Wednesday, 10 February 2016

စွန်ကလေးရေ..ပျော်ပါစေ ~~ (၁)

February 10, 2016 0 Comments


၁။
“သူ ဒီနေ့ပြန်ရောက်လာမှာ”
သူငယ်ချင်းက ထူးထူးခြားခြား သတင်းတစ်ခုပေးတာမျိုးမဟုတ်ဘဲ သာမာန်ပြောဆိုနေကျ စကားတွေကြားထဲ အကြောင်းအရာတစ်ခုကို အမှတ်မထင်ပြောဆိုလာခဲ့ပါသည်။
“အော် ... ဟုတ်လား..။ သူ ဒီမှာ ပြန်နေဖို့ဖြစ်စေ၊ ခဏအလည်လာတာမျိုးပဲဖြစ်စေ ပြန်လာတာဖြစ် မှာပေါ့”
တုန်ခါမှုမဲ့တဲ့ အသံနှင့်အတူ တည်တည်ငြိမ်ငြိမ်ပဲ သူပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခဲ့ခြင်းက အတိတ်သည် အတိတ်သာဖြစ်ကြောင်း သက်သေပြခြင်းများလား၊ ကြိုးစားမေ့ဖျောက်နေရခြင်းကို ဟန်ဆောင်ခြင်းမျှသာ ဖြစ်နေလေမလား ဝေခွဲမရခဲ့။

၂။
လွန်ခဲ့တဲ့ လေးနှစ်ကာလ...။ အတိအကျပြောရလျှင် လွန်ခဲ့သော လေးနှစ်နှင့် တစ်လကျော်ကာလရဲ့ တနင်္ဂနွေနေ့တစ်ရက်..။ အဲဒီရက်ရဲ့ ညနေခင်းတစ်ခုမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ‘ပြည်ပထွက်ခွာ’ဆိုသည့် နေရာတစ်ခုတွင် သူမကို လူကိုယ်တိုင်နောက်ဆုံးတွေ့ခဲ့တာဆိုလျှင် ပိုမှန်ပါလိမ့်မည်။ Check In Counter ကိုမသွားခင် Security Check မှာ အိတ်၂လုံးကို မနိုင့်တနိုင်သယ်သွားပြီး စစ်ဆေးပြီးသည်နှင့် နောက်ကို တစ်ချက်မျှလှည့်မကြည့်ဘဲ ကောင်တာဆီသို့သာ သူမ တန်းလျှောက်သွားခဲ့ပါသည်။ ကောင်တာတွင် အိတ်များကို အလေးချိန် ချိန်တော့လည်း ဘေးနားမှာရှိနေသည့် အလုပ်သမားများ၏ အကူအညီကိုမယူဘဲ ကိုယ်တိုင် တင်ချပြုလုပ်နေသည့် သူမကို တော်တော်ပင် ကိုယ့်အားကိုယ်ကိုးချင်သည့် ပေကပ်ကပ်ကောင်မလေးတစ်ယောက်အဖြစ် အမြဲကြည့်နေကျအတိုင်း သူကြည့်နေခဲ့တာပဲဖြစ်ပါသည်။ ကျောပိုးအိတ်တစ်လုံး၊ လက်ဆွဲအိတ်တစ်လုံးနှင့် စက်လှေကားဆီ ခေါင်းမော့လျှောက်သွားသည့် သူမသည် လှေကားပေါ်ရောက်ကာမှ သူနှင့် သူမမိသားစုရှိရာဆီ တစ်ချက်လှည့်ကြည့်ကာ စက်ရုပ်တစ်ရုပ်လို ဘာခံစားချက်မှမရှိသောမျက်နှာနှင့် လက်ပြသွားခဲ့ခြင်းသာ ဖြစ်သည်..။ မြင်ကွင်းကနေ တဖြည်းဖြည်းကွယ်ပျောက်သွားသည့် သူမကိုကြည့်ရင်း ခွဲခွာရခြင်းဆိုသည့်အသိနှင့် ၀မ်းနည်းမှုများကို မျိုသိပ်နေခဲ့ရသည့် သူကိုယ်တိုင်မှာတော့ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်လို့သာ ကျန်နေရစ်ခဲ့ပါသည်။

“ငါ့ကောင်မလေးသွားတော့ အထဲမ၀င်ခင် ငိုလိုက်တာကွာ..။ သူငိုတော့ ငါလဲ မျက်ရည်ကျမိတော့ တာပေါ့..။ သူက မိန်းကလေးဆိုတော့ ငါ့ထက်ပိုခံစားရရှာမှာ..။ သူ့ဘ၀ရှေ့ရေးအတွက် ကျောင်းတက်မှာမို့လို့သာ သွားခွင့်ပြုလိုက်တာ..။ သူသွားတာနဲ့ သူဝမ်းနည်းပြီး ငိုတာနဲ့တောင် မတန်ဘူး” ဟု သူ့ချစ်သူကောင်မလေးကလည်း ကျောင်းသွားတက်ဖို့ ခဏတာခွဲသွားခြင်းခံရသည့် ဘ၀တူသူငယ်ချင်းတစ်ယောက်က ပြောလာခဲ့ပါသည်..။ သွားခါနီး မျက်ရည်တစ်စက်မကျရုံမျှမက သူ့ဘက်ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့သည့် သူမကိုတော့ “ဘယ်လို နားလည်ရမှန်းတောင် မသိဘူး၊ မင်းကောင်မလေးက အသည်းနှလုံးရော ရှိရဲ့လားကွာ” ဟုပင် သူငယ်ချင်းက မချိတင်ကဲ ဆက်လက်ရေရွတ်နေခဲ့ပြန်ပါသေးသည်..။



၃။
