Monday, 6 October 2014

Saturday တစ်ရက်တာ +++

October 06, 2014 2 Comments
ပြီးခဲ့တဲ့ စနေနေ့က မတွေ့တာအတော်ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ကျမနေတဲ့ မြို့လေးကို လာလည်တယ်..။ မနက်စောစော ၇ နာရီလောက် သူကားဆိုက်ချိန်မှာ... ဆိုင်ကယ်စီးပြီး ကားဂိတ်ကို သွားကြို ဖြစ်တယ်..။ အဲဒီကနေ မနက်စောသေးတာနဲ့ပဲ သိပ်မဆာသေးတာကြောင့်ရော၊ သူ့ကို ဘုရားလိုက်ပို့ဖို့ အချိန်စောနေသေးတာနဲ့ပဲ ကားဂိတ်နားက လက်ဖက်ရည်ဆိုင်လေးမှာ ခဏထိုင်ကြတယ်...။ တစ်ခုခုစားဖြစ်အောင်လို့ မုန့်ဟင်းခါးတစ်ပွဲ၊ ကြက်သားပလာတာတစ်ပွဲ မှာလိုက်ပါတယ်..။ လက်ဖက်ရည်ဆိုင်လေးရဲ့ မုန့်ဟင်းခါးဟာ အရည်ကျဲကျဲနဲ့ဖြစ်ပြီး ကြက်သားပလာတာ ကတော့ ကျမကြိုက်တဲ့စိမ့်တဲ့အရသာမဟုတ်ဘဲ သကြားကို မုန့်လုပ်စဉ်မှာ တစ်ခါတည်း ထည့်ထားတော့ ချိုအီအီဖြစ်နေခဲ့ပါတယ်..။ 

ပြီးတော့ မနက်စောစော ဘုရားသွားပြီး ပန်းကပ်တယ်....။ ဘုရားရှိခိုးတယ် ...။ မနက်ခင်းနေရောင်ခြည်အောက်မှာ ဆိုင်ကယ်မောင်းရတာ လေအေးအေးတချို့နဲ့အတူ စိတ်ကို ကြည်လင်လန်းဆန်းသွားစေပါတယ်...။ ဘုရားသွားဖူးပြီးတာနဲ့ အတန်ငယ်လှမ်းတဲ့ နာမည်ကြီးစားသောက် ဆိုင်တစ်ခုဆီကို မနက်စာ အေးအေးဆေးဆေးစားဖို့ ခရီးဆက်ခဲ့ကြပါတယ်...။ ဆိုင်ကိုရောက်တဲ့အခါ သူငယ်ချင်းက မုန့်မှာတဲ့ဘက်မှာ မုန့်မှာတယ် ...။ ကျမကတော့ တစ်ဖက်ကောင်တာမှာ သောက်စရာ မှာပါတယ်..။ အဲဒီဆိုင်ရဲ့ နာမည်ကြီးအချိုပွဲတစ်ခုဖြစ်တဲ့ ဒိုမီနို ၂ ခွက်လို့ မှာလိုက်ပါတယ်...။ ပိုက်ဆံရှင်းရင်း Cashier ၀န်ထမ်းလေးက “ပါဆယ်လား၊ ဒီမှာသောက်မှာလား”လို့ မေးလာတော့ အလွယ်တကူပဲ “ဒီမှာစားမှာ”လို့ ခပ်မြန်မြန်ဖြေလိုက်ပါတယ်...။ ပိုက်ဆံပြန်အမ်းပေးတဲ့ ၀န်ထမ်းကောင်လေးက ကျမရဲ့ အဖြေကိုကြားတဲ့အခါ လှောင်ရယ်တဲ့အသံနဲ့ ဘောင်ချာဖြတ်နေ တဲ့ ကောင်လေး ကို “ဒိုမီနိုကို စားမှာလို့ပြောတယ်ဟေ့ကောင်” လို့ ရယ်ကျဲကျဲပြောပါတယ်..။ အဲဒီအခါ တစ်ယောက်ကလည်း “ဒိုမီနိုကို စားမှာလို့ပြောတယ်ပေါ့” ဆိုပြီး ရယ်ပြန်ပါတယ်..။ ကျမတော်တော် ဒေါသထွက်သွားပါတယ်..။ ဒါဟာ စားသောက်ဆိုင်က ၀န်ထမ်းတွေရဲ့ Customer ကို ဆက်ဆံတဲ့ တလေးတစားပုံစံတဲ့လား..။ ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်ပါသလဲ ..။ ဒိုမီနိုဆိုတာ ကျမအကြိုက်ဆုံးအစားအသောက်တွေထဲမှာ တစ်ခုအပါအ၀င်ပါပဲ ..။ အသီးအနှံတွေအများကြီး ထည့်ထားတတ်လို့ တခါတလေသောက်တယ်လို့ ပြောတတ်သလို တခါတလေလဲ ကျမက စားတယ်လို့ ပြောချင်ပြောတတ်ပါတယ်..။ အဲဒီလို စကားလုံးအသုံးအနှုန်းမတူတာနဲ့ပဲ customer တစ်ယောက်ကို လှောင်တယ်ဆိုတာ တော်တော်ရိုင်းစိုင်းတဲ့အပြုအမူဖြစ်လို့ သူတို့သိအောင် ကျမပြန်ပြောလိုက်ပါတယ်..။ “Customer တစ်ယောက် ဘာမဟုတ်တဲ့စကားမှားတာလေးတစ်ခုကို မင်းတို့ အဲလိုလှောင်ရယ်တာ ကောင်းတယ်ထင်သလား”လို့ ပြောခဲ့တယ်..။ သူတို့ တောင်းပန်လားမတောင်းပန် လား ကျမ မသိပါဘူး..။ ကျမပြောပြီး ချက်ချင်းထွက်လာခဲ့ပါတယ်..။ မဟုတ်ရင် ကျမရဲ့ စိတ်နဲ့ စကားကို အဆက်မပြတ်ပြောမိရင် မကောင်းတတ်ဘူးဖြစ်သွားမှာကြောင့်ပါ..။ သူငယ်ချင်းကတော့ “ဘာကြောင့် သည်းမခံတာလဲ”ဆိုပြီး ပြန်ပြောခဲ့လို့ဆိုပြီး ပြောနေပါသေးတယ်...။ “ငါပြန်ပြောတာ သည်းမခံနိုင်လို့ မဟုတ်ဘူး...။ Customer တွေကို တလေးတစားဆက်ဆံသင့်တယ်..၊ မလှောင်ပြောင်သင့်ဘူးဆိုတာ သူတို့ သိသွားအောင် တမင်ပြောပေးတာ”လို့ ..။ မဟုတ်ရင် ဘာ Training တစ်ခုမှမပေးဘဲ အလုပ်ကို နီးစပ်ရာဝင်လုပ်တဲ့ဝန်ထမ်းလေးတွေ အဲဒီလိုပြောပေးမယ့်သူမရှိရင် စရိုက်တွေက ပြင်ကြမှာမဟုတ် ဘူးလေ....။

