အတိတ်ကာလယန္တရားထဲမှာ
တ၀ဲလည်လည်သွားလာနေရင်း ခရီးဆက်ဖြစ်တဲ့အခါ ... မိုးရေစက်တွေနဲ့အတူ စိမ်းစိုနေတဲ့ပိတောက်ပင်တွေကို
တွေ့ရပါတယ် ..။ နွေကာလက ပွင့်ကြွေပြီး သွားတဲ့အကိုင်းတွေထက်မှာ အစိမ်းရောင်အရွက်တွေ
နေရာအပြည့်ယူထားလျက် ...။ အပင်ဆိုတာ မတွေ့ရဘဲ ကျောက်တွေခဲတွေသာပြည့်နေတဲ့ကွင်းပြင်တစ်ခုမှာ
တစ်ချိန်တုန်းက ကျောင်းသား လူငယ်တစ်စုမမောမပမ်းစိုက်ပျိုးခဲ့တဲ့ပိတောက်ပင်သေးသေးလေးတွေကတော့
ကျောက်ကြိုကျောက် ကြားမှာ ခက်ခက်ခဲခဲရှင်သန်လာခဲ့ရင်း နေရာတစ်ခုကို ရယူထားနိုင်တဲ့ သက်ရှိတွေအဖြစ်
ဖန်တီးသူရဲ့ပီတိကို ဖြစ်ပေါ်စေပါတယ် ..။
နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့
ပတ်ဝန်းကျင်တစ်ခုဟာ ပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာ ဟိုအရင်အချိန်နဲ့ကွဲပြားစွာ အရာအားလုံးက
အသစ်အသစ်တွေ နေရာအပြည့်ယူထားလျက်..။ ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့ အဟောင်းတွေရဲ့ အငွေ့အသက်တွေကြားမှာ
အတိတ်ကိုတော့ ပြန်လည်တသလွမ်းဆွတ်မိစေခဲ့တာကိုတော့ ကိုယ့်အသိစိတ်က လက်မခံလို့ မရဘူးလေ...။
ခရေပင်တွေနဲ့
မယ်ဇလီပင်တွေရောနှောနေတဲ့ လျှောက်လမ်းကလေးကို မြင်မိတဲ့အခါ ... အမြဲတမ်းကသုတ်ကရက် ပြေးလွှားသွားလာနေတဲ့မိန်းကလေးတစ်ယောက်ကို
မျက်လုံးထဲ မှာ ပြန်မြင်ယောင်လာတယ် ...။ ကျောပိုးအိတ်အနက်ရောင် တခါတလေလည်း ကချင်လွယ်အိတ်
အပြာရောင်လေးလွယ်လေ့ရှိတဲ့မိန်းကလေးဟာ ဘေးနားမှာ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူငယ်ချင်းတွေနဲ့အတူ
... ပျော်ရွှင်ရယ်မောလျက်..။ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကြိုးစားကြမယ် ဆိုပြီး စကားကြီးစကားကျယ်တွေပြောခဲ့ကြတဲ့သူငယ်ချင်းတစ်စုက
အခုတော့လည်း ကမ္ဘာကြီးရဲ့နေရာ အသီးသီးမှာ ကိုယ့်ဘ၀ကိုယ် ကိုယ်စီတည်ဆောက်ရုန်းကန်နေကြဆဲ
...။ တွဲခဲ့တဲ့လက်အစုံက မြဲတဲ့သူတွေရှိခဲ့သလို ... တစ်သက်လုံးစာဝေးကွာလို့ .. ဘယ်တော့မှ
ပြန်မဆုံနိုင်တော့တဲ့ သူတွေအဖြစ် ကိုယ်စီဘ၀မှာ ကျင်လည်ခဲ့ကြသူတွေလည်း ရှိနေကြဆဲ ..။
တစ်ချိန်က
သူငယ်ချင်းတွေနဲ့အတူ စကားနိုင်လုရင်း ကြက်သွန်ဖြူဥတွေအလုအယက်စားခဲ့တဲ့ လက်ဖက်သုပ်နဲ့
ထမင်းဆိုင်နေရာလေးက ပျောက်ကွယ်သွားခဲ့ပြီး အဆောက်အဦအသစ်တွေ ထပ်တိုးလာတဲ့အခါ .. ထိုင်နေကျထမင်းဆိုင်နဲ့
သဘောကောင်းတဲ့ဆိုင်ပိုင်ရှင်အဘနဲ့ မိသားစုတွေကို သတိရအောက်မေ့လာမိပါတယ် ...။
ခရေပွင့်တွေကြွေတတ်တဲ့လျှောက်လမ်းလေးကနေ
ရှေ့ဆက်သွားမိတော့ ..ကျောင်းသူဘ၀ တစ်လျှောက်နေခဲ့တဲ့ မိန်းကလေးဆောင်ရှေ့ကို ရောက်ရှိလာပါတယ်
..။ အဆောင်ရှေ့က အော်ရေးရှားပင်ရိပ်အောက်မှာ ... ဟိုးအရင်အချိန်ကပုံစံ အတိုင်း ကျောင်းသူ တချို့ရယ်..
