှာနေခဲ့တာ
တစ်နှစ်ခွဲလောက်ကြာနေပြီ ..။ အဲဒီအချိန်အတိုင်းအတာအတွင်းမှာ မြန်မာလူမျိုးတွေရဲ့စရိုက်ကို
သူက တော်တော်တီးမိခေါက်မိရှိနေပြီ …။ ဆရာတပည့်ဆိုပေမယ့် ဂျာမာန်ထုံးစံအတိုင်း ကြောက်နေစရာမလို..
မေးစရာရှိတာမေး.. ပြောစရာရှိ တာပြော ပျော်ပျော်ရွှင်ရွှင်ပါပဲ …။ တရက်တော့ ဆရာလည်း တော်တော်ပြောချင်လာတယ် ထင်ပါတယ်…။
မြန်မာတွေရဲ့ ဓလေ့စရိုက်တွေအကြောင်း ပြောဖြစ်ကြတယ်…။ ရှင်းရှင်းပြောရရင် သူပြောတဲ့အနှစ်ချုပ်က
မြန်မာလူမျိုးတွေက ကိုယ့်ထမင်းကိုယ်စားပြီး ပတ်ဝန်းကျင် ကို ကြောက်နေရတဲ့သူမျိုးတွေတဲ့
..။ လူအတော်များများကို လေ့လာမိတဲ့အခါ ..သူသိလာတဲ့ရလဒ်ဆိုပြီး
ထပ်ဆင့်ဖြေရှင်းနေပါသေးတယ်..။ သူဘာကြောင့်အဲဒီလိုပြောလဲဆိုတာ ကျမ ခန့်မှန်းမိပါတယ်..။
ဒါပေမယ့် ဘာကြောင့်အဲဒီလိုသတ်မှတ်ချင်တာလဲလို့တော့ ဆရာရဲ့အကြောင်းပြဖြေရှင်းချက်ကို
ကြားချင်မိတာနဲ့ မေးလိုက်ပါတယ်..။ " မြန်မာလူမျိုးတွေက ကိုယ့်ကိစ္စအပြင် ကိုယ်နဲ့မဆိုင်တဲ့ အခြားသူကိစ္စတွေကိုလည်း
သိပ်စိတ်ဝင်စားကြသတဲ့ ..။ သူများတွေဘာလုပ်နေလဲ … ဘယ်လိုနေထိုင်တယ် စသဖြင့် ပတ်ဝန်းကျင်ကို
လိုက်ကြည့်နေတတ်ကြပြီး ကိုယ်ကိုယ်တိုင်ကလည်း ငါ့ကို လူတွေအများကြီး ၀ိုင်းကြည့်နေကြတယ်ဆိုတဲ့စိတ်နဲ့
နေတာထိုင်တာ မ၀ံ့မရဲ သက်တောင့်သက်သာ မရှိကြဘူးတဲ့ …။ ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကို
စောင့်ကြည့်ဂရုစိုက်နေသလို .. မိမိကိုယ်တိုင်ကလည်း မျက်လုံးပေါင်းများစွာအောက်မှာ ….
