Monday, 1 July 2013

# My Own Feelings # အမှတ်တရ အချိန်များ

Memorable Visit to Mt. Popa

ပုဂံကို ဒီမှာကတည်းက သွားချင်နေခဲ့တာ..။ ရောက်တာနဲ့သွားမယ်နော်ဆိုပြီး အဖေနဲ့အမေကို ပြောထားပေမယ့် မြန်မာပြည်ပြန်ရောက်ရောက်ချင်း လုပ်စရာရှိတာတွေ ရှုပ်နေတာနဲ့ မသွားဖြစ်ခဲ့ ..။ ပြီးတော့ ပုဂံက အပူပိုင်းဒေသမှာရှိတာဆိုတော့ နွေရာသီသွားလို့ မကောင်းဘူးလေ..။ ရာသီဥတုက အရမ်းကို ပူနေမှာ ..။ အဲဒီလိုနဲ့ လုပ်စရာအလုပ်တွေ လက်စသတ် .. မိုးတစ်ဖြိုက်နှစ်ဖြိုက်လဲကျလာရော.. သွားကြမယ်ဆိုပြီး စီစဉ်ကြပါတယ်..။ စီစဉ်တာတော်တော်ကြာတယ်  စုစုပေါင်း ၁ ရက် :D :D

မေ လ ၁၆ ရက်နေ့ သွားကြတယ်..။ တကယ်က အဲဒီအချိန်မိုးနည်းနည်းကျတယ်ဆိုတာ မဟာစင်မုန်တိုင်းကြောင့် အဖျားခတ်တာဖြစ်မှာ..။ နေရာတော်တော်များများမှာ လေတွေတိုက်တယ်..။ မိုးတွေရွာတယ်..။ အဲကြားထဲကပဲ ကျမတို့မိသားစုက ခရီးထွက်ကြတယ်..။ ကံကောင်းစွာနဲ့ပဲ .. မိုးသည်းသည်းမည်းမည်းမတွေ့ခဲ့ပဲ မိုးအေးအေးလေးမှာ ပုဂံဒေသကလည်း အေးဆေးနေတာပါပဲ ..။

ညောင်ဦးမှာသူငယ်ချင်းတစ်ယောက်ရှိတော့ သူ့ကို လမ်းအခြေအနေဖုန်းဆက်မေး။။ ဘာကြောင့်ဆို ကျမက ၂၀၁၀ အစောပိုင်းလောက်ကပဲရောက်ဖြစ်ပြီး မိတ္ထီလာနဲ့ကျောက်ပန်းတောင်းကြားက လမ်းအခြေအနေကို သေချာမသိတာ..။ ဟိုအရင်ကဆို အဲဒီလမ်းကတော်တော်ဆိုးတာလေ…။ သူက လမ်းတော်တော်ကောင်းတယ်.. စိတ်မပူနဲ့ဆိုတာနဲ့ အိမ်ကနေ မနက် ၄ နာရီခွဲလောက် ထထွက်လာကြတယ်..။ အဖေရယ် အမေရယ် မောင်လေးရယ် .. အစ်မ၀မ်းကွဲတစ်ယောက်နဲ့ သူ့သားလေး ရယ် သွားကြတယ်…။ မောင်လေးနဲ့ အဖေနဲ့က တလှည့်စီ ကားမောင်းတယ်..။ ကျမက အိပ်လိုက်.. တူလေးနဲ့ စလိုက်နောက်လိုက်.. အမေနဲ့အစ်မကတော့ အတော်အိပ်နိုင်ကြတယ်…။ မိတ္ထီလာရောက်တော့ ၆  နာရီကျော်ကျော်ပဲရှိသေးတာနဲ့ ခဏနားရင်း မနက်စာစားကြတယ်..။ ပြီးတော့ ဆက်ထွက်လာပြီး လမ်းရောက်မှ ပုပ္ပားကို အရင်ဝင်ကြမယ်စိတ်ကူး .. လမ်းကြောင်းပြောင်း ..။ မရောက်တာကြာတော့ လမ်းမှာ ဟိုမေးဒီမေးနဲ့ပဲ ပုပ္ပားတောင်ကလပ်ကို မနက် ၁၀ နာရီ ထိုးကာနီးလောက်ရောက်သွားတယ်..။ 

