Showing posts with label ရေတမာနဲ့ ခရေတည်ရာဆီ. Show all posts
Showing posts with label ရေတမာနဲ့ ခရေတည်ရာဆီ. Show all posts

Saturday, 21 February 2015

ရေတမာနဲ့ ခရေတည်ရာဆီ (၄)

February 21, 2015 2 Comments




အဝေးက မှိုင်းညို့ညို့တောင်တန်းတွေ၊ ရေကန်ပြာပြာထဲက လှိုင်းကြက်ခွပ်ကလေးတွေ၊ တောင်တန်းတွေ ထက်က တိမ်စိုင်တိမ်လိပ်တွေ၊ ရေကန်နံဘေးက ခဲလုံးလေးတွေ၊ မြက်ရိုင်းပင်လေးတွေအထိ တစ်ခုမကျန် အသေးစိတ် အမှတ်တရရှိနေတဲ့အခါ အလွမ်းဆိုတာ သက်ရှိတွေကိုသာမကဘဲ သက်မဲ့အရာတွေပေါ်မှာ လည်း ထိရှခံစားတတ်တဲ့အရာပါလားလို့ .... အသိအမှတ်ပြုမိလာခဲ့တယ်.....။

ရေကန်ဘေးက ယူကလစ်ပင်တွေထက် လာနားခိုလေ့ရှိတဲ့ ငှက်မောင်နှံတွေ၊ ရေကန်ထဲမှာ လူးလာကူးခတ်နေတတ်တဲ့ ဘဲငန်းရောင်စုံတွေ၊ ငါး အရွယ်စုံတွေကိုလည်း တခုတ်တရ မျှော်ငေးမိတဲ့ အခိုက်အတန့်ဆိုတာလည်း မကြာခဏကြုံလာတဲ့အခါ အတိတ်ဟာ ဘဝမှာ ခြေရာချင်းထပ် လိုက်ပါလာတဲ့ အရာလို့လည်း နောင်တမဲ့စွာ တွေးတတ်လာခဲ့တယ်....။

အလွမ်းတွေက မြက်ရိုင်းပင်တွေရဲ့ အရေအတွက်ထက် ပိုသာနေတဲ့အခါ၊ ရေကန်ရဲ့ ဟိုးအဝေးကြီး ထိ ပြိုင်တူပစ်ခဲ့ဖူးတဲ့ ခဲလုံးလေးတွေထက် ပိုများနေတဲ့အခါ၊ တောင်တန်းကြီးတွေထက် ထုထည်ပိုကြီးနေတဲ့ အခါ၊ ရေကန်ထဲက ရေတွေနဲ့ထပ်တူ ပမာဏတိုင်းတာလို့မရတဲ့အခါ၊ လျှောက်လှမ်းခဲ့တဲ့ ခြေရာတွေလိုပဲ .မရေမတွက်နိုင်တဲ့အခါ အလွမ်းရဲ့နောက်ဆက်တွဲအဖြစ် ဘယ်အရာကိုမှ ပြုပြင်ဖန်တီးမရနိုင်တဲ့ အခြေအနေမှာ အမှတ်တရအဖြစ် သိမ်းဆည်းရုံကလွဲလို့ တတ်နိုင်တာ မရှိခဲ့ဘူးမဟုတ်လား ..။

စကားလုံးတွေက ဖြူစင်မှုတွေချည်း ဖြစ်ခဲ့တဲ့အချိန်တွေ၊ သံယောဇဉ်တွေက ခရေတွေ ဇွန်ပွင့်ဖြူဖြူတွေလို ရေတွက်မရအောင် များပြားလှတဲ့ကာလတွေ၊ ရယ်မောသံတွေဟာ မာယာပရိယာယ် ဟန်ဆောင်မှုမရှိတဲ့ ရိုးရှင်းမှုတွေသာ လွှမ်းခြုံနေတတ်တဲ့နေ့ရက်တွေ၊ အိပ်မက်တွေမှာ ပျော်ရွှင်စရာ အနာဂတ်တွေသာ လွှမ်းမိုးခဲ့ဖူးတဲ့ အခိုက်အတန့်တွေ စသဖြင့် အတိတ်ဟာ ပြန်တွေးမိတိုင်း ပစ္စုပ္ပန်နဲ့ ခြားနားနေပေမယ့်လည်း ကြည်နူးဖွယ်ရာ နေ့ရက်တွေတော့ ဖြစ်လို့နေခဲ့ပါတယ်...။