နေထိုင်နေရသလို ဘ၀က ကျဉ်းကျပ်လှပါသတဲ့ "…။ လမ်းတွေပေါ်မှာ သွားလိုက်ရင် သူ့ကိုဆိုရင်လည်း
နိုင်ငံခြားသားဆိုတဲ့အကြည့်နဲ့ စူးစမ်းသလိုကြည့်တာတွေ ခံရသလို မသိမသာကြည့်တာတွေအပြင်
တချို့အကြည့်တွေက စူးရဲလွန်းတယ်တဲ့ ..။ တကယ်ဆို အခြားလူတစ်ယောက်ကို အဲဒီလိုလိုက်ကြည့်နေတာထက်
.. ကိုယ့်အတွက်ကိုပဲ ဂရုစိုက် . အကျိုးရှိတာ တခုခုလုပ်မနေသင့်ဘူးလားပေါ့ …။
တကယ်သာ ပြောရမယ်ဆိုရင် အဲဒီလိုအကြည့်စူးစူးတွေ
ကျမလည်း ခံရဖူးတာပေါ့ …။ တချို့အကြည့်တွေက မိန်းကလေးချင်း .. အားကျစိတ်/ မနာလိုစိတ်/စူးစမ်းစိတ်/အပြစ်ပြောချင်စိတ်/လှတယ်ထင်လို့
ကြည့်တဲ့အကြည့်/ရုပ်ဆိုးလိုက်တာလို့ ကဲ့ရဲ့ချင်လို့ကြည့်တဲ့အကြည့် စသဖြင့် အမျိုးမျိုးပါပဲ …။ ယောက်ျားလေးတွေရဲ့အကြည့်ကရော
… OK ရှင်းရှင်းပြောရရင် တချို့အကြည့်တွေက အရမ်းရိုင်းပါတယ်…။မိန်းကလေးတစ်ယောက် လမ်းလျှောက်နေရင်တောင်
ခြေလှမ်းမှား သွားစေလောက်အောင် ပြူးတူးပြဲတဲ အကြည့်တွေ … နှမသားချင်းမစာနာဘဲ တဏှာစိတ်နဲ့ကြည့်တဲ့အကြည့်မျိုးတွေ
..။ တခါတလေ မျက်စိမှိတ်ပြတာတို့ လေချွန်လိုက်တာမျိုးတို့ .. မထိတထိစကားနဲ့စလိုက်တာမျိုးဆိုတာတွေက
တော်တော်ရိုင်းစိုင်းတဲ့အပြုအမူတွေပါ …။ တချို့ဆို လက်ဖက်ရည်ဆိုင်ရှေ့ကနေ မိန်းကလေးတစ်ယောက်ဖြတ်သွားတယ်ပဲဆိုပါစို့
.. လက်ခုပ်လှမ်းတီးတာမျိုး .. လေချွန်ပြီး တစ်ယောက်ယောက်ကပဲ ခေါ်သယောင်ပြုတာမျိုး..၊
တခါတလေဆို အသံပြုပြီး လှမ်းခေါ်တာမျိုးက ကိုယ်အမူအယာအားဖြင့် စော်ကားခြင်းတစ်မျိုးပါပဲ
…။ ဖြတ်သွားတဲ့ မိန်းကလေးအနေနဲ့ကလည်း ဆိုင်ထဲမှာ သူငယ်ချင်းတစ်ယောက်ယောက်ရှိနေ လို့များ
ခေါ်လိုက်လေ သလား ထင်ပြီး လှည့်ကြည့်မိရင်ကြည့်မိမယ် … စက်ဘီး (သို့) ဆိုင်ကယ် စီးနေဆဲဆိုလည်း
အရှိန်လျော့ပြီးကြည့်မိမယ်ဆိုရင် သကောင့်သားတွေက သူတို့စနောက်တာ အောင်မြင်သွားပြီိဆိုပြီး
ရယ်မောကာ ထပ်မံလှောင်ပြောင်ကြတာမျိုးတွေလည်းရှိပါသေးတယ်..။ နောက်ထပ်ရှိပါသေးတယ်... supermarket တွေမှာ ၀ယ်ရောဝယ်နိုင်ရဲ့လား ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ အရောင်းစာရေးလေးတွေရဲ့ မျက်လုံးတွေ ..။ ဈေးဝယ်လာသူကို ပစ္စည်းအလစ်သုတ်မယ့်လူလို ဒါမှမဟုတ်ရင် .. သူဝတ်စားထားတာကို စူးစမ်းသလို သိသိသာသာ လိုက်ကြည့်တတ်တဲ့ မျက်လုံးတွေ........