စားပြီးတာနဲ့ အနီးအနားက Shopping Mall တစ်ခုမှာ ဈေးဝယ်ကြတယ်..။ ကျမအမြဲသုံးဖြစ်နေတာက Lolane Hair Treatment ပါ.။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်ကတည်းက သုံးလာခဲ့တာ..။ အဲဒါလောလောဆယ်သုံးနေတဲ့တစ်ဘူးက ကုန်ခါနီးနေတာကြောင့် လမ်းကြုံတာနဲ့ပဲ တခါတည်းဝယ်သွား မယ်ဆိုပြီး ထားနေကျနေရာမှာကြည့်တော့ lolane hair treatment ဘူးတွေကို မတွေ့တော့ဘူး...။ နေရာ များပြောင်း သွားတာလားဆိုပြီး ဘေးနားလေးမှာတွေ့တဲ့ ၀န်ထမ်းမိန်းကလေးကို “Lolane Hair Treatment ဘူးတွေ ဘယ်နားမှာထားတာလဲ ညီမလေး”ဆိုပြီး မေးလိုက်ပါတယ်..။ မိန်းကလေးက “ဒီဘက်မှာအစ်မ၊ လိုက်ပြပေးပါမယ်” ဆိုပြီး ခေါ်လို့လိုက်သွားကြည့်တော့ Lolane မဟုတ်ဘဲ Loreal ကောင် တာဖြစ်နေတယ်..။ “အစ်မပြောတာ Lolane လေ၊ ဒါက Loreal ကောင်တာမဟုတ်လား” ဆိုတော့ “တူတူပဲအစ်မ”တဲ့..။ “အင်.. ဘာမှမဆိုင်ပါဘူး.၊ Lolane က Lolane ၊ Loreal က Loreal ပါ” ဆိုတော့မှ စကားကိုရောချတယ်..။ သူတို့အတွေးထဲမှာက စကားလုံးအသံထွက်ချင်းခပ်ဆင်ဆင်ဆိုတော့ ကျမ မသိလောက်ဘူးထင်ပြီး ရောချရောင်းချင်တဲ့ပုံစံမျိုး..။ စိတ်ထဲ နည်းနည်း ထပ်တိုရပြန်ပြီ..။ သူတို့ဘာကြောင့် အမှန်အတိုင်းမပြောဘဲ ပုံမှားရိုက်ချင်ရတာပါလိမ့်..။ ဒါဟာ ဈေးဝယ်သူကို စော်ကားခြင်းတစ်မျိုးပဲ မဟုတ်ပါလား..။ ဈေးလာဝယ်သူတွေကို ဘာမှမသိလောက်ပါဘူးဆိုတဲ့ အချိုးမျိုးနဲ့ အထင်သေးတတ်ခြင်း က မြန်မာပြည်ရဲ့ ဈေးဆိုင်က ၀န်ထမ်းတွေအများစုရဲ့ စိတ်ထဲမှာ စွဲနေတတ်တာထင်တယ်..။ အဲဒါနဲ့ ဒီအတိုင်းပဲ လှည့်ထွက်လာခဲ့ပြီး တခြားစင်တွေက Hair treatment တွေ စီထားတဲ့နေရာမှာ ဘာ Brand တွေရှိလဲ ဆက်ကြည့်နေမိတယ်..။ မိန်းကလေးတစ်ယောက် ထပ်ရောက်လာပြီး “ဘာလိုချင်လဲအစ်မ” ဆိုတော့ လိုချင်တာထပ်ပြောပြလိုက်တဲ့အခါ “Lolane က ကုမ္ပဏီဖျက်သွားလို့ ပစ္စည်းအသစ်တွေထပ်မရောက်တော့ပါဘူး”လို့ ရှင်းပြတယ်..။ အဲဒီအခါ အဲဒီပစ္စည်းကို မရနိုင်တော့မှန်း သိတာနဲ့ပဲ ကောင်းနိုးရာရာကြည့်ရင်း Loreal damage care treatment တစ်ဘူး ဝယ်ဖြစ်တယ်..။ ၀န်ထမ်းတွေရဲ့ Service ကွာခြားပုံက ဒီနေရာမှာ ထင်ရှားလာတာပါပဲ ..။ မရိုးမသား မအူမလည်လုပ်တတ် တဲ့ဝန်ထမ်းနဲ့တုန်းက ဝယ်ချင်စိတ်ကုန်ခမ်းသွားပေမယ့် အမှန်ကိုအမှန်အတိုင်း၊ မရှိဘူးဆိုတာကို မရှိဘူးဆိုတဲ့အကြောင်း ရိုးရိုးသားသားရှင်းပြပေးတတ်တဲ့ဝန်ထမ်းလေးနဲ့တွေ့တော့ ပစ္စည်းတစ်မျိုးတည်း ကိုပဲ ၀ယ်ချင်စိတ်ပေါက်လာရတာပါ..။ အဲဒါကြောင့် ကျမစိတ်ထဲမှာ အမြဲတမ်းလက်ကိုင်ထားတဲ့ စကားလုံးဖြစ်တဲ့ Be honest ဆိုတဲ့ စကားလုံးလေးကို သတိရမိသွားစေပါတယ်..။ ဘယ်လိုအခြေအနေ မှာပဲ ဖြစ်ပါစေ၊ အရိုးသားဆုံးလုပ်ကိုင်ဆောင်ရွက်ပါ၊ အဆင်ပြေအောင်မြင်လာပါလိမ့်မယ် ဆိုတာပါပဲ ..။

