Sunday, 5 July 2015

٭ ♥٭ Star Festival @2015 ٭♥٭

July 05, 2015 0 Comments


နှစ်တိုင်း ဇူလိုင်လထဲရောက်ရင် ဂျပန်မှာ Star Festival ဆိုတာ ကျင်းပကြပါသတဲ့ ...။ ကျင်းပတဲ့ရက်ကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူကြပေမယ့် ပုံမှန်အားဖြင့် ဇူလိုင်လ ၇ ရက်နေ့နောက်ပိုင်းကစကြတယ်တယ်လို့ ဆိုပါတယ် ...။ ဒါပေမယ့် ကျမတို့ကျောင်းရဲ့ International Exchange Section က ဇူလိုင် ၁ ရက်နေ့မှာ စပါတယ်...။ International Students တွေအတွက် Japan Culture ကို လေ့လာလို့ရအောင် ရုံးမှာပဲ Small Festival လေးတစ်ခုကို လုပ်ပေးပါတယ်...။
Star Festival လို့အမည်ပေးရတာက ကောင်းကင်ကြီးထဲမှာ Vega နဲ့ Altair လို့ခေါ်တဲ့ ကြယ်လေးနှစ်ပွင့်ဆုံတဲ့အချိန်ဖြစ်တာကြောင့်လို့ သိရပါတယ်...။ ပုံမှန်အားဖြင့် နဂါးငွေ့တန်းက အဲဒီကြယ်နှစ်လုံးကို  ခွဲထားလေ့ရှိပြီး တစ်နှစ်မှာ ဇူလိုင်လရဲ့ ၇ ရက်မြောက်နေ့မှာပဲ ဆုံခွင့်ရှိတာကြောင့် ကြယ်နှစ်ပွင့်ဆုံတွေ့တဲ့အထိမ်းအမှတ်နေ့အဖြစ် Star Festival လို့ ခေါ်တွင်ခြင်း ဖြစ်ပါသတဲ့ ...။ အင်တာနက်မှာရှာဖတ်ကြည့်ရင်တော့ အဲဒီဓလေ့က တရုတ်ကနေဆင်းသက်လာတာဖြစ်ပြီး ကြယ်နှစ်ပွင့်နဲ့ပတ်သက်တဲ့ ဒဏ္ဏာရီပုံပြင်တွေလည်း အများကြီးရှိပါတယ်...။

ပွဲတော်ကျင်းပချိန်မှာ လမ်းတွေပေါ်မှာဆိုရင်တော့ ဝါးပင်တွေမှာ စက္ကူရောင်စုံတွေ ချိတ်ဆွဲအလှဆင်ပြီး တော်တော်လှပါတယ်...။ စက္ကူပိုင်းလေးတွေမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုတောင်းကိုရေးပြီး ဝါးပင်လေးတွေမှာ ချိတ်ဆွဲကြပါတယ်..။ အဲဒီဝါးပင်ကိုတော့ Wish Tree လို့ ခေါ်ပါတယ်...။ အဝတ်အစားကတော့ ဂျပန်ရိုးရာ နွေရာသီ ကီမိုနိုဝတ်စုံကို ဝတ်လေ့ရှိတယ်...။ အဲဒီဝတ်စုံကို ဂျပန်လို Yukata လို့ခေါ်ပြီး အဓိပ္ပာယ်ကတော့ Summer Kimono လို့ ခေါ်ပါတယ်...။ အရင်ကတော့ ဂျပန်မိန်းမပျိုကလေးတွေ ဆုတောင်းရင် စက်ချုပ်ကျွမ်းကျင်ဖို့၊ စာရွက်အရုပ်ခေါက်ကျွမ်းကျင်ဖို့ ဆုတောင်းလေ့ရှိကြပြီး ယောက်ျားလေးတွေကတော့ လက်ရေးလှဖို့ ဆုတောင်းတွေ ရေးလေ့ရှိကြပါသတဲ့...။



