Thursday, 2 October 2014

တချိန်က ... မြို့ကလေး ++

October 02, 2014 3 Comments


မြို့ကလေးက နိုင်ငံကြီးတစ်ခုရဲ့ အလယ်ပိုင်းပြည်နယ်တစ်ခုအတွင်းမှာရှိတဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု ..။ အဲဒီမြို့လေးရဲ့အကြောင်း ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော် Blog စရေးကာစမှာတော့ အကြောင်းအရာတစ်ခုနဲ့အတူ တစွန်းတစ ရေးဖြစ်ခဲ့ပါသေးတယ် ..။ အဲဒီတုန်းကတော့ အဲဒီမြို့လေးမှာ ခဏရောက်နေချိန် မြန်မာပြည်အလယ်ပိုင်းက ဒေသတစ်ခုကို တမ်းတမ်းတတရှိနေတဲ့အချိန်ပေါ့လေ...။ အခုတော့လည်း သူ့ရင်ခွင်ထဲကနေ ထွက်ခွာလို့ မိခင်မြေကိုပြန်ရောက်လာတာ တစ်နှစ်စွန်းစွန်း ရှိလာတဲ့အလျောက် ... တိုက်ဆိုင်တဲ့အချိန်တိုင်း သတိတရရှိနေမိပြန်တယ် ...။ တကယ်ဆို ကျမအတွက် အဲဒီမြို့ကလေးက ပျော်ရွှင်မှုတွေချည်း တွေ့ကြုံခဲ့ရတဲ့နေရာတစ်ခုလည်း ဖြစ်နေခဲ့တာကိုး...။ အခုအချိန်တွေ မှာတော့ မြို့ကလေးရဲ့အမည်ကို ကြားတာနဲ့တင် အလွမ်းတွေက လှိုင်းထလို့လာနေသလိုပါပဲ ...။ အလွမ်းဆိုတာ သက်ရှိတွေကိုတင်မက သက်မဲ့အရာတွေနဲ့ပတ်သက်ပြီးလည်း ခံစားတတ်ပါလားဆိုတာ ဒီမြို့လေးပေါ်မှာ ဖြစ်ပေါ်မိတဲ့ ကျမရဲ့အလွမ်းတွေက သက်သေပြလို့နေပါတယ် ...။

နေရာတိုင်း ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားနေရတဲ့နေရာတစ်ခုကနေ အဲဒီမြို့ကလေးကိုအရောက်မှာ အရာအားလုံးလွယ်ကူမှုတွေနဲ့ အစောပိုင်းကာလတွေမှာတော့ အသားမကျ၊ လိုက်လျောညီထွေ မဖြစ်ခဲ့ပါဘူး...။ ဒါပေမယ့်လည်း ဘယ်နေရာဖြစ်ဖြစ် အလိုက်သင့်ပြောင်းလဲနေထိုင်တတ်တဲ့ကျမအနေနဲ့ သိပ်မကြာခင်အချိန်မှာပဲ ...လွယ်ကူအဆင်ပြေမှုတွေကြား နေသားကျ ပျော်ရွှင်သွားခဲ့တာပဲ ဖြစ်ပါတယ်..။

မြို့လေးကိုမရောက်ခင် ... Frankfurt လေဆိပ်ကိုရောက်ရောက်ချင်းမှာပဲ ကွာခြားမှုကို စတင်ကြုံတွေ့ခဲ့ ရတာပဲဖြစ်ပါတယ်...။ မြို့ကလေးဆီကို ထပ်ခရီးဆက်ဖို့ ရထားလက်မှတ်ဝယ်တဲ့အခါ မြန်မာနိုင်ငံမှာလို လက်မှတ်ရောင်းချိန်၊ ၀န်ထမ်းတွေရှိချိန် စတာတွေကိုစောင့်စားစရာမလိုဘဲ ... အလိုအလျောက် လက်မှတ်ရောင်းစက်မှာ ဟိုနှိပ်ဒီနှိပ်လုပ်ရင်း လာကြိုတဲ့အစ်မတစ်ယောက်က လက်မှတ်ဖြတ်ပေးတဲ့အခါ ကျမမှာ မကြုံဖူးတဲ့အရာအတွက် အံ့သြတကြီးဖြစ်မိရတာပါပဲ ..။ ငါဆိုရင် အဲဒီအဆင့်တွေကို အလွယ်တကူနှိပ်တတ်ပါ့မလားလို့ စိုးရိမ်တကြီးလဲ ဖြစ်မိရဲ့ ...။ ရထားပေါ်ရောက်တဲ့အခါ ဘူတာတစ်ခုချင်းစီမှာ ရောက်မယ့်မြို့ရဲ့နာမည်ကို သေသေချာချာရှင်းရှင်းလင်းလင်းကြေငြာပေးရုံမက ရထားတွဲတိုင်းမှာလည်း မြို့အမည်ကို စာတမ်းထိုးပြတဲ့အခါ ဘူတာမှားဆင်းမိမှာ ပူစရာမလိုပါဘူး...။ တိုးတက်တဲ့နိုင်ငံကြီးတစ်ခုမှာ အများပြည်သူသွားလာရလွယ်ကူအောင် Public transportation ကို စနစ်တကျစီမံပေးနိုင်တာကို အားကျမဆုံးဖြစ်ခဲ့ရပါတယ်...။ ကျမတို့ဆီမှာလို ကားကျပ်တဲ့ဒဏ်၊ ကားအိုဟောင်းတွေရဲ့ ဆီနံ့တွေ ရောပြွမ်းမနေတတ်တဲ့နေရာတစ်ခုဟာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေလှပါတယ် ...။

