Wednesday, 19 November 2014

# My Own Feelings # အက်ဆေး

Wait me pls ~~~ (2)



ကျမဘ၀ရဲ့ ပထမဆုံးတက္ကသိုလ်ကိုတက်နေချိန် ကျောင်းသူဘ၀က ဘ၀ရဲ့ ပျော်စရာအကောင်းဆုံး အချိန်တွေထဲက အစိတ်အပိုင်းတစ်ခုပါပဲ ..။ ယောက်ျားလေး၊ မိန်းကလေးခွဲခြားမှုတွေမရှိဘဲ သူငယ်ချင်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ မောင်နှမလို သံယောဇဉ်နဲ့ချစ်ကြတဲ့ သူငယ်ချင်းတွေ၊ ရယူလိုမှုမရှိဘဲ စေတနာ အပြည့်နဲ့ ဆရာ၊ ဆရာမတွေကြားမှာ ဘ၀က ပျော်စရာအတိပြီးခဲ့ပါတယ်..။ အပြင်ကျူရှင်ဆိုတာမရှိတဲ့ ထူးခြားလှတဲ့တက္ကသိုလ်မှာ စာသင်ခန်းထဲက ဆရာဆရာမတွေရှင်းပြတဲ့ လက်ချာချိန်တွေတက်ရင်း နားမလည်ရင် သူငယ်ချင်းအချင်းချင်း အပြန်အလှန်ရှင်းပြရင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေထိုင်ခဲ့ကြ ပါတယ်..။ သူငယ်ချင်းတွေကြားထဲမှာ ကျမထက်အသက် (၃) နှစ်ကြီးပေမယ့် ကျမလောက် ဉာဏ်မကောင်း တဲ့သူငယ်ချင်းတစ်ယောက်ကို စာနဲ့ပတ်သက်ရင် အမြဲအကူအညီပေးခဲ့ရတယ်..။ သူ့အပြင် အခြား သူငယ်ချင်းတွေလည်း စာနဲ့ပတ်သက်လို့ အကူအညီလိုရင် ကျမအမြဲကူညီပေးလေ့ရှိခဲ့ပါတယ်..။ စာမေးပွဲနီးရင် အဆောင်ရှေ့မှာ Notes လာတောင်းတဲ့သူငယ်ချင်းတွေ မုန့်လေးတွေကိုင်ပြီး ရောက်ရောက် လာလေ့ရှိပါတယ်..။ 

မိန်းကလေးအဆောင်က ညနေ ၆ နာရီဆိုပိတ်တာဖြစ်တဲ့အတွက်ကြောင့် ညရောက်ပြီဆိုရင် သူငယ်ချင်း တတွေ မုန့်ပူပူနွေးနွေးစားချင်တဲ့ စိတ်တွေက မရိုးမရွဖြစ်လာလေ့ရှိပါတယ်..။ ဒါပေမယ့်လည်း အတန်းထဲက ယောက်ျားလေးသူငယ်ချင်းတွေရဲ့ အလှည့်ကျမုန့်တွေဝယ်လာပေးတတ်တဲ့ စေတနာက ကျမတို့ရဲ့ အငတ်အာသာကို ပြေစေခဲ့ပါတယ်.။ ကျမရဲ့ သူငယ်ချင်းကတော့ ညတိုင်းလိုလို အဆောင်စောင့် အဘကနေတစ်ဆင့် အကြော်၊ ထပ်တရာ၊ ပလာတာ၊ မုန့်လင်မယား၊ ပေါက်စီ၊ မုန့်ဟင်းခါး စသဖြင့် သူလက်ဖက်ရည်သွားသောက်ရင်း ၀ယ်လာလေ့ရှိခဲ့ပါတယ်...။ သူဝယ်လာတိုင်း အတန်းထဲက မိန်းကလေး သူငယ်ချင်းတွေအားလုံးအတွက် ညီတူညီမျှဝယ်ပို့ပေးလေ့ရှိပါတယ်..။ အဲဒါကြောင့် ကျမအပြင် အခြား မိန်းကလေးသူငယ်ချင်းတွေအားလုံးက ဘက်မလိုက်တတ်တဲ့သူ့စိတ်ဓါတ်ကို ချစ်ကြပါတယ်..။ ဘယ်သူမှ မုန့်လာမပို့တဲ့ညဆိုရင်တော့ လက်ဖက်သုပ်၊ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်စတဲ့ အသုပ်မျိုးစုံ ၊ ခေါက်ဆွဲခြောက်ထုပ်မျိုးစုံ၊ ရှိရှိသမျှ မုန့်မျိုးစုံကို မရိုးအောင်လုပ်စားကြပါတယ်..။ ကျမအခန်းက အမြဲ ပင်တိုင်အခန်းပါ..။ အခန်းထဲမှာ သီချင်းစာအုပ်မျိုးစုံ၊ ဂစ်တာ၊ DVD စသဖြင့် မျိုးစုံအောင် ထားပြီး သောင်းကျန်းလေ့ရှိခဲ့ကြပါတယ်..။ ဒါပေမယ့်လည်း အချိန်တန်ရင်တော့ စာတော့ ပုံမှန်လုပ်ကြ ပါတယ်..။

