၂၀၁၅
ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဟာ နေရောင်တွေနဲ့ အတူသက်ဝင်လှုပ်ရှားလို့လာပါတယ်..။
အပူချိန် ၇ ဒီဂရီလောက်ရှိနေပေမယ့်လည်း နေရောင်ကြောင့် အအေးဒဏ်ကို ဆိုးဆိုးရွားရွား
မခံစားရဘဲ ရာသီဥတုက သာယာလို့နေပါတယ်...။ မြင်လေရာမှာတော့ အရွက်တွေအားလုံးနီးပါးကြွေနေပြီဖြစ်တဲ့အပင်တွေကြောင့်
ဆောင်းရာသီဆိုတာကို မှတ်မှတ်ထင်ထင် ရှိနေစေတယ်...။
တကယ်တော့
နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လလုံးနီးပါး အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ပြန်နေခဲ့တဲ့အတွက် လွန်ခဲ့တဲ့
၃ ရက်လောက် ၂၇ ရက်နေ့မှ ဒီမြို့လေးကို ပြန်ရောက်လာခဲ့တာပါ ...။ အလွမ်းတွေ တပွေ့တပိုက်နဲ့
၂၀၁၅ ရဲ့ နောက်ဆုံးနေ့ရက်တချို့ကို ဖြတ်သန်းနေရပြီး ၂၀၁၆ တစ်နှစ်လုံးဟာလည်း အလွမ်းတွေနဲ့ပဲ
အဖော်ပြုနေရမှာ သေချာနေပါတယ်..။
၂၀၁၅
တစ်နှစ်လုံးဖြတ်သန်းပုံကို ပြန်ပြောင်းလှည့်ကြည့်မိတဲ့အခါ ကျမဘဝအတွက် အပြောင်းအလဲများစွာကို
ဖြစ်စေခဲ့တဲ့နှစ်ဆိုတာ တွေ့ရပါတယ်...။ အပူအပင်မရှိတဲ့ဘဝကနေ စိုးရိမ်ပူပန်မှုတွေကြား
အားလုံးကိုကျော်ဖြတ်နိုင်အောင်ကြိုးစားရင်း ရင့်ကျက်မှုတွေရခဲ့တဲ့နှစ်၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကနေ
မိသားစုဘဝအတွက် စဉ်းစားပေးတတ်လာတဲ့နှစ်၊ မိဘလိုမျိုး
ချစ်ခင်စောင့်ရှောက်ပေးတဲ့ ခင်ပွန်းနဲ့ သူ့မိဘတွေကို ပိုင်ဆိုင်လာတဲ့နှစ်၊ ဆယ်နှစ်ကျော်ကွဲကွာသွားကြတဲ့ငယ်သူငယ်ချင်းတွေနဲ့
ပြန်ဆုံကြလို့ အလုပ်နဲ့ ပညာကိုပဲ ဦးစားပေးရင်း အပေါင်းအသင်းသူငယ်ချင်းတွေကို မေ့နေခဲ့တာ
ဆယ်နှစ်လောက်ရှိလာပါလားလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လာနိုင်တဲ့နှစ် စသဖြင့် အများကြီးပါပဲ
...။
၂၀၁၅
အစောပိုင်းကာလတွေဟာ မိသားစုအရေးကိစ္စအတွက် ပူပန်စရာတွေပြည့်နှက်လို့နေခဲ့ပါတယ်။ ပူပင်မှုတွေနဲ့
သိပ်မကြုံခဲ့ရတော့ တည်ငြိမ်အောင် တော်တော်ကြိုးစားခဲ့ရပြီး နောက်ပိုင်းတော့ သူ့အလိုလို
ပြန်အဆင်ပြေသွားခဲ့ပါတယ်...။ တစ်နှစ်လုံးမှာ ဘေးနားကနေ တချိန်လုံး အားပေးတတ်တဲ့ ဖေးမတတ်တဲ့ချစ်သူကြောင့်
စိတ်ညစ်စရာရှိရင်တောင် ခဏလေးနဲ့ ပြေပျောက်သွားခဲ့ရတယ်..။ သူ့ကြောင့် အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူရဲ့
လိုအပ်သမျှကို ဖြည့်ဆည်းပေးတတ်ခြင်းလည်း ဖြစ်တယ်ဆိုတာ သိလာရတယ်..။ စာရေးဆရာမတစ်ယောက်ရေးထားတာဖတ်ဖူးတယ်..”မောင်နဲ့ကျမနီးစပ်ဖို့
ခြေလှမ်း ၁၀၀ လိုတယ်ဆို မောင့်ဘက်က ခြေတစ်လှမ်းပဲ လှမ်းလာပါ။ ကျန်တဲ့ ၉၉ လှမ်းကို ကျမလှမ်းခဲ့ပါမယ်”
တဲ့ ..။ တကယ်တော့ ကျမနဲ့မောင့်အတွက်နီးစပ်ဖို့ ခြေလှမ်း ၁၀၀ လိုအပ်တယ်ဆိုရင် မောင်က