ကျောင်းအပ်တဲ့အခါ စာရွက်စာတမ်းတစ်လှေကြီးကိုင်ပြီး မြန်မာနိုင်ငံကလို ကျောင်းသားရေးရာဌာနမှာ သွားအပ်ရမှာလားလို့ စီနီယာအစ်မတစ်ယောက်ကို မေးတဲ့အခါ အွန်လိုင်းကနေပဲ အပ်လိုက်လေ လို့ ပြောတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ စိတ်ရှုပ်ခဲ့ဖူးပါတယ် ...။ တကယ်တော့ လူတွေရဲ့အချိန်တွေကို သက်သာအောင် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးဖြစ်အောင် စီမံပေးတဲ့အခါ .... မလိုလားအပ်တဲ့ အချိန်ကြန့်ကြာမှုတွေကို လျော့နည်းစေခဲ့တာ အွန်လိုင်းစနစ်ရဲ့ကောင်းကျိုးတစ်ခုမှာ အပါအ၀င်ပေါ့...။ အမြဲတမ်းခက်ခဲကြန့်ကြာမှုတွေနဲ့ အသားကျလာတဲ့သူတစ်ယောက်အနေနဲ့ လွယ်ကူအဆင်ပြေမှုနဲ့တွေ့ ရတဲ့အခါ ပြောခဲ့သလို ချက်ချင်းအသားမကျနိုင်တာပဲ ဖြစ်ပါတယ် ...။

ကျောင်းသားကဒ်မှာ ပြည်နယ်တွင်းခရီးသွားဖို့ တစ်နှစ်စာရထားလက်မှတ်ဖြည့်ပေးတာ၊ ကျောင်းက ကန်တင်းမှာ စားသောက်ဖို့အတွက် ပိုက်ဆံတွေ၊ လက်မှတ်တွေ ကိုင်သွားစရာမလိုအောင် စက်ကနေတဆင့် ကျောင်းသားကဒ်ထဲမှာ ငွေဖြည့်လို့ရတာ စသဖြင့် သက်သောင့်သက်သာ အဆင်ပြေအောင် ဖန်တီးပေးထားပါတယ်...။ အဲဒါအပြင်... ကျောင်းမှာ ပရင့်ထုတ်ဖို့ အကောင့်နဲ့ password ကတစ်ခု၊ ကျောင်းလိပ်စာemail နဲ့ password ကတစ်ခု၊ ကျောင်းစာကြည့်တိုက်အတွက် အကောင့်နဲ့ Password ကတစ်ခု စသဖြင့် အကောင့်တွေနဲ့ ခက်ခက်ခဲခဲ password တွေကို မှတ်ရတာတော့ တော်တော်ခေါင်းရှုပ်စေတဲ့အလုပ်တစ်ခုပါ..။ အဲဒါအပြင်... Bank card နဲ့ စက်မှာငွေထုတ်ဖို့ password၊ online banking အတွက် password၊ ကိုယ်သုံးနေကျ email, facebook, blog, ebay က Passwords စသဖြင့် မြို့ကလေးမှာ ဖြတ်သန်းခဲ့ရတဲ့ကာလတွေဟာ ခေါင်းထဲမှာ password ပေါင်း သောင်းခြောက်ထောင်နဲ့ပါ ...။

မြို့လေးရဲ့ အဓိကပြယုဂ်က ကျောင်းသားကျောင်းသူတွေအများစုရှိတဲ့နေရာဖြစ်ပြီး သွားလာရေးအတွက် စက်ဘီးကို အဓိကအသုံးပြု ကြတာပါပဲ ဖြစ်ပါတယ်..။ စက်ဘီးမစီးဖြစ်တာ တော်တော်ကြာနေတဲ့ ကျမအတွက် ရောက်ကာစကာလတွေမှာ .. ကြောက်ကြောက်လန့်လန့်နဲ့ စီးခဲ့ရရင်း နောက်တော့လည်း အဆင်ပြေသွားခဲ့ပါတယ်...။