သူငယ်ငယ်က ကစားနည်းတွေအများကြီးထဲတွင် စွန်လွှတ်သည့်ကစားနည်းကို အနှစ်သက်ဆုံးဖြစ်ခဲ့သည်။ ရစ်ဘီးတစ်လုံးကို ရစ်ငင်နေခဲ့ပြီး ကောင်းကင်ကြီး၏ အမြင့်တစ်နေရာတွင် ပျံသန်းနေသည့် စွန်ကလေးကို မြင်တွေ့ခွင့်ရတာကိုပင် သူက ကြည်နူးနေတတ်ခဲ့ခြင်း ဖြစ်ပါသည်။ စွန်ကလေးသွားရာနောက် ပြေးလိုက်ရင်း ချိုင့်ထဲမှာ လဲကျ၊ ခလုတ်တိုက်ရင်း ဒဏ်ရာအနာတရတွေ ရခဲ့သော်လည်း အမြှီးလေး တရမ်းရမ်းနှင့် လွင့်ဝဲနေသည့် စွန်ကလေးကိုမြင်ရရုံမျှဖြင့် သူခံစားရသမျှက ကွယ်ပျောက်သွားစမြဲပင်။ အဲဒီအချိန် ကလေးဘ၀တုန်းကတော့ သူနေခဲ့သည့် မြို့သေးသေးလေး၏ မြစ်ကမ်းဘေးနားမြေကွက်လပ်တွင် သူငယ်ချင်းများနှင့် ညနေတိုင်းစွန်လွှတ်ကစားလေ့ရှိခဲ့ကာ အိမ်ပြန်လာတိုင်း သူချစ်သည့်စွန်ကလေးကို ကောင်းကင်ကြီး၏တစ်နေရာတွင် စွန့်လွှတ်ပြီး ပြန်ခဲ့ရတာချည်းပင်ဖြစ်သည်။ သူ့စွန်ကလေးဆုံးရှုံးသွားမည်ကို စိုးရိမ်တတ်သည့် သူငယ်ချင်းတစ်ယောက်ကတော့ မြစ်ကမ်းဘေးတစ်လျှောက် စွန်ကို နိမ့်နိမ့်လေး ဆွဲသွားကာ ပျံသန်းစေလေ့ရှိခဲ့သည်မို့ နှစ်ယောက်အတူ ပြန်လာသည့်အချိန်တိုင်း၊ ကလေးလေးနှစ်ယောက်မှာ တစ်ယောက်က စွန်ကလေး ဆုံးရှုံးသွားသည့်အတွက် ငိုမဲ့မဲ့ဖြစ်နေတတ်သော်လည်း တစ်ယောက်ကတော့ ဘယ်တုန်းကမှ အမြင့်ကိုပျံသန်းခွင့်မပေးခဲ့၍ လက်ထဲမှာ မပျောက်မပျက်ရှိနေဆဲဖြစ်သည့် စွန်ကလေးကို ကိုင်ဆွဲလျက်သာ ။

 “မင်းက အမြင့်ကြီးကို ပျံခိုင်းတာကိုး ။ သူက အဝေးရောက်တော့ မင်းဆီကို ဘယ်ပြန်လာနိုင်တော့ မှာလဲ..။ နောက်တစ်ခါဆို.. ငါ့လိုမျိုး.. နိမ့်နိမ့်လေးပဲပျံခိုင်း.. ။ အဲဒါမှ စွန်လေးကို မင်းမဆုံးရှုံးမှာ..” ဟု သူငယ်ချင်းက အမြဲတမ်းပြောတတ်လေ့ ရှိခဲ့သော်လည်း စွန်ကလေးအမြင့်ကို ရောက်သွားတိုင်း၊ သစ်ပင်တွေ..ဓါတ်တိုင်တွေ..အခြားကလေးများ၏စွန်လေးတွေကို ကျော်ဖြတ်ပြီး မိုးကောင်းကင်မှာ လွတ်လပ်စွာပျံဝဲနေတာကိုတွေ့တိုင်း ပျော်တတ်ခဲ့သည့် သူက စွန်ကလေးပိုလွတ်လပ်ဖို့.. စွန်ကြိုးတွေကို.. အမြဲတမ်း ကိုယ်တိုင်သတိမထားမိဘဲ  ရစ်ငင်ပေးလေ့ရှိခဲ့သည်သာဖြစ်သည်.။ 
သူ့လိုပင် စွန်လွှတ်ခြင်းကို.. သဘောကျတတ်သည့်.သူမကတော့.. စွန်ကလေး မိုးကောင်းကင်ကြီးထဲတွင်. အနှောင့်အယှက် ကင်းကင်းနှင့်. ပျံဝဲနေအောင်.. စွန်ကြိုးတွေကို.. သူရစ်ငင်ပေးနေသည့်အချိန်တိုင်း.. ဘေးနားကနေ ကလေးတစ်ယောက်လို .. ပျော်ရွှင်မြူးထူးစွာ. ခုန်ပေါက်အားပေးလေ့ရှိခဲ့သည်.။ သို့သော်လည်း စွန်ကလေးကို ကောင်းကင်ကြီးထဲတွင် တစ်ကိုယ်တည်း စွန့်လွှတ်ခဲ့ရပြီး.. ကျန်ရစ်ပျံသန်းစေခဲ့သည့်အချိန်တွင်မတော့ သူ့လို ခံစားနှမျောမနေတတ်ဘဲ ကောင်းကင်ကြီးထဲ အနှောင်အဖွဲ့များ မရှိတော့ဘဲ… လွတ်လွတ်လပ်လပ်.. ပျံသန်းသွားနိုင်ပြီဆိုသည့်အတွေးဖြင့်… စွန်ကလေးအတွက်.. ကြံဖန်ဂုဏ်ယူနေတတ်ပြန်ပါသေးသည်.။

၎။
သူမရဲ့ ရည်မှန်းချက်အကြီးကြီးတွေကို ပြောပြတတ်သည့်အချိန်တိုင်း၊ သူမမျက်ဝန်း၏ အရောင်တွေ တလက်လက်နှင့် ယုံကြည်ချက်တွေကို.. တွေ့ရလေ့ရှိသည့်အခါတိုင်း… သူ့ရဲ့စွန်ကလေး အဝေးကို ရောက်သွားတော့မှာပါလားဆိုသည့် အတွေးမျိုး သူတွေးခဲ့ဖူးသည်.။

သူသတိမထားဖြစ်သော်လည်း အမှတ်တရနေ့ရက်တိုင်းတွင် ပေးခဲ့သည့်လက်ဆောင်အချို့သည် ကဗျာဆန်ဆန်ပန်းစည်းတွေ၊ သူမချစ်တတ်သည့်အရုပ်သေးသေးလေးတွေ၊ ချောကလက်တွေ ဖြစ်မနေတတ်ဘဲ သူမလေ့လာရန်အတွက် IELTS စာအုပ်တွေ.. စိတ်ခွန်အားဖြည့်ဘာသာပြန်စာအုပ်တွေ.. ဖြစ်နေတတ်သည်။
ကဗျာစာအုပ်လှလှလေးတွေနေရာတွင် သူမဖတ်ဖို့ နည်းပညာစာအုပ်ထူထူတွေ ဖြစ်နေတတ်ပြန်သည်။ နားထောင်ချင်စရာ အချစ်သီချင်းသံစဉ်ချိုချိုလေးတွေမဟုတ်ဘဲ သူမလေ့ကျင့်ဖို့ အင်္ဂလိပ်စကားပြော အခွေတွေပဲ ပေးဖြစ်ခဲ့သည်။ သူမပိုချစ်လာစေဖို့အတွက် စကားလုံးလှလှလေးတွေနှင့် ကြင်ကြင်နာနာ ပြောရမည့်အစား သူမရဲ့ကြိုးစားမှုများ အရာထင်အောင်မြင်စေဖို့ မချင့်မရဲ အားမနာတမ်းဝေဖန်မှုတွေ ဖြစ်နေတတ်ခဲ့သည်။
