~~ Just one second ~~
Phyu Lwin
August 14, 2013
7 Comments
လူတွေမှာ
အဓိကအားဖြင့် ပြောင်းလဲပုံ (၂) မျိုးရှိတယ်..
တချို့ပြောင်းလဲတယ်ဆိုတာက
ပြောင်းလဲတတ်တဲ့လောကနိယာမအတိုင်း မျောပါပြီး ပုံမှန်ပြောင်းလဲတာ ပြောင်းလဲမှုတရားရဲ့အောက်မှာ
ပြောင်းလဲတာ။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ကံ၊ညဏ်၊၀ီရိယ၊ အင်အားနဲ့ အခြေအနေတစ်ရပ်ရပ်ကို
ဆွဲလှန်သလိုပြောင်းပစ်လိုက်တာ၊ ဒင်္ဂါးပြားလိုပေါ့ ..ခေါင်းကနေ ပန်းဖြစ်သွားအောင်
Back to Back ပြောင်းပစ်လိုက်တာမျိုး …
ဒုတိယအမျိုးအစားပြောင်းလဲမှုအတွက်
လူတစ်ယောက်ပြောင်းလဲသွားဖို့ အချိန်တစ်ချိန်ပဲ လိုတာပါ…
အဲဒီအချိန်က
ဘယ်လောက်ကြာသလဲဆိုရင် တစ်စက္ကန့်ပဲ
..။ ဟုတ်တယ်.. လူတစ်ယောက်ဟာ အခြေအနေတစ်ခုကနေ အခြားအခြေအနေတစ်ခုကို
ပြောင်းလဲသွားဖို့ အချိန် တစ်စက္ကန့်ပဲ လိုတယ်..။ တစ်စက္ကန့်ဆိုတဲ့အချိန်လေးဟာ လူတစ်ယောက်ရဲ့ဘ၀ကို
ချက်ချင်းပြောင်းလဲ သွားစေနိုင်တယ်...။
မိုးပေါ်မှာကြယ်ကြွေတယ်ဆိုပါတော့ ... ကြယ်ကြွေတာက
ရိတ်ကနဲဆိုတော့ တစ်စက္ကန့်လောက်ပဲ ကြာတယ် ...။ ဒါပေမယ့် မြင်လိုက်ရတဲ့သူနဲ့
မမြင်လိုက်ရတဲ့သူဆိုတာ နှစ်ပိုင်းကွဲကျန်ခဲ့သေး တယ်....။ အဲဒီ
တစ်စက္ကန့်ဆိုတဲ့အချိန်ကလေးက လူတွေကို နှစ်ခြမ်းခွဲချသွားတာ ...။
လူတစ်ယောက်ရဲ့ ရင်ထဲမှာ အသိတရားတစ်ခု ဖျတ်ကနဲလင်းပွင့်သွားတာကလည်း
ဘာမှမကြာဘူး တစ်စက္ကန့်ပေါ့..။
ဒါပေမယ့် သူ့ဘ၀တစ်ခုလုံးကို ဆွဲလှန်သွားလိုက်နိုင်တယ်..။
သူ့ဘ၀ရဲ့ရှေ့ပိုင်းအခြေအနေနဲ့ ပြောင်းလဲသွားပြီးနောက်ပိုင်းကာလကို အဲဒီတစ်စက္ကန့်က ခွဲခြားတာပဲ...။ အဲဒီလို လျှပ်တပြက်အသိညဏ်ပွင့်တာကို
Abrupt Enlightenment လို့ခေါ်တယ်…။ အဲဒီအချိန်လေးတစ်စက္ကန့်ကို ရွှေစက္ကန့် The golden second လို့ခေါ်တယ်...။
"အပေါ်မှာရေးခဲ့သမျှက ဆရာတာရာမင်းဝေရဲ့ သင်နှင့် နံနက်ခင်းကိုသာ
ဝင်ခွင့်ပြုမည် ဆိုတဲ့ လုံးချင်းဝတ္ထုရှည်ထဲမှာပါတဲ့ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့
သဘောတရား ၂ ခုပါ..။ အမှန်တရားတွေဖြစ်တာကြောင့် နောက်ပြီး ကျမရဲ့အတွေးနဲ့လဲ
ထပ်တူကျတာကြောင့် ကူးယူဖော်ပြခြင်းပါ..။ ပြီးတော့ အဲဒီပြောင်းလဲမှုနဲ့ပတ်သက်ပြီး
ကျမနားလည်ထားသလောက်လဲ ဆက်ပြီးရေးချင်ပါတယ်..။ ဆက်ဖတ်ပေးပါဦးနော်... အမြင်ချင်း
တူချင်လည်းတူမယ်... မတူရင်လည်း မတူနိုင်ပါဘူး....။ ကိုယ့်ယုံကြည်ချက်
ကိုယ့်စိတ်ကူးကိုယ်စီနဲ့ကိုးးးးး."
