Sunday, 7 September 2014

# ၀တ္ထုရှည် # ရေတမာနဲ့ ခရေတည်ရာဆီ

ရေတမာနဲ့ ခရေတည်ရာဆီ (အပိုင်း-၁)




အဝေးပြေးကားလမ်းမကြီးပေါ်ကနေ အဲဒီမြို့ကလေးဆီသွားရာ လမ်းချိုးကလေးထဲကို ၀င်လိုက်ရင်ပဲ .. သစ်ပင်တွေ၊ လယ်ကွင်းပြင်တွေနဲ့အတူ သဘာဝရဲ့ အငွေ့အသက်တွေကို ခံစားမိလာရတယ်..။
တကယ်တော့ ပြန်မရောက်ချင်ပါဘူးလို့ သိစိတ်တစ်ဖက်က ငြင်းဆန်နေပေမယ့် အမှတ်တရတွေ ဖြစ်တည်ရာ နေရာတစ်ခုကို မသိစိတ်ကတော့ အမြဲလိုလို လွမ်းနေခဲ့မိ သား...။ မြန်မာပြည်အလည်ပိုင်းမကျတကျ မြေလတ်ဒေသတစ်ခုဟာ ကိုယ့်အတွက်တော့ ပညာဗဟုသုတတွေအပြင် လူ့ဘ၀အတွေ့အကြုံအစုံကို လေ့လာသင်ယူခဲ့တဲ့နေရာ... ချစ်ခြင်းမေတ္တာတွေ ဖြစ်တည်ပျောက်ရှခဲ့တဲ့နေရာ .. ငယ်ရွယ်နုပျိုချိန်ကာ လတွေ ဖြတ်သန်းခဲ့ တဲ့နေရာ တစ်ခု ...။

လမ်းလေးပေါ်ကို ကားဘီးရာ ခြေချမိပြီဆိုတာနဲ့ အေးစိမ့်စိမ့်လေနုအေးအချို့နဲ့အတူ မိုးရနံ့တချို့က တိုးဝင်လာတယ် ..။ မိုးသည်းသည်းမည်းမည်း ရွာလေ့မရှိတဲ့ မြေလတ်ဒေသမှာ တခါတလေလည်း မိုးကြိုးတွေ ထစ်ချုန်းလို့ လျှပ်စီးတွေ ၀င်းလက် .. မုန်တိုင်းထန်တဲ့အချိန်ကာလတွေလည်း ကိုယ်ကြုံခဲ့ဖူးတာပဲလေ..။ ကားကို လမ်းဘေးအသာရပ်မိရင်း လမ်းဘေးတစ်ဘက်တစ်ချက်က အုပ်အုပ်ဆိုင်းဆိုင်း အပင်တစ်ချို့ကို ငေးကြည့်နေဖြစ်ခဲ့တယ် ..။ ဆယ်စုနှစ်ကာလတစ်ခု .. ဟုတ်တယ်... လွန်ခဲ့တဲ့ ဆယ်နှစ်ကာလတစ်ချို့မှာလည်း ရှင်သန်ဖြစ်တည်နေခဲ့တဲ့ ရေတမာပင်တွေ ...။ အဲဒီအပင်တွေကို အစွဲပြုလို့ ရေတမာလမ်းလို့ ခေါ်တွင်ခဲ့ပြီး ဒီဒေသလေးမှာ ခဏတာလာရောက်ခိုလှုံကြရင်း နဖူးစာရွာလည်ကြတဲ့ ချစ်သူစုံတွဲတွေ ဖြတ်သွားဖြတ်လာသွားလေ့ ရှိတဲ့ လမ်းလေးတစ်ခု ..။ အချိန်ကာလနဲ့ ခေတ်အခြေအနေတွေ ပြောင်းလဲသွားပုံက အရင်က လမ်းလျှောက်သွားသူတွေသာ များလေ့ရှိတဲ့လမ်းလေးတစ်ခုက အခုတော့ ဆိုင်ကယ်တ၀ီဝီ .. ကားသံတညံညံဖြစ်နေတဲ့အခါ ဒါကို တိုးတက်မှုလို့ ဆိုလေမလား..။ ကံကောင်းသေးတာတစ်ခုက လမ်းဘေးက ရေတမာပင်တွေနဲ့အတူ ဘေးဘက်ဆီက လယ်ကွင်းပြင်ကို ဖြတ်တိုက်လာ တဲ့ လေထုက ကားနံ့ ဆီနံ့ ရောပြွမ်းမနေသေးဘဲ လတ်ဆတ်သန့်ရှင်းမှုကို ခံစားနေရဆဲ .။ မြို့ကြီးပြကြီးက နေရာတချို့နဲ့ ကျေးလက်ဒေသတချို့ရဲ့ လေထုညစ်ညမ်းမှုကို တိုင်းတာနှိုင်းယှဉ်တဲ့ စာတမ်းတစ်ခုရေးရင် ကောင်းမလားစဉ်းစားမိရင်း အမြဲလိုလို တစ်ခုခုကို အဆက်မပြတ်လေ့လာဖို့ပဲ စိတ်ကူးပေါ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို ပြုံးမိပြန်တယ် ..။ “စာတွေ အဆက်မပြတ်လေ့လာနေဖို့ ပညာတတ်မိန်းမတစ်ယောက်ဖြစ်ဖို့သာ အစဉ်တစိုက် ဦးတည်နေတဲ့မိန်းမမျိုး၊ မိသားစုဘ၀တစ်ခုကို အေးအေးလူလူ ထူထောင်ဖို့ စိတ်ကူးမရှိတဲ့ မိန်းမမျိုး” လို့ တစ်စုံတစ်ယောက်က စွပ်စွဲပြောနေခဲ့တာကိုလည်း ပြန်ကြားယောင်ရင်းပေါ့ ..။ 