ဒီလိုနဲ့ပဲ ... နောက်ဆုံးနှစ်ကိုရောက်လာတော့ စာတွေက ခက်လာသလို ကျမသူငယ်ချင်းကို စာရှင်းပြရတာ လည်း အချိန်တွေပိုစိပ်လာခဲ့ပါတယ်..။ အမြဲလိုလို ကျက်စာဆိုရင် သူ့ကိုရှင်းပြရင်း ကျမက ပြန်ကျက်စရာ မလိုဘဲ အလွတ်ရနေပြီဆိုရင်တောင် သူကနားမလည်သေးပါဘူး။ တွက်စာတွေဆိုရင်လည်း သူ့ကိုရှင်းပြရလွန်းလို့ စာမေးပွဲဖြေချိန်ထိ ကျမကပြန်ကြည့်စရာမလိုအောင် ရှင်းလင်းသွားပေမယ့် သူက လယ်တယ်တယ်ပဲ ဖြစ်နေတတ်ပြန်ပါသေးတယ်..။ သူကပဲ ဉာဏ်မကောင်းတာလား၊ ကျမကပဲ စာရှင်းပြတာ ပါရမီမပါတာလားတော့ မသိပါဘူး..။ နောက်ဆုံးနှစ်အတွက်တင်ရမယ့် စာတမ်းခေါင်းစဉ် လည်း ကျမက သူ့အတွက်ရွေးပေးရုံမက references တွေပါ အဆင်သင့်ရှာပေးတာတောင် သူက ရေးရမှာ ပျင်းနေတဲ့သူမျိုး..။ ဒါပေမယ့် ကိုယ့်ဘာသာရေးဆိုပြီး အဲတစ်ခုကိုတော့ ကျမ မရေးပေးခဲ့ပါဘူး..။ စာမေးပွဲနီးချိန်တိုင်း စာတွေအော်ပြီးကျက်တတ်လွန်းလို့ အသံနာလေ့ရှိတတ်တဲ့ ကျမအတွက် Mybacin ကဒ်ကလေးတွေ သူအမြဲဝယ်လာပေးတတ်ပါတယ်..။ နေမကောင်းရင် သူငယ်ချင်းတစ်ယောက်လိုသာမက အစ်ကိုတစ်ယောက်လို ပြာယာခတ်ပြီး သူစိတ်ပူကာ တတွတ်တွတ်ဆူနေတတ်ပြန်ပါတယ်..။ ကျမစားချင် တာမှန်သမျှ သူက အမြဲဝယ်ကျွေးချင်ခဲ့သလို ကျမအတွက် အပြင်ဗဟုသုတစာအုပ်တွေ အမြဲလက်ဆောင် ၀ယ်ပေးတတ်ပါတယ်..။ သူပေးခဲ့တဲ့ စာအုပ်တွေထဲမှာ မှတ်မှတ်ရရရှိခဲ့တဲ့ စာအုပ်တွေက ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ပေါ်လီယာနာ၊ Who moved my cheese နဲ့ Zig Zigglar ရဲ့ See you at the top ကို ဘာသာပြန်ထားတဲ့ ထိပ်ဆုံးမှာ တွေ့ကြမယ် ဆိုတဲ့ စာအုပ်တွေပါ..။ အခြားစာအုပ်တွေတော့ အများကြီး ပါပဲ..။ ဥပမာ ဦးနုရဲ့ မိတ္တဗလဋီကာ၊ ပြီးတော့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဆိုတဲ့စာအုပ်နဲ့ အခြား ဘာသာရေးစာအုပ်တွေ၊ အခြား ပညာရပ်ပိုင်းနဲ့ပတ်သက်တဲ့စာအုပ်တွေ စသဖြင့်ပေါ့..။ ပေါ်လီယာနာကို ဖတ်ကြရင်း တစ်ခုခုအဆင်မပြေ၊ စိတ်ညစ်စရာတွေတွေ့ကြတိုင်း ဒါလည်းကောင်းတာပါပဲ ဆိုတဲ့စကားကို လက်ကိုင်စွဲရင်း စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ဖယ်ရှားပစ်ခဲ့ကြဖူးတယ်..။ See you at the top ဆိုတဲ့ စာအုပ်ထဲက လူတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘ၀ဆိုတာ တစ်ယောက်တည်း ထီးတည်းအောင်မြင်တာ ကိုပြောတာမဟုတ်ဘဲ.. ပညာရေး၊ အလုပ်အကိုင်၊ မိသားစုဘ၀၊ လူမှုရေးဘ၀၊ စီးပွားရေးစတာတွေကို အချိုးညီညီဟန်ချက်ညီအောင်လုပ်ကိုင်ရင်း အောင်မြင်တဲ့အလုပ်အကိုင်တစ်ခုရယ်၊ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနိုင်မှ အောင်မြင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်က မှန်ကန်တယ်ဆိုတာကို မှတ်မှတ်ရရရှိခဲ့ကြတယ်..။ နောက်ပိုင်းတော့ စာရေးရင်၊ ဖုန်းပြောရင် See you at the top ဆိုတဲ့စကားနဲ့ အဆုံးသတ်နှုတ်ဆက်တဲ့အထိ အဲဒီတက်ကျမ်းစာအုပ်ကို သဘောတကျရှိခဲ့ပါတယ်..။ အခုနောက်ပိုင်း ကျမ အလွန်မကြိုက်တဲ့စာရေးဆရာတစ်ယောက်က အဲဒီစကားလုံးကို သူ့ကိုယ်ပိုင်စကားလုံးလိုလို တွင်တွင် သုံးနေကတည်းက ကျမ အဲဒီစကားလုံးကို ယောင်လို့တောင် မဟတော့ပါဘူး..။ နောက်တစ်ချက်က ကျမတို့ ထိပ်ဆုံးမှာတွေ့ကြဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခု ရောက်သွားတာကြောင့်လည်း ဖြစ်ပါတယ်။