ကျမကို တစ်လှမ်းမှ မလှမ်းလာစေဘဲ ခြေလှမ်း ၁၀၀ လုံးကို သူက လျှောက်လာသူရယ်ပါ ...။ မင်္ဂလာဆောင်အတွက်
ကျမဖြစ်စေချင်တဲ့အရာအားလုံးကို တစ်ချက်မှ နောက်မတွန့်ဘဲ မောင်က ဖန်တီးပေးခဲ့တယ် ..။
ကျမလိုအပ်သမျှကို ဖန်တီးဖြည့်ဆည်းပေးဖို့အတွက် အမြဲတမ်း အဆင်သင့်ရှိနေခဲ့တယ်..။ တကယ်တော့
မောင့်ကို ပိုင်ဆိုင်ရခြင်းက ကျမမိဘတွေအစား ကျမလိုအပ်သမျှကို ဖြည့်ဆည်းပေးမယ့် မိဘလိုလူမျိုးကို
ပိုင်ဆိုင်လိုက်ရသလိုပါပဲ ...။ အရာရာအားလုံးကို အလိုလိုက်ပြီး ဖြစ်အောင်ဖန်တီးပေးတတ်တဲ့မောင့်ကြောင့်
အခုအချိန် တစ်ယောက်တစ်နေရာစီ ပြန်ဝေးသွားတဲ့အခါ ကျမရဲ့ မသိတတ်ခဲ့မှု၊ သူ့အပေါ်ဆိုးခဲ့မှုတွေအတွက်
အရင်အချိန်တွေကို ပြန်တွေးမိပြီး သတိရဝမ်းနည်းမိသလို ဖြစ်နေတတ်တယ်..။ တူတူရှိနေကြစဉ်ကတော့
မောင့်အပေါ် အဲလောက်ထိ အနိုင်ယူခဲ့မိမှန်း မသိခဲ့ဘဲ ဝေးနေချိန်မှ ကျမဆိုးခဲ့တာတွေ ပြန်မြင်လာတော့
အားတုံ့အားနာလည်း ဖြစ်နေပြန်ပါသေးတယ်....။
၂၀၁၅
ကို ပြန်ကြည့်လိုက်ရင် ၂၀၁၄ လောက် ကျမအပေါ်မကောင်းခဲ့ပါဘူး ...။ အသက်အရွယ်ကြောင့်လား၊
ဘဝပေးအခြေအနေကြောင့်လား၊ ကျမပဲ ကြိုးစားမှုလျော့နည်းခဲ့လို့ပေပဲလားတော့ မသိဘူး...။ အစောပိုင်းလတွေမှာ
အဆင်မပြေမှု၊ ရှုံးနိမ့်မှုလိုမျိုးတွေ ကြုံခဲ့ရတယ်..။ လောကဓံကို ကိုယ်တွေ့ကြုံလာရတော့
အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ရပ်တည်နိုင်ဖို့
ကြိုးစားခဲ့ရတယ်...။ ဒါပေမယ့်လည်း နောက်ပိုင်း ၅ လလောက်ဟာ ထင်မှတ်မထားလောက်အောင် အကောင်းတွေချည်း
ဆက်တိုက်ကြုံခဲ့ပါတယ်....။ အောင်မြင်မှုတချို့ကိုပြန်ရသလို ယုံကြည်မှုတွေလည်း ပိုတိုးလာခဲ့တယ်..။
လူမှုရေးမှာလည်း အကြာကြီးကွဲနေကြတဲ့သူငယ်ချင်းတွေနဲ့တောင် အရင်လိုပြန်အဆက်အသွယ်ရတဲ့အထိ
ချစ်ခင်တဲ့သူတွေတိုးလာခဲ့တယ် ...။ အရာရာကိုပေးဆပ်ဖို့ အဆင်သင့်ရှိနေတတ်တဲ့ ကျမရဲ့ မိဘတွေအပြင်
ကျမလိုသမျှ၊ ကျမဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးချင်နေတဲ့ မောင်နဲ့ မောင့်ရဲ့ မိဘတွေကို
ပိုင်ဆိုင်လာခဲ့တယ် ...။
၂၀၁၆
အတွက် မျှော်လင့်မိတာကတော့ အရာရာကို အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းချင်တယ်...။ ၂၀၁၅ လိုမျိုး
အဆိုးဆုံးတွေရော အကောင်းဆုံးတွေရော ရရှိသလိုမျိုး အနိမ့်အမြင့်အတက်အကျ ကြမ်းကြမ်းတွေ
မကြုံချင်တော့ဘူး ....။ အကောင်းဆုံးတွေမရရင် နေပါစေ၊ အရာရာက အေးချမ်းပြီး ပျော်ရွှင်စရာရောင့်ရဲစရာကောင်းတယ်ဆိုရင်
ကျေနပ်ပါပြီ ....။
**
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ရေးထားခဲ့တဲ့ စာတစ်ပုဒ်ဟာ အခုမှ အဆုံးသတ်ဖြစ်တဲ့အတွက်
ဒီနေ့မှ post တင်ဖြစ်ခဲ့ပါတယ် ..။
No comments:
Post a Comment