မိုးဖွဲဖွဲအောက်မှာ ကားတစ်စီးကိုမှီလို့ ရပ်နေမိရင်း .. အတိတ်က ခြေရာတွေ ကောက်နေမိရာက အတွေးထဲမှာ စိန်ပန်းနီနီတွေလည်းပါသလို မြင်းလှည်းတစ်စီးပေါ် က အော်ဟစ်စနောက်နေ တတ်တဲ့ လူငယ်တစ်စုလည်း ပါနေပြန်တယ် ..။ ကျောင်းဖွင့်လို့ ပြန်အလာ အိမ်ကထည့်ပေးလိုက်တဲ့ ဟင်းတွေ မုန့်မျိုးစုံအပြင် အ၀တ်အိတ်မနိုင်မနင်းနဲ့ ဟိုင်းဝေးကားပေါ်က ဆင်းလာတဲ့ မိန်းကလေးငယ်ငယ်ကို စောင့်ကြိုနေတဲ့ ပုဆိုးတိုတို၊ ရှပ်ရောင်စုံတွေ ၀တ်တတ်တဲ့ ကောင်လေးငယ်ငယ်လေးလဲ ပါပြန်ပါသေးတယ်..။ အရောင်ဆိုးထားလေ့ မရှိတဲ့ ခြေသည်းလက်သည်းတိုတိုတွေနဲ့အတူ သနပ်ခါးပါးကွက်ကျားမှာ နှုတ်ခမ်းနီဆိုးလေ့မရှိတဲ့ မိန်းကလေးငယ်ဟာ ကျောပိုးအိတ်တစ်လုံးကို သွားလေရာသယ်တတ်ကာ ဟက်ဟက်ပက်ပက် ပျော်ရွှင်ရယ်မောတတ်သူလည်း ဖြစ်ပါတယ်..။ 

ကောင်မလေးကို မျက်လုံးထဲ ပြန်မြင်ယောင်ရင်း ပန်းဆီရောင်ခြယ်ထားတဲ့ ခြေသည်းအလှနဲ့အတူ စီးနေကျဒေါက်ဖိနပ်ကို နေရာရွှေ့လို့ လမ်းလေးပေါ်ကို ခြေချလိုက်မိတယ် ..။ တချိန်က သူပြောခဲ့တဲ့ smart မကျ၊ လှလှပပမနေတတ်ဘဲ ဖြစ်သလိုနေတဲ့မိန်းကလေးဆိုတဲ့ မှတ်ချက်တစ်ခု ကို ပြန်တွေးမိတော့ ကိုယ့်အကြိုက်ဆိုးထားတဲ့ ပန်းဆီရောင်ဖျော့ဖျော့နှုတ်ခမ်းနှစ်လွှာကို အသာပြုံးလိုက်ရင်းက ပျံ့လွင့်လာတဲ့အအေးဓါတ်နဲ့ မိုးစက်တွေကြောင့် နေကာမျက်မှန် ကို ခေါင်းပေါ်အသာပြောင်းတပ်ကာ ကုတ်အကျီင်္ကို တင်းတင်းစေ့လို့ ဆက်လျှောက်လာမိတယ်...။ 