နေခဲ့တဲ့ကာလတစ်ခုလုံး.. သူငယ်ချင်းတစ်သိုက်နဲ့ ပျော်ပျော်ပါးပါး အေးအတူပူအမျှ ဖြတ်ကျော်ခဲ့ကြရင်း အမှတ်တရတွေဟာ ယေဘူယျအားဖြင့် ပျော်စရာတွေချည်းဖြစ်ခဲ့ရပါတယ်...။ အတန်းချိန်ညှိတာ၊ စာမေးပွဲအချိန်ညှိတာ၊ တခါတလေ စာတွေအပြန်အလှန်ဆွေးနွေးမေးမြန်းကြတာတွေကို တချို့ညတွေမှာ သူငယ်ချင်းအုပ်စုလိုက် email တွေ အပြန်အလှန်ပို့ရင်း ငြင်းခုန်အငြင်းပွားကြလွန်းလို့ အကြောင်းအရာတစ်ခုတည်းကနေ email အစောင် ၅၀ လောက်ထိ replied တွေဖြစ်ဖြစ်သွား တတ်ကြပါသေးတယ်.။.တခါတလေ ည ၁၂ နာရီကျော်တဲ့အထိ စာမဖတ်ဖြစ်ဘဲ Email နဲ့ စာတွေအပြန်အလှန်ပို့ရင်း စာမေးပွဲအချိန်စာရင်းအတွက် အငြင်းပွားကြ၊ Assignment တွေအတွက် ၀ရုန်းသုန်းကာညှိနှိုင်းကြနဲ့ အိပ်ပျက်ရတာအကြိမ်ကြိမ်ပါ...။ ဆရာတွေနဲ့ စာဆွေးနွေးချင်ရင် ကြိုပြီး မေးလ်ပို့အကြောင်းကြားတာ၊ ဆရာတွေကလည်း မေးလ်တစ်စောင် ပို့လိုက်တာနဲ့ အချိန်မဆိုင်းဘဲ ချက်ချင်း reply ပြန်တတ်တာတွေဟာ email ယဉ်ကျေးမှုရဲ့ အမှတ်အသားတစ်ခုဖြစ်မှာပါ ...။

သဘာဝဘေးအန္တရာယ်မရှိ၊ ရန်ပြုတိုက်ခိုက်မယ့် လူ၊ တိရိစ္ဆာန်မရှိတဲ့နေရာတစ်ခုဟာ လုံခြုံစိတ်ချမှုနဲ့အတူ ပညာသင်ချိန်ကာလတွေကို စိတ်အေးလက်အေးဖြတ်သန်းစေခဲ့ပါတယ်...။ ကျောင်းသားကျောင်းသူတွေ အတွက်ဆိုရင် 50% discount ပေးတဲ့ Mensa က အစားအသောက်တွေကတော့ လတ်ဆတ်သန့်ရှင်းမှု အပြည့်နဲ့အတူ အာဟာရမျှတအောင် ပေါင်းစပ်ရောနှောပေးတတ်ခြင်းက အဲဒီနိုင်ငံရဲ့ မဖြစ်မနေဆောင်ရွက် တတ်တဲ့ ထုံးစံတစ်ခုသာ ဖြစ်ပါလိမ့်မယ် ...။

Bio ဆိုတဲ့တံဆိပ်နှိပ်ထားပြီး ဓာတုပစ္စည်းတွေလုံးဝသုံးထားခြင်းမရှိတဲ့ အသီးအရွက်တွေက ပုံမှန်ထက် ဈေးအနည်းငယ်ကြီးတယ်ဆိုပေမယ့် တစ်ယောက်တည်းသမားတွေအတွက်တော့ ကုန်ကျစရိတ် ချင်း သိပ်မကွာတဲ့အခါ အစားအသောက်ကို ဘေးဥပါဒ်ကင်းစွာ စိတ်ချလက်ချစားခွင့်ရစေခဲ့ပါတယ် ..။ သစ်ပင်သစ်တောတွေ အုပ်အုပ်ဆိုင်းဆိုင်းဝန်းရံနေတတ်တဲ့မြို့ကလေးမှာ ... ဆောင်းရာသီဆိုရင် ခဲသွားတတ်တဲ့ရေကန်တွေ၊ အဆက်မပြတ်ကျနေတတ်တဲ့ နှင်းဖြူဖြူတွေ၊ နွေရာသီအမှတ်အသား Daffodil ပန်းတွေ၊ အခြားနိုင်ငံတွေထက် နည်းနည်းနောက်ကျပြီးမှ ပွင့်တတ်တဲ့ ချယ်ရီပန်းတွေ စတဲ့ သဘာဝ အလှအပတွေကို နေရာတိုင်း မြင်တွေ့နိုင်ပါတယ် ...။

စိတ်ကူးထဲမှာ အမြဲတွေးဖြစ်နေတာကတော့ တနေ့နေ့တချိန်ချိန်မှာ စာတွေကို စိတ်အေး လက်အေး ရေးနိုင်တဲ့အချိန်တစ်ခုရောက်ရင်တော့ မြို့ကလေးနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေ ကြား သူငယ်ချင်းတွေအကြောင်း၊ ပန်းပင်တွေအကြောင်း၊ ဘ၀အတွေ့အကြုံတွေအကြောင်း မှတ်မှတ်ရရ မှတ်တမ်းတင်မိဖို့ စာတွေရေးဖြစ်လိမ့်မယ်ဆိုတာပါပဲ...။