အခါတော်တော်များများ၌ သူမ၏ Email-Inbox တွင် ချစ်သည့်အကြောင်း.. လွမ်းသည့်အကြောင်းတွေ.. မဟုတ်ခဲ့ဘဲ…. သူပို့ပေးတတ်သည့် နိုင်ငံတော်တော်များများက.. Scholarship Information တွေ လေ့လာစရာ E-book တွေပဲ.. သူမတွေ့ရတတ်ပါလိမ့်မည်။ သူမ၏ Facebook Timeline တစ်ခုလုံးတွင် သူတင်ထားတတ်သည့် Scholarship Link တွေ၊ သူမလေ့လာနေတတ်သည့် ဘာသာရပ်နှင့် ဆိုင်သော website link များနှင့်သာ ပြည့်နေတတ်ခဲ့သည်။

“ငါ.. ဂျပန်မှာ မဟာဘွဲ့သွားတက်ဖို့ ADB (Asia Development Bank) လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ပညာသင်ဆုရတယ်..။ နောက်လထဲမှာ တိုကျိုကိုသွားရတော့မယ်..။ ဘာမှတော့ မကြာပါဘူး..။ ၂ နှစ်ပါပဲ..။ ၂ နှစ်အတွင်း သစ္စာရှိရှိ ငါ့ကိုစောင့်နေနော်”
သူမ၏ရည်မှန်းချက်တစ်စိတ်တစ်ဒေသ ပြည့်ဝသွားပြီဖြစ်သည့်အခိုက် ပျော်ရွှင်တက်ကြွစွာ ပြောနေသည့် သူမကို ငေးကြည့်ရင်း သူပြောချင်သောစကားလုံးများ ဆွံ့အသွားခဲ့ရသည့်အခိုက်အတန့်ပင်ဖြစ်ပါသည်.။ တကယ်ဆို ထိုနေ့က သူပြောချင်သည့်စကားမှာ “လက်ထပ်ပြီး ဘ၀တစ်ခုကို တူတူရင်ဆိုင်ကြရအောင်” ဆိုသည့် စကားစုအစား “မင်းအတွက် ဝမ်းသာလိုက်တာ..။ စိတ်ချလက်ချသာ ပညာသွားသင်ပါ..။ ငါ မင်းကို ဆက်ဆက်စောင့်နေမှာပါ” ဆိုသည့်စကားလုံးများဖြစ်လို့နေခဲ့ခြင်းက သူမအပေါ်ထားရှိသည့် သူ့ရဲ့ အတ္တကင်းမဲ့သော ဖြူစင်သည့် ချစ်ခြင်းတစ်စုံတရာကြောင့်သာ.ဖြစ်ပါသည်.။ ဒီပညာသင်ဆုကိုရရန် သူမ၏ ကြိုးစားအားထုတ်ခဲ့ရမှုများနှင့် သူ့ရဲ့ ဖေးမအားပေးမှုတွေများစွာ ရင်းနှီးခဲ့ရခြင်းပဲ မဟုတ်လား..။

To be continued ~~~

~~~~~~~~~~~~~~~~~~~~~~~~~~


Sunday, 10 January 2016

လွမ်းတော်မူလို့ စာကိုစီ ^^

January 10, 2016 1 Comments


မနက်စောစောနေရောင်ဟာ အရင်နှစ်ဆောင်းနဲ့မတူစွာ တောက်ပလို့နေတယ် ....။ ဖြူလွလွနှင်းပွင့်တွေ မတွေ့ရတဲ့ ဆောင်းရာသီဟာ ကိုယ့်အတွက်တော့ ဆောင်းရယ်လို့ ပီပီပြင်ပြင် ခံစားလို့မရပါဘူး ....။ လေအဝေ့မှာ တိုက်ခတ်လာတဲ့လေညှင်းတွေကြားမှာတော့ အအေးဓါတ်က သိပ်သည်းလို့နေပြန်ပါတယ် ....။ 

ဂျပန်ကို ကိုယ်ပြန်တော့မယ်ဆိုတော့ အဲဒီနေ့က မောင်လိုက်ပို့ပါတယ် ....။ သတိရရင် လာခဲ့ပေါ့လို့ ကိုယ်ပြောခဲ့ပေမယ့် သူ့အလုပ်ကိုပဲတွယ်တာသံယောဇဉ်ကြီးတဲ့မောင်က လိုက်လာမယ်မဟုတ်မှန်း ကိုယ်သိနေခဲ့ပြီးသားလေ...။ စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတစ်ပုဒ်ထဲက စာသားအရဆိုရင်တော့ မောင်အသက်ရှူခဲ့ဖူးတဲ့ လေထုထဲကို ကိုယ်တစ်ယောက်တည်း ပြန်သွားရတော့မယ်ဆိုတဲ့အခါ ကိုယ်လွမ်းဖို့ လုံလောက်တယ်မဟုတ်လား ....။
နှစ်ယောက်အတူတူ လမ်းလျှောက်ဖူးတဲ့ မြစ်ကမ်းနားတစ်ခုဟာ တစ်ယောက်တည်း ရောက်သွားတဲ့အခါ လွမ်းမောစရာနေရာတစ်ခု ဖြစ်လို့နေတယ် ....။ မနက်စောစော လမ်းလျှောက်၊ အပြေးလေ့ကျင့်နေတဲ့သူတွေကို မမြင်မိဘဲ အတိတ်ထဲမှာ စကားပြောရင်း ဖြည်းဖြည်းချင်းလျှောက်နေတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း သတိရစိတ်ဟာ ဝေ့တက်လာပြန်ပါတယ် ....။ သတိရချိန်တိုင်း ဖုန်းဆက်လိုက်နော်လို့ ခဏခဏသတိပေးတတ်တဲ့မောင့်ကြောင့် ဖုန်းခလုတ်ကိုနှိပ်ရင်း missed call ပေးလိုက်တိုင်း မောင်က အွန်လိုင်းပေါ်ရောက်လာတတ်ခဲ့တယ် ...။ အတူတူသွားဖူးတဲ့နေရာတစ်ခုမှာ မောင်က ဖုန်းတစ်ဖက်ကနေ မြင်ကွင်းတွေကို ပြန်ပုံဖော်ပြောပြရင်း ကိုယ်ကလည်း ရောက်နေတဲ့လမ်းလေးအကြောင်း ပြောပြရင်း ကိုယ့်ရဲ့နံနက်ခင်းလေ့ကျင့်ခန်းချိန်တွေကို အလွမ်းတွေလျော့ပါးသက်သာစေခဲ့ပါတယ်...။