အဲဒီလို အပြုအမူမျိုးတွေ
အနောက်နိုင်ငံတွေမှာ မရှိဘူးလားမေးရင် ကျမတွေ့မိသလောက်တော့ လုံးဝကို မရှိတာပါ …။ လမ်းတွေပေါ်မှာ
ကိုယ့်ဘာသာကိုယ် သွားလာနေကြတယ်..။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်…။ ဘယ်ယောက်ျားလေးမှ
မိန်းကလေးတွေကို ကာအိငြေ်္ဒပျက်အောင် လိုက်လံစနောက် .. အနှောင့်အယှက်ပေးတာမျိုးလည်း မရှိပါဘူး…။
ရထားပေါ် ကားပေါ်မှာဆိုရင် မိမိမျက်လုံးကြောင့် အခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်ရမှာစိုးတာရယ်..
သွားနေတဲ့အချိန်တွေကို အကျိုးရှိစေချင်တာရယ်ကြောင့် စာအုပ်ဖတ်သူ၊ ကွန်ပျူတာသုံးသူ၊
ဖုန်းကလိနေသူ.. အဲဒီလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ် .. ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး
ဘယ်သူက ဘယ်လိုနေနေတယ်.. ဘာတွေဝတ်စားထားတယ်.. လှတယ်မလှဘူး.. လိုက်ကြည့်နေတဲ့သူမရှိပါဘူး
…။ အရက်မူးပြီးပါလာတဲ့ တချို့ယောက်ျားလေးအဖွဲ့တွေဆိုရင်တောင် သူတို့အဖွဲ့နဲ့သူတို့ပဲ
အော်ဟစ်ပြောဆိုနေကြပြီး ရထားပေါ်က ဘယ်မိန်းကလေး .. ဘယ်ခရီးသည်ကိုမှ အနှောင့်အယှက်ပေးလေ့မရှိပါဘူး…။
အပေါ်ကပြောခဲ့တာတွေကတော့
အပြင်ပန်းမျက်လုံးအကြည့်တွေပေါ့ ..။ တကယ်တမ်း စိတ်ထဲက အကြည့်တွေကရော .. ဘယ်လိုနေကြသလဲ
.. အနောက်နိုင်ငံတွေနဲ့ ဘယ်လိုကွာခြားနေမလဲ
…။
မိမိအရေးကိစ္စအပြင် အခြားသူအရေးကိစ္စကို
ဘယ်လောက်အထိစိတ်ဝင်စားကြသလဲဆိုရင် အမှားတခုခုလုပ်မိရင် လူတကာတံတွေးခွက်ပက်လက်မျောသွားမယ်
ဆိုတဲ့ ဆိုရိုးစကားနဲ့တင် သိသာစေပါတယ်..။ ကောင်းတာတစ်ခုလုပ်ရင် ချီးကျူးမယ့်သူဆိုတာ
ရှိနိုင်မရှိနိုင်မသေချာပေမယ့် .. ရည်ရွယ်ကာပဲဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ အမှားတစ်ခုခုကျူးလွန်မိခဲ့ရင်တော့
လူမှုအသိုင်းအ၀ိုင်းထဲမှာ အဲဒီအမှားဟာ တော်တော်နဲ့ မေ့ပျောက်မသွားနိုင်ပဲ ပြောမဆုံးပေါင်ဖြစ်နေတာမျိုးတွေပါပဲ
…။ တချို့ လှောင်ပြောင်သလိုပြောတယ်.. တချို့ကဲ့ရဲ့သလိုပြောတယ်.. တချို့စေတနာစကားလိုလိုနဲ့
သာသာနဲ့နာနာနှက်ပြီး ပြောတတ်ကြတယ်..။ အမှားလုပ်မိတဲ့သူဟာ ပြန်ပြင်ဆင်ခွင့်မရှိတော့သယောင်
စကားလုံးတွေနဲ့သတ်ကြတယ်..။ အကြည့်တွေ အပြုအမူတွေနဲ့သတ်ကြတယ်..။ လူတစ်ယောက်က မသိလို့ပဲဖြစ်စေ
သိသိနဲ့ပဲဖြစ်စေ ကျူးလွန်မိတဲ့အမှားတစ်ခုဟာ ကိုယ့်အတွက် ဘာမှမထိခိုက်စေဘဲနဲ့တောင် ၀ိုင်းပြီးဆွမ်းကြီးလောင်း
.. ပြစ်တင်ကဲ့ရဲ့ချင်သူတွေက များလွန်းလှတဲ့အခါ … အမှားပြင်ဆင်ခွင့်ဆိုတာ ဘယ်မှာပါပဲ
…။
ဟုတ်ပါပြီ .. ဒါက အမှားလုပ်မိတဲ့သူမို့
အပြစ်ကျူးလွန်မိတဲ့သူမို့ … ပြောစရာရှိလို့သာ သူများအပြောအဆို ခံရတာပေါ့လို့ ပြောမယ်ဆိုရင်လည်း
.. အောင်မြင်တဲ့သူ .. ကောင်းတဲ့သူဆိုရင်ရော …???