Wednesday, 1 October 2014

## October အပိုင်းအစ ##

October 01, 2014 0 Comments



မကြာခင် သီတင်းကျွတ်တော့မယ် ..♫♪♫

သီတင်းကျွတ်ကာလရောက်ရင် ပျော်တယ်ဆိုတာက ဟိုးအရင်ကလေးဘ၀တုန်းကဆိုရင် မိုးကုန်ပြီး ဆောင်းရာသီကို ချဉ်းကပ်လာလို့ပါပဲ ..။ ငယ်ငယ်ကလေးဘ၀တုန်းကတော့ သီတင်းကျွတ်ပြီဆိုရင် အေးလာတတ်ပြီး အနွေးထည်စ၀တ်လို့ရနေပြီပေါ့ ..။ တခါတခါလည်း နှင်းရည်စက်တွေ တဖျောက်ဖျောက်ကျလို့ ..။ ခုများတော့ အေးတယ်ဆိုတာ ဘာလဲလို့မသိရလောက်အောင်ကို ရာသီဥတုက ပူပြင်းလွန်းလို့လေ ....။
ဒီလိုနဲ့ပဲ အချိန်တွေ ရွေ့လျားလွန်းလို့ ဒီနေ့ အောက်တိုဘာ (၁) ရက်နေ့ရောက် လို့ ဆောင်းရာသီကို ရောက်လာပါတော့မယ် ..။


အောက်တိုဘာ++++

တကယ်တော့လည်း အောက်တိုဘာက အမြဲတမ်း ကျမအတွက် ဘာသိဘာသာပါပဲ ..။ ကျောင်းတက်စဉ်ကတော့ Semester break ရလို့ ကျောင်းတွေပိတ်ပြီဆိုပြီး ပျော်ခဲ့တဲ့ကာလပေါ့ ..။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က အောက်တိုဘာမှာ အပြောင်းအလဲတစ်ခုကြုံခဲ့ရတယ် ..။ ကျောင်းပြီးလို့ မြန်မာနိုင်ငံပြန်ရောက်ပြီး လုပ်ငန်းခွင်ပြန်ဝင်ခဲ့တဲ့ လတစ်လ ဖြစ်ခဲ့လို့ပါပဲ ..။ ဆန့်ကျင်ဘက်ဘ၀နှစ်ခုကို ရုတ်ချည်းပြောင်းလဲလို့ အသားကျအောင် လိုက်လျောညီထွေဖြစ်အောင် မနည်းကြိုးစားခဲ့တဲ့အချိန်တစ်ခု..။ နောက်ဆုံးတော့လည်း အရာရာနဲ့ အလိုက်သင့်မျောပါပြီး အလုပ်တွေကြားထဲ နေသားတကျဖြစ်လို့နေပါပြီ ...။


ဒီနှစ် အောက်တိုဘာကတော့ ကျမဘ၀အတွက် အပြောင်းအလဲတစ်ခုကို ထပ်ကြုံစေမယ့် အချိန်ကာလတစ်ခုဖြစ်ပါလိမ့်မယ် ...။ သီတင်းကျွတ်လို့ ယောက်ျားယူတော့မှာလို့တော့ မထင်လိုက်ပါနဲ့ ..။ အဲဒီအိမ်ထောင်ရေးကိစ္စလုံးဝမဟုတ်ပါဘူး... :) :) 

အလုပ်တော့ နည်းနည်းရှုပ်တာပေါ့ ....။ ပုံမှန်ထက် ၃ ဆ လောက်ရှုပ်တယ် ..။ အဲဒါကြောင့် ကျောင်းစာတွေ သိပ်မလုပ်ဖြစ်ဘူး ..။ အပြင်စာတွေတော့ စိတ်အပန်းပြေအောင် အများကြီးဖတ်ဖြစ်တယ်...။ အဖတ်များတာကတော့ ရသစာတွေများပါတယ် ..။ စာရေးဖို့ကတော့ စက်တင်ဘာလထဲမှာ ပုံမှန်ထက် ရေးဖြစ်လိုက်တယ် ..။ ပုံမှန်တစ်လ ပို့စ်တစ်ခုနှုန်းတင်ရာကနေ စက်တင်ဘာမှာ ၃ ပုဒ်ရေးနိုင်ခဲ့တယ် ..။ ရေးချင်တဲ့စာတွေက စိတ်ကူးထဲမှာ အများကြီးပဲ...။ ဒါပေမယ့် ချရေးတော့မယ်ဆိုရင် ဘာမှထွက်မလာတော့ဘူး ..။ ရေးချင်ရာချရေးဖို့ကလဲ Blog မှာ ပုံမှန်စာလာဖတ်သူတွေကို အားနာတယ် ..။ 