ကျောင်းကလုပ်ပေးတဲ့ပွဲမှာတော့ Wish tree လေးပြင်ဆင်ပေးထားတယ်...။ စာရွက်ရောင်စုံအပိုင်းလေးတွေမှာ ဘောလ်ပင်နဲ့ပဲ ကိုယ်တောင်းချင်တဲ့ ဆုကိုရေးပြီး အဲဒီအပင်လေးမှာ စက္ကူကြိုးလေးနဲ့ ချိတ်ဆွဲရပါတယ်....။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ကီမိုနိုဝတ်စုံကို ဆရာမတွေ၊ ဝန်ထမ်းတွေက ဝတ်ပေးပါတယ်...။ တကယ်တော့ ကျမအကြိုက်ဆုံးအရောင်က အစိမ်းရောင်ပါ..။ အဲဒါကြောင့် ဆုတောင်းရေးတဲ့အခါမှာ အစိမ်းရောင်စာရွက်ကိုပဲ ရွေးပြီး ရေးပါတယ်..။ အခုလောလောဆယ် ကြိုက်နေမိတဲ့အရောင်က အနီရောင်ဖြစ်နေပါတယ်..။ အနီရောင်ရဲ့ အဓိပ္ပာယ်ဖြစ်တဲ့ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ theme ကိုကြိုက်နေမိတာပါ ..။ အဲဒါကြောင့် ကီမိုနိုရွေးတော့ အနီရောင်ကိုပဲ ရွေးဝတ်ဖြစ်ပါတယ်..။ ကီမိုနိုဝတ်တဲ့အခါ ခါးမှာပတ်ရတဲ့ ခါးပတ်လိုမျိုးနဲ့ နောက်မှာ ဖဲပွင့်အကြီးကြီးပုံစံကို Obi လို့ ခေါ်ပါတယ်...။ Obi အရောင်ရွေးခိုင်းတော့ အနီရဲရဲအရောင်ဟာ ကျမအကြိုက်ဆုံးအရာဖြစ်နေပြန်ပါတယ်...။



ပြီးတော့ စက္ကူရုပ်ခေါက်နည်းသင်ပေးတဲ့အခါ ကျမအကြိုက်ဆုံးအရောင်ဖြစ်တဲ့ အနီရောင်နဲ့ အစိမ်းရောင်စာရွက်လေးတွေ ရွေးပြီးခေါက်ဖြစ်ပါတယ်..။ ဘာအရုပ်ကို သင်စေချင်သလဲဆိုတော့ ကြိုးကြာငှက်ရုပ်လေးတွေကို သင်ချင်တယ်ဆိုတဲ့အခါ Paper Crane ခေါက်နည်းကို သင်ပေးပါတယ်...။ တကယ်တော့ ကျမဘဝရဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်တဲ့ မြန်မာနိုင်ငံက တက္ကသိုလ်မှာ Bechelor တန်း တက်စဉ်က ကြိုးကြာငှက်ရုပ်တွေ အများကြီးခေါက်ဖူးပြီး အခန်းမျက်နှာကျက်မှာ ချိတ်ဆွဲအလှဆင်ခဲ့ဖူးတယ်..။ အချိန်တွေကြာလာတဲ့အခါ မေ့သွားပြီး အခုတော့ မခေါက်တတ်တော့ပြန်ပါဘူး..။ ဒါပေမယ့် အခုတော့ ဒီပွဲတော်မှာ ပြန်သင်ဖြစ်တာကြောင့် ကျွမ်းကျွမ်းကျင်ကျင် ပြန်ခေါက်တတ်သွားပါပြီ ....။ 