အတူသွားခဲ့ဖူးတဲ့ကော်ဖီဆိုင်ကလေးကတော့ ပုံမှန်အတိုင်း လူစည်ကားနေဆဲ ...။ မြန်မာနိုင်ငံပြန်ရောက်တဲ့အထိ ကိုယ်ကြိုက်တဲ့ Cheese cake ကိုပဲ မှတ်မှတ်ရရဝယ်ကျွေးလေ့ရှိတဲ့မောင့်ကြောင့် ဒီကော်ဖီဆိုင်လေးပြန်ရောက်လာတော့လည်း အတူစားခဲ့ဖူးအချိန်တွေကို ပြန်မြင်ယောင်မိဆဲ .....။ 


အတူတူဈေးဝယ်သွားကြတဲ့ Shopping mall တွေရောက်တိုင်း၊ စက်ဘီးအတူတူစီးဖူးတဲ့ လမ်းမကြီးပေါ် တစ်ယောက်တည်း သွားနေရချိန်တိုင်း၊ အတူတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်တွေကို ပြန်ရောက်ဖြစ်တိုင်း၊ အတူတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်တွေကို ပြန်ရောက်ချိန်တိုင်း၊ အတူတူငေးခဲ့ဖူးတဲ့ မြစ်ကမ်းဘေးနားရောက်ချိန်တိုင်း အလွမ်းတွေဟာ ဆထက်တိုးလို့ လာနေပြန်တယ် ...။ ဒီအလွမ်းတွေကို ချေဖျက်ဖို့ အချိန် တစ်လ လိုမလား ၊ နှစ်လ လိုလေမလား၊ ကိုယ်လဲ သေချာတော့ မခန့်မှန်းတတ်ပေမယ့် တဖြည်းဖြည်းတော့ တစ်ယောက်တည်း နေသားကျသွားမယ်ထင်ပါတယ် ....။

Saturday, 2 January 2016

#TB #2015

January 02, 2016 0 Comments



၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဟာ နေရောင်တွေနဲ့ အတူသက်ဝင်လှုပ်ရှားလို့လာပါတယ်..။ အပူချိန် ၇ ဒီဂရီလောက်ရှိနေပေမယ့်လည်း နေရောင်ကြောင့် အအေးဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရဘဲ ရာသီဥတုက သာယာလို့နေပါတယ်...။ မြင်လေရာမှာတော့ အရွက်တွေအားလုံးနီးပါးကြွေနေပြီဖြစ်တဲ့အပင်တွေကြောင့် ဆောင်းရာသီဆိုတာကို မှတ်မှတ်ထင်ထင် ရှိနေစေတယ်...။
တကယ်တော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လလုံးနီးပါး အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ပြန်နေခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက် ၂၇ ရက်နေ့မှ ဒီမြို့လေးကို ပြန်ရောက်လာခဲ့တာပါ ...။ အလွမ်းတွေ တပွေ့တပိုက်နဲ့ ၂၀၁၅ ရဲ့ နောက်ဆုံးနေ့ရက်တချို့ကို ဖြတ်သန်းနေရပြီး ၂၀၁၆ တစ်နှစ်လုံးဟာလည်း အလွမ်းတွေနဲ့ပဲ အဖော်ပြုနေရမှာ သေချာနေပါတယ်..။

၂၀၁၅ တစ်နှစ်လုံးဖြတ်သန်းပုံကို ပြန်ပြောင်းလှည့်ကြည့်မိတဲ့အခါ ကျမဘဝအတွက် အပြောင်းအလဲများစွာကို ဖြစ်စေခဲ့တဲ့နှစ်ဆိုတာ တွေ့ရပါတယ်...။ အပူအပင်မရှိတဲ့ဘဝကနေ စိုးရိမ်ပူပန်မှုတွေကြား အားလုံးကိုကျော်ဖြတ်နိုင်အောင်ကြိုးစားရင်း ရင့်ကျက်မှုတွေရခဲ့တဲ့နှစ်၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကနေ မိသားစုဘဝအတွက် စဉ်းစားပေးတတ်လာတဲ့နှစ်၊ မိဘလိုမျိုး ချစ်ခင်စောင့်ရှောက်ပေးတဲ့ ခင်ပွန်းနဲ့ သူ့မိဘတွေကို ပိုင်ဆိုင်လာတဲ့နှစ်၊ ဆယ်နှစ်ကျော်ကွဲကွာသွားကြတဲ့ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြလို့ အလုပ်နဲ့ ပညာကိုပဲ ဦးစားပေးရင်း အပေါင်းအသင်းသူငယ်ချင်းတွေကို မေ့နေခဲ့တာ ဆယ်နှစ်လောက်ရှိလာပါလားလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လာနိုင်တဲ့နှစ် စသဖြင့် အများကြီးပါပဲ ...။