Blog နဲ့ Facebook နဲ့မတူတာက ဘလော့တွေမှာ စာဖတ်သူတွေဆိုတာ စာဖတ်ရတာကို ခုံမင်လွန်းလို့ တခုတ်တရဖတ်လေ့ရှိကြတဲ့ စာပေချစ်သူတွေလို့ ထင်မိပါတယ် ..။ အဲဒါကြောင့်သာ တကူးတကသွားဖတ်ရတဲ့ ဘလော့တွေကို အသေအချာလာဖတ်ကြတာပေါ့နော် ..။ အများအားဖြင့် အသက် ၂၀ အောက် လူငယ်တွေတော့ သိပ်ဖတ်လေ့ရှိကြမယ်မထင်မိဘူး ..။ မြန်မာနိုင်ငံကဆိုရင် ပိုဆိုးတာပေါ့လေ ..။ ဖုန်းနဲ့အင်တာနက်အများဆုံးသုံးတဲ့နိုင်ငံမှာ အလွယ်တကူသွားလို့ရတဲ့ Facebook လို နေရာမျိုးမှာသာ ကျင်လည်နေကြပြီး ... တခုတ်တရသွားကြည့်ရတဲ့ Blog လိုနေရာမျိုးတွေကို တော်ရုံစိတ်ဝင်စားမှုလောက်နဲ့တော့ ဘယ်သူမှ လာကြည့်ကြမယ်မဟုတ်ဘူးမလား..။ အဲဒီလိုဆိုတော့ စာဖတ်ဝါသနာပါသူများလောက်သာ တခါတလေဖတ်လေ့ရှိပြီး လူသူအရောက်အပေါက် နည်းတဲ့နေရာတစ်ခုမှာ လေးလေးနက်နက်ရေးတဲ့အရာတွေပဲ တင်ချင်တဲ့အတွက် ပို့စ်တွေတင်တာကျဲတာ လည်း ဖြစ်ပါတယ် ..။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ မိဘနဲ့၊ အလုပ်နဲ့ဆိုတော့ ပျင်းချိန်မရှိတာကြောင့် အပျင်းပြေမရေးဖြစ်တာကြောင့်လည်း ပါပါတယ် ..။

ဘလော့ဂါမောင်နှမတချို့ရဲ့ မိတ်ဆက်ပေးမှုနဲ့ .. ဂျာနယ်တစ်ခုမှာ ကျမရေးတဲ့ ပို့စ် တချို့တလေ ကို တွေ့လာရပါပြီ ..။ ဒါလည်း အပြောင်းအလဲတစ်ခုပါပဲ ..။ ကျမဘာသာဆို အေးအေးနေတတ်တာနဲ့ ဘယ်သူနဲ့မှလည်း မချိတ်ဆက်မိဘူးလေ..။ စာတွေရေးပြီး မဂ္ဂဇင်းတွေပို့ကြည့်မယ်ဆိုပြီး စိတ်ကူးထားပေမယ့် စာတိုက်သွားဖို့ဆိုတာလည်း မသွားချင်၊ email နဲ့ပဲပို့ချင်တာကြောင့် ဘယ် Magazine တွေရဲ့ email မှလည်း မသိတာကြောင့် ဘယ်ကိုမှ မပို့ဖြစ်ပါဘူး..။ သိချင်ရင် မေးပေါ့ဆိုရင်လည်း ဘယ်သူ့မှ သွားမမေးဖြစ်တော့ ဘယ်လိပ်စာမှ မသိဘူး ..။ :D တစ်ယောက်တည်းနေတယ်ဆို တစ်ကယ်ကို တစ်ယောက်တည်းနေတတ်တဲ့ ပေကပ်ကပ်လူမျိုး..။ Blog လောက အွန်လိုင်းလောကမှာသာ ဘာသိဘာသာ သူငယ်ချင်းမိတ်ဆွေသိပ်မရှိဘဲနေတတ်ပေမယ့် အပြင်မှာတော့ စကားတော်တော်ပြောတဲ့ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိကိုဖြစ်လို့ ..။ 
 
အောက်တိုဘာမှာ ဘာလိုချင်သလဲဆိုရင် ကြံစည်သမျှ ကြိုးစားထားသမျှ အောင်စေသော်ဝ်ပေါ့ :)
နောက်တစ်ခုက ရာသီဥတု မြန်မြန်အေးလို့ ဆောင်းကို နေ့ချင်းညချင်းရောက်ပါစေ ..။ စာတွေအများကြီး ရေးနိုင်ပါစေ..။ ၀တ္ထုတွေရေးတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ ..။
အားလုံးလည်း ဘေးရန်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ပါစေ..။ 


ဘာပဲဖြစ်ဖြစ် လွမ်းတယ် ချယ်ရီ...........................................