ပြီးတော့ အားလုံးစုပြီး Tea making ပွဲလုပ်ပါတယ်...။ လက်ဖက်ရည်ပြင်တဲ့အခါ တစ်ဖွဲ့က အချိုပွဲစားနေစဉ်မှာ အခြားအဖွဲ့က စားနေတဲ့အဖွဲ့အတွက် လက်ဖက်ရည်ပြင်ဆင်ပေးရပါတယ်...။ Green tea (Matcha) အမှုန့်ကို စုတ်တံနဲ့ ဖျော်တဲ့အခါ ပတ်ချာလည်ဖျော်တာမဟုတ်ဘဲ Back and Forth ရှေ့နောက် မွှေရပါတယ်...။ ရေနွေးပန်းကန်က တစ်ဖက်မှာပန်းပုံပါပြီး မွှေနေစဉ်မှာ ပန်းပုံကို ကိုယ့်ဘက်မှာ ထားရပါတယ်...။ အမြှုပ်တွေ ညီညီညာညာထွက်လာအောင် မွှေပြီးပြီဆိုရင် ကိုယ်နဲ့ မျက်နှာချင်းဆိုင်က ဧည့်သည်ရဲ့ရှေ့ကို လက်ဖက်ရည်ခွက် ကမ်းပေးတဲ့အခါ ကိုယ့်လက်ထဲမှာအရင် ပန်းပုံကို သူ့ဘက်ပေါ်အောင် လှည့်ပေးရပါတယ်..။ သောက်တဲ့သူကလည်း ကျေးဇူးတင်ကြောင်းပြောပြီး လက်ဖက်ရည်သောက်ဖို့ ခွက်ကို လက်တစ်လက်ပေါ်မှာတင်ပြီး အခြားလက်တစ်ဖက်နဲ့ထိန်းကာ ပန်းပုံကို အရှေ့ကိုပေါ်အောင် ပြန်လှည့်ပြီးမှ ဘာမှမကျန်အောင် အားလုံးမော့သောက်ရပါတယ်...။ အချိုပွဲကတော့ ဂျပန်ရိုးရာအချိုမုန့်ဖြစ်ပြီး Sweet Bean ကို ထည့်ပြီးလုပ်ထားတာကြောင့် တော်တော်ချိုတဲ့ မုန့်ချိုပဲဖြစ်ပါတယ်...။



သူတို့ရဲ့ ရိုးရာဓလေ့တွေကို မပျက်အောင် ထိန်းသိမ်းထားရှိပြီး ဘယ်လောက်ပဲ တိုးတက်နေပါစေ မျိုးချစ်စိတ်ပြင်းထန်တဲ့ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို သေချာထိန်းသိမ်းထားရှိ တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ကတော့ ဂျပန်နိုင်ငံဟာ စံပြနိုင်ငံတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်...။

Sunday, 21 June 2015

Today's Feelings ~~~

June 21, 2015 0 Comments
ဒီနေ့ တနင်္ဂနွေနေ့ပေမယ့် ကျောင်းမှာလုပ်နေတဲ့ Conference တစ်ခုမှာ Student Staff လုပ်နေတော့ မနက်အစောထရတယ်..။ ပုံမှန်ဆိုရင်တော့ ပိတ်ရက်ဆိုရင် မနက် ၈ နာရီလောက်မှ နိုးဖြစ်ပေမယ့် ဒီနေ့တော့ အလုပ်လုပ်ရမှာဆိုတော့ မဖြစ်မနေ ထဖို့လိုအပ်တယ်လေ..။ ညက အိပ်မက်စုံရာကြည့်တာက ၁၂ နာရီခွဲကျော်မှ ပြီးတယ်..။ ဒီမှာက မြန်မာနိုင်ငံထက် ၂ နာရီခွဲစောတာဆိုတော့ သူတို့ဆီက ၁၀ နာရီက ဒီမှာ ၁၂ နာရီခွဲနေပြီ..။ ဒါပေမယ့်လည်း မြန်မာပြည်ပြန်တုန်းက ကြည့်လက်စဆိုတော့ Grand Final ပွဲလည်း နီးလာပြီဖြစ်တာနဲ့ weekend တိုင်း အိပ်ရေးပျက်ခံပြီး ကြည့်ဖြစ်နေတာ..။