လူတစ်ယောက်အောင်မြင်လာရင်
… သူတော်တယ်ဆိုတာ ချီးကျူးတာထက် ကြက်ကန်းဆန်အိုးတိုးတာ ပါကွာ
လို့ ပြောချင်သူတွေကလည်း တပုံတပင် …။ ကိုယ်မအောင်မြင်တာကိုတော့ ပညာရှိသတိဖြစ်ခဲဖြစ်သွားလို့ပါ
လို့ အောက်ကနေ အော်နေသူတွေဆို တာလည်း မနည်းမနောပါပဲ …။ သူ ဘယ်လိုအောင်မြင်သွားသလဲ ဆိုတာ
အားကျအတုယူဖို့ထက် …. ကံကောင်းလို့ပါ .. အဲလောက်အရည်အချင်းမရှိပါဘူးဆိုပြီး …. မုဒိတာမပွားနိုင်ပဲ
…. စိတ်ထဲကနေ မနာလိုစိတ်အရင်းခံလို့ … ကြောက်ကန်ကန်နေသူတွေလည်း ရှိတတ်သေးတာပဲ ….။ အမှန်ဆို
သူအောင်မြင်သွားတယ် … သူဘယ်လိုကြိုးစားခဲ့လဲ .. သူ့ဆီကနေတောင် အကြံညဏ်တောင်းနိုင်သေးတယ်မဟုတ်လား
…။ တကယ်တမ်း အကြံညဏ်တောင်းရင် ဘယ်သူမဆို တတ်နိုင်သလောက် ကူညီတတ်ကြပါတယ်..။ ဒါပေမယ့်
တချို့ကျတော့လည်း သူ့ကို ဆရာမတင်ချင်ပါဘူးဆိုပြီး …. မာနတွေ ထားတတ်ကြပါသေးတယ်လေ …။
ရေးရင်းနဲ့ လိုရင်းများချော်သွားလေပြီလားမသိ
…။ တကယ်ဆို .. မျက်လုံးတွေအောက်မှာ နေရတာ ကျဉ်းကျပ်လွန်းပါတယ်…..။ တရားဟောထဲမှာပါသလို
ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်စေနဲ့ ဆိုတဲ့ ဆုံးမစကားလိုပေါ့ …။ မိမိကိုယ်ကို တိုးတက်အောင်၊
ကောင်းမွန်အောင်၊ အောင်မြင်အောင် ကြိုးစားဖို့၊ ကိုယ့်ကိစ္စ ကိုယ့်အရေးကိုပဲ အရေးစိုက်ဖို့၊
အလေးထားဖို့က အရေးကြီးဆုံးမဟုတ်လား ….။ ကိုယ်ကိုယ်တိုင်က အောင်မြင်မှ မိဘကိုကျေးဇူးဆပ်နိုင်မယ်၊
မောင်နှမတွေကို စောင့်ရှောက်နိုင် မယ်၊ ဆွေမျိုးသားချင်းတွေကို ထောက်ပံ့နိုင်မယ်၊ လိုအပ်တဲ့သူတွေကို
ကူညီနိုင်မယ် …။
ကိုယ့်ကိစ္စကိုမလုပ်ပဲ အခြားသူလုပ်တာကိုင်တာတွေကို
စိတ်ဝင်စား၊ အပြစ်တင်၊ မနာလိုစိတ်တွေများနေရင် … ကိုယ့်အတွက်အောင်မြင်အောင်လုပ်ဖို့ဆိုတာ