Wednesday, 14 January 2015

ရေတမာနဲ့ ခရေတည်ရာဆီ ..(၃)

January 14, 2015 1 Comments


ကြာတော့ ကြာခဲ့ပါပြီ...။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က နေရာတစ်ခုဟာ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလွန်မြောက်လာခဲ့ပေမယ့်လည်း အတွေးထဲမှာ၊ အိပ်မက်ထဲမှာ၊ စိတ်ကူးထဲမှာ၊ စကားတွေထဲမှာ၊ စာတွေထဲမှာ မှတ်မှတ်ရရနေရာယူထားနိုင်ဆဲ ....။

အဖြူရောင်ချစ်ခြင်းတွေ ဖြစ်တည်ရင့်သန်ခဲ့ရာ နေရာတစ်ခု၊ အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိအောင် လှေကားထစ်ခုအဖြစ် ရပ်တည်ပေးခဲ့တဲ့နေရာတစ်နေရာဟာ ရင်ထဲမှာ ထာဝရ သက်ဆုံးတိုင် မပျောက်မပျက်တည်ရှိနေမှာ အသေအချာပါ...။

"ငါတို့ အတူတူပျော်ရွှင်ခဲ့ကြတယ်..။ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေလည်း အတူတူကြုံခဲ့ဖူးတယ်..။ ရန်တွေဖြစ်ခဲ့ကြဖူးတယ်..။ စာတွေအတူတူ ကျက်ခဲ့ဖူးတယ်...။ သီချင်းတွေ အတူတူ အော်ဆိုခဲ့ကြဖူးတယ်..။ စိန်ပန်းနီရဲရဲတွေကို ငေးကြည့်ရင်း နွေနေ့လည်ပူပူထဲမှာ စာမေးပွဲအတွက် ရတက်ပွေခဲ့ကြဖူးတယ်..။ ငုပန်းဝါဝါတွေကိုမြင်ယောင်ရင်း ကျောင်းဖွင့်မယ့်ရက်ကို လက်ချိုးရေတွက် ခဲ့ကြဖူးတယ်...။ ပိုက်ဆံတွေ အပြန်အလှန် ချေးငှားကြသလို .. မုန့်တွေ အပြန်အလှန် ဝယ်ကျွေးခဲ့ကြဖူးတယ်..။ ကောင်မလေးချောချောလေးတွေနောက် တကောက်ကောက်လိုက်ကြည့်ဖူး သလိုပဲ ကောင်လေးသန့်သန့်လေးတွေမြင်ရင်လည်း  အတူတူလိုက်ငေးခဲ့ကြဖူးတာပဲ..။ ယောက်ျားလေး၊ မိန်းကလေးရယ်လို့ ခွဲခြားမှုမရှိဘဲ သူငယ်ချင်းဆိုတဲ့စိတ်တစ်ခုမှာ ချစ်ခြင်းတွေဟာ အဖြူရောင်တွေချည်းသာ ဖြစ်ခဲ့ကြတယ်..."

"သတိရတယ်.." "သူငယ်ချင်းတွေကို လွမ်းလိုက်တာ" .. "အရင်ကအချိန်တွေကို ပြန်တမ်းတတယ်" ဆိုတဲ့ သူငယ်ချင်းအချို့ရဲ့ စကားတွေကြားမှာ အတိတ်ကာလဟာ အတွေးထဲ ပြန်ရောက်လာခဲ့ တယ်....။ ဒီနေရာလေးမှာ ရှင်သန်ရပ်တည်ကြစဉ်ဘဝကတည်းက တစ်ဦးအခက်အခဲရှိရင်၊ တစ်ခုခုအဆင်မပြေတာကြုံလာရရင် အားလုံးဝိုင်းဝန်းဖြေရှင်းကြတဲ့ဓလေ့ဟာ မြန်မာနိုင်ငံမှာ Team Work ဆိုတာ ရှိနေပါသေးတယ် ဆိုတဲ့အကြောင်း ငါတို့ သက်သေပြနိုင်ခဲ့တာပဲ မဟုတ်လား...။