Saturday, 20 September 2014

မပြယ်တဲ့..သစ္စာ (၇)

September 20, 2014 0 Comments



သတိရနေခဲ့တယ် ..ဟုတ်လား” ..သူမရဲ့ စကားတစ်ခွန်းမှာ ၀မ်းသာအားရပြောဆိုရင်း အသိအမှတ်ပြုမှုတစ်ခုအတွက် ပျော်ရွှင်မှုက အတိုင်းအဆမရှိလောက်အောင်ပါပဲ ..။
“နေ့တိုင်းမြင်နေရတဲ့ ဖုန်းနံပါတ်တစ်ခုရဲ့ ပိုင်ရှင်အဖြစ် မှတ်မှတ်ရရရှိနေရုံမျှသာပါ” တဲ့လေ ...။ “ဒါပေမယ့် နေကောင်းရဲ့လားဆိုတဲ့ ပူပန်မှုတစ်ခုတော့ ရှိနေခဲ့တယ် ... ဟိုးတုန်းက ခင်မင်ခဲ့ဖူးတဲ့ သံယောဇဉ်လက်ကျန်တစ်ချို့ကြောင့်ပေါ့” ....လို့ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပေါ်လာအောင် ဟန်ဆောင်တတ်တဲ့သူမက တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်ပြောဆိုနေခဲ့ပါတယ် ..။ စံပယ်ပန်းရနံ့တွေ သင်းပျံ့နေတတ်တဲ့ မိုးရာသီအစပိုင်းကာလတွေဟာ သူမရဲ့ လှစ်ဟပြလေ့မရှိတဲ့ သံယောဇဉ်အပိုင်းအစတွေကြောင့် ရှိရင်းစွဲထက် ပိုအေးမြနေလေသလားမသိနိုင်..။ ဒါပေမယ့်လည်း ဖုန်းကွယ်ထားတဲ့ သူမရဲ့ခံစားချက်တွေနောက်ကွယ်မှာ သူ့အပေါ်ထားရှိတဲ့ လေးနက်မှုတွေကိုတော့ သူတွေ့မြင်နိုင်ခဲ့တာက သူမရဲ့စိတ်အတွေးထဲထိ ခံစားသိမြင်နိုင်ခဲ့ပြီဆိုတဲ့ တိုးတက်မှုတစ်ခု ဖြစ်နေလေမလား..။ 

သစ္စာဆိုတဲ့ စကားလုံးကို လောကီမှာရော၊ လောကုတ္တရာမှာပါ သုံးကြတယ်..။ သိပ်မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ပေါ့လေ..။ အထူးသဖြင့် လူမှုအသိုင်းအ၀ိုင်းမှာ သတ်မှတ်ထားတဲ့ သစ္စာရဲ့ အဓိပ္ပာယ်ကို ရှင် ဘယ်လိုပုံဖော်ချင်သလဲ
“အင်း.. စောင့်ထိန်းခြင်းပေါ့..။ အသိဉာဏ်နဲ့ ထိန်းချုပ်စောင့်စည်းခြင်းဆိုပြီး သတ်မှတ်ကျင့်ကြံကြတယ်လို့ ကိုယ်ထင်တယ်..။  အဲဒါကြောင့်လည်း သုံးနှုန်းလေ့ရှိကြတာက သစ္စာရှိတယ်..။ သစ္စာမစောင့်ဘူး စသဖြင့် ပြောကြတယ်လေ.. လို့ သူ ပြန်တုံ့ပြန်လိုက်ပါတယ်..။
yess!! အဖြေက ကျမသတ်မှတ်ထားတာနဲ့ ထပ်တူကျလုနီးပါးပါပဲ ..။ ဒါပေမယ့် ယုံကြည်မှုဆိုတဲ့ စကားလုံးတစ်ခုတော့ ထည့်သုံးချင်တယ်..။ လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူညီမှုတွေကြား ယုံကြည်မှုကို အရင်းခံပြီး သစ္စာစောင့်သိလို့ ရင်းနှီးပတ်သက်ကြတယ်မဟုတ်လား..။ အဲဒီလိုပဲ ကိုယ်စောင့်ထိန်းထားတဲ့ သစ္စာကို မဖောက်မဖျက်ဘဲ ထိန်းသိမ်းနိုင်ခဲ့တယ်တယ်ဆိုရင် လူတစ်ယောက်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုတိုးလာသလို အခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိနိုင်တယ်လေ..”
“ကျမမှာ relationship နဲ့ပတ်သက်ပြီး စောင့်ထိန်းရမယ်လို့ သတ်မှတ်ထားတဲ့ သစ္စာတစ်ခုရှိတယ်..”

“အဲဒါကတော့ ကျမကြောင့် ဘယ်မိန်းကလေးမှ အသည်းမကွဲစေရဘူး..။ မျက်ရည်မကျစေရဘူး..။ ကျမကြောင့် အခြားသူတစ်ယောက်ရဲ့ သစ္စာလည်း ဘယ်တော့မှ မပျက်စေရသလို အခြားသူရဲ့ အချစ်နဲ့ပတ်သက်တဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေ မပျောက်ဆုံးစေရဘူး..။”

“ကိုယ် အရမ်းမျှော်လင့်ပြီး ချစ်ရတဲ့ ချစ်သူတစ်ယောက် ဆုံးရှုံးရတဲ့ ခံစားချက်၊ တတိယလူတစ်ယောက်ရဲ့ ရိုက်ခတ်မှုက ဘယ်လောက်ထိ ပြင်းထန်ထိရှစေနိုင်တယ်ဆိုတာ ကျမကိုယ်တွေ့ပဲ မဟုတ်လား..”

