Universal Studio Japan (1)~~~
Phyu Lwin
September 05, 2017
1 Comments
Hello everyone!!
Long time no see 😊😊
မအားတာနဲ့ပဲ August တစ်လလုံး ဘာပို့စ်မှ မတင်လိုက်ရဘူး..။ ဒီအတောအတွင်း နေရာတော်တော်များများ လျှောက်လည်ဖြစ်တယ် ...။ ပေပါတွေအတွက်လည်း လုံးပမ်းနေရတာဆိုတော့ စာရယ် လည်ဖို့ပတ်ဖို့အတွက်ရယ် အချိန်တွေကို မနည်းလုနေရရင်း သွားသမျှနေရာက ဓါတ်ပုံတွေကို သိမ်းထားရုံပဲ တတ်နိုင်ပါတော့တယ် ...။
ပြီးခဲ့တဲ့ August ၃၁ ရက်နေ့က အိုဆာကာမှာရှိတဲ့ Universal Studio Japan ကိုသွားလည်ဖြစ်တယ် ..။ သူငယ်ချင်းမောင်နှမတွေ ၇ ယောက်သွားကြတယ် ...။ ဟိုအရင်နှစ်တွေကတည်းက သွားဖို့စိတ်ကူးရှိခဲ့ပေမယ့် အချိန်မရှိတာနဲ့ မသွားဖြစ်ကြတာ..။ ဒီတစ်ခေါက်တော့ ကိုယ်လည်း မြန်မာပြည်ပြန်တော့မှာဆိုတဲ့အခါ မရောက်ဖြစ်လိုက်ဘူးဖြစ်သွားမှာစိုးတာနဲ့ မရောက်ရောက်အောင် သွားဖြစ်ခဲ့တယ် ..။ အမှန်အတိုင်းပြောရရင် ကျမက ဘယ်နေရာက Universal studio တွေမှ မရောက်ဖူးပါဘူး..။ အဲဒီတော့ အခု USJ ကိုသွားရင် တစ်ရက်တည်းနဲ့ ကိုယ်သွားချင်တာတွေ ကိုယ်စီးချင်တာတွေ လုပ်ဖြစ်ပါ့မလားလို့ စိတ်ပူမိခဲ့တယ် ..။ ဒါနဲ့ပဲ မသွားခင် အင်တာနက်မှာ သူများတွေ review ရေးတာတွေ လိုက်ရှာဖတ်တော့ သိပ်မတွေ့ရဘူး..။ Youtube မှာတော့ တချို့တလေရှိပေမယ့် သူတို့ကလည်း သွားခဲ့ပျော်ခဲ့တာတွေပဲတင်ကြပြီး tips တွေ သိပ်မတင်ဘူး..။
လက်မှတ်က သူတို့ပြောထားတဲ့ website တွေမှာ ကြိုဝယ်လည်းရသလို ဟိုရောက်မှ ဂိတ်မှာဝယ်လို့လည်း ရပါတယ် ..။ တစ်ယောက်ကို တစ်ရက်စာ ယန်း ၇၆၀၀ ကျပါတယ် ..။ အဲဒါက Entry ticket ပေါ့..one-day studio pass။ တကယ်လို့ အတွင်းထဲရောက်တဲ့အခါ နာမည်ကြီးနေရာတွေမှာ တန်းမစီချင်ရင်တော့ Universal Express pass ဝယ်ရင် အဲဒါကတော့ package အမျိုးမျိုးရှိရာမှာ နာမည်ကြီး ၇ နေရာလုံးသွားမယ်ဆိုရင် ယန်း ၇၄၀၀ လောက်ကျတယ် ..။ ကျမတို့တော့ entry ticket ပဲ ဝယ်ကြပြီး တန်းစီကြမယ်လို့ပဲ စဉ်းစားခဲ့ကြတယ် ...။ အဲနေ့က လကုန်ရက်မို့ထင်တယ် ..မနက် ၉ နာရီဖွင့်ပြီး ညနေ ၈ နာရီခွဲပိတ်တယ် ..။ ပုံမှန်ဆိုရင် မနက် ၈ နာရီခွဲဖွင့်ပြီး ညနေ ၉ နာရီပိတ်တာ..။ ပိတ်ရက်တွေဆို လူများတတ်တယ်ဆိုလို့ တမင် ကြာသပတေးနေ့ကို ရွေးသွားကြတာ။ ဒါတောင် လူတွေမှ အများကြီးပဲ ..။
နာမည်ကြီးနေရာတော်တော်များများက အချိန်အကြာကြီးတန်းစီရတာဆိုတော့ လူတွေက စတူဒီယိုမဖွင့်ခင် ၁ နာရီမတိုင်ခင်လောက်ကတည်းက အရှေ့မှာ တန်းစီစောင့်လေ့ရှိကြသတဲ့..။ ကျမတို့ရောက်တော့ ၈ နာရီခွဲလောက်ဖြစ်သွားတော့ လက်မှတ်ဝယ်ပြီးတာနဲ့ ကိုယ့်အရှေ့မှာ ရောက်နှင့်နေသူတွေမှ အများကြီးပါပဲ ..။
