Sunday, 21 June 2015

# Days In Japan # My Own Feelings

Today's Feelings ~~~

ဒီနေ့ တနင်္ဂနွေနေ့ပေမယ့် ကျောင်းမှာလုပ်နေတဲ့ Conference တစ်ခုမှာ Student Staff လုပ်နေတော့ မနက်အစောထရတယ်..။ ပုံမှန်ဆိုရင်တော့ ပိတ်ရက်ဆိုရင် မနက် ၈ နာရီလောက်မှ နိုးဖြစ်ပေမယ့် ဒီနေ့တော့ အလုပ်လုပ်ရမှာဆိုတော့ မဖြစ်မနေ ထဖို့လိုအပ်တယ်လေ..။ ညက အိပ်မက်စုံရာကြည့်တာက ၁၂ နာရီခွဲကျော်မှ ပြီးတယ်..။ ဒီမှာက မြန်မာနိုင်ငံထက် ၂ နာရီခွဲစောတာဆိုတော့ သူတို့ဆီက ၁၀ နာရီက ဒီမှာ ၁၂ နာရီခွဲနေပြီ..။ ဒါပေမယ့်လည်း မြန်မာပြည်ပြန်တုန်းက ကြည့်လက်စဆိုတော့ Grand Final ပွဲလည်း နီးလာပြီဖြစ်တာနဲ့ weekend တိုင်း အိပ်ရေးပျက်ခံပြီး ကြည့်ဖြစ်နေတာ..။

ကျောင်းကို မနက် ၉ နာရီအရောက်သွားရမှာဆိုတော့ ၇ နာရီခွဲမှ နိုးတာနဲ့ ပြူးပြူးပြာပြာပြင်ဆင်ပြီး အပြေးသွားရတယ်...။ Morning session က ၁ နာရီမှပြီးမှာဆိုတော့ မနက်စာလည်း အပြေးအလွှားစားခဲ့ရသေးတယ်..။ မဟုတ်ရင် လူတွေကြားထဲလည်း မရှောင်ပဲ ဗိုက်က ဂွီဂွမ်နဲ့ ထမြည်တတ်လွန်းလို့လေ..။ ၈ နာရီခွဲမှအိမ်က အထွက်မှာ မိုးကမရွာသေးပေမယ့် အိမ်နဲ့ မလှမ်းမကမ်းအရောက်မှာ မိုးပေါက်တွေ အများကြီးကျလာတယ်..။ သွားရမယ့် နေရာက နည်းနည်းလှမ်းတော့ စက်ဘီးစီးရင်း ထီးစောင်းတာ မကျွမ်းကျင်ပေမယ့် မရအရဆောင်းနေရင်း တစ်ကိုယ်လုံးလည်း စိုရွှဲလို့..။ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကျောင်းဝန်းတစ်နေရာမှာ စက်ဘီးကို ထားခဲ့လိုက်ပြီးတော့ ခြေကျင်ပြေးရတယ်..။

ရောက်တော့ presentation တွေ စခါနီးနေပြီ။ လုပ်ရမယ့်အလုပ်က Time keeper။ အချိန်မှတ်ပေးပြီး ဘဲလ်တီးပေးရတာ..။ conference တက်ဖို့ registration လုပ်ဖို့ရာက မြန်မာပြည်ပြန်နေတုန်းဖြစ်တာကြောင့် နောက်ကျသွားတာနဲ့ ကျောင်းရောက်တော့ student staff အနေနဲ့ ဝင်လုပ်လို့ရတယ်ဆိုတာနဲ့ပဲ လုပ်ဖြစ်သွားတာ..။ ဂျပန်စကားက သိပ်မရသေးတော့ စကားတွေပြောရမယ့်နေရာကို ရှောင်ပြီး အလုပ်ကို ခွဲပေးလိုက်တော့ ကျမရဲ့အလုပ်က presentation အချိန်တွေကို control လုပ်ပေးရတဲ့ time keeper ဖြစ်သွားတယ်..။ အိပ်ငိုက်တတ်တဲ့သူနဲ့ အချိန်မှတ်တဲ့အလုပ်နဲ့မှ တည့်တည်းတိုးတော့တာဆိုတော့ လူတွေရှေ့ငုတ်တုတ်ထိုင်၊ timer ကို သေချာကြည့်နဲ့ မနည်းမျက်လုံးပြူးထားရတော့ ပြီးလဲပြီးရော ဗိုက်ကလည်းဆာ၊ အိပ်ငိုက်ချင်တာ ကောင်းကောင်းမငိုက်ရတော့ ခေါင်းတွေချာချာလည်အောင် နောက်နေရင်း သူငယ်ချင်းတွေနဲ့ နေ့လည်စာစားကြတယ်..။