“ပြောချင်တဲ့ အချက်ကတော့ ကျမစောင့်ထိန်းတဲ့ သစ္စာက ဘယ်တော့မှ မပျက်ပြယ်စေရဘူးဆိုတာပါပဲ .။ ကိုယ့်ကို ချန်ထားသွားခဲ့ပြီး အခြားသူတစ်ယောက်နဲ့ ပျော်ပျော်ကြီးလက်တွဲလျှောက်လှမ်းနေတဲ့ ယောက်ျားတစ်ယောက်ကို တစ်သက်လုံး မမေ့နိုင်ဘဲ နာကျည်းးမှုတွေနဲ့ တစ်ရက်ပြီးတစ်ရက် အသက်ဆက်နေရတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက် ဒီကမ္ကာပေါ်မှာ ကျမကြောင့်တော့ ဘယ်တော့မှ မရှိစေရဘူး.”
အဲဒီ စကားလုံးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ သူမပြောဆိုနေတဲ့အချိန်မှာ သူ့ဘက်က “မဟုတ်ဘူး..။ မင်းထင်သလို မဟုတ်ဘူး” ဆိုတာကို ရင်ထဲကနေသာ ရေရွတ်နေခဲ့ပြီး ခေါင်းသာယမ်းနေမိခဲ့ တယ်..။
သူမ,ပြောတဲ့ စကားတွေထဲက “တတိယလူ” ဆိုတဲ့ စကားလုံးတစ်ခုက ပဲ့တင်ထပ်နေခဲ့တယ်..။ တကယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက သူမအတွက် သူက တတိယလူမဟုတ်ခဲ့သလို ကုန်လွန်ခဲ့တဲ့တစ်နှစ်ကစလို့ သူမကလည်း တတိယလူတစ်ယောက် လုံးဝမဟုတ်ခဲ့ဘူးဆိုတာ ရှင်းပြဖို့ အခွင့်အရေးမရတော့လောက်အောင် သူမရဲ့ ပြတ်သားတဲ့စကားတွေက သူ့ကို ဆွံ့အသွားစေခဲ့ပါတယ်..။
သူမ မသိခဲ့တဲ့ နောက်ကွယ်က သူ့ရဲ့ relationship က  ဘယ်လိုကြောင့် အစတည်ဖြစ်ပေါ်လာ ခဲ့တယ် ဆိုတာကို သူမကို သိစေချင်ပေမယ့် ထွက်ခွာသွားပြီဖြစ်တဲ့သူမက နောက်ကို တစ်ချက်တောင် စောင်းငဲ့ကြည့်တော့မှာ မဟုတ်တာကို သူအလိုလိုသိနေခဲ့တယ်..။ ဒါပေမယ့်လည်း အဖြစ်အပျက်တချို့ကတော့ ရှပ်ရှင်ပြကွက်တစ်ခုလို ရှင်းလင်းပြတ်သား စွာ မြင်ယောင်ရင်း အတိတ်ထဲမှာ ခရီးခဏတာသွားဖြစ်ခဲ့သူကတော့ အချစ်ဆိုတာကို ဒုတိယအကြိမ် အရှုံးပေးခဲ့သူတစ်ယောက်သာ ဖြစ်ပါတယ်..။ 