၂၀၁၅ အစောပိုင်းကာလတွေဟာ မိသားစုအရေးကိစ္စအတွက် ပူပန်စရာတွေပြည့်နှက်လို့နေခဲ့ပါတယ်။ ပူပင်မှုတွေနဲ့ သိပ်မကြုံခဲ့ရတော့ တည်ငြိမ်အောင် တော်တော်ကြိုးစားခဲ့ရပြီး နောက်ပိုင်းတော့ သူ့အလိုလို ပြန်အဆင်ပြေသွားခဲ့ပါတယ်...။ တစ်နှစ်လုံးမှာ ဘေးနားကနေ တချိန်လုံး အားပေးတတ်တဲ့ ဖေးမတတ်တဲ့ချစ်သူကြောင့် စိတ်ညစ်စရာရှိရင်တောင် ခဏလေးနဲ့ ပြေပျောက်သွားခဲ့ရတယ်..။ သူ့ကြောင့် အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူရဲ့ လိုအပ်သမျှကို ဖြည့်ဆည်းပေးတတ်ခြင်းလည်း ဖြစ်တယ်ဆိုတာ သိလာရတယ်..။ စာရေးဆရာမတစ်ယောက်ရေးထားတာဖတ်ဖူးတယ်..”မောင်နဲ့ကျမနီးစပ်ဖို့ ခြေလှမ်း ၁၀၀ လိုတယ်ဆို မောင့်ဘက်က ခြေတစ်လှမ်းပဲ လှမ်းလာပါ။ ကျန်တဲ့ ၉၉ လှမ်းကို ကျမလှမ်းခဲ့ပါမယ်” တဲ့ ..။ တကယ်တော့ ကျမနဲ့မောင့်အတွက်နီးစပ်ဖို့ ခြေလှမ်း ၁၀၀ လိုအပ်တယ်ဆိုရင် မောင်က ကျမကို တစ်လှမ်းမှ မလှမ်းလာစေဘဲ ခြေလှမ်း ၁၀၀ လုံးကို သူက လျှောက်လာသူရယ်ပါ ...။ မင်္ဂလာဆောင်အတွက် ကျမဖြစ်စေချင်တဲ့အရာအားလုံးကို တစ်ချက်မှ နောက်မတွန့်ဘဲ မောင်က ဖန်တီးပေးခဲ့တယ် ..။ ကျမလိုအပ်သမျှကို ဖန်တီးဖြည့်ဆည်းပေးဖို့အတွက် အမြဲတမ်း အဆင်သင့်ရှိနေခဲ့တယ်..။ တကယ်တော့ မောင့်ကို ပိုင်ဆိုင်ရခြင်းက ကျမမိဘတွေအစား ကျမလိုအပ်သမျှကို ဖြည့်ဆည်းပေးမယ့် မိဘလိုလူမျိုးကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ ...။ အရာရာအားလုံးကို အလိုလိုက်ပြီး ဖြစ်အောင်ဖန်တီးပေးတတ်တဲ့မောင့်ကြောင့် အခုအချိန် တစ်ယောက်တစ်နေရာစီ ပြန်ဝေးသွားတဲ့အခါ ကျမရဲ့ မသိတတ်ခဲ့မှု၊ သူ့အပေါ်ဆိုးခဲ့မှုတွေအတွက် အရင်အချိန်တွေကို ပြန်တွေးမိပြီး သတိရဝမ်းနည်းမိသလို ဖြစ်နေတတ်တယ်..။ တူတူရှိနေကြစဉ်ကတော့ မောင့်အပေါ် အဲလောက်ထိ အနိုင်ယူခဲ့မိမှန်း မသိခဲ့ဘဲ ဝေးနေချိန်မှ ကျမဆိုးခဲ့တာတွေ ပြန်မြင်လာတော့ အားတုံ့အားနာလည်း ဖြစ်နေပြန်ပါသေးတယ်....။

၂၀၁၅ ကို ပြန်ကြည့်လိုက်ရင် ၂၀၁၄ လောက် ကျမအပေါ်မကောင်းခဲ့ပါဘူး ...။ အသက်အရွယ်ကြောင့်လား၊ ဘဝပေးအခြေအနေကြောင့်လား၊ ကျမပဲ ကြိုးစားမှုလျော့နည်းခဲ့လို့ပေပဲလားတော့ မသိဘူး...။ အစောပိုင်းလတွေမှာ အဆင်မပြေမှု၊ ရှုံးနိမ့်မှုလိုမျိုးတွေ ကြုံခဲ့ရတယ်..။ လောကဓံကို ကိုယ်တွေ့ကြုံလာရတော့ အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ရတယ်...။ ဒါပေမယ့်လည်း နောက်ပိုင်း ၅ လလောက်ဟာ ထင်မှတ်မထားလောက်အောင် အကောင်းတွေချည်း ဆက်တိုက်ကြုံခဲ့ပါတယ်....။ အောင်မြင်မှုတချို့ကိုပြန်ရသလို ယုံကြည်မှုတွေလည်း ပိုတိုးလာခဲ့တယ်..။ လူမှုရေးမှာလည်း အကြာကြီးကွဲနေကြတဲ့သူငယ်ချင်းတွေနဲ့တောင် အရင်လိုပြန်အဆက်အသွယ်ရတဲ့အထိ ချစ်ခင်တဲ့သူတွေတိုးလာခဲ့တယ် ...။ အရာရာကိုပေးဆပ်ဖို့ အဆင်သင့်ရှိနေတတ်တဲ့ ကျမရဲ့ မိဘတွေအပြင် ကျမလိုသမျှ၊ ကျမဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးချင်နေတဲ့ မောင်နဲ့ မောင့်ရဲ့ မိဘတွေကို ပိုင်ဆိုင်လာခဲ့တယ် ...။

၂၀၁၆ အတွက် မျှော်လင့်မိတာကတော့ အရာရာကို အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းချင်တယ်...။ ၂၀၁၅ လိုမျိုး အဆိုးဆုံးတွေရော အကောင်းဆုံးတွေရော ရရှိသလိုမျိုး အနိမ့်အမြင့်အတက်အကျ ကြမ်းကြမ်းတွေ မကြုံချင်တော့ဘူး ....။ အကောင်းဆုံးတွေမရရင် နေပါစေ၊ အရာရာက အေးချမ်းပြီး ပျော်ရွှင်စရာရောင့်ရဲစရာကောင်းတယ်ဆိုရင် ကျေနပ်ပါပြီ ....။

** ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ရေးထားခဲ့တဲ့ စာတစ်ပုဒ်ဟာ အခုမှ အဆုံးသတ်ဖြစ်တဲ့အတွက် ဒီနေ့မှ post တင်ဖြစ်ခဲ့ပါတယ် ..။

Monday, 26 October 2015

To my little village ~1~

October 26, 2015 0 Comments



စိတ်လိုလက်ရ အတွေးနယ်ချဲ့မိတဲ့နေ့တွေမှာဆိုရင်ဖြင့် ကိုယ့်စိတ်တွေဟာ ရွာလေးတစ်ရွာဆီ အပြေးအလွှားရောက်သွားတတ်တယ်..။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကစပြီး ရင်းနှီးပတ်သက်ခဲ့တဲ့ရွာလေးဟာ အဲဒီနှစ်များစွာအတွင်း အခြားအရာတွေပြောင်းလဲသွားခဲ့ပေမယ့် သူကတော့ ဘာတစ်ခုမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိခဲ့ ..။ ရွာလေးဘေးမှာ မြို့တွေလာတည်ကြသလို အပန်းဖြေဥယျာဉ်ကြီးတွေလည်း လာဖွင့်ကြတာပါပဲ ..။ လမ်းတွေဖောက် တံတားတွေဆောက်ခဲ့ကြပေမယ့် ရွာလေးကတော့ ယခုထက်ထိ ရွာအဆင့်သာ ရှိနေဆဲ ..။ အဲဒီရွာလေးမှာ ကိုယ့်ရဲ့ ဘိုးဘွားတွေ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ကြသလို အခုအချိန်ထိလည်း ကိုယ့်ရဲ့ မိဘနှစ်ပါးစလုံး နေထိုင်ရပ်တည်နေကြဆဲ ..။ ကိုယ်ကလေးဘဝကတည်းက မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုယ့်ရဲ့ ဇာတိကျေးရွာကလေးဟာ ရှမ်းရိုးမတောင်တန်းကြီးတွေရဲ့ အခြေမှာ တည်ရှိပါတယ်..။ တောင်တန်းတွေပေါ်ကနေ စီးကျလာတဲ့တောင်ကျရေတွေကို စုစည်းထားတဲ့ ဆည်တစ်ခုဟာ ကိုယ်မမွေးခင်ကတည်းက ရွာထိပ်မှာတည်ရှိနေပြီး မူလတန်းပထဝီဝင်သင်ခန်းစာမှာ ဆည်အမည်တွေဖတ်ရတိုင်း ကိုယ်ရဲ့ရွာအမည်တပ်ထားတဲ့ဆည်ကို မှတ်မှတ်ရရရှိခဲ့ဖူးတယ်..။ မြန်မာနိုင်ငံမှာရှိတဲ့ ရှားရှားပါးပါးဆည်တွေထဲမှာ ကိုယ့်ရွာကဆည်လဲ တစ်ခုအပါအဝင်ဖြစ်လို့ သင်ခန်းစာထဲမှာတောင် ထည့်သင်ရတယ်ဆိုပြီး ကလေးအတွေးနဲ့ ဂုဏ်ယူခဲ့ဖူးတယ်...။

ဆည်ကနေ အောက်ဘက်နည်းနည်းဆင်းလိုက်ရင် သူငယ်တန်းကနေ လေးတန်းအထိ ကိုယ်တက်ခဲ့တဲ့ မူလတန်းကျောင်းကလေး တည်ရှိပါတယ်...။ မူလတန်းကျောင်းနေစဉ်အရွယ်က အဖေနဲ့အမေဟာ ကျောင်းအပ်ချိန်တစ်ခုမှာပဲ တစ်ယောက်မအားရင် တစ်ယောက် ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့ပေမယ့် အခြားကလေးတွေလို ကျောင်းကြိုကျောင်းပို့ မလုပ်ပေးနိုင်ခဲ့..။ စားဝတ်နေရေးအတွက် မိဘနှစ်ပါးစလုံးရုန်းကန်ကြရတဲ့ ကိုယ့်ရဲ့ ငယ်ဘဝကျောင်းနေအရွယ်ဟာ လူကြီးမိဘတွေ ဂရုတစိုက်ကြိုပို့လုပ်ပေးတာမျိုး မရှိခဲ့ဘဲ အားတင်းကာ တစ်ယောက်တည်း ကျောင်းသွားကျောင်းပြန်လုပ်ခဲ့ရတယ်...။ တခါတလေ ကြောက်တတ်တဲ့နေ့မျိုးမှာ ကဗျာတွေအကျယ်ကြီးရွတ်ပြီး အိမ်ကို ကဆုန်ပေါက်ပြေးပြန်တာလည်း ရှိလားရှိရဲ့ ...။ အချိန်တော်တော်များများမှာတော့ ကိုယ့်ထက်တစ်တန်းပဲကြီးတဲ့ အစ်မနဲ့အတူတူ ကျောင်းသွားလေ့ရှိခဲ့ပေမယ့် ကစားမက်တဲ့ကိုယ်ဟာ ကျောင်းပြန်ချိန်တိုင်း တစ်ယောက်တည်းဖြစ်လို့နေခဲ့တယ်....။ ကျောင်းဆရာ၊ ဆရာမတွေနဲ့ မရင်းနှီး မသိကျွမ်းတဲ့ မိဘတွေဖြစ်ပေမယ့်လည်း နှစ်စဉ်ဆုပေးပွဲတိုင်းမှာတော့ အဖေ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်ကတော့ အမြဲတက်လို့ရအောင် ကိုယ်က ပညာရေးမှာ ကံကောင်းခဲ့တယ်...။