ကျောင်းကို မနက် ၉ နာရီအရောက်သွားရမှာဆိုတော့ ၇ နာရီခွဲမှ နိုးတာနဲ့ ပြူးပြူးပြာပြာပြင်ဆင်ပြီး အပြေးသွားရတယ်...။ Morning session က ၁ နာရီမှပြီးမှာဆိုတော့ မနက်စာလည်း အပြေးအလွှားစားခဲ့ရသေးတယ်..။ မဟုတ်ရင် လူတွေကြားထဲလည်း မရှောင်ပဲ ဗိုက်က ဂွီဂွမ်နဲ့ ထမြည်တတ်လွန်းလို့လေ..။ ၈ နာရီခွဲမှအိမ်က အထွက်မှာ မိုးကမရွာသေးပေမယ့် အိမ်နဲ့ မလှမ်းမကမ်းအရောက်မှာ မိုးပေါက်တွေ အများကြီးကျလာတယ်..။ သွားရမယ့် နေရာက နည်းနည်းလှမ်းတော့ စက်ဘီးစီးရင်း ထီးစောင်းတာ မကျွမ်းကျင်ပေမယ့် မရအရဆောင်းနေရင်း တစ်ကိုယ်လုံးလည်း စိုရွှဲလို့..။ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကျောင်းဝန်းတစ်နေရာမှာ စက်ဘီးကို ထားခဲ့လိုက်ပြီးတော့ ခြေကျင်ပြေးရတယ်..။

ရောက်တော့ presentation တွေ စခါနီးနေပြီ။ လုပ်ရမယ့်အလုပ်က Time keeper။ အချိန်မှတ်ပေးပြီး ဘဲလ်တီးပေးရတာ..။ conference တက်ဖို့ registration လုပ်ဖို့ရာက မြန်မာပြည်ပြန်နေတုန်းဖြစ်တာကြောင့် နောက်ကျသွားတာနဲ့ ကျောင်းရောက်တော့ student staff အနေနဲ့ ဝင်လုပ်လို့ရတယ်ဆိုတာနဲ့ပဲ လုပ်ဖြစ်သွားတာ..။ ဂျပန်စကားက သိပ်မရသေးတော့ စကားတွေပြောရမယ့်နေရာကို ရှောင်ပြီး အလုပ်ကို ခွဲပေးလိုက်တော့ ကျမရဲ့အလုပ်က presentation အချိန်တွေကို control လုပ်ပေးရတဲ့ time keeper ဖြစ်သွားတယ်..။ အိပ်ငိုက်တတ်တဲ့သူနဲ့ အချိန်မှတ်တဲ့အလုပ်နဲ့မှ တည့်တည်းတိုးတော့တာဆိုတော့ လူတွေရှေ့ငုတ်တုတ်ထိုင်၊ timer ကို သေချာကြည့်နဲ့ မနည်းမျက်လုံးပြူးထားရတော့ ပြီးလဲပြီးရော ဗိုက်ကလည်းဆာ၊ အိပ်ငိုက်ချင်တာ ကောင်းကောင်းမငိုက်ရတော့ ခေါင်းတွေချာချာလည်အောင် နောက်နေရင်း သူငယ်ချင်းတွေနဲ့ နေ့လည်စာစားကြတယ်..။