ပြီးတာနဲ့ အလုပ်ပြီးပြီဆိုတော့ lab မှာ ခဏနားပြီး စာလုပ်ဖို့အတွက် ပြန်လာခဲ့တယ်..။ စားခဲ့တာက တရုတ်ဆိုင်ဆိုတော့ ခရုဆီတွေ၊ အချိုမှုန့်တွေထည့်ချက်ထားတာနဲ့ပဲ အိပ်ချင်စိတ်က ပိုတက်လာနေခဲ့တယ်..။ အခန်းထဲရောက်ရောက်ချင်းပဲ facebook ကို ခဏကြည့်လိုက်တော့ Fathers' Day အတွက် post တွေ အများကြီးပဲ တန်းစီတွေ့လိုက်ရတယ်..။ အဲတော့မှ ဒီနေ့က ဇွန်လတတိယပတ်ရဲ့ တနင်္ဂနွေဖြစ်တာကြောင့် အဖေများနေ့ဆိုတာ အမှတ်ရပြီး အဖေ့ကိုလည်း သတိရမိတော့တယ်..။

တနင်္ဂနွေနေ့ဆိုတော့ ဒီနေ့ Lab ကို အခြားကျောင်းသူကျောင်းသားတွေ မလာတာနဲ့ပဲ အခန်းထဲမှာ စာမလုပ်ခင် ခဏလောက်အိပ်ဦးမယ်ဆိုပြီး ပြင်နေတုန်း Viber ကနေပြီး အဖေ့ဆီက ဖုန်းလာတယ်..။ တကယ်ကတော့ အဖေက အဖေများနေ့ဆိုတာ သိလို့ခေါ်တာဖြစ်မှာ..။ အရင်ဆုံးမေးမိတာက ယုန်လေးနေကောင်းရဲ့လားအဖေ ဆိုပြီးတော့ပေါ့..။ ယုန်လေးဆိုတာ ကျမရဲ့ အချစ်ဆုံးခွေးဖြူကလေးရဲ့နာမည်။ သူ့အမွှေးတွေက အဖြူရောင်တွေချည်းဖြစ်နေပြီး ငယ်ငယ်လေးတုန်းက ယုန်လေးနဲ့တူလို့ ယုန်လေးလို့ခေါ်ရင်း အဲနာမည်တွင်သွားတာ..။ သူအိမ်ကိုရောက်လာပုံက နည်းနည်းတော့ ရှုပ်တယ်..။ သေချာတာက အဖေကိုယ်တိုင် ကျမအတွက် သွားဝယ်ပေးခဲ့တာ..။ ဒါပေမယ့် ဘယ်သူဝယ်ပေးခဲ့တယ်ဆိုတဲ့ ပဟေဠိကရှိသေးတော့ နောက်မှ စာရေးတဲ့တနေ့ ရှင်းပြပါဦးမယ်..။ အမေပြောသလို ဖုန်းဆက်ရင် လူတွေနေကောင်းလားအရင်မမေးဘူး၊ သူ့ယုန်လေးပဲ အရင်သတိရတယ် ဆိုပြီး ပြောနေကျဖြစ်ပေမယ့် စိတ်က လူတွေကိုတော့ စိတ်ချပြီးသားဆိုတော့ ယုန်လေးကိုပဲ အပြင်ထွက်သွားမလား၊ အစားမှားစားမလား စိုးရိမ်ပြီး မေးဖြစ်ခဲ့တာ..။


အဖေက သတိတရနဲ့ ဖုန်းဆက်ပေမယ့် ထွေရာလေးပါးတွေပဲ ပြောဆိုဖြစ်ရင်း အဖေနေ့မို့ အဖေ့ကို ကန်တော့ပါတယ်၊ သတိရပါတယ်ဆိုတဲ့ စကားတွေတော့ မပြောဖြစ်ခဲ့ဘူး..။ အဖေနဲ့ဖုန်းပြောပြီးပြီးချင်းပဲ သူငယ်ချင်းတစ်ယောက်စီက Message လာတယ်..။ သူ့အဖေက အဖေနေ့ဆိုတာသိလို့ထင်တယ်၊ သူ့ဆီကို မှတ်မှတ်ရရဖုန်းဆက်လာတော့ အံ့သြကြည်နူးသွားမိတယ်တဲ့။ တကယ်ဆို သားသမီးတွေအနေနဲ့ ငါတို့က အရင်ဆုံးမှတ်မှတ်ရရဆက်သင့်တယ်မလားတဲ့..။ ငါတို့ တော်တော်ဆိုးတာပဲ ဆိုပြီး ပြောလာတယ်..။ မဟုတ်ပါဘူးလို့၊ တကယ်က ပါးစပ်က ဖွင့်မပြောကြပေမယ့် ငါတို့က မိဘတွေစိတ်ချမ်းသာအောင် ဂုဏ်ယူရအောင် အမြဲကြိုးစားနေတဲ့ သားသမီးတွေမဟုတ်လား လို့ ပြန်နှစ်သိမ့်လိုက်တယ်..။