"ငါတို့ကျောင်းတုန်းက ဆိုခဲ့ဖူးတဲ့သီချင်းတချို့ မှတ်မိသလောက်ပြန်ပြောပြပါ" ဆိုတော့ အဆိုတော် Alex ရဲ့ သီချင်းတွေဖြစ်တဲ့ မြတ်နိုးခွင့်၊ သူငယ်ချင်းချစ်သူ၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေ၊ အငဲရဲ့ ထပ်မဝေးဘူး၊ ဂန္တဝင်မြောက်အိမ်အပြန်ဆိုတဲ့သီချင်းတွေနဲ့ လေးဖြူရဲ့ သီချင်းတော်တော်များများကို သူမှတ်မိသမျှ ပြောပြလာတယ်...။ ဒီနေ့ မှတ်မှတ်ရရ "ထပ်မဝေးဘူး" ဆိုတဲ့ သီချင်းကိုပြန်နားထောင်မိတဲ့အခါ... ငါတို့အားလုံးအတူတူ ဂစ်တာတီးတဲ့သူကတီးပြီး ဆိုတဲ့သူက ဝိုင်းအော်ဆိုကြတဲ့ မီးပုံဘေးနားက သူငယ်ချင်းတစ်သိုက်ကို ပြန်မြင်ယောင်လာတယ်...။

"ပြန်ဆုံဖြစ်ကြရင် .... ကြက်သားကာလသားချက် ပြန်ချက်ကျွေးရမယ်" ဆိုတော့ စားချင်တာစား၊ လိုချင်တာ ရနေတဲ့ ဘဝတွေမှာ တောထဲက မပြည့်မစုံနဲ့ ချက်ရတဲ့ ဟင်းတစ်ခွက်ကို တမ်းတနေသေးတာလားလို့ စသလို နောက်သလို ပြောဖြစ်ကြတယ်..။ "မဟုတ်ပါဘူး... တကယ်ကတော့ အဲဒီအချိန်က စေတနာကိုသာ ပြန်လိုချင်တာ" ..။ လောက်လောက်ငင မစားနိုင်လို့ အခြားသူတွေကို ဝှက်ပြီး ခိုးစားကြတဲ့ ရယ်မောစရာအဖြစ်တွေကို ပြန်ခံစားချင်မိတာ....။

ဘယ်မေ့နိုင်ပါ့မလဲ ....။ သံယောဇဉ်တွေက လွယ်လွယ်နဲ့ဖြစ်တည်လာခဲ့ကြတာမှမဟုတ်တာ...။ အရင်အချိန်တွေက ဓါတ်ပုံတွေပြန်မြင်မိတိုင်း ငါကတော့ ခုထိပုံစံမပြောင်းသေးဘူးလို့ .... သိသိနဲ့ ငြင်းနေတတ်ဆဲ...။ ကိုယ်ကလွဲရင် အားလုံး စိတ်ရော ကိုယ်ရော ပြောင်းလဲ ရင့်ကျက်သွားပြီလို့ ထင်နေမိဆဲ ....။ ကိုယ့်ပုံစံကိုကြည့်ပြီး တော်တော်လူရည်လည်လာပြီလို့ ပြောတဲ့သူတွေကို သူတစ်ယောက်ကတော့ ခုထိစိတ်ထားဖြူစင်ဆဲလို့ သတ်မှတ်ထားတဲ့ သူငယ်ချင်းအချို့လည်း အနားမှာ ဝန်းရံလို့ လိုအပ်ရင် ကူညီဖေးမဖို့ အဆင်သင့်ရှိနေကြဆဲ ...။

ဒီလိုနဲ့ပဲ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ..... လူငယ်ဘဝကနေ လူလတ်ပိုင်းအရွယ်ကို ရောက်ရှိလို့ ဘဝမှာ ကိုယ်စီရုန်းကန်နေကြဆဲပါပဲ .....။

Wednesday, 10 September 2014

ရေတမာနဲ့ ခရေတည်ရာဆီ ~~ (အပိုင်း-၂)