“ဟေးး နေကောင်းရဲ့လား..။ မတွေ့တာတောင် အတော်ကြာပေါ့..။ အပြောင်းလဲကြီး ပြောင်းလဲသွားလိုက်တာများ .. အရမ်းလှလာတယ်” ဆိုတဲ့ ကားတစ်စီးပေါ်က လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်ရဲ့ နှုတ်ဆက်စကားတစ်ခုကို ကြားမှ လက်ရှိကာလကို ပြန်ပြောင်းသတိရလာတယ်..။ စကားစမြည်ပြော နှုတ်ဆက်မိရင်း ဆယ်စုနှစ်တစ်ခုကျော်ကျော် မတွေ့ဖြစ်ပေမယ့်လည်း ကိုယ့်ကိုမြင်တာနဲ့ ချက်ချင်းမှတ်မိသိရှိတဲ့ အရင်းနှီးဆုံးသူငယ်ချင်းမဟုတ်တဲ့ မိတ်ဆွေကြောင့် ဘယ်လိုပဲ ပြောင်းလဲခဲ့ပေမယ့် ကိုယ့်ရဲ့ငယ်ရုပ်သွင်က ဖျောက်ဖျက်မရပါလားလို့ ၀န်ခံလာခဲ့ရတယ် ..။ 

ကားပေါ်ကို ပြန်တက် ခရီးဆက်လာတော့ မြင်ရတဲ့မြင်ကွင်းတွေက ဟိုအရင်အချိန်တွေနဲ့ ကွဲပြားစွာ ခမ်းနားလှတဲ့ အဆောက်အဦအသစ်တွေ၊ ချိုင့်ခွက်တွေရေဗွက်တွေ မရှိတော့တဲ့ ကတ္တရာလမ်းတွေ၊ မိုးရေကြောင့် စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ၊ ကားတွေဆိုင်ကယ်တွေကိုယ်စီ နဲ့ ကျောင်းသားကျောင်းသူ လူငယ်ကလေးတွေ၊ အဆောက်အဦအသစ်တွေတိုးပွားလာတဲ့ တက္ကသိုလ်ဆေးရုံကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရတယ် ..။ အတိတ်ကာလထဲမှာ ဟောင်းနွမ်းနေတဲ့ တိုက်နယ်ဆေးရုံအခန်းကလေးထဲက ငှက်ဖျားရောဂါကြောင့် ကုတင်ပေါ်မှာ ဆေးပုလင်း ချိတ် ဆေးကုသမှုခံယူနေရတတ်တဲ့ ကျောင်းသားလူငယ်ကလေးတွေရယ်၊ လူနာမပျင်းရအောင် စာအုပ်တွေဖတ်ရင်း ဟာသတွေပြောလို့ ရယ်ပွဲဖွဲ့နေတတ်တဲ့ သူငယ်ချင်းတစ်စု ရယ်ကို မြင်နေရပြန်ပါတယ် ...။ သူငယ်ချင်းတစ်ယောက်ပြောသလို အတိတ်ဆိုတာ သတိရတိုင်း ခဏခဏထုတ်ဖတ်မိတဲ့ စာအုပ်တစ်အုပ်လိုပဲ ဆိုသလို ... အတိတ်က နေရာဟောင်း ကို ပြန်အရောက်မှာ ထုတ်ဖတ်စရာမလိုပဲ မျက်လုံးထဲ မြင်ကွင်းတွေ အစီအရီပြန်ရောက်လာပုံက ရောက်နေတဲ့ ပတ်ဝန်းကျင်ကြောင့်သာ ဖြစ်ပါလိမ့်မယ် ..။