စာမေးဖို့၊ ပိုက်ဆံချေးဖို့၊ မုန့်ကျွေးဖို့၊ သတိရလို့၊ စာအုပ်ငှားဖို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့
လာလည်နေတတ်တဲ့ ကျောင်းသားလူငယ်တချို့ရယ်ကို တွေ့မိပြန်တော့ တချိန်က မိန်းကလေးငယ်ငယ်ရယ်
သူမရဲ့ သူငယ်ချင်းရယ်ကို ပြန်လည် မြင်ယောင်လာ မိပြန်ပါတယ် ..။ ဟိုအရင်အချိန်နဲ့မတူစွာ
ကွာခြားသွားတာက အော်ရေးရှားပင်အောက်မှာ ထိုင်စရာခုံတန်းလေး မရှိတော့တာက အတိတ်လွမ်းဝေဒနာကို
အနည်းနဲ့အများ လျော့ပါးသွားစေ ပါတယ်...။ ဒါပေမယ့်လည်း ညစဉ်တိုင်းလိုလို အဆောင်ညစောင့်အဘကနေတစ်ဆင့်
လာပို့ပေးတတ်တဲ့ သူမနဲ့သူငယ်ချင်းတစ်စုကြိုက်တတ်တဲ့မုန့်တွေ၊ အဆောင်ဘေးကနေ လာဆိုတတ်တဲ့သူငယ်ချင်း သီချင်းတွေ၊
ရေတွက်လို့မရနိုင်တဲ့ ဇွန်ပန်းဖြူဖြူတွေ၊ စာကြိုးစားဖို့ အားပေးတတ်တဲ့ စကားသံတွေ စတဲ့စတဲ့အရာတွေက
ရုပ်ရှင်တစ်ကားလို မျက်လုံးထဲမှာ အစီအရီပြန်မြင်လာမိတယ် ..။ ဒါတွေက ပြန်သတိမရသင့်တော့တဲ့
ကိုယ်မေ့ခဲ့ပြီးသား အရာတွေမဟုတ်လား...။
~~~~~~~~~~~~~~~~
မေ့နေပြီဖြစ်တဲ့အရာတွေထဲမှာ
အဆောင်ကနေ ရှေ့ဆက်သွားတဲ့အခါ ရောက်သွားတဲ့ နေရာက ခရေရနံ့တွေ သင်းပျံ့နေတတ်တဲ့ ကတ္တရာလမ်းမတစ်ခုရယ်
တောင်တန်းတစ်ခုကို နောက်ခံထား တဲ့ ရေကန်ပြာရယ်.. စိန်ပန်းတွေ နီရဲနေတတ်တဲ့မြင်ကွင်းတွေရယ်...။
ကိုယ်မေ့ချင်ခဲ့တာက
ခရေနဲ့ စိန်ပန်းတွေရောယှက်နေတဲ့ ရေတမာပင်တွေပေါတဲ့နေရာက လမ်းမထက်မှာ ဘေးချင်းကပ်ရက်သွားလေ့မရှိဘဲ
လမ်းဘေးကပ် ကာ ရှေ့တစ်ယောက် နောက် တစ်ယောက်သွားလေ့ရှိတဲ့၊ အများက ချစ်သူတွေလို့ မထင်ခဲ့ကြတဲ့၊
တစ်သက်လုံးပြန်မဆုံကြတော့ မယ့် ..သူငယ်ချင်း ၂ ယောက်ရယ်ပါ ...။
3 comments:
ကျောင်းတက်တဲ့ဘ၀လေးကို လွမ်းစေတယ်...။ ပို့စ်လေးတွေ ပုံမှန်တင်ဖြစ်နေတာ ၀မ်းသာစရာပဲညီမရေ မအားတဲ့ကြားကလေ...။ တစ်ပတ်ကိုတစ်ပုဒ်လေးတင်ဖြစ်ရင်လဲ ဒါမဆိုးဘူးလေနော်...။
၉တန်း၁၀တန်းကတည်းကတွဲခဲ့တဲ့သူငယ်ချင်းကရေဆင်းမှာတက်တာလေ။သူကစိုက်ပျိုးရေးတက္ကသိုလ်.သူပြောလို့ဒီအငွေ့အသက်တွေကြားဖူးတယ်။ပထမနှစ်နဲ့ဒုတိယနှစ်ကတော့သူနဲ့စာအပြန်အလှန်ပို့ဖြစ်တယ်။ဒုတိယနှစ်ကုန်လောက်မှာGtalkတွေပေါ်လာတော့ သူလဲစာမပို့တော့ဘူး။အသူလဲစာမရေးဖြစ်တော့ဘူး။အဆက်အသွယ်လဲပြတ်ကော..သူ့ကိုလွမ်းလိုက်တာ
(^_*)
ရက်လနှစ်တွေ ပြောင်းလဲလာပေမယ့် အရိပ်သဖွယ် အမြဲလိုလို ကိုယ့်နောက်က လိုက်ပါနေတဲ့ အတိတ်ဘ၀လေးဟာ ပြန်တွေးတောမိတိုင်း ရင်ကိုလွမ်းစေတယ် တိမ်လွှာရေ...
Post a Comment