September 10, 2014 3 Comments


အတိတ်ကာလယန္တရားထဲမှာ တ၀ဲလည်လည်သွားလာနေရင်း ခရီးဆက်ဖြစ်တဲ့အခါ ... မိုးရေစက်တွေနဲ့အတူ စိမ်းစိုနေတဲ့ပိတောက်ပင်တွေကို တွေ့ရပါတယ် ..။ နွေကာလက ပွင့်ကြွေပြီး သွားတဲ့အကိုင်းတွေထက်မှာ အစိမ်းရောင်အရွက်တွေ နေရာအပြည့်ယူထားလျက် ...။ အပင်ဆိုတာ မတွေ့ရဘဲ ကျောက်တွေခဲတွေသာပြည့်နေတဲ့ကွင်းပြင်တစ်ခုမှာ တစ်ချိန်တုန်းက ကျောင်းသား လူငယ်တစ်စုမမောမပမ်းစိုက်ပျိုးခဲ့တဲ့ပိတောက်ပင်သေးသေးလေးတွေကတော့ ကျောက်ကြိုကျောက် ကြားမှာ ခက်ခက်ခဲခဲရှင်သန်လာခဲ့ရင်း နေရာတစ်ခုကို ရယူထားနိုင်တဲ့ သက်ရှိတွေအဖြစ် ဖန်တီးသူရဲ့ပီတိကို ဖြစ်ပေါ်စေပါတယ် ..။

နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်တစ်ခုဟာ ပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာ ဟိုအရင်အချိန်နဲ့ကွဲပြားစွာ အရာအားလုံးက အသစ်အသစ်တွေ နေရာအပြည့်ယူထားလျက်..။ ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့ အဟောင်းတွေရဲ့ အငွေ့အသက်တွေကြားမှာ အတိတ်ကိုတော့ ပြန်လည်တသလွမ်းဆွတ်မိစေခဲ့တာကိုတော့ ကိုယ့်အသိစိတ်က လက်မခံလို့ မရဘူးလေ...။ 

ခရေပင်တွေနဲ့ မယ်ဇလီပင်တွေရောနှောနေတဲ့ လျှောက်လမ်းကလေးကို မြင်မိတဲ့အခါ ... အမြဲတမ်းကသုတ်ကရက် ပြေးလွှားသွားလာနေတဲ့မိန်းကလေးတစ်ယောက်ကို မျက်လုံးထဲ မှာ ပြန်မြင်ယောင်လာတယ် ...။ ကျောပိုးအိတ်အနက်ရောင် တခါတလေလည်း ကချင်လွယ်အိတ် အပြာရောင်လေးလွယ်လေ့ရှိတဲ့မိန်းကလေးဟာ ဘေးနားမှာ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူငယ်ချင်းတွေနဲ့အတူ ... ပျော်ရွှင်ရယ်မောလျက်..။ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကြိုးစားကြမယ် ဆိုပြီး စကားကြီးစကားကျယ်တွေပြောခဲ့ကြတဲ့သူငယ်ချင်းတစ်စုက အခုတော့လည်း ကမ္ဘာကြီးရဲ့နေရာ အသီးသီးမှာ ကိုယ့်ဘ၀ကိုယ် ကိုယ်စီတည်ဆောက်ရုန်းကန်နေကြဆဲ ...။ တွဲခဲ့တဲ့လက်အစုံက မြဲတဲ့သူတွေရှိခဲ့သလို ... တစ်သက်လုံးစာဝေးကွာလို့ .. ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သူတွေအဖြစ် ကိုယ်စီဘ၀မှာ ကျင်လည်ခဲ့ကြသူတွေလည်း ရှိနေကြဆဲ ..။ 

တစ်ချိန်က သူငယ်ချင်းတွေနဲ့အတူ စကားနိုင်လုရင်း ကြက်သွန်ဖြူဥတွေအလုအယက်စားခဲ့တဲ့ လက်ဖက်သုပ်နဲ့ ထမင်းဆိုင်နေရာလေးက ပျောက်ကွယ်သွားခဲ့ပြီး အဆောက်အဦအသစ်တွေ ထပ်တိုးလာတဲ့အခါ .. ထိုင်နေကျထမင်းဆိုင်နဲ့ သဘောကောင်းတဲ့ဆိုင်ပိုင်ရှင်အဘနဲ့ မိသားစုတွေကို သတိရအောက်မေ့လာမိပါတယ် ...။ 