အထဲကိုရောက်တာနဲ့ ကျမတို့ ပထမဆုံးသွားဖြစ်တာက The flying dinasours ဆိုတဲ့ နေရာကိုပါ..။ အဲဒါက ရိုလာကိုစတာလိုပဲဆိုပေမယ့် ကောင်းကင်မှာ ပျံသန်းသွားသလိုခံစားချက်မျိုးဖြစ်အောင်လို့ မှောက်ခုံစီးရတာပါ ...။ သူများတွေက ဒိုင်နိုဆောကို နောက်ဆုံးမှစီးဖို့ အကြံပြုကြပေမယ့် တကယ်တမ်းတော့ မှောက်ရက်အနေအထားမှာ အရှိန်မြန်မြန်နဲ့ လှည့်လိုက်သွားလိုက်စီးရတာဆိုတော့ အားအင်ပြည့်နေတုန်း ရောက်ခါစ စီးတာ အကောင်းဆုံးပါပဲ ..။ အဲဒါမှ မူးဝေတာ အော့အန်တာ မဖြစ်မှာပေါ့..။ သူက The ride တွေအားလုံးမှာ နာမည်အကြီးဆုံးလို့ပြောတယ် ..။ ခဏလေးပေမယ့် မှောက်ခုံအနေအထားကို အတင်ဟိုလှည့်ဒီလှည့်စီးလိုက်ရတာ ရင်ခုန်စရာကောင်းသလို ပျော်စရာလည်းကောင်း ကြောက်စရာလည်းကောင်းလှတယ်..။ တချို့အဆင်းတွေက ၉၀ ဒီဂရီလောက် ဇောက်ထိုးဆင်းတာတွေလည်း ပါသေးတယ်ရယ် ..။
အဲဒါပြီးတော့ Spiderman ကိုသွားကြတယ်..။ အဲဒါကတော့ ကားတစ်စီးထဲမှာလိုမျိုး ထိုင်ရပြီး 4D နဲ့ဆိုတော့ ကိုယ်က အန္တရာယ်ရောက်နေတုန်း စပိုက်ဒါမန်င်းက လာကယ်သလိုမျိုး အသည်းတထိတ်ထိတ်ရင်တဖိုဖိုနဲ့ပါပဲ ..။ တကယ့် ဇာတ်ကားထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရတာ တကယ်ပျော်စရာကောင်းပါတယ် ...။ မူးတတ်တဲ့သူဆိုရင်တော့ လှည့်လိုက်ပတ်လိုက် အထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့ တော်တော်တော့ မူးဝေနေမှာ..။

ပြီးတော့ Jurassic park ထဲက စွန့်စားခန်းတွေကို သွားစီးကြတယ် ...။ ဒါကတော့ ရိုလာကိုစတာလည်းမဟုတ် 4D လည်းမဟုတ်ဘဲ ရေလွှာလျှောစီးသလိုပဲဆိုတော့ သိပ်တော့ ပျော်စရာမကောင်းလှဘူး..။
နောက်တစ်ခုက Jaws ဆိုတဲ့ နေရာကိုသွားစီးကြတယ် ..။ ရေထဲမှာပဲ လှေနဲ့သွားနေရင်း တကယ့်ငါးမန်းလိုမျိုးတွေ ရေထဲကနေ ဘွားကနဲပေါ်လာပြီး ရန်ပြုမလိုမျိုးတွေ မီးတွေတောက်လောင်ပြိုလဲနေတာတွေ စတဲ့ ကြောက်စရာစွန့်စားခန်းတွေပေါ့ ..။ အတော်များများက Jaws ကို recommend ပေးကြပေမယ့် ပထမစီးခဲ့တဲ့ ၂ ခုလောက်တော့ ရင်မခုန်ပြန်ဘူး..။ ကျမတို့တတွေက ဆွဲကိုင်လှုပ်ယမ်းနေတဲ့ မူးစရာတွေပဲ စီးချင်ကြသလား ထင်မိတယ် ..။
နေရာတော်တော်များများမှာ အပေါ်ကပုံလို show သေးသေးလေးတွေ ခဏခဏတွေ့ရတယ်...။ Minion theme နဲ့ စားသောက်စရာတွေတော့ နာမည်ကြီးတယ် ..။ အားလုံးလိုလို minion ဗူးလေးနဲ့ ထည့်ထားတဲ့ popcorn လေးတွေပဲ လမ်းတစ်လျှောက်စားနေကြတာ တွေ့ရတယ် ..။
ဘယ်လောက်ထိ ရေးဖြစ်မယ်မသေချာပေမယ့် ဒီနေ့တော့ part (1) နဲ့ပဲ အဆုံးသတ်ပါရစေနော် ..။ အိပ်ချိန်ရောက်လာလို့ပါ ..။ နောက်ရက်တွေ ကြိုးစားရေးပါ့မယ် 😍😍😍