Tuesday, 24 December 2013

# My Own Feelings

48th Greetings ♥♥



ဖြူလွလွနှင်းပွင့်တွေနဲ့ ရေခဲမှတ်အောက်က ဆောင်းရာသီမဟုတ်ပေမယ့်လည်း မြန်မာပြည်ရဲ့ ဆောင်းရာသီက အလွန်ကို အေးလွန်းနေခဲ့ပြန်တယ်....။ ညရောက်ရင် တဖျောက်ဖျောက်ကျနေတဲ့ နှင်းရည်တွေ၊ မနက်ဘက်မှာ မြူတွေဆိုင်းနေတတ်တဲ့ ဒီမြို့လေးမှာ အလွမ်းတွေနဲ့ အသားကျနေခဲ့တာလည်း ကြာခဲ့ပေါ့ ..။ တကယ်တော့လည်း စာလှအောင်သာ အလွမ်းလို့ သုံးနှုံးလိုက်ရပေမယ့် လွမ်းစရာရယ်လို့ မယ်မယ်ရရမရှိလှပါဘူး ......။

မနက်တိုင်း စောစောထပြီး လမ်းလျှောက်နေကျ ကန်ဘောင်ကလည်း ဟိုအရင်အတိုင်း မပြောင်းမလဲရှိနေဆဲဆိုပေမယ့် ဆောင်းရာသီမှာ အားကစားလှုပ်ရှားသူတွေ ဟိုးအရင် ၂ နှစ်ကထက် ပိုများလာတာကတော့ ဒီနေရာလေးမှာ ကျန်းမာရေးလိုက်စားသူတွေများလာတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ .......။

အလုပ်တစ်ဖက်နဲ့ အချိန်တွေပိုပိုပြီး ရှားပါးလာတဲ့အခါ စာရေးစရာအချိန်ရယ်လို့ လုယူလို့မရနိုင်လောက်အောင် ဘ၀က လှုပ်ရှားရုန်းကန်နေရပြန်တယ်....။ တခါတခါ အေးအေးဆေးဆေး စာဖတ်လိုက် ရေးချင်တဲ့စာရေးလိုက်နဲ့ နေရတဲ့ဘ၀ကို လိုချင်မိတယ်...။ ဒါပေမယ့်လည်း အစ်မတစ်ယောက်ပြောသလို စာရေးတဲ့အလုပ်နဲ့ ဘ၀ရပ်တည်ဖို့မဖြစ်နိုင်တဲ့ မြန်မာနိုင်ငံမှာဆိုတော့လည်း  .... ကိုယ်ရွေးချယ်ထားတဲ့ လက်ရှိအသက်မွေးဝမ်းကြောင်းအလုပ်ကိုပဲ ပိုအောင်မြင်အောင် ကြိုးစားဖို့ အချိန်တွေ စတေးနေရပါတယ် ...။ တက္ကသိုလ်တုန်းက စာသင်ခဲ့တဲ့ ဆရာတစ်ယောက်က သူ့စာအုပ်ကို ထုတ်တဲ့အခါ ရင်းနှီးတဲ့တပည့်တွေကို ၀ယ်စေတယ် ....။ အဲဒီစာအုပ်ကို ကြားကနေယူလာပေးတဲ့တစ်ယောက်က “ဒီခေတ်ကြီးထဲမှာ စာအုပ်က လူတွေနောက်ကို ပြန်လိုက်နေရတယ်၊ လူတွေ စာဖတ်တဲ့အကျင့် လျော့ကျလာတယ် ထင်ပါတယ်” လို့ပြောလာတယ်...။ အဲဒီတော့လည်း ကိုယ်ရေးတဲ့စာတွေကို စာအုပ်ကလေးအဖြစ်မြင်ချင်လွန်းလို့ .. ပိုက်ဆံအကုန်ခံပြီး စာအုပ်များ ထုတ်ဖြစ်ခဲ့ရင် ရှုံးမယ့်ဘက်က တော်တော်အလေးသာမယ်ထင်တယ်..။
ပြောမယ့်သာ ပြောတာပါ ..။ ကိုယ့်ပိုက်ဆံနဲ့မဟုတ်ဘဲ အခုနေအခါမှာ တစ်ယောက်ယောက်ကများ စေတနာဗရပွနဲ့ စာအုပ်အလကားထုတ်ပေးမယ်ဆိုရင်တောင် .. စာအရေးမတတ်တဲ့ ကျမက ဘာမှ ဖြစ်မြောက်လာမှာမဟုတ်ပါဘူး ....။ ဒါပေမယ့် အိပ်မက်တစ်ခုကိုတော့ ဆုပ်ကိုင်ထားဆဲ ..။ တစ်ချိန်ချိန်မှာတော့ ကိုယ်တိုင်ရေးတဲ့စာအုပ်တစ်အုပ်ကို ကိုယ်တိုင်ထုတ်ဖြစ်အောင် ကြိုးစားမယ် ဆိုတာပါပဲ ..။ တနေ့နေ့ပေါ့ ...... မဖြစ်နိုင်ဘူး ဆိုတာမရှိပါဘူး .. မဖြစ်သေးတာပဲ ရှိတာပါ .... ^_^