ဒီလိုနဲ့ပဲ ကျောင်းပြီးလို့ အောင်စာရင်းထွက်ချိန်မှာ ကျမက ဂုဏ်ထူးတွေအများကြီးနဲ့ အထူးအောင် နဲ့ အောင်ခဲ့ပေမယ့်  သူကတော့ ဂုဏ်ထူးအနည်းငယ်နဲ့သာ အောင်မြင်ခဲ့ပါတယ်..။ ပညာရေးကို လိုက်စားလိုစိတ်မရှိတော့တဲ့ သူ့အတွက်တော့ ဂုဏ်ထူးနဲ့အောင်တယ်ဆိုတာနဲ့တင် တော်တော်ထူးချွန်နေပြီ လို့ ပြောပါတယ်..။ ကျောင်းပြီးလို့ အချိန်သိပ်မကြာခင်မှာပဲ ကျမနိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါပြီ.။ ပထမဆုံး လျှောက်ဖြစ်တာက TICA (Thailand International Cooperation Agency) က ပေးတဲ့ Scholarship ပါ..။ တက်ချင်လွန်းလို့ရယ်မဟုတ်ပါပဲ.. အကြောင်းတိုက်ဆိုင်တော့ လျှောက်ဖြစ် သွားတာပါ..။ အဲဒီအတွက် research proposal တွေရော၊ အမှတ်စာရင်းစသဖြင့် Document တွေ စုံအောင်တင်ခဲ့ပြီး သိပ်မကြာခင်မှာ ရေးဖြေ၊ နှုတ်ဖြေ ဖြေရပါတယ်..။ ရေးဖြေက တကယ်တော့ TOEFL ဖြေရပါတယ်..။ ကျမက အင်္ဂလိပ်စာသာ လေ့လာနေပေမယ့် TOEFL ရယ်၊ IELTS ရယ်ဆိုပြီး ရည်ရွယ်လေ့လာခဲ့တာမဟုတ်လေတော့ စာမေးပွဲခန်းထဲရောက်မှာ TOEFL ဖြေရတာပါလားလို့ သိပြီး ကိုယ့်မှာရှိတဲ့ အင်္ဂလိပ်စာလေးနဲ့ပဲ ရသလောက်ဖြေခဲ့ပါတယ်...။ Listening ကတော့ အကျင့်သိပ်မ ရှိတော့ ကောင်းကောင်းမဖြေနိုင်ခဲ့ပါဘူး..။ နောက်တစ်ရက်ကျတော့ အင်တာဗျူးဖြေရ ပါတယ်..။ English Fluency ရယ်၊ ပညာရပ်ပိုင်းဗဟုသုတတွေ ရယ် မေးတာတော့ ကောင်းကောင်းဖြေနိုင် ခဲ့ပါတယ်..။ ဒီလိုနဲ့ Listening မှာ ကောင်းကောင်းမဖြေနိုင်ခဲ့တဲ့အပြင် ပထမဆုံးအတွေ့အကြုံဆိုတော့ ရမှာမဟုတ်လောက် ပါဘူးလို့ပဲ ဘာမှစုံစမ်းမေးမြန်းခြင်းမရှိဘဲ ဒီအတိုင်းသာ နေနေခဲ့ပါတယ်..။ အဲဒါအပြင် ကျမအလုပ်လည်း ၀င်လုပ်နေခဲ့ပါပြီ..။ 