ပြီးတော့ နေ့လည်စာစားချိန်မှာ တစ်ခုထပ်ကြုံရပြန်ပါသေးတယ်..။ စနေနေ့တနေ့တာကတော့ ဆိုင်တွေက ၀န်ထမ်းတွေရဲ့ အချိုးမပြေမှုတွေနဲ့ စိတ်ကုန်ခဲ့ရတဲ့တစ်ရက်တာလို့တောင် ပြောရမလိုပဲ ..။ နေ့လည်စာ စားကြတော့ ဆိုင်တစ်ခုမှာ ကျမက ထမင်းပေါင်းမှာပါတယ်..။ သူငယ်ချင်း က ကြေးအိုးဆီချက်မှာပါတယ်..။ လွဲမှာစိုးတာကြောင့် ကြေးအိုးဆီချက်နော်လို့ သေချာမှာလိုက်ပါတယ်.။ ထမင်းပေါင်းရောက်လာ ပါတယ်..။ တော်တော်အဆင်ပြေပါတယ်..။ ခဏနေတော့ ကြေးအိုးအရည်တွေနဲ့ တစ်ပွဲရောက်လာပါ တယ်..။ မှာတာက ဆီချက်၊ ရောက်လာတာက အရည်သောက်။ ဘယ်လောက်အထိ လွဲလိုက်ပါသလဲ ..။ မှားတာကိုပြောလိုက်တော့ “ကြေးအိုးအရည်သောက်ရော မကြိုက်ဘူးလား”ဆိုပြီး ပြန်ပြင်ခိုင်းရမှာ ပျင်းတဲ့စားပွဲထိုးလေးက လေပြည်သွေးပါတယ်..။ “ဆီချက်စားချင်လို့ စကတည်းက မှာတာလေ..။ ဒီလောက်တော့ မင်းတို့ပြင်ပေးရမှာပေါ့..။ ဘယ်သူ့ဘက်က မှားတာလဲ”ဆိုပြီး သူငယ်ချင်းက ပြောမှ စားပွဲထိုးလေးက “ကျွန်တော် စားဖိုမှူးကို ကြေးအိုးဆီချက်လို့သေချာပြောတာ..။ သူချက်တာလွဲတာ”ဆိုပြီး သွားပြန်ပြင်ခိုင်းပါတယ်..။
မြန်မာနိုင်ငံရဲ့ Customer service အကြောင်းပြောရရင်တော့ ပြောလို့ ဆုံးတော့မှာ မဟုတ်ပါဘူး...။ ကောင်တာမှာငွေရှင်းရင် တစ်ချက်ချင်းဖြည်းဖြည်းအေးအေးလုပ်နေတတ်တဲ့ ၀န်ထမ်းလေးတွေ၊ မှာချင်တဲ့စားစရာသာမှာ၊ ပြောတာကို သေချာနားထောင်လေ့မရှိတဲ့ waiter လေးတွေ၊ စားသုံးသူတွေ စားသောက်ပြောဆိုနေရင် တစေ့တစောင်းစပ်စုတတ်တဲ့ ၀န်ထမ်းလေးတွေ၊ ဈေးဝယ်သူကို မ၀ယ်နိုင်လောက်ပါဘူး၊ ဘာမှမသိလောက်ပါဘူးဆိုတဲ့ပုံစံနဲ့ ၀န်ထမ်းလေးတွေ စသဖြင့် နေ့စဉ်နဲ့အမျှ ကြုံရလွန်းလို့ ရိုးအီစိတ်ပျက်ပေါင်းလဲ များလှပါပြီ...။

ထားပါတော့..။ ဒါကတော့ မထူးခြားလှတဲ့ကျမရဲ့ တစ်ရက်တာဖြတ်သန်းမှုတစ်ခုပါ...။ 

+++++++++++++++++++++++++++
လောလောဆယ်ဘာတွေ လုပ်ဖြစ်နေသလဲဆိုရင်.....
ဖတ်ဖြစ်နေတဲ့စာအုပ်တွေက စာရေးဆရာမ စံပယ်ဖြူနုရဲ့ “မြောက်ဖျားက အလွမ်းရာသီ”ဆိုတဲ့ လုံးချင်းဝတ္ထုသစ်။ ညီအစ်မမေတ္တာကိုရေးဖွဲ့ထားပုံက အစ်မရော ညီမရောရှိတဲ့ ကျမအတွက် ငိုချင်စရာကောင်းလောက်အောင် ပြောင်ပြောင်မြောက်မြောက်ရေးဖွဲ့ထားနိုင်ပါတယ်..။
နောက်တစ်အုပ်က စာရေးဆရာမ ခက်မာရဲ့ “ရွေ့လျားနေသော အိပ်မက်များ” ဆိုတဲ့ အက်ဆေးစာအုပ်ကလေးပါ..။ ဒီစာအုပ်ကလေးကိုဖတ်ရင်း စာအုပ်ဖတ်နေရတာနဲ့မတူဘဲ Blog တစ်ခုကို ဖတ်နေရတာနဲ့ တူပါတယ်..။ ဘာကြောင့်ဆို ကျမတို့ Blog တွေမှာ ရေးလေ့ရှိတဲ့ပုံစံလေးတွေ အတိုင်း နိုင်ငံခြားမှာနေစဉ် နေ့စဉ်နေ့တိုင်း ရင်ဆိုင်ဖြတ်သန်းပုံ ဘ၀အတွေ့အကြုံလေးတွေကို စာစီထားတာကြောင့်ပါ..။ ကျမချစ်တဲ့ နွေဦးရာသီရဲ့ Daffodil ပန်းလေးတွေအကြောင်းပါသလို စာရေးဆရာမရဲ့ ဘ၀ဖြတ်သန်းပုံ၊ စာပေကြောင့် သူ့ဘ၀ကို မြှင့်တင်ပေးနိုင်ပုံ စတာတွေကို ဖတ်ရတာ ဟင်းပွဲစုံလင်လှတဲ့ ထမင်းဝိုင်းတစ်ဝိုင်းလို ရသစုံလင်လှပါတယ်...။
နောက်တစ်အုပ်ကတော့ ရတီမဂ္ဂဇင်းပါ..။ ဒီမဂ္ဂဇင်းမှာ ၀တ္ထုကဏ္ဏတော်တော်များပါဝင်တာကြောင့် တခါတလေ စိတ်လိုလက်ရရှိတဲ့အခါ ကျမရေးတဲ့အကြောင်းအရာတချို့တလေကို ပို့ချင်တာနဲ့ မဂ္ဂဇင်းလိပ်စာသိရအောင် ဒီတစ်လ၀ယ်ဖတ်ဖြစ်တာပါ..။