ဆရာပြောတဲ့
ပထမပြောင်းလဲမှုက လောကနိယာမအတိုင်း သူ့အလိုလိုပြောင်းလဲတာ မျိုး၊ ဖြစ်ရိုးဖြစ်စဉ်ပြောင်းလဲတာမျိုးပေါ့
(ဥပမာ .အသက်ကြီးလာတာနဲ့အမျှ ရုပ်ပုံသဏ္ဍာန်ပြောင်းလဲလာတာမျိုး၊ ကလေးစိတ် လူငယ်စိတ်ကနေ
လူကြီးစိတ်ဖြစ်ပေါ်လာတာမျိုး စသဖြင့်ပေါ့လေ) အဲဒီတော့ ဒီပြောင်းလဲမှုက သိပ်မထူးခြားတဲ့
လူသားတိုင်း မဖြစ်မနေကြုံတွေ့ရမယ့် ပြောင်းလဲမှုမျိုးဆိုတော့ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး…။
နောက်ပြောင်းလဲမှုက
လူတွေရဲ့ စိတ်ကူးလေးတစ်ချက်၊ အမှားလေးတစ်ခု၊ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် ဘ၀မှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုး..။
ကျမတို့ မြန်မာတွေ ယုံကြည်ရာ အတိုင်းဆို ကံကံ၏အကျိုး ဒါမှမဟုတ်ရင် အတိတ်ကံကြောင့်ပဲဖြစ်လာတယ် ဆိုပြီး
ဖြေတွေးတတ်ကြသလိုမျိုးပေါ့…။
တခါတလေ
လူတွေမှာ Turning point လို့ခေါ်တဲ့ ဆုံးဖြတ်ရွေးချယ်စရာအခြေအနေတွေနဲ့ ကြုံရတတ်တယ်..။
တစ်ခုခုကို မဖြစ်မနေဆုံးဖြတ်ရတဲ့အခါ ဆုံးဖြတ်လိုက်တဲ့အချိန်ဆိုတာ တစ်စက္ကန့်လေးပဲကြာတယ်....။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်က
သူ့တစ်ဘ၀လုံးပြောင်းလဲ သွားစေနိုင်လောက်အောင် အကျိုးသက်ရောက်စေတယ်...။
အလုပ်အကိုင်ပဲဖြစ်ဖြစ် .. ပညာရေးအတွက်ဖြစ်စေ
အိမ်ထောင်ရေးအတွက်ဖြစ်စေ လူတွေအားလုံးရွေးချယ်ကြရ ဆုံးဖြတ်ကြရတယ်...။ အဲဒီတစ်စက္ကန့်လေးရဲ့နောက်မှာ သူတို့ဘာတွေဆက်ဖြစ်မလဲ
ဘယ်သူမှသေချာမခန့်မှန်းနိုင်ဘဲ ကောင်းနိုးရာရာကို ရွေးချယ်ရင်း အချို့တော့
အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေနဲ့ ကြုံတွေ့ပြီး ပျော်ရွှင်ရပေမယ့် အချို့အတွက်တော့
ထင်မှတ်မထားတဲ့ ဆုံးရှုံးမှုတွေကြုံကြရပြန်တယ်...။
ဥပမာ ထီထိုးဖို့ဆုံးဖြတ်လိုက်တာ တစ်စက္ကန့်ပဲကြာပေမယ့် ကံကောင်းလို့ထီပေါက်လိုက်ရင် အဲဒီတစ်စက္ကန့်က လူတစ်ယောက်ဘ၀ကို သိန်းပေါင်းများစွာပိုင်ဆိုင်သူ အဖြစ်
ပြောင်းလဲသွားစေတယ်...။
လမ်းလျှောက်နေရင်း ခေါင်းပေါ်ကိုသစ်ကိုင်းပြုတ်ကျတာလည်း တစ်စက္ကန့်ပဲ...။ ကားမောင်းနေရင်း မတော်တဆမှောက်တာလည်း
သတိမမူမိလိုက်တဲ့ တစ်စက္ကန့်အတွင်းပဲ....။
လူတစ်ယောက်ကို တစ်သက်လုံးလက်တွဲသွားဖို့ လက်ထပ်ဖို့ဆုံးဖြတ်တယ်ဆိုတာလည်း
တစ်စက္ကန့်ပဲကြာတယ်ဆိုပေမယ့် အဲဒီအကျိုးဆက်ကို
ခံစားရတာ တစ်ဘ၀လုံးပါပဲ …။ အမှားတစ်ခုကိုကျူးလွန်မိတဲ့စိတ်ဖြစ်ပေါ်လာတာလည်း တစ်စက္ကန့်ပဲ ... ဒါပေမယ့် အဲဒီအမှားရဲ့ရိုက်ချက်ကို ခံရတာတော့ တစ်ဘ၀လုံးတောင်
ဖြစ်သွားနိုင်တယ်....။
ဖြစ်နိုင်ရင်တော့ အဲဒီတစ်စက္ကန့်တွေအားလုံးဟာ ကောင်းသောပြောင်းလဲခြင်းကိုဖြစ်ပေါ်စေတဲ့ The golden second တွေချည်းဖြစ်စေချင်မိတာပါပဲ …။