+++++++++++++++++++
အသည်းကွဲခြင်းဆိုတဲ့ ခံစားချက်က ဘ၀မှာ သူမနဲ့ပတ်သက်ပြီးမှသာ ပထမဆုံးရရှိဖူးသော ခါးသီးတဲ့ ခံစားချက်တစ်ခုပဲ ဖြစ်ပါတယ် ..။ လွန်ခဲ့တဲ့ ငါး နှစ်က ကြုံတွေ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုက အချစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ယုံကြည်မှုတွေကို ပျောက်ဆုံးစေခဲ့သလို အချိန်တော်တော်ကြာထိ ဖျောက်ဖျက်မရနိုင်တဲ့ ခံစားချက်တစ်ခုဖြစ်နေခဲ့ ပါတယ်..။ လေးနှစ်ဆိုတဲ့အချိန်ကာလက လူတစ်ယောက်ကို မေ့ပျောက်သွားနိုင်ဖို့ လုံလောက်တဲ့အချိန် အတိုင်းအတာတစ်ခုမဟုတ်ခဲ့ပေမယ့် ... သူမကို မေ့ပစ်နိုင်ဖို့ ကြိုးစားခဲ့တာတော့ သူကိုယ်တိုင် ၀န်ခံနိုင်ပါတယ်..။ သေချာတဲ့ အဖြစ်အပျက်တစ်ခုက တစ်ခုသော မိုးရာသီရဲ့ စံပယ်တွေ လှိုင်လှိုင်ပွင့်တဲ့ ရက်တစ်ရက်မှာ မိန်းကလေးတစ်ယောက်ကို စတွေ့မိချိန်မှာတော့ ပိုပြီး ပီပြင်လာခဲ့တယ်...။ သူမနဲ့ တော်တော်ဆင်တူတဲ့ မျက်နှာပြည့်ပြည့်ဖောင်းဖောင်း မိန်းကလေးတစ်ယောက်ကို သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ ခင်မင်ရင်းနှီးလာပြီးချိန်မှာတော့ ဘ၀မှာ ကြုံတွေ့ခဲ့ဖူးတဲ့ ပထမဆုံးအချစ်ကို မေ့ပစ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ချစ်စရာမိန်းကလေးငယ်ကို ရိုးရိုးသားသားချစ်ခွင့်ပန်ခဲ့ပါတယ်..။ ဒါဟာ သူမနဲ့ ပြန်မတွေ့မီ .. တစ်နှစ်ဆိုတဲ့အချိန်ကာလတွင်း က အဖြစ်အပျက်တစ်ခုပေါ့ ..။ “စဉ်းစားပါရစေ” ဆိုတဲ့ မိန်းကလေးငယ်ရဲ့ အဖြေစကားကို စောင့်မျှော်ခဲ့ကာ သူငယ်ချင်းတစ်ယောက်လို အစ်ကိုတစ်ယောက်လို ပြောဆိုနေထိုင်နေခဲ့ရာက သူမနဲ့ ပြန်တွေ့ချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပီပီပြင်ပြင် ပြတ်ပြတ်သားသားချခဲ့ခြင်းက မိန်းကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့တယ်လို့ အဓိပ္ပာယ်သက်ရောက်စေခဲ့လေသလား..။ တစ်ကြိမ်ဆုံးရှုံးသွားခဲ့ဖူးတဲ့အရာ တစ်ခုကို နောက်ထပ်တစ်ကြိမ်မဆုံးရှုံးစေဖို့ ကြိုးစားခဲ့တဲ့လုပ်ရပ်က မိန်းကလေးတစ်ယောက် အပေါ်မှာ သစ္စာပျက်ယွင်းခဲ့တဲ့ အတ္တကြီးသူတစ်ယောက်ဖြစ်ခဲ့ပါသလား..။ ချစ်သူဆိုတဲ့ relationship တစ်ခုကို မရောက်ရှိခဲ့တဲ့ သူနဲ့ မိန်းကလေးရဲ့ ပတ်သက်မှုတစ်ခုမှာ .. မိန်းကလေးငယ်ရဲ့ အချစ်တွေ၊ သံယောဇဉ်တွေ တွယ်တာမှုတွေကို သူမ ခံစားသိရှိနေခဲ့တယ်လို့ ပြောခဲ့တဲ့သူမက သူ့ရဲ့ အချစ်တွေ၊ မြတ်နိုးတွယ်တာမှုတွေကိုတော့ ဥပေက္ခာပြုခဲ့သလား၊ တကယ်ပဲ မခံစားမိတာလားဆိုတာတော့ သူမသာ အသိဆုံးဖြစ်နေပါလိမ့်မယ်..။

 ++++++++++++++++
တကယ်ဆိုရင် သူမ မသိခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ ...
ပန်းရိုင်းတွေကို ချစ်တတ်တဲ့၊ ဖန်တီးထားတာတွေထက် သဘာဝကိုသာ မြတ်နိုးတတ်တဲ့၊ ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်စင်းစင်းတွေကို စည်းနှောင်ထားခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ချထားကာ ခပ်သွက်သွက်လမ်းလျှောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဒုတိယအကြိမ်ဆုံးရှုံးခဲ့ရတဲ့ ယောက်ျားတစ်ယောက် ဒီကမ္ဘာကြီးပေါ်မှာ သူမကို တစ်သက်လုံးသတိရ လွမ်းဆွတ်နေရလိမ့်မယ်ဆိုတဲ့ အကြောင်းအရာတစ်ခုရှိနေတယ် ဆိုတာပါပဲ ..။
 +++++++++++++++ The END +++++++++++++++++++


+ စာကြွင်း +
ဒီဝတ္ထုကို အစပြုရေးခဲ့တာက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလရဲ့ ရက်တစ်ရက်မှာပါ ...။ တဖြည်းဖြည်းချင်းရေးလာခဲ့တာ ၂ နှစ်နီးပါးကြာခဲ့ပြီမို့ ဒီနေ့တော့ အဆုံးသတ်ရေးနိုင်ခဲ့ပါတယ်..။ အပိုင်း ၁ ကနေ ၆ အထိ ရေးခဲ့ပြီးတာတွေကို Link ပြန်ခေါ်ပေးဖို့ connection က အခြေအနေမပေးတာကြောင့် တကယ်လို့ ဖတ်ချင်တယ်ဆိုရင် ဘေးဘက်က ၀တ္ထုရှည် ဆိုတဲ့ label ကို နှိပ်လိုက်ရင် အပိုင်းတွေအားလုံး ဆက်တိုက်ဖတ်နိုင်မှာပဲ ဖြစ်ပါတယ်..။ 
Thank you all :) :)

Follow Us @soratemplates