လောလောဆယ် ဘာတွေရေးဖြစ်နေသလဲဆိုရင် .....
အခုတလောရေးဖြစ်နေတာ ခရီးသွားဆောင်းပါးတစ်ခု..။ ပြီးခဲ့တဲ့ August လပိုင်းမှာ အလုပ်ကိစ္စနဲ့ ဘရာဇီးနိုင်ငံရဲ့ မြို့တစ်မြို့ကို ၂ ပတ်ကျော်ကြာ ခရီးထွက်ဖြစ်ခဲ့တယ်..။ အာရှရဲ့ လူနေမှုစရိုက်၊ စားသောက်ပုံမတူတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေ့လာခဲ့ရတာတွေ အများကြီးပါပဲ ..။ အဲဒါနဲ့ပဲ ကိုယ်သိခဲ့တဲ့အကြောင်းအရာတွေကို စုံစုံလင်လင်ရေးချင်တာကြောင့် ဒီတစ်ခေါက် ခရီးသွားဆောင်းပါးကို အချိန်ပေးပြီး သေချာရေးနေပါတယ်..။ ဓါတ်ပုံတွေအများကြီးလည်း ဖော်ပြချင်တာကြောင့် မြန်မာနိုင်ငံ မှာရှိနေစဉ်ကာလကတော့ အင်တာနက်ကွန်နက်ရှင်ကို ကြောက်တာနဲ့ပဲ ဒီဆောင်းပါးအခန်းဆက်တွေကို Blog မှာ တင်ဖြစ်ဦးမှာမဟုတ်ပါဘူး..။ အင်တာနက်ကောင်းကောင်းသုံးနိုင်တဲ့နေရာကို တစ်ခေါက်ပြန်ရောက်ရင်တော့ ကျမရေးထားတဲ့ ခရီးသွားအတွေ့အကြုံတွေကို အားပေးကြရဦးမှာပါ..။

နောက်တစ်ခုရေးနေတာက ကျမမောင်လေးအတွက် ဆုံးမ စကားတွေပါ ..။ သူအခု အလုပ်စလုပ်နေပါပြီ..။ အဲဒီအခါ သူ့အတွက် အောင်မြင်ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဘ၀ကို ခံစားနိုင်အောင် ရှစ်နှစ်တာလုပ်ငန်းခွင် ၀င်ပြီးဖြစ်တဲ့ ကျမရဲ့အတွေ့အကြုံတွေကို အခြေခံပြီး သူဖတ်ဖို့ ရေးနေတာပါ..။ ရေးမှတော့ မထူးတော့ ဘူးလေ...။ Blog ပေါ်တင်မှပါပဲလို့ စိတ်ကူးထားပါတယ်..။ ဒါပေမယ့် အားလုံးရေးပြီးသွားမှပဲ ဆက်တိုက် တင်ပါမယ်..။ တစ်ခုပဲပြောချင်တာက မောင်လေးအတွက် ရည်ရွယ်ရေးထားတာဖြစ်ပြီး ဘယ်သူ့ကိုမှ ဆရာကြီးလုပ်ပြီးရေးထားတာမဟုတ်ကြောင်း ကြိုတင်ဝန်ခံပါရစေ..။

Blog တွေခေတ်ကုန်ပြီ၊ ဖတ်သူသိပ်မရှိတော့ဘူးလို့ ပြောနေကြပေမယ့်.. ကိုယ်ရေးနိုင်ရင် ရေးနိုင်သလောက် စာဖတ်သူတွေရှိနေဆဲဆိုတာ မြင်တွေ့နိုင်ပါတယ်..။ Blogger တွေ လှည့်ဖတ်တာ နည်းသွားလို့ ကွန်မန့်ရေးတာနည်းသွားကြပေမယ့် ... blog တွေမှာ စာဖတ်သူတွေကတော့ ရှိနေကြဆဲပါပဲ ..။