နှောင့်နှေးသွားမှာပေါ့ …။ တကယ်ဆို ကိုယ့်အရေးကိစ္စပဲ အာရုံစိုက်ရတာတောင် အချိန်မလောက်တာ
အခြားသူတွေကို မျက်လုံးဒေါက်ထောက်ကြည့်နေမယ်ဆို … အချိန်တွေ ဘယ်လောက်နှမြောဖို့ကောင်းလိုက်မလဲ
….။ ဘယ်သူတွေ ဘယ်လိုပဲ မှားနေပါစေ .. ပြစ်တင်ပြောဆို ဝေဖန်မနေဘဲ ကိုယ်တိုင်သာ အမှားကင်းအောင်
ဂရုစိုက်ဖို့ မသင့်တော်ပေဘူးလား ….။
ကျမကတော့ မကြာခင်အချိန်တွေအတွင်းမှာ
တကယ်မြင်ချင်မိတယ်….။ လမ်းပေါ်မှာ သွားနေရင် ခေါင်းမော့ရင်ကော့ပြီး ယုံကြည်မှုအပြည့်နဲ့
လျှောက်နေကြတဲ့ခြေလှမ်းတွေ၊ လူငယ်တွေစုမိရင် မိန်းကလေးတွေကို စနောက်ဖို့၊ မကောင်းတာတွေလုပ်ဖို့ထက်
.. အကျိုးရှိရာ ပညာရပ်တွေ၊ အလုပ်အကိုင်တွေအကြောင်း ဆွေးနွေးငြင်းခုံနေကြတာတွေ၊ ကိုယ့်အလုပ်ကိုယ်သာ
အာရုံစိုက်ပြီး အခြားသူအပေါ်မှာရှိမနေတဲ့ မျက်လုံးတွေ၊ စာသင်ခန်းတွေမှာ ငါထပြောရင် ဆရာက
ဘယ်လိုပြောမလဲ မှားသွားရင်အပြစ်တင်လေမလား .. သူငယ်ချင်းတွေက လှောင်ပြောင်လေမလားဆိုတဲ့စိုးရွံ့စိတ်မရှိဘဲ
မှားမှားမှန်မှန် ရဲရဲဝံ့ဝံ့ထပြောဆွေးနွေးဝံ့တဲ့ကျောင်းသားကျောင်းသူတွေ၊ မိမိကိုယ်တိုင်ကလည်း
သူများအမှားကို မလှောင်ပြောင် အပြစ်မတင်တတ်ဘဲ … ကိုယ်တိုင်ကလည်း အပြစ်မလုပ်မိအောင်
ကြိုးစားနေထိုင်တတ်တဲ့ ..ဘ၀တိုးတက်ရေးအတွက် အပတ်တကုတ်ကြိုးစားတတ်တဲ့ လူငယ်လေးတွေ၊ ယောကျာ်းကောင်းကောင်းရှာပြီး
သူ့လုပ်စာပဲထိုင်စားမယ်လို့တွေးကာ အလှပြင်ဖို့ပဲ အားသန်နေတာမျိုးမဟုတ်ဘဲ … အရင်ဆုံးကိုယ့်အားကိုယ်ကိုးနိုင်အောင်
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကိုယ့်ဝမ်းစာကိုဖြည့်ဖို့ကြိုးစားနေကြတဲ့ မိန်းကလေးတွေ၊
အချစ်ဝတ္ထုစာအုပ်တွေဖတ်ဖို့ ဂိမ်းကစားဖို့ထက် … မိမိဘာသာရပ်၊ အင်္ဂလိပ်စာကို တိုးတက်အောင်ကြိုးစားချင်တဲ့စိတ်တွေ၊