ပြီးတာနဲ့ အလုပ်ပြီးပြီဆိုတော့ lab မှာ ခဏနားပြီး စာလုပ်ဖို့အတွက် ပြန်လာခဲ့တယ်..။ စားခဲ့တာက တရုတ်ဆိုင်ဆိုတော့ ခရုဆီတွေ၊ အချိုမှုန့်တွေထည့်ချက်ထားတာနဲ့ပဲ အိပ်ချင်စိတ်က ပိုတက်လာနေခဲ့တယ်..။ အခန်းထဲရောက်ရောက်ချင်းပဲ facebook ကို ခဏကြည့်လိုက်တော့ Fathers' Day အတွက် post တွေ အများကြီးပဲ တန်းစီတွေ့လိုက်ရတယ်..။ အဲတော့မှ ဒီနေ့က ဇွန်လတတိယပတ်ရဲ့ တနင်္ဂနွေဖြစ်တာကြောင့် အဖေများနေ့ဆိုတာ အမှတ်ရပြီး အဖေ့ကိုလည်း သတိရမိတော့တယ်..။

တနင်္ဂနွေနေ့ဆိုတော့ ဒီနေ့ Lab ကို အခြားကျောင်းသူကျောင်းသားတွေ မလာတာနဲ့ပဲ အခန်းထဲမှာ စာမလုပ်ခင် ခဏလောက်အိပ်ဦးမယ်ဆိုပြီး ပြင်နေတုန်း Viber ကနေပြီး အဖေ့ဆီက ဖုန်းလာတယ်..။ တကယ်ကတော့ အဖေက အဖေများနေ့ဆိုတာ သိလို့ခေါ်တာဖြစ်မှာ..။ အရင်ဆုံးမေးမိတာက ယုန်လေးနေကောင်းရဲ့လားအဖေ ဆိုပြီးတော့ပေါ့..။ ယုန်လေးဆိုတာ ကျမရဲ့ အချစ်ဆုံးခွေးဖြူကလေးရဲ့နာမည်။ သူ့အမွှေးတွေက အဖြူရောင်တွေချည်းဖြစ်နေပြီး ငယ်ငယ်လေးတုန်းက ယုန်လေးနဲ့တူလို့ ယုန်လေးလို့ခေါ်ရင်း အဲနာမည်တွင်သွားတာ..။ သူအိမ်ကိုရောက်လာပုံက နည်းနည်းတော့ ရှုပ်တယ်..။ သေချာတာက အဖေကိုယ်တိုင် ကျမအတွက် သွားဝယ်ပေးခဲ့တာ..။ ဒါပေမယ့် ဘယ်သူဝယ်ပေးခဲ့တယ်ဆိုတဲ့ ပဟေဠိကရှိသေးတော့ နောက်မှ စာရေးတဲ့တနေ့ ရှင်းပြပါဦးမယ်..။ အမေပြောသလို ဖုန်းဆက်ရင် လူတွေနေကောင်းလားအရင်မမေးဘူး၊ သူ့ယုန်လေးပဲ အရင်သတိရတယ် ဆိုပြီး ပြောနေကျဖြစ်ပေမယ့် စိတ်က လူတွေကိုတော့ စိတ်ချပြီးသားဆိုတော့ ယုန်လေးကိုပဲ အပြင်ထွက်သွားမလား၊ အစားမှားစားမလား စိုးရိမ်ပြီး မေးဖြစ်ခဲ့တာ..။


အဖေက သတိတရနဲ့ ဖုန်းဆက်ပေမယ့် ထွေရာလေးပါးတွေပဲ ပြောဆိုဖြစ်ရင်း အဖေနေ့မို့ အဖေ့ကို ကန်တော့ပါတယ်၊ သတိရပါတယ်ဆိုတဲ့ စကားတွေတော့ မပြောဖြစ်ခဲ့ဘူး..။ အဖေနဲ့ဖုန်းပြောပြီးပြီးချင်းပဲ သူငယ်ချင်းတစ်ယောက်စီက Message လာတယ်..။ သူ့အဖေက အဖေနေ့ဆိုတာသိလို့ထင်တယ်၊ သူ့ဆီကို မှတ်မှတ်ရရဖုန်းဆက်လာတော့ အံ့သြကြည်နူးသွားမိတယ်တဲ့။ တကယ်ဆို သားသမီးတွေအနေနဲ့ ငါတို့က အရင်ဆုံးမှတ်မှတ်ရရဆက်သင့်တယ်မလားတဲ့..။ ငါတို့ တော်တော်ဆိုးတာပဲ ဆိုပြီး ပြောလာတယ်..။ မဟုတ်ပါဘူးလို့၊ တကယ်က ပါးစပ်က ဖွင့်မပြောကြပေမယ့် ငါတို့က မိဘတွေစိတ်ချမ်းသာအောင် ဂုဏ်ယူရအောင် အမြဲကြိုးစားနေတဲ့ သားသမီးတွေမဟုတ်လား လို့ ပြန်နှစ်သိမ့်လိုက်တယ်..။