အသစ်အသစ်တွေနဲ့ ခမ်းနားထည်ဝါနေတဲ့ နေရာတစ်ခုကို အတိတ်ကမြင်ကွင်းတွေနဲ့ အတူ ဖြတ်သွားရင်း ဦးတည်ရာနေရာတစ်ခုကို ခရီးဆက်လာခဲ့တယ်..။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက ကိုယ်ကျင်လည်ခဲ့တဲ့နေရာလေးကတော့ အခုဖြတ်သွားခဲ့တဲ့ ပတ်ဝန်းကျင်လိုပဲ ပြောင်းလဲမှုတွေ ရှိနေလေမလား ... သိချင်စိတ်တစ်ခုလည်း ပါနေပြန်ရဲ့ ..။ ကျောင်းမုခ်ဝဆိုတာ မရှိခဲ့ဘဲ တစ်ထပ်ကျောင်းဆောင် ခမ်းနွမ်းနွမ်းလေးထဲမှာ နိုင်ငံတကာက တက္ကသိုလ်တွေနဲ့အပြိုင် သင်ခန်းစာတွေ ပို့ချတတ်တဲ့ဆရာတွေ ဆရာမတွေကို နင့်နင့်နဲနဲလွမ်းဆွတ်မိရင်း သူတို့သင်ပေးလိုက်တဲ့ ပညာတွေကို အခြေခံလို့ နိုင်ငံကြီးတွေ ရဲ့ ကျော်ကြားတဲ့ တက္ကသိုလ်တွေမှာ ဘွဲ့လွန်ဆက်တက်နေကြတဲ့ တပည့်တွေ အကြောင်း သေချာသိလာခဲ့ရင် ဥယျာဉ်မှူးတွေရဲ့ ပီတိဆိုတာ တိုင်းတာလို့တောင် ရမှာမဟုတ်နိုင်ပါဘူး ..။ တောထဲတောင်ထဲက စုတ်ချာချာကျောင်းဆောင်ကလေး ကနေ နိုင်ငံပေါင်းစုံက တက္ကသိုလ်တွေ ကွန်ဖရင့်တွေ အစည်းအဝေးတွေမှာ ယုံကြည်မှုအပြည့်နဲ့ တက်ရောက်ပြောဆိုဆွေးနွေးနေတဲ့ တပည့်တွေအများကြီး ရှိလာနေပြီဆိုတာ ကျောင်းဆောင် ကလေးနဲ့ ဆရာတွေဆရာမတွေလည်း သေချာသိနေကြမှာပါ ...။

နေရာဟောင်းကို အ၀င်မှာပဲ ခမ်းနားကြီးကျယ်တဲ့ မုခ်ဦးကို စတင်မြင်လိုက်ရတော့ ပီတိတွေနဲ့ ပြုံးမိပါတယ် ..။ ကိုယ်ကျင်လည်ခဲ့ချိန်က မရှိခဲ့တဲ့ ၂ ထပ်ဆောင် ၃ ထပ်ဆောင်တွေ ကို မြင်လိုက်ရတော့ အံ့သြ၀မ်းသာစိတ်နဲ့အတူ မျက်ရည်တောင် လည်လာမိတဲ့အဖြစ် ..။ ဟိုအရင်အချိန်က ခြေကျင်လျှောက်သွားလေ့ရှိတဲ့ လူငယ်အုပ်စုတွေပျောက်ဆုံးသွားခဲ့ပြီး ဆိုင်ကယ်တွေကိုယ်စီနဲ့ အပြိုင်အဆိုင်သွားလာနေကြကာ သူငယ်ချင်းအုပ်စုစကားဝိုင်းဖွဲ့ လုယက်ပြောမနေကြတော့ဘဲ ဖုန်းကိုယ်စီကိုင်လို့ တစ်ကိုယ်တည်း ပြုံးစေ့စေ့ဖြစ်နေကြတဲ့ လူငယ်ကလေးတွေပဲ တွေ့နေရတော့တဲ့နေရာတစ်ခု ..။ စာဖတ်ခန်းထဲမှာ စာအုပ်တွေကိုယ်စီဖတ်မှတ်နေကြတာ အနည်းငယ်သာတွေ့နေရပြီး laptop ကိုယ်စီကိုင်လို့ အင်တာနက်မှာ surfing လုပ်နေကြတဲ့မြင်ကွင်း ..။ တော်တော်များများပြောင်းလဲသွားပေမယ့် ...  မြန်မာလုံချည်လှလှလေးတွေနဲ့ ရင်ဖုံးအကျီင်္လှလှလေးတွေဝတ်ဆင်နေ ဆဲ ကျောင်းသူလေးတွေကို မြင်မိတော့ အ၀တ်အစားအပြင်အဆင်ပြောင်းလဲခြင်းမရှိသေးဘဲ ယဉ်ကျေးသိမ်မွေ့မှုကို ခံစားရမိနေဆဲ ဖြစ်တဲ့အခါ ဂုဏ်ယူစွာနဲ့ ကိုယ်ပြုံးမိရပြန်တယ် ..။