ခြေတံရှည်ပျဉ်ထောင်အိမ်ကြီးရဲ့ အိမ်အောက်ရယ် အိမ်ရှေ့ကွင်းပြင်ရယ်ဟာ ကိုယ်နဲ့ အစ်မအတွက်တော့ ပျော်စရာကစားကွင်းကြီးတစ်ခုပါပဲ ..။ ကလေးဘဝမှာ မြေကြီးပေါ်မှာ ဆော့လို့ရသမျှ ကစားနည်းပေါင်းစုံကို အိမ်ဘေးက ရွယ်တူကလေးတွေနဲ့ အတူတူ ကစားခဲ့ဖူးတယ် ...။ ညနေရောက်တိုင်း အိမ်ပေါက်စေ့က ကလေးတွေကို လိုက်စုရုံးပြီး အိမ်ရှေ့ခေါ်လာကာ တောရွာက ကလေးတွေ ကစားလေ့ရှိတဲ့ နည်းပေါင်းစုံကို အပူအပင်ကင်းမဲ့စွာ ကစားခဲ့ကြတယ်...။ အချို့ညနေတွေမှာ အိမ်နောက်ဘက်က ရေမရှိတဲ့ချောင်းထဲသွားပြီး ရှိစုမဲ့စုရေအိုင်လေးတွေကို တွေ့အောင်ရှာကာ အဘွားမွေးထားတဲ့ ဘဲတွေကို ကျောင်းတဲ့အလုပ်လည်း လုပ်ခဲ့ဖူးတာပဲ..။ အိမ်ရှေ့က ခံတက်ပင်ပေါ် အဘိုးက တက်ကာ ခံတက်ရွက်နုတွေ ခူးခြွေပေးတိုင်း အဘွားနဲ့အတူ ပျော်ပျော်ပါးပါး ကောက်ခဲ့ဖူးတယ်...။ ခံတက်ရွက်နုနုလေးတွေဘဲ သေချာရွေးပြီး အရွယ်ညီညီလေးတွေစည်းကာ ထိပ်ကိုတိနေအောင် ဖြတ်ပြီး လှပသပ်ရပ်စွာ စီရီနေတဲ့အဘွားကို အလုပ်ရှုပ်ရန်ကောလို့ တွေးထင်ရင်း ဘေးနားကနေ ကူလုပ်ပေးလေ့ရှိခဲ့တာပါပဲ ..။ အဘိုးကိုယ်တိုင် ဖန်တီးထားတဲ့ ဆန်ဆေးရေ၊ နနွင်း၊ ထမင်းစေ့နဲ့ ဆားတို့ကို သေချာရောနယ်ထားတဲ့ အရည်ထဲမှာ ခံတက်ရွက်စည်းလေးတွေကို သေချာစီထည့်ထားတဲ့ စဥ့်အိုးလေးဟာ ကိုယ်နဲ့ အစ်မအတွက် တစိမ့်စိမ့်စောင့်ကြည့်စရာ အာလာဒင်မီးခွက်တစ်ခုအလားပါပဲ ..။

ညနေရောက်တိုင်းတော့ ကိုယ်နဲ့ အစ်မအတွက် စိတ်ညစ်စရာ အချိန်ရောက်လာပြီလို့ တွေးမိရလောက်အောင် ခြံထဲမှာ အဖေစိုက်ထားတဲ့ ရှောက်ပင်၊ သံပုရာပင်၊ ဆူးပုတ်ပင်၊ ကွမ်းပင် စတဲ့ သီးပင်စားပင်တွေကို ရေလောင်းတဲ့အလုပ် စရပါတယ်..။ ဆူးပုတ်ရွက်တွေလာဝယ်တဲ့သူရောက်လာရင်တော့ အစ်မနဲ့ ကိုယ်ဟာ တစ်လှည့်စီ ခူးပေးရင်း ကျောင်းမုန့်ဖိုးအတွက် စုကြရပါတယ်...။ ကျောင်းပိတ်ရက်တွေမှာတော့ ကိုယ်တို့နှစ်ယောက်ဟာ အဖေ့ရဲ့ ရွာမှာစိုက်ထားတဲ့ လယ်တောထဲကို ထမင်းထုပ်ကိုယ်စီကိုင်ရင်း အလည်လိုက်သွားလေ့ရှိကြပါတယ်..။ အလုပ်လုပ်တဲ့အမေ့အတွက် နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်အောင် ပါရမီဖြည့်ပေးခဲ့တဲ့အဖေဟာ ကိုယ်တို့ငယ်ဘဝမှာတော့ သူသွားလေရာ ခေါ်သွားလေ့ရှိခဲ့ခြင်းက အဖေနဲ့ သားသမီးတွေရဲ့ သံယောဇဉ်ကို ပိုလို့တိုးစေခဲ့သလိုပါပဲ ...။ မိသားစုကို ငဲ့ညှာမှုသိပ်မရှိဘဲ ယောက်ျားဝါဒီကို ကျင့်သုံးလေ့ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အဖေကတော့ တစ်မူခွဲထွက်ပြီး မိသားစုကို အလေးပေးဂရုစိုက်တာကြောင့် အများရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် အခုအချိန်မှာဆိုရင် မပူမပင်မကြောင့်မကြနေရခြင်းက အဖေနဲ့အမေရဲ့ တစ်စိတ်တစ်ဝမ်းတည်း ကြိုးစားခဲ့မှုကြောင့်သာ မဟုတ်ပါလား...။

Wednesday, 14 October 2015

>> Current >>Mood

October 14, 2015 2 Comments
ခုတလောမှာ .... လောကကြီးနဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်..။ ဖြစ်ဆို Facebook မသုံးဖြစ်တာ လနဲ့ချီ ကြာနေခဲ့ပြီလေ .....။ အဲဒီအခါ သူငယ်ချင်းတွေ အားလုံးနဲ့လည်း အဆက်ပြတ်သွားခဲ့တယ် ...။ Viber မှာ သူငယ်ချင်းအရင်းတွေကြား စကားဝိုင်းဖွဲ့ပြောကြတဲ့အခါမှာလည်း ကိုယ်ဟာ အမြဲလိုလို silent ဖြစ်နေမိတယ်....။ ဘာဖြစ်လို့ တိတ်တိတ်ကလေးဖြစ်နေတာလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးလာခဲ့တော့ ငါ ခဏကိုယ်ယောင်ဖျောက်နေချင်လို့ပါလို့ ပြန်ဖြေဖြစ်တယ်...။ ကိုယ့်ကို ပြောင်းလဲသွားတယ်လို့ သူက ဆက်ပြောပြန်တယ် .....။ တိတ်ဆိတ်လွန်းလို့ အချို့သူငယ်ချင်းတွေဆိုရင် ကိုယ် ခဏတဖြုတ်စကားဝင်ပြောတဲ့အခါ ထူးဆန်းသလို ဖြစ်လို့နေတယ် ..။ သူတို့ကို စိတ်ဆိုးစိတ်ကောက်နေလို့ပဲလားလို့ အထင်ရှိတဲ့ သူငယ်ချင်းတချို့ကတော့ တပြန်စိတ်ဆိုးပြီး ကိုယ့်ကို အခေါ်အပြောမလုပ်ကြတော့ပြန်ဘူး....။