48th ဆိုတော့ ၂၀၁၃ တစ်နှစ်ကို ပြန်ကြည့်တဲ့အခါ အခုပို့စ်က ၄၈ ခုမြောက်လေ...။ အဲဒါဆိုရင် ပျမ်းမျှ တစ်လကို ၄ ပုဒ် ရေးဖြစ်နိုင်ခဲ့တယ် ဆိုတဲ့သဘောပေါ့ ..။ ဒါဆိုရင် တစ်ပတ်ကို ပို့စ်တစ်ပုဒ်နှုန်းတော့ ရေးနိုင်ခဲ့တယ် ဆိုတော့ ကိုယ့်ရဲ့စာရေးနိုင်အား၊ ရှိစုမဲ့စုအချိန်တွေကို တွက်ကြည့်လိုက်ရင် မဆိုးပါဘူး ..။ ပုံမှန်ရေးနိုင်အောင်တော့ ရှားရှားပါးပါးအချိန်တွေထဲက ကြိုးစားနိုင်ခဲ့ပါတယ်..။ ရေးခဲ့သမျှက ဘာအနှစ်သာရမှ မရှိပေမယ့်လည်း စာတစ်ပုဒ်ဖြစ်လာအောင် စဉ်းစားတွေးတောပြီး အချိန်တွေပေးကာ ကြိုးစားခဲ့တာဟာ တော်ရုံဝါသနာတော့မဟုတ်ပါဘူး ...။ တချိန်ချိန်တော့ ၀ါသနာကနေ ကျွမ်းကျင်ရာ ဖြစ်နိုင်ကောင်းပါရဲ့ ...။

တစ်နှစ်ဆိုတဲ့ အချိန်ကာလက ခဏကလေးလိုပါပဲ.. ကုန်ဆုံးသွားတာမြန်လိုက်တာ ..။ ၂၀၁၃ က ပျမ်းမျှအားဖြင့် ပျော်စရာတွေများခဲ့ပါတယ် ....။ မေ့သင့်တဲ့အရာတစ်ခုကို လျစ်လျူရှုဖို့ ကြိုးစားခဲ့ရတာ နည်းနည်းစိတ်ပင်ပန်းခဲ့တာကလွဲရင်ပေါ့ ..။ ဒါကလည်း ထူးထူးထွေထွေ ခံစားစရာရယ်လို့တော့ မဟုတ်ပါဘူး ..။ လူငယ်ဘ၀မှာ  ... အားလုံးမဟုတ်ရင်တောင် အတော်များများ ကြုံဖူးတဲ့အရာပဲမဟုတ်လား ....။ ဒါကြောင့်လည်း သီချင်းတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေမှာ အဲဒီအသည်းကွဲတဲ့အကြောင်းအရာတွေ၊ ခွဲခွာရတဲ့အကြောင်းအရာတွေကိုပဲ တခမ်းတနားဖွဲ့နွဲ့နေကြတာ မဟုတ်ပါလား ....။

ဒါပေမယ့်လည်း ၂၀၁၄ မှာတော့ .... စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ မကြုံရဘဲ .. ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်မိတယ်...။ အားလုံးလည်း နှစ်သစ်မှာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေနဲ့ ကြုံရပါစေလို့ ဆုတောင်းပေးပါတယ်နော် ...။


Hallo 2014! Pls bring more sweet memories to me ♥♥

3 comments:

စံပယ်ချို said...

မကြီးလဲ ဒီနှစ်ထဲကဗျာတွေနဲနလေးပဲရေးနိုင်ခဲ့တယ်ညမငယ်လေးရေ
ညီမပြောသလိုပါပဲ
၂၀၁၄ မှာတော့ .... စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ မကြုံရဘဲ .. ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်နိုင်ပါစေ.။ အားလုံးလည်း နှစ်သစ်မှာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေနဲ့ ကြုံရပါစေလို့ ဆုတောင်းပေးပါတယ်နော် ...။

ရင်လှိုင်း said...

တူးသောင်ဇင် ဖော(ရ်)တီးန်သ် က မျှောင်လင့် ထားတဲ့အတိုင်း ပျော်ရွှင်စရာ တွေ၊ အောင်မြင်မှု တွေ နဲ့ ကြုံ တွေ့ ပါစေ နော်။

Anonymous said...

Happy New Yearပါမမရေ။
ဟုတ်တယ်နော်..နေ့စဉ်ရုန်းကန်နေရတဲ့အသက်မွေးဝမ်းကြောင်းဘဝတွေထဲမှာပဲ...တစ်နှစ်တစ်နှစ်အချိန်တွေကုန်မှန်းတောင်မသိတော့ဘူး။ဝါသနာအတွက်..ဘလော့ဂ်လေးတစ်ခုဆောက်ထားပေမယ့်..တစ်ခုခုရေးဖို့အတွက်ကို..မနည်း
ဖျစ်ညှစ်ပြီး..(အချိန်တွေကော၊အတွေးတွေကော.....)
ဘာပဲဖြစ်ဖြစ်ကိုယ်ဝါသနာပါတာလေးကိုတစိတ်တပိုင်းလေးဖြည့်ဆည်းခွင့်ရနေတာကလဲ..သုခတမျိုးပဲနော့...
ချစ်တဲ့ Ahthu

Follow Us @soratemplates