ဒါပေမယ့် တစ်ရက်တော့ မထင်မှတ်ထားဘဲ ကျမဆီကို မေးလ်ဝင် လာပါတယ်..။ ကျမလျှောက်တဲ့ တက္ကသိုလ်ကိုရတဲ့အကြောင်းနဲ့ TICA Scholarship ကိုရတဲ့အကြောင်း၊ နောက်ဆုံးရောက်ရမယ့်ရက်၊ ဗီဇာလျှောက်ဖို့ ဘာတွေပြင်ဆင်ရမယ်၊ ဘာညာနဲ့ပေါ့..။ TICA က ပေးတဲ့ Monthly Scholarship fee က တော်တော်နည်းပါတယ်..။ တစ်လကို ထိုင်းဘတ် ၇၀၀၀ လောက်ပဲ ပေးတာပါ..။ မထင်မှတ်ဘဲ လျှောက်လိုက်မိတဲ့တက္ကသိုလ်တစ်ခုက လက်ခံစာရတော့ ကျမအတွက် လက်ရှိလုပ်နေတဲ့ အလုပ်ရယ်၊ ရလာတဲ့အခွင့်အရေးရယ်၊ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ထပ် ဒီထက်ကောင်း တဲ့ အခွင့်အရေးတွေရလာနိုင်မယ့်အခြေအနေရယ် စသဖြင့် ဆုံးဖြတ်ရခက်ခဲတဲ့အခြေအနေ  တစ်ခု ဖြစ်ခဲ့ ပါတယ်..။ အဲဒါအပြင် ကျမကိုလည်း အခြားနိုင်ငံကြီးတွေက ကျောင်းတွေကို သွားတက်နိုင်အောင် လုပ်နိုင်ရက်သားနဲ့ ဘာကြောင့် နီးနီးနားနားမှာပဲ တက်မှာလဲ ဘာညာစသဖြင့် သူငယ်ချင်းတွေ၊ စီနီယာတွေကလည်း ပြောကြတာပေါ့..။ အတွေ့အကြုံကလည်းမရှိ၊ အသက်ကလည်းငယ်သေးတော့ သွားရမလား၊ မသွားရဘူးလားဆိုတာ ချက်ချင်းတိတိကျကျ မဆုံးဖြတ်နိုင်လောက်အောင် ကျမတွေဝေနေ ခဲ့ပါတယ်..။ 

++++++++++++@@@@@++++++++++++++


စာကြွင်း +++ :)))

:-) တကယ်က ဒီလောက်အသေးစိတ်ရေးဖို့ စိတ်မကူးထားပေမယ့်လည်း Keyboard ပေါ်တင်မိတဲ့ လက်ချောင်းတွေ သွားရာနောက်လိုက်ရင်း အလိုလိုရေးနေမိရာက ကျမဘ၀ဇာတ်ကြောင်းစုံတော့မယ်..:)
စာရေးရင် သူ့အလိုလို စိတ်ထဲကနေ ထွက်လာနေတဲ့စကားလုံးတွေကို လက်ချောင်းတွေက အလိုလိုရိုက်ပြီးသား ဖြစ်နေတတ်တဲ့ သဘာဝကြောင့် ဘာမှ edit မလုပ်ဖြစ်တော့ပါဘူး...........။ 

2 comments:

Thu said...

ဆက်ရေးနော်..ဒီကစောင့်ဖတ်နေတယ်လို့
အာ့လာပြောတာ :P

Phyu Lwin said...

ဆက်ရေးမှာပါ အသူရေ..။ အခုက သိပ်မအားသေးလို့ :(

Follow Us @soratemplates