တူမကြီး .. အလုပ်ကိစ္စနဲ့ လာတာလား” လို့ ကိုယ့်ကို ကွမ်းတွေစားရက်က ရင်းရင်းနှီးနှီးလာနှုတ်ဆက်တဲ့ ဦးလေးကြီးကိုတွေ့တော့ ကိုယ့်ဆွေမျိုးအရင်းအချာတစ်ယောက် ကို ပြန်တွေ့ရသလို ပျော်ရွှင်သွားမိတယ် ..။ ဆယ်နှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် .. အရင်ထက်တောင် နည်းနည်းဝလာတဲ့ခန္ဓာကိုယ်နဲ့  ကျန်းကျန်းမာမာရှိနေသေးတဲ့ အသက် ၆၀ နားနီးနီး ကားဒရိုင်ဘာဦးလေးကြီးက တချိန်တုန်းက တောတောင်တွေထဲက ဆိုးဆိုးရွားရွားလမ်းတွေမှာ ကျောင်းသားလေးတွေကို ဘေးအန္တရာယ်ကင်းအောင် ဂရုတစိုက်မောင်းပို့ပေးလေ့ရှိတဲ့ အလုပ်တာဝန်ကျေပွန်ပြီး သဘောကောင်းတဲ့သူတစ်ယောက်ပါ ..။

သမီး .. နည်းနည်းပိန်သွားတယ်.. ကျောင်းတုန်းကလို ၀၀ကစ်ကစ်ကလေး မဟုတ်တော့ပါလား” လို့ ပြောတဲ့ ဆရာမကို တွေ့မိတော့ ၀မ်းပန်းတသာ အံ့သြတကြီးဖြစ်လို့ ..။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်က ဒီလောက်တောင် လှပနေဆဲပါလားလို့ စဉ်းစားမိတော့ ဆရာမက တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေလို့ပဲ ဖြစ်မှာလို့ သုံးသပ်မိတဲ့အခါ ကိုယ်ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုကို ဘာသာကျေနပ်သွားမိပြန်ပါတယ် ..။ မိသားစုဘ၀ နဲ့ သွေးသားအရင်းအချာကို မွေးမြူပျိုးထောင်ပေးခြင်းဆိုတဲ့ လူ့ဘ၀တာဝန်ပျက်ကွက်ခဲ့ပေ မယ့်လည်း အောင်မြင်ကျော်ကြားတဲ့ တပည့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကလည်း ဆရာမရဲ့ မိခင်တာဝန်ကို ကျေပွန်ခြင်းတစ်မျိုးပဲ မဟုတ်ပါလား..။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်း ကိုယ်စီတာဝန်တွေကို ကျရာဇာတ်ရုပ်မှာ ကျေကျေပွန်ပွန်ထမ်းဆောင်နေခြင်းက တစ်ယောက်ချင်းစီရဲ့ ခံယူချက်မတူညီပေမယ့်လည်း လောကကို အလှဆင်ခြင်းတစ်မျိုးပဲဆိုတော့ ကိုယ်မလုပ်နိုင်ခဲ့ဘဲ အခြားတစ်ပါးသူလုပ်နိုင်ခဲ့တဲ့အရာတွေကို ချီးမြှောက်သင့်လှပါတယ် ..။

ဟိုအရင်အချိန်က ကိုယ်တစ်ခါမှာ မမြင်ဖူးတဲ့ အဆောက်အဦအသစ်ကြီးထဲ ၀င်ရောက်မိတဲ့အခါ အတိတ်ဆိုတာကို ပြန်မတွေးမိခြင်းအတွက် ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကြောင့်များ ဖြစ်နေလေမလား ... ကိုယ် ပြန်မတွေးချင်တော့ပါဘူး ...။ ကိုယ်ဦးတည်ရာ နေရာရောက်ဖို့အတွက် အတိတ်ကပုံရိပ်တွေနဲ့အတူ ... ခရီးဆက်လာခဲ့ပါတယ် ....။