Thursday, 2 October 2014

တချိန်က ... မြို့ကလေး ++

October 02, 2014 3 Comments


မြို့ကလေးက နိုင်ငံကြီးတစ်ခုရဲ့ အလယ်ပိုင်းပြည်နယ်တစ်ခုအတွင်းမှာရှိတဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု ..။ အဲဒီမြို့လေးရဲ့အကြောင်း ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော် Blog စရေးကာစမှာတော့ အကြောင်းအရာတစ်ခုနဲ့အတူ တစွန်းတစ ရေးဖြစ်ခဲ့ပါသေးတယ် ..။ အဲဒီတုန်းကတော့ အဲဒီမြို့လေးမှာ ခဏရောက်နေချိန် မြန်မာပြည်အလယ်ပိုင်းက ဒေသတစ်ခုကို တမ်းတမ်းတတရှိနေတဲ့အချိန်ပေါ့လေ...။ အခုတော့လည်း သူ့ရင်ခွင်ထဲကနေ ထွက်ခွာလို့ မိခင်မြေကိုပြန်ရောက်လာတာ တစ်နှစ်စွန်းစွန်း ရှိလာတဲ့အလျောက် ... တိုက်ဆိုင်တဲ့အချိန်တိုင်း သတိတရရှိနေမိပြန်တယ် ...။ တကယ်ဆို ကျမအတွက် အဲဒီမြို့ကလေးက ပျော်ရွှင်မှုတွေချည်း တွေ့ကြုံခဲ့ရတဲ့နေရာတစ်ခုလည်း ဖြစ်နေခဲ့တာကိုး...။ အခုအချိန်တွေ မှာတော့ မြို့ကလေးရဲ့အမည်ကို ကြားတာနဲ့တင် အလွမ်းတွေက လှိုင်းထလို့လာနေသလိုပါပဲ ...။ အလွမ်းဆိုတာ သက်ရှိတွေကိုတင်မက သက်မဲ့အရာတွေနဲ့ပတ်သက်ပြီးလည်း ခံစားတတ်ပါလားဆိုတာ ဒီမြို့လေးပေါ်မှာ ဖြစ်ပေါ်မိတဲ့ ကျမရဲ့အလွမ်းတွေက သက်သေပြလို့နေပါတယ် ...။

နေရာတိုင်း ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေရတဲ့နေရာတစ်ခုကနေ အဲဒီမြို့ကလေးကိုအရောက်မှာ အရာအားလုံးလွယ်ကူမှုတွေနဲ့ အစောပိုင်းကာလတွေမှာတော့ အသားမကျ၊ လိုက်လျောညီထွေ မဖြစ်ခဲ့ပါဘူး...။ ဒါပေမယ့်လည်း ဘယ်နေရာဖြစ်ဖြစ် အလိုက်သင့်ပြောင်းလဲနေထိုင်တတ်တဲ့ကျမအနေနဲ့ သိပ်မကြာခင်အချိန်မှာပဲ ...လွယ်ကူအဆင်ပြေမှုတွေကြား နေသားကျ ပျော်ရွှင်သွားခဲ့တာပဲ ဖြစ်ပါတယ်..။

မြို့လေးကိုမရောက်ခင် ... Frankfurt လေဆိပ်ကိုရောက်ရောက်ချင်းမှာပဲ ကွာခြားမှုကို စတင်ကြုံတွေ့ခဲ့ ရတာပဲဖြစ်ပါတယ်...။ မြို့ကလေးဆီကို ထပ်ခရီးဆက်ဖို့ ရထားလက်မှတ်ဝယ်တဲ့အခါ မြန်မာနိုင်ငံမှာလို လက်မှတ်ရောင်းချိန်၊ ၀န်ထမ်းတွေရှိချိန် စတာတွေကိုစောင့်စားစရာမလိုဘဲ ... အလိုအလျောက် လက်မှတ်ရောင်းစက်မှာ ဟိုနှိပ်ဒီနှိပ်လုပ်ရင်း လာကြိုတဲ့အစ်မတစ်ယောက်က လက်မှတ်ဖြတ်ပေးတဲ့အခါ ကျမမှာ မကြုံဖူးတဲ့အရာအတွက် အံ့သြတကြီးဖြစ်မိရတာပါပဲ ..။ ငါဆိုရင် အဲဒီအဆင့်တွေကို အလွယ်တကူနှိပ်တတ်ပါ့မလားလို့ စိုးရိမ်တကြီးလဲ ဖြစ်မိရဲ့ ...။ ရထားပေါ်ရောက်တဲ့အခါ ဘူတာတစ်ခုချင်းစီမှာ ရောက်မယ့်မြို့ရဲ့နာမည်ကို သေသေချာချာရှင်းရှင်းလင်းလင်းကြေငြာပေးရုံမက ရထားတွဲတိုင်းမှာလည်း မြို့အမည်ကို စာတမ်းထိုးပြတဲ့အခါ ဘူတာမှားဆင်းမိမှာ ပူစရာမလိုပါဘူး...။ တိုးတက်တဲ့နိုင်ငံကြီးတစ်ခုမှာ အများပြည်သူသွားလာရလွယ်ကူအောင် Public transportation ကို စနစ်တကျစီမံပေးနိုင်တာကို အားကျမဆုံးဖြစ်ခဲ့ရပါတယ်...။ ကျမတို့ဆီမှာလို ကားကျပ်တဲ့ဒဏ်၊ ကားအိုဟောင်းတွေရဲ့ ဆီနံ့တွေ ရောပြွမ်းမနေတတ်တဲ့နေရာတစ်ခုဟာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေလှပါတယ် ...။

ကျောင်းအပ်တဲ့အခါ စာရွက်စာတမ်းတစ်လှေကြီးကိုင်ပြီး မြန်မာနိုင်ငံကလို ကျောင်းသားရေးရာဌာနမှာ သွားအပ်ရမှာလားလို့ စီနီယာအစ်မတစ်ယောက်ကို မေးတဲ့အခါ အွန်လိုင်းကနေပဲ အပ်လိုက်လေ လို့ ပြောတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ စိတ်ရှုပ်ခဲ့ဖူးပါတယ် ...။ တကယ်တော့ လူတွေရဲ့အချိန်တွေကို သက်သာအောင် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးဖြစ်အောင် စီမံပေးတဲ့အခါ .... မလိုလားအပ်တဲ့ အချိန်ကြန့်ကြာမှုတွေကို လျော့နည်းစေခဲ့တာ အွန်လိုင်းစနစ်ရဲ့ကောင်းကျိုးတစ်ခုမှာ အပါအ၀င်ပေါ့...။ အမြဲတမ်းခက်ခဲကြန့်ကြာမှုတွေနဲ့ အသားကျလာတဲ့သူတစ်ယောက်အနေနဲ့ လွယ်ကူအဆင်ပြေမှုနဲ့တွေ့ ရတဲ့အခါ ပြောခဲ့သလို ချက်ချင်းအသားမကျနိုင်တာပဲ ဖြစ်ပါတယ် ...။