ခရေပွင့်တွေကြွေတတ်တဲ့လျှောက်လမ်းလေးကနေ ရှေ့ဆက်သွားမိတော့ ..ကျောင်းသူဘ၀ တစ်လျှောက်နေခဲ့တဲ့ မိန်းကလေးဆောင်ရှေ့ကို ရောက်ရှိလာပါတယ် ..။ အဆောင်ရှေ့က အော်ရေးရှားပင်ရိပ်အောက်မှာ ... ဟိုးအရင်အချိန်ကပုံစံ အတိုင်း ကျောင်းသူ တချို့ရယ်.. စာမေးဖို့၊ ပိုက်ဆံချေးဖို့၊ မုန့်ကျွေးဖို့၊ သတိရလို့၊ စာအုပ်ငှားဖို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ လာလည်နေတတ်တဲ့ ကျောင်းသားလူငယ်တချို့ရယ်ကို တွေ့မိပြန်တော့ တချိန်က မိန်းကလေးငယ်ငယ်ရယ် သူမရဲ့ သူငယ်ချင်းရယ်ကို ပြန်လည် မြင်ယောင်လာ မိပြန်ပါတယ် ..။ ဟိုအရင်အချိန်နဲ့မတူစွာ ကွာခြားသွားတာက အော်ရေးရှားပင်အောက်မှာ ထိုင်စရာခုံတန်းလေး မရှိတော့တာက အတိတ်လွမ်းဝေဒနာကို အနည်းနဲ့အများ လျော့ပါးသွားစေ ပါတယ်...။ ဒါပေမယ့်လည်း ညစဉ်တိုင်းလိုလို အဆောင်ညစောင့်အဘကနေတစ်ဆင့် လာပို့ပေးတတ်တဲ့ သူမနဲ့သူငယ်ချင်းတစ်စုကြိုက်တတ်တဲ့မုန့်တွေ၊ အဆောင်ဘေးကနေ လာဆိုတတ်တဲ့သူငယ်ချင်း သီချင်းတွေ၊ ရေတွက်လို့မရနိုင်တဲ့ ဇွန်ပန်းဖြူဖြူတွေ၊ စာကြိုးစားဖို့ အားပေးတတ်တဲ့ စကားသံတွေ စတဲ့စတဲ့အရာတွေက ရုပ်ရှင်တစ်ကားလို မျက်လုံးထဲမှာ အစီအရီပြန်မြင်လာမိတယ် ..။ ဒါတွေက ပြန်သတိမရသင့်တော့တဲ့ ကိုယ်မေ့ခဲ့ပြီးသား အရာတွေမဟုတ်လား...။

~~~~~~~~~~~~~~~~
မေ့နေပြီဖြစ်တဲ့အရာတွေထဲမှာ အဆောင်ကနေ ရှေ့ဆက်သွားတဲ့အခါ ရောက်သွားတဲ့ နေရာက ခရေရနံ့တွေ သင်းပျံ့နေတတ်တဲ့ ကတ္တရာလမ်းမတစ်ခုရယ် တောင်တန်းတစ်ခုကို နောက်ခံထား တဲ့ ရေကန်ပြာရယ်.. စိန်ပန်းတွေ နီရဲနေတတ်တဲ့မြင်ကွင်းတွေရယ်...။

ကိုယ်မေ့ချင်ခဲ့တာက ခရေနဲ့ စိန်ပန်းတွေရောယှက်နေတဲ့ ရေတမာပင်တွေပေါတဲ့နေရာက လမ်းမထက်မှာ ဘေးချင်းကပ်ရက်သွားလေ့မရှိဘဲ လမ်းဘေးကပ် ကာ ရှေ့တစ်ယောက်  နောက် တစ်ယောက်သွားလေ့ရှိတဲ့၊ အများက ချစ်သူတွေလို့ မထင်ခဲ့ကြတဲ့၊ တစ်သက်လုံးပြန်မဆုံကြတော့ မယ့် ..သူငယ်ချင်း ၂ ယောက်ရယ်ပါ ...။ 


Follow Us @soratemplates