ဟိုးအရင် တက္ကသိုလ်တက်တုန်းကတော့ ပုပ္ပားတောင်မကြီးပေါ်ကို ခြေကျင်တက်ဖူးတယ်..။
 တော်တော်လည်းဝေးတယ် .. ပင်လည်းပင်ပန်းခဲ့တယ်.. ဒါပေမယ့် တောင်မကြီးပေါ်ထိအရောက် သွားခဲ့တယ်..။ အခုတစ်ခေါက်ရောက်ဖြစ်တော့ အဲဒီတောင်မကြီးကို တောင်ကလပ်ပေါ်ကနေပဲ လှမ်းကြည့်ပြီး .. အရင်လို တောင်တက်ချင်နေခဲ့သေးတယ်..။ ဒါပေမယ့် လူကြီးတွေနဲ့ဆိုတော့ သူတို့လည်း တက်နိုင်မှာမဟုတ်သလို .. အချိန်လည်းမရဘူးလေ …။ စိမ်းစိမ်းစိုစိုနဲ့ ပုပ္ပားတောင်မကြီးကို အပူပိုင်းဒေသရဲ့ အိုအေစစ်လို့တောင် သတ်မှတ်ကြတာ မလွန်ပါဘူးနော် ..။


 တောင်ကလပ်ပေါ်ကို တက်ဖို့ကို မတက်ခင်အောက်ဆုံးမှာကတည်းက မျောက်စာတွေ တပြုံတမကြီးလုရောင်းကြတယ်..။ ပန်းတွေလုရောင်းကြတယ်..။ အဲလို ဈေးသည်တွေကြားထဲကနေ မနည်းကိုဖောက်ထွက်ရတာပဲ ..။ ၀ယ်တာက ၀ယ်ပါတယ် ဒါပေမယ့် အားလုံးဆီက ၀ယ်ဖို့ဆိုတာကလည်း ဖြစ်မှမဖြစ်နိုင်တာနော်…။


 နောက်တစ်ခုက ပုပ္ပားဆိုတာ ရှေးကတည်းက ကဗျာတွေထဲမှာကို နတ်တို့ပျော်စံရာတောင်ဆိုပြီး သမုတ်ကာ နတ်တွေအများကြီးရှိတယ်ဆိုတာလည်း ကြားဖူးပါတယ်..။ နတ်ကိုးကွယ်တာ မကိုးကွယ်တာဆိုတာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ဆိုရင် သိသိနဲ့မပြောချင်တဲ့အဖြေပဲ ..။ တကယ့်ဗုဒ္ဓဘာသာအစစ်ဆိုတာ ဘုရား၊ တရား၊ သံဃာကလွဲရင် ဘာမှကိုးကွယ်တာမဟုတ်ဘူးလေ..။ အဲလို ရတနာသုံးပါးကို ကိုးကွယ်တာကို သရဏဂုံတည်တယ် လို့ ကျမတို့သတ်မှတ်ကြပါတယ်..။ ဒါပေမယ့်လည်းပေါ့နော်…. နတ်တောင်ဆိုတော့ နတ်ကွန်းတွေလည်း လမ်းတစ်လျှောက်အများကြီးရှိတယ်.. နောက်ဘိုးတော်နတ်နန်းတွေလည်းတွေ့ရတယ်….။ အဲဒီမှာ ဧည့်ကြိုလို့ခေါ်မလား.. နတ်နန်းစောင့်လို့ ခေါ်မလား … ဂေါပကလို့ပဲ ခေါ်ရမလား.. ဦးလေးကြီးတွေက လာသမျှလူတွေကို အတင်းဝင်ကန်တော့ခိုင်းကြတယ်..။ လာတဲ့လူတွေထဲမှာ နတ်မကိုးကွယ်တဲ့သူပါလား မပါလား.. ထည့်မတွက်ကြပဲ ကန်တော့ဖို့ပဲ တိုက်တွန်းတာတွေ တွေ့ရတယ်…။

ကျမကတော့ တောင်တက်နေကျသူဆိုတော့ ဒီလိုတောင်ကလပ်လောက်ကို ဝေးတယ်မြင့်တယ်လို့ မထင်ပဲ သွားလိုက်တာပဲ … ပင်ပန်းတာလည်းမရှိ..။ ဒါပေမယ့် အဖေက တက်နိုင်ပေမယ့် အမေက တော်တော်မောနေရှာတော့ အော် အမေတောင် အသက်ရလာပါ့လား လို့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်….။ ဖြစ်နိုင်ရင်.. မိဘတွေကို အမြဲတမ်း သန်စွမ်းကျန်းမာတာပဲ မြင်ချင်တာပေါ့ …။ အဖေကတော့ ပြောရှာပါတယ်.. တောင်တက်နေကျသူမဟုတ်တော့ ဒီလိုမျိုးတက်တာမောမှာပဲတဲ့ .. ဒါ ကျန်းမာရေးချူချာတာမဟုတ်ဘူးတဲ့ …။ 