ကျောင်းသားကဒ်မှာ ပြည်နယ်တွင်းခရီးသွားဖို့ တစ်နှစ်စာရထားလက်မှတ်ဖြည့်ပေးတာ၊ ကျောင်းက ကန်တင်းမှာ စားသောက်ဖို့အတွက် ပိုက်ဆံတွေ၊ လက်မှတ်တွေ ကိုင်သွားစရာမလိုအောင် စက်ကနေတဆင့် ကျောင်းသားကဒ်ထဲမှာ ငွေဖြည့်လို့ရတာ စသဖြင့် သက်သောင့်သက်သာ အဆင်ပြေအောင် ဖန်တီးပေးထားပါတယ်...။ အဲဒါအပြင်... ကျောင်းမှာ ပရင့်ထုတ်ဖို့ အကောင့်နဲ့ password ကတစ်ခု၊ ကျောင်းလိပ်စာemail နဲ့ password ကတစ်ခု၊ ကျောင်းစာကြည့်တိုက်အတွက် အကောင့်နဲ့ Password ကတစ်ခု စသဖြင့် အကောင့်တွေနဲ့ ခက်ခက်ခဲခဲ password တွေကို မှတ်ရတာတော့ တော်တော်ခေါင်းရှုပ်စေတဲ့အလုပ်တစ်ခုပါ..။ အဲဒါအပြင်... Bank card နဲ့ စက်မှာငွေထုတ်ဖို့ password၊ online banking အတွက် password၊ ကိုယ်သုံးနေကျ email, facebook, blog, ebay က Passwords စသဖြင့် မြို့ကလေးမှာ ဖြတ်သန်းခဲ့ရတဲ့ကာလတွေဟာ ခေါင်းထဲမှာ password ပေါင်း သောင်းခြောက်ထောင်နဲ့ပါ ...။

မြို့လေးရဲ့ အဓိကပြယုဂ်က ကျောင်းသားကျောင်းသူတွေအများစုရှိတဲ့နေရာဖြစ်ပြီး သွားလာရေးအတွက် စက်ဘီးကို အဓိကအသုံးပြု ကြတာပါပဲ ဖြစ်ပါတယ်..။ စက်ဘီးမစီးဖြစ်တာ တော်တော်ကြာနေတဲ့ ကျမအတွက် ရောက်ကာစကာလတွေမှာ .. ကြောက်ကြောက်လန့်လန့်နဲ့ စီးခဲ့ရရင်း နောက်တော့လည်း အဆင်ပြေသွားခဲ့ပါတယ်...။

နေခဲ့တဲ့ကာလတစ်ခုလုံး.. သူငယ်ချင်းတစ်သိုက်နဲ့ ပျော်ပျော်ပါးပါး အေးအတူပူအမျှ ဖြတ်ကျော်ခဲ့ကြရင်း အမှတ်တရတွေဟာ ယေဘူယျအားဖြင့် ပျော်စရာတွေချည်းဖြစ်ခဲ့ရပါတယ်...။ အတန်းချိန်ညှိတာ၊ စာမေးပွဲအချိန်ညှိတာ၊ တခါတလေ စာတွေအပြန်အလှန်ဆွေးနွေးမေးမြန်းကြတာတွေကို တချို့ညတွေမှာ သူငယ်ချင်းအုပ်စုလိုက် email တွေ အပြန်အလှန်ပို့ရင်း ငြင်းခုန်အငြင်းပွားကြလွန်းလို့ အကြောင်းအရာတစ်ခုတည်းကနေ email အစောင် ၅၀ လောက်ထိ replied တွေဖြစ်ဖြစ်သွား တတ်ကြပါသေးတယ်.။.တခါတလေ ည ၁၂ နာရီကျော်တဲ့အထိ စာမဖတ်ဖြစ်ဘဲ Email နဲ့ စာတွေအပြန်အလှန်ပို့ရင်း စာမေးပွဲအချိန်စာရင်းအတွက် အငြင်းပွားကြ၊ Assignment တွေအတွက် ၀ရုန်းသုန်းကာညှိနှိုင်းကြနဲ့ အိပ်ပျက်ရတာအကြိမ်ကြိမ်ပါ...။ ဆရာတွေနဲ့ စာဆွေးနွေးချင်ရင် ကြိုပြီး မေးလ်ပို့အကြောင်းကြားတာ၊ ဆရာတွေကလည်း မေးလ်တစ်စောင် ပို့လိုက်တာနဲ့ အချိန်မဆိုင်းဘဲ ချက်ချင်း reply ပြန်တတ်တာတွေဟာ email ယဉ်ကျေးမှုရဲ့ အမှတ်အသားတစ်ခုဖြစ်မှာပါ ...။

သဘာဝဘေးအန္တရာယ်မရှိ၊ ရန်ပြုတိုက်ခိုက်မယ့် လူ၊ တိရိစ္ဆာန်မရှိတဲ့နေရာတစ်ခုဟာ လုံခြုံစိတ်ချမှုနဲ့အတူ ပညာသင်ချိန်ကာလတွေကို စိတ်အေးလက်အေးဖြတ်သန်းစေခဲ့ပါတယ်...။ ကျောင်းသားကျောင်းသူတွေ အတွက်ဆိုရင် 50% discount ပေးတဲ့ Mensa က အစားအသောက်တွေကတော့ လတ်ဆတ်သန့်ရှင်းမှု အပြည့်နဲ့အတူ အာဟာရမျှတအောင် ပေါင်းစပ်ရောနှောပေးတတ်ခြင်းက အဲဒီနိုင်ငံရဲ့ မဖြစ်မနေဆောင်ရွက် တတ်တဲ့ ထုံးစံတစ်ခုသာ ဖြစ်ပါလိမ့်မယ် ...။