အချင်းချင်းမနာလိုစိတ်ထက် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ သူငယ်ချင်းခင်မင်မှုတွေ
…………………………….စသဖြင့် စသဖြင့် ပေါ့ !!~~
++++++++++
အားလုံးကို ချစ်ခင်လေးစားစွာဖြင့် ..။
7 comments:
ဟုတ်ပ အမရယ် ပတ်ဝန်းကျင်ဆိုတာ ထည့်တွက်ရလွန်းတဲ့ယဉ်ကျေးမှုကြီးကို ပယ်ဖျက်သင့်ပြီ။
တကယ်ကိုကောင်းတဲ့ post လေးတစ်ပုဒ်ပါဘဲ။ မြန်မာနိုင်ငံသားအားလုံးကို ဖတ်ချင်မိစေပါတယ်။
မမအရမ်းကောင်းတဲ့ ပို့စ်လေးပဲ။ Super market မပြောနဲ့ မမ။ ရိုးရိုးဈေးဆိုင်လေးမှာတောင် တခါက ကျနော် အိမ်နေရင်းအ၀တ်အစားနဲ့ သွားမိတာ ဆိုင်ကအရောင်းစာရေးတွေက ၀ယ်နိုင်ရဲ့လားဆိုတဲ့ မျက်နှာပေးတွေနဲ့။
တကယ်ကို ဖတ်သင့်တဲ့ ပိုစ့်လေးပါပဲ.. ကောင်းတယ်.
သိပ်မှန်တဲ့ အတွေးနဲ့ အရေးပါပဲ သူငယ်ချင်းရေ
မှန်ပါတယ်
မျက်လုံးတွေအောက်က ဘ၀တွေပေါ့
နိုင်ငံခြားရောက်နေတာတောင် အကျင့်က ပျောက်သေးတာမဟုတ်ဘူး :P
လူနေမှု့ အဆင့်အတန်းလို့
ပြောရမယ်ထင်တယ်နော်။
နောက်ပြီးတော့ အသိအမြင်နည်းပါးမှု့ပေါ့
သည့်ထက်အမြင်ကျယ်သင့်နေကြပါပြီ ။
ပို့စ်ကောင်းလေးပါ ညီမလေးရေ...
အားလုံးဖတ်သင့်တဲ့ ပို့စ်လေးဆိုရင်မမှားပါဘူး...
ပြင်သင့်တာတွေပြင်ဖို့ ထောက်ပြထားတာလေးတွေလည်းကောင်း
ပါတယ် ညီမလေးရေ... ကိုယ်တိုင်လည်းပြုမူကျင်ကြံအားထုတ်ရမယ်..
ကိုယ်မိသားစု အသိုင်းအ၀ိုင်း နဲ့နီးစပ်ရာပတ်ဝန်းကျင်ကိုလည်း ပြုပြင်ပေးဖို့
အားလုံးမှာတာဝန် ကိုယ်စီရှိတယ်ညီမလေးရေ... ဒါကြောင့်အားလုံးဖတ်သင့်
တဲ့ပို့စ်ကောင်းလေးတစ်ပုဒ်လို့ အကိုအထက်မှာ ဆိုခဲ့တာပါ.. ပို့စ်လေးအတွက်
ကျေးဇူးပါညီမလေးရေ....
ခင်မင်စွာဖြင့်
ရာဇာထွေး
Post a Comment