====================


ဆက်ရေးရဦးမှာမို့ ဆက်လက်အားပေးဖတ်ရှုပေးဖို့ တောင်းဆိုပါတယ်ရှင် ...။

ပို့စ်တစ်ခု မဖြစ်မနေရေးဖို့တွန်းအားပေးခဲ့တဲ့ Blog-Post-Challenge (BPP) ကြောင့် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တဲ့အတွက် ဒီ Activity လေးကို စတင်ဖြစ်တည်စေခဲ့သူ အစ်ကို၊အစ်မ မောင်လေး၊ ညီမလေး Bloggers များကို ကျေးဇူးအထူးတင်ပါတယ် ..။
Blog post တွေ တင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံတွင်းက ကလေးလူငယ်လေးတွေရဲ့ ပညာရေးကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းတဲ့ ဒီအစီအစဉ်လေးအတွက်  ကျမကလည်း သိကျွမ်းခင်မင်ရင်းနှီးတဲ့ Blogger ၁၀ ဦးကို ဒီနေရာကနေ Post တင်ဖို့ Challenge လုပ်ပါတယ်..။
၁။ မမိုးငွေ့ (မိုးငွေ့နဲ့အတူ)
၂။ အသူ (My Emotions)
၃။ မိုးသက် @ မေမြို့မိုး
၎။ မအိန်ဂျယ်လှိုင်
၅။ ကိုလွင်ပြင်
၆။ မစံပယ် @ မဂျက်
၇။ မင်းအရိပ် (ရောင်စုံအခန်းငယ်)
၈။ လရိပ်အိမ်
၉။ မိုးညချမ်း
၁၀။ မကြီးလွမ်း (အလွမ်းမြို့လေး)

8 comments:

ရာဇာထွေး said...
This comment has been removed by the author.
ရာဇာထွေး said...

နောက်ဆက်တွဲအပိုင်းများကိုလည်းဆက်လက်စောင့်မျှော်
ဖတ်ရှု့ပြီးအားပေးနေမှာပါ မတိမ်လွှာဖြူ ရေ.........

Blog-Post-Challenge(BPP)ကြောင့် ဘလော့လေးတွေပြန်လည်သက်ဝင်လှုတ်ရှားလာတယ်
လို့ခံစားမိပါတယ်...

အားပေးလျှက်ပါခင်ဗျာ...

ခင်မင်ရင်းနှီးစွာဖြင့်
ရာဇာထွေး

blackroze said...

လာဖတ်သွားပါတယ်အမရေ..

Anonymous said...

Love it.
Iora

Cameron said...

အင်...အစ်မက ညီမကို ချဲလန့်ခေါ်ထားလို့ ပြန်ရေးပေးတာမှုတ်လား ခုက အဲလိုပြန်ခေါ်လို့ရလားဟင် စည်းကမ်းချက်ပြန်ဖတ်မှထင်တယ်..။ ဘာပဲဖြစ်ဖြစ် ပို့စ်လေးတင်ပေးလိုက်ဖြစ်တာကိုပဲကျေးဇူးတင်ပါတယ်ညီမလေး ဘလော့ရွာလေး ပြန်စည်ကားလာတာကို မြန်ရတာလောက် ၀မ်းသာစရာကောင်းတာမရှိဘူး...း) အပိုင်နှစ်လဲမျှော်နေပါမယ်နော်...။

Phyu Lwin said...

အယ့် အစ်မမိုးငွေ့ ညီမကို Challenge လုပ်ထားသေးတာလား..။ ဘလော့တွေက ကွန်မကောင်းတော့ သိပ်မ၀င်ဖြစ်တော့ မသိလိုက်ဘူး :D ဖေ့ဘွတ်မှာ လာပြောမှ သိတာရယ်..။

စံပယ်ချို said...

ညီမငယ်လေးတဂ်ထားတာ ခုမှတွေ့တယ်
အမက tag ထားတယ်လို့လာ ပြောတာလေ ရယ်မိသေးတယ်ကိုယ့်ကိုtag ထားတာတောင်မသိလိုက်ဘူး
ခေုပဲတင်တယ်ညီမလေးရေ......

Aunty Tint said...

စိန်ခေါ်ပို့စ်လေး ဖတ်သွားတယ် တိမ်လွှာရေ...
ခေတ်ရေစီးကြောင်းနဲ့အတူ အတိတ်ပုံရိပ်လေးတွေကနေ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ လက်ရှိအမြင်လေးတွေ ..
စကားမစပ် တီတင့်လင်ခ်အသစ် ပြန်ချိတ်လိုက်အုံးနော်။
www.auntytint.blogspot.com

Follow Us @soratemplates