Bio ဆိုတဲ့တံဆိပ်နှိပ်ထားပြီး ဓာတုပစ္စည်းတွေလုံးဝသုံးထားခြင်းမရှိတဲ့ အသီးအရွက်တွေက ပုံမှန်ထက် ဈေးအနည်းငယ်ကြီးတယ်ဆိုပေမယ့် တစ်ယောက်တည်းသမားတွေအတွက်တော့ ကုန်ကျစရိတ် ချင်း သိပ်မကွာတဲ့အခါ အစားအသောက်ကို ဘေးဥပါဒ်ကင်းစွာ စိတ်ချလက်ချစားခွင့်ရစေခဲ့ပါတယ် ..။ သစ်ပင်သစ်တောတွေ အုပ်အုပ်ဆိုင်းဆိုင်းဝန်းရံနေတတ်တဲ့မြို့ကလေးမှာ ... ဆောင်းရာသီဆိုရင် ခဲသွားတတ်တဲ့ရေကန်တွေ၊ အဆက်မပြတ်ကျနေတတ်တဲ့ နှင်းဖြူဖြူတွေ၊ နွေရာသီအမှတ်အသား Daffodil ပန်းတွေ၊ အခြားနိုင်ငံတွေထက် နည်းနည်းနောက်ကျပြီးမှ ပွင့်တတ်တဲ့ ချယ်ရီပန်းတွေ စတဲ့ သဘာဝ အလှအပတွေကို နေရာတိုင်း မြင်တွေ့နိုင်ပါတယ် ...။

စိတ်ကူးထဲမှာ အမြဲတွေးဖြစ်နေတာကတော့ တနေ့နေ့တချိန်ချိန်မှာ စာတွေကို စိတ်အေး လက်အေး ရေးနိုင်တဲ့အချိန်တစ်ခုရောက်ရင်တော့ မြို့ကလေးနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေ ကြား သူငယ်ချင်းတွေအကြောင်း၊ ပန်းပင်တွေအကြောင်း၊ ဘ၀အတွေ့အကြုံတွေအကြောင်း မှတ်မှတ်ရရ မှတ်တမ်းတင်မိဖို့ စာတွေရေးဖြစ်လိမ့်မယ်ဆိုတာပါပဲ...။

Wednesday, 1 October 2014

## October အပိုင်းအစ ##

October 01, 2014 0 Comments



မကြာခင် သီတင်းကျွတ်တော့မယ် ..♫♪♫

သီတင်းကျွတ်ကာလရောက်ရင် ပျော်တယ်ဆိုတာက ဟိုးအရင်ကလေးဘ၀တုန်းကဆိုရင် မိုးကုန်ပြီး ဆောင်းရာသီကို ချဉ်းကပ်လာလို့ပါပဲ ..။ ငယ်ငယ်ကလေးဘ၀တုန်းကတော့ သီတင်းကျွတ်ပြီဆိုရင် အေးလာတတ်ပြီး အနွေးထည်စ၀တ်လို့ရနေပြီပေါ့ ..။ တခါတခါလည်း နှင်းရည်စက်တွေ တဖျောက်ဖျောက်ကျလို့ ..။ ခုများတော့ အေးတယ်ဆိုတာ ဘာလဲလို့မသိရလောက်အောင်ကို ရာသီဥတုက ပူပြင်းလွန်းလို့လေ ....။
ဒီလိုနဲ့ပဲ အချိန်တွေ ရွေ့လျားလွန်းလို့ ဒီနေ့ အောက်တိုဘာ (၁) ရက်နေ့ရောက် လို့ ဆောင်းရာသီကို ရောက်လာပါတော့မယ် ..။


အောက်တိုဘာ++++

တကယ်တော့လည်း အောက်တိုဘာက အမြဲတမ်း ကျမအတွက် ဘာသိဘာသာပါပဲ ..။ ကျောင်းတက်စဉ်ကတော့ Semester break ရလို့ ကျောင်းတွေပိတ်ပြီဆိုပြီး ပျော်ခဲ့တဲ့ကာလပေါ့ ..။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က အောက်တိုဘာမှာ အပြောင်းအလဲတစ်ခုကြုံခဲ့ရတယ် ..။ ကျောင်းပြီးလို့ မြန်မာနိုင်ငံပြန်ရောက်ပြီး လုပ်ငန်းခွင်ပြန်ဝင်ခဲ့တဲ့ လတစ်လ ဖြစ်ခဲ့လို့ပါပဲ ..။ ဆန့်ကျင်ဘက်ဘ၀နှစ်ခုကို ရုတ်ချည်းပြောင်းလဲလို့ အသားကျအောင် လိုက်လျောညီထွေဖြစ်အောင် မနည်းကြိုးစားခဲ့တဲ့အချိန်တစ်ခု..။ နောက်ဆုံးတော့လည်း အရာရာနဲ့ အလိုက်သင့်မျောပါပြီး အလုပ်တွေကြားထဲ နေသားတကျဖြစ်လို့နေပါပြီ ...။


ဒီနှစ် အောက်တိုဘာကတော့ ကျမဘ၀အတွက် အပြောင်းအလဲတစ်ခုကို ထပ်ကြုံစေမယ့် အချိန်ကာလတစ်ခုဖြစ်ပါလိမ့်မယ် ...။ သီတင်းကျွတ်လို့ ယောက်ျားယူတော့မှာလို့တော့ မထင်လိုက်ပါနဲ့ ..။ အဲဒီအိမ်ထောင်ရေးကိစ္စလုံးဝမဟုတ်ပါဘူး... :) :) 