နောက် ပုပ္ပားရဲ့အထင်ကရ မျောက်ကလေးတွေ အများကြီးတွေ့တယ်..။ တချို့ဆို မိသားစုလိုက်လေးတွေ..။ အမေနဲ့ ကလေးလေးတွေနဲ့ ..။ မျောက်အမေလေးတွေက သနားစရာ အရမ်းကောင်းတယ်..။ ကလေးတွေလည်း ပျောက်မှာကြောက်ကြတယ်.. အစာလုပြီးလည်းကျွေးရသေးတယ်…။ ပျာယာခတ်နေတာများ သနားစရာလေးတွေ… မိခင်မေတ္တာတွေလေ….။ 
တောင်ထိပ်ပေါ်မှာကတော့ လေတွေ တအားတိုက်ပြီး တော်တော်အေးတယ် ..။ ဘုရားဖူးတွေကလည်း အများကြီးတွေ့ရတယ်..။ နောက် ဆေးကျောက်ပျဉ်ဆိုတာလည်း တွေ့ခဲ့မိတယ်..။ 



တောင်ထိပ်မှာတည်ထားတဲ့ ဘုရားနဲ့ ဆင်းတုတော်များပါ ..။
ဒီဘုရားဆင်းတုများကတော့ အင်းလေးဖောင်တော်ဦးဘုရားပုံစံများပါလို့ သိရပါတယ်..။

ခရီးသွားတာ ပထမပိုင်းတော့ ပြီးသွားပါပြီ..။ နောက်တစ်ခေါက်မှ ပုဂံခရီးသွားတဲ့အကြောင်း ရေးနိုင်အောင် ကြိုးစားပါဦးမယ်..။ ဒီလိုပါပဲ သွားခဲ့တဲ့ ခရီးကို မှတ်တမ်းတင်ချင်လို့သာ ပို့စ်တစ်ပုဒ်အနေနဲ့ ရေးလိုက်တာ.. ။ တကယ်ဆို ကျမက ခရီးသွားပို့စ်တွေရေးတဲ့နေရာမှာ တော်တော်အားနည်းတယ်.. (တခြားရေးတာတွေလည်း အားနည်းတာပါပဲလေ @@) 
ဒါကတော့ တကယ်.. ဒိုင်ယာရီသဘောမျိုးပဲ ရေးဖြစ်တာပါ...။ ရေးတတ်လို့တော့မဟုတ်ပါဘူး... :)

+++++++++++++++++++++++++++++++=

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ငြိမ်းချမ်းသာယာကြပါစေရှင် _/\_ _/\_ _/\_

3 comments:

မိုးသက် said...

အစ်မကို စိတ်ထဲက ကျိတ်ချီးကျူးနေတာ..
ငါ့အစ်မ တော်တယ် လို့.. :))
ဗုဒ္ဓဘာသာ အစစ်ပဲ... မိရိုးဖလာမဟုတ်ဘူး.. :))
(y)

Phyu Lwin said...

ငါ့မောင်လေးကတော့ စိတ်ထဲက ကျိတ်ချီးကျူးတယ်လဲပြောသေးး. စကားနဲ့လဲ ချီးကျူးသွားသေးးပါလား :D.. ဟုတ်ပါတယ် အစ်မက တကယ့်ဗုဒ္ဓဘာသာပါ..။ မိဘနှစ်ပါးစလုံးက ဗုဒ္ဓဘာသာမို့လို့ .. မိရိုးဖလာလိုက်ကိုးကွယ်တာမဟုတ်ပါဘူး..။ ကိုယ်တိုင်လက်ခံယုံကြည်လို့ ဒီဘာသာကို ကိုးကွယ်တာပါ..။

Yoemyaykya said...

ဟုတ်တယ်မမ။ ဘုရားတရားသံဃာကိုသာ ယုံကြည်ဆည်းကပ်တာကမှ တကယ့်ဗုဒ္ဓဘာသာနော်။ အနော်ကတော့ သရဏဂုံပျက်မှာအကြောက်ဆုံးပဲမမ။

Follow Us @soratemplates