ဘယ်အခြေအနေပဲရောက်ရောက် မောင်ကတော့ ကိုယ့်ဘေးနားမှာ ရှိနေပေးပါတယ် ....။ ကိုယ်ထင်ထားတာထက် သူဟာ ကိုယ့်အပေါ်မှာ ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်...။ မောင်က ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်အပေါ်မှာ အများကြီးနားလည်ပေးဖို့ ကြိုးစားရှာတယ်....။ အကြောင်းအရာမည်မည်ရရမရှိဘဲ ကိုယ်စိတ်တိုတဲ့အခါ .... ကိုယ်စိတ်ပြေလာအောင်တတ်နိုင်သလောက် သူကြိုးစားလေ့ရှိတယ်....။

Facebook မသုံးဖြစ်ပေမယ့်လည်း ဖုန်းဖွင့်ဖြစ်တဲ့အခါတိုင်း ကိုယ် စူးစိုက်ကြည့်မိတဲ့အရာက Google maps ဖြစ်လို့နေတယ်....။ ကိုယ်ငယ်ငယ်က ကျင်လည်ခဲ့တဲ့ ဇာတိမြေကို လိုက်ရှာပြီး အလွမ်းတွေကို ဖြေလျော့သလိုဘဲ တခါတလေ ဂျာမနီက ကိုယ့်ရဲ့ ဒုတိယတက္ကသိုလ်နဲ့ ကိုယ်နေခဲ့တဲ့အဆောင်လေးကို ကြည့်နေမိတယ်...။ အခုအချိန်မှာ ဘာကို အလွမ်းဆုံးလည်းလို့မေးလာခဲ့ရင် မြန်မာပြည်မဟုတ်ဘဲ ဂျာမနီမှာကုန်ဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝလို့ဖြေရင် ကိုယ့်ကို ပိုရန်ကောလို့ အထင်ရှိနိုင်ပေမယ့် တကယ့်ခံစားချက်တစ်ခုပါပဲ ...။ အဲဒီတုန်းက လူလတ်ပိုင်းအရွယ် ဘဝရဲ့ အတက်ကြွဆုံးအရွယ်ဖြစ်သလို သူငယ်ချင်းတွေဆိုတာလည်း နိုင်ငံမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူကြပေမယ့် စစ်မှန်တဲ့ခင်မင်မှုတွေပဲ ကြုံခဲ့ရတယ်...။ကိုယ်ဟာ ကျောင်းတက်ရုံကလွဲလို့ ဘာအပူအပင်မှ မရှိခဲ့ဘူး..။ အားလပ်ချိန်တွေဟာ ရာသီအလိုက်ပွင့်လေ့ရှိတဲ့ အလေ့ကျ ပန်းပွင့်လေးတွေကို လျှောက်ကြည့်ရင်း ဓါတ်ပုံရိုက်ရင်း စာတွေရေးရင်း ကုန်ဆုံးခဲ့တယ်..။ တခါတလေ သီချင်းတွေ နားထောင်ရင်း သီချင်းတွေဆိုရင်း စာတွေဖတ်ရင်း ကိုယ့်ဘဝဟာ ပျော်စရာအတိပြီးနေသလိုပါပဲ ...။

အခုရော အဆင်မပြေတာများရှိလို့လားလို့ မေးလာခဲ့ရင် မည်မည်ရရမရှိပေမယ့် အရင်လို ပျော်ရွှင်တက်ကြွနေတတ်တဲ့ အပူအပင်မရှိတဲ့ မိန်းမငယ်လေးတစ်ယောက်တော့ မဟုတ်တော့ပြန်ဘူး ....။ စာတွေအတွက် မိသားစုအတွက် ချစ်သူအတွက် သူငယ်ချင်းအပေါင်းအသင်းတွေအတွက် နောက်ဆုံး အကြီးကြီးပြောရရင် နိုင်ငံအတွက် ပူပန်သောကတချို့ကို ထမ်းပိုးနေတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်လို့နေတယ် ...။ စိတ်ကအရင်ရောက်နေပြီး လူကတော့ အမြဲလိုလိုနောက်ကျနေတတ်လို့ မြင်ရတဲ့သူတွေအတွက်တော့ ကိုယ့်ပုံစံဟာ တည်ငြိမ်မနေဘဲ ပြာယာခပ်နေတာသာ တွေ့နေမယ်ထင်ပါတယ်....။ အသက်ရလာတာနဲ့အမျှ ပိုပြီးတည်ငြိမ်မလာဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ ပြာယာနေတဲ့ကိုယ့်ပုံစံက မရင့်ကျက်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...။















ဟိုးတချိန်က နှင်းဆီပုံတွေ သူငယ်ချင်းတစ်ယောက်ဆီကနေ ကြည့်မိရင်း အဲဒီနေရာကို ရောက်ဖူးချင်လိုက်တာလို့ စိတ်ကူးယဉ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က အခုတော့ နှင်းဆီတွေရှိတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေပေမယ့် သူတို့ရဲ့ အလှအပကို အပြည့်အဝ မခံစားမိခြင်းက အသက်အရွယ်ရဲ့ ကွာခြားမှုကြောင့် ဖြစ်ပါလိမ့်မယ်.....။

Follow Us @soratemplates