အလုပ်တော့ နည်းနည်းရှုပ်တာပေါ့ ....။ ပုံမှန်ထက် ၃ ဆ လောက်ရှုပ်တယ် ..။ အဲဒါကြောင့် ကျောင်းစာတွေ သိပ်မလုပ်ဖြစ်ဘူး ..။ အပြင်စာတွေတော့ စိတ်အပန်းပြေအောင် အများကြီးဖတ်ဖြစ်တယ်...။ အဖတ်များတာကတော့ ရသစာတွေများပါတယ် ..။ စာရေးဖို့ကတော့ စက်တင်ဘာလထဲမှာ ပုံမှန်ထက် ရေးဖြစ်လိုက်တယ် ..။ ပုံမှန်တစ်လ ပို့စ်တစ်ခုနှုန်းတင်ရာကနေ စက်တင်ဘာမှာ ၃ ပုဒ်ရေးနိုင်ခဲ့တယ် ..။ ရေးချင်တဲ့စာတွေက စိတ်ကူးထဲမှာ အများကြီးပဲ...။ ဒါပေမယ့် ချရေးတော့မယ်ဆိုရင် ဘာမှထွက်မလာတော့ဘူး ..။ ရေးချင်ရာချရေးဖို့ကလဲ Blog မှာ ပုံမှန်စာလာဖတ်သူတွေကို အားနာတယ် ..။ 

Blog နဲ့ Facebook နဲ့မတူတာက ဘလော့တွေမှာ စာဖတ်သူတွေဆိုတာ စာဖတ်ရတာကို ခုံမင်လွန်းလို့ တခုတ်တရဖတ်လေ့ရှိကြတဲ့ စာပေချစ်သူတွေလို့ ထင်မိပါတယ် ..။ အဲဒါကြောင့်သာ တကူးတကသွားဖတ်ရတဲ့ ဘလော့တွေကို အသေအချာလာဖတ်ကြတာပေါ့နော် ..။ အများအားဖြင့် အသက် ၂၀ အောက် လူငယ်တွေတော့ သိပ်ဖတ်လေ့ရှိကြမယ်မထင်မိဘူး ..။ မြန်မာနိုင်ငံကဆိုရင် ပိုဆိုးတာပေါ့လေ ..။ ဖုန်းနဲ့အင်တာနက်အများဆုံးသုံးတဲ့နိုင်ငံမှာ အလွယ်တကူသွားလို့ရတဲ့ Facebook လို နေရာမျိုးမှာသာ ကျင်လည်နေကြပြီး ... တခုတ်တရသွားကြည့်ရတဲ့ Blog လိုနေရာမျိုးတွေကို တော်ရုံစိတ်ဝင်စားမှုလောက်နဲ့တော့ ဘယ်သူမှ လာကြည့်ကြမယ်မဟုတ်ဘူးမလား..။ အဲဒီလိုဆိုတော့ စာဖတ်ဝါသနာပါသူများလောက်သာ တခါတလေဖတ်လေ့ရှိပြီး လူသူအရောက်အပေါက် နည်းတဲ့နေရာတစ်ခုမှာ လေးလေးနက်နက်ရေးတဲ့အရာတွေပဲ တင်ချင်တဲ့အတွက် ပို့စ်တွေတင်တာကျဲတာ လည်း ဖြစ်ပါတယ် ..။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ မိဘနဲ့၊ အလုပ်နဲ့ဆိုတော့ ပျင်းချိန်မရှိတာကြောင့် အပျင်းပြေမရေးဖြစ်တာကြောင့်လည်း ပါပါတယ် ..။

ဘလော့ဂါမောင်နှမတချို့ရဲ့ မိတ်ဆက်ပေးမှုနဲ့ .. ဂျာနယ်တစ်ခုမှာ ကျမရေးတဲ့ ပို့စ် တချို့တလေ ကို တွေ့လာရပါပြီ ..။ ဒါလည်း အပြောင်းအလဲတစ်ခုပါပဲ ..။ ကျမဘာသာဆို အေးအေးနေတတ်တာနဲ့ ဘယ်သူနဲ့မှလည်း မချိတ်ဆက်မိဘူးလေ..။ စာတွေရေးပြီး မဂ္ဂဇင်းတွေပို့ကြည့်မယ်ဆိုပြီး စိတ်ကူးထားပေမယ့် စာတိုက်သွားဖို့ဆိုတာလည်း မသွားချင်၊ email နဲ့ပဲပို့ချင်တာကြောင့် ဘယ် Magazine တွေရဲ့ email မှလည်း မသိတာကြောင့် ဘယ်ကိုမှ မပို့ဖြစ်ပါဘူး..။ သိချင်ရင် မေးပေါ့ဆိုရင်လည်း ဘယ်သူ့မှ သွားမမေးဖြစ်တော့ ဘယ်လိပ်စာမှ မသိဘူး ..။ :D တစ်ယောက်တည်းနေတယ်ဆို တစ်ကယ်ကို တစ်ယောက်တည်းနေတတ်တဲ့ ပေကပ်ကပ်လူမျိုး..။ Blog လောက အွန်လိုင်းလောကမှာသာ ဘာသိဘာသာ သူငယ်ချင်းမိတ်ဆွေသိပ်မရှိဘဲနေတတ်ပေမယ့် အပြင်မှာတော့ စကားတော်တော်ပြောတဲ့ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိကိုဖြစ်လို့ ..။ 
 
အောက်တိုဘာမှာ ဘာလိုချင်သလဲဆိုရင် ကြံစည်သမျှ ကြိုးစားထားသမျှ အောင်စေသော်ဝ်ပေါ့ :)
နောက်တစ်ခုက ရာသီဥတု မြန်မြန်အေးလို့ ဆောင်းကို နေ့ချင်းညချင်းရောက်ပါစေ ..။ စာတွေအများကြီး ရေးနိုင်ပါစေ..။ ၀တ္ထုတွေရေးတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ ..။
အားလုံးလည်း ဘေးရန်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ပါစေ..။ 


ဘာပဲဖြစ်ဖြစ် လွမ်းတယ် ချယ်ရီ...........................................

Follow Us @soratemplates