အဖေများနေ့ဆိုတော့ ငယ်ငယ်ကလေးတည်းက အဖေ့ရဲ့ ဂရုတစိုက်ရှိမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြန်သတိရမိတယိ..။ ကျောင်းမတက်ခင် ကလေးသေးသေးလေးဘဝတုန်းက အဖေအလုပ်သွားရင် အဖေ့စက်ဘီးရဲ့ ရှေ့မှာ ခုံလေးချိတ်ပြီး ကျမကလိုက်ကာ အစ်မကတော့ နောက်ကခုံမှာ အဖေ့ကိုဖက်ပြီး လိုက်လေ့ရှိတယ်...။ အမေ့အလုပ်က အိမ်မှာဆိုတော့ အမေအလုပ်ကို ဖြောင့်ဖြောင့်လုပ်နိုင်အောင် ကလေးနှစ်ယောက်ကို အဖေပဲ အလုပ်တစ်ဖက်နဲ့ ထိန်းလေ့ရှိခဲ့တယ်..။ ကျောင်းနေတဲ့အခါ အခြားနေ့တွေတော့ အဖေရော အမေရော ကျောင်းကို လိုက်လေ့မရှိပေမယ့်  ကျေင်းအပ်တဲ့ရက်တိုင်းတော့ ကျမကို အဖေ့ရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်စေပြီး အစ်မကိုတော့ စက်ဘီးသေးသေးလေး စီးခိုင်းကာ ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့တယ်..။ ကိုးတန်း ဆယ်တန်းမှာ ကျူရှင်တွေကို ညဘက်တွေထိ တက်ရတဲ့အခါ စက်ဘီးတစ်စီးနဲ့ အဖေက လိုက်ပို့၊ လိုက်ကြိုလုပ်ပေးခဲ့တယ်..။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့ အချို့နေ့တွေမှာ ဆိုင်ကယ်နဲ့ အဖေကိုယ်တိုင် ကျမကို ကျောင်းလိုက်ပို့ပေးခဲ့တယ်..။ အလုပ်ထဲရောက်တော့လည်း တခါတလေ အဖေကိုယ်တိုင် ဆိုင်ကယ်နဲ့ လာကြိုခဲ့တယ်....။ အခုတော့ ကျမသွားချင်တဲ့နေရာတွေ၊ သုတေသနလုပ်ချင်တဲ့ တောရွာတွေဘက်ကို ကားတစ်စီးနဲ့အဖေကိုယ်တိုင် လိုက်ပို့ခဲ့တယ်...။ ကျမ နိုင်ငံရပ်ခြားကို သွားရလေ့ရှိတဲ့အခါ လေဆိပ်အထိ အဖေကိုယ်တိုင် မပျက်မကွက် ပို့တတ်ခဲ့တယ်..။ သွားနေကျဖြစ်နေပြီမို့ ကျမအတွက် ဝမ်းနည်းအားငယ်စိတ်ဆိုတာ မရှိတော့ဘဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ခွဲခွာခဲ့ပေမယ့် ကျန်နေခဲ့သူတွေရင်ထဲ ဘယ်လိုခံစားနေခဲ့ရမလဲ သိပ်မတွေးဖြစ်ခဲ့ဘူး...။ အိမ်မှာက အများအားဖြင့် ကျမကသာ ချန်ထားရစ်သူဖြစ်တာကြောင့် ကျန်တဲ့သူတွေရဲ့ ခံစားချက်ကို သိပ်ပြီး ကိုယ်ချင်းမစာတတ်ခဲ့ဘူး..။ သူငယ်ချင်းတွေကတော့ အားပေးပါတယ်..။ ကြိုးစားတဲ့ နင့်အတွက် မိဘတွေက ဂုဏ်ယူနေမှာပါတဲ့.၊ သူတို့ ဝမ်းမနည်းလောက်ပါဘူးတဲ့လေ..။ အတောင်အလက်စုံလာတဲ့အခါ ကောင်းကင်ကြီးမှာ ပျံသန်းစပြုနေပြီဖြစ်တဲ့ ငှက်တစ်ကောင်အတွက် အသိုက်ဟောင်းကတော့ အစဉ်အမြဲကြိုဆိုနေမှာပါပဲ ....။ ပျံသန်းရင်း အတောင်ညောင်းလာတဲ့အခါ နားခိုမယ့်နေရာဟာလည်း ဒီအသိုက်ပဲဖြစ်တာကြောင့် မိဘတွေအနေနဲ့ ဝမ်းနည်းစိတ်တော့ ဖြစ်နေမယ်မထင်မိပါဘူး....။ အသံကြားချင်တဲ့အခါ သတိရတဲ့အခါ ချက်ချင်းပြောဆို ဆက်သွယ်နိုင်အောင် ကွန်ယက်တွေက ကောင်းလာပြီဖြစ်တဲ့အတွက် အနေဝေးပေမယ့်လည်း နီးနီးလေးလို ခံစားမိဆဲပါပဲ ....။

No comments:

Follow Us @soratemplates