အဖေများနေ့ဆိုတော့ ငယ်ငယ်ကလေးတည်းက အဖေ့ရဲ့ ဂရုတစိုက်ရှိမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြန်သတိရမိတယိ..။ ကျောင်းမတက်ခင် ကလေးသေးသေးလေးဘဝတုန်းက အဖေအလုပ်သွားရင် အဖေ့စက်ဘီးရဲ့ ရှေ့မှာ ခုံလေးချိတ်ပြီး ကျမကလိုက်ကာ အစ်မကတော့ နောက်ကခုံမှာ အဖေ့ကိုဖက်ပြီး လိုက်လေ့ရှိတယ်...။ အမေ့အလုပ်က အိမ်မှာဆိုတော့ အမေအလုပ်ကို ဖြောင့်ဖြောင့်လုပ်နိုင်အောင် ကလေးနှစ်ယောက်ကို အဖေပဲ အလုပ်တစ်ဖက်နဲ့ ထိန်းလေ့ရှိခဲ့တယ်..။ ကျောင်းနေတဲ့အခါ အခြားနေ့တွေတော့ အဖေရော အမေရော ကျောင်းကို လိုက်လေ့မရှိပေမယ့်  ကျေင်းအပ်တဲ့ရက်တိုင်းတော့ ကျမကို အဖေ့ရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်စေပြီး အစ်မကိုတော့ စက်ဘီးသေးသေးလေး စီးခိုင်းကာ ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့တယ်..။ ကိုးတန်း ဆယ်တန်းမှာ ကျူရှင်တွေကို ညဘက်တွေထိ တက်ရတဲ့အခါ စက်ဘီးတစ်စီးနဲ့ အဖေက လိုက်ပို့၊ လိုက်ကြိုလုပ်ပေးခဲ့တယ်..။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့ အချို့နေ့တွေမှာ ဆိုင်ကယ်နဲ့ အဖေကိုယ်တိုင် ကျမကို ကျောင်းလိုက်ပို့ပေးခဲ့တယ်..။ အလုပ်ထဲရောက်တော့လည်း တခါတလေ အဖေကိုယ်တိုင် ဆိုင်ကယ်နဲ့ လာကြိုခဲ့တယ်....။ အခုတော့ ကျမသွားချင်တဲ့နေရာတွေ၊ သုတေသနလုပ်ချင်တဲ့ တောရွာတွေဘက်ကို ကားတစ်စီးနဲ့အဖေကိုယ်တိုင် လိုက်ပို့ခဲ့တယ်...။ ကျမ နိုင်ငံရပ်ခြားကို သွားရလေ့ရှိတဲ့အခါ လေဆိပ်အထိ အဖေကိုယ်တိုင် မပျက်မကွက် ပို့တတ်ခဲ့တယ်..။ သွားနေကျဖြစ်နေပြီမို့ ကျမအတွက် ဝမ်းနည်းအားငယ်စိတ်ဆိုတာ မရှိတော့ဘဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ခွဲခွာခဲ့ပေမယ့် ကျန်နေခဲ့သူတွေရင်ထဲ ဘယ်လိုခံစားနေခဲ့ရမလဲ သိပ်မတွေးဖြစ်ခဲ့ဘူး...။ အိမ်မှာက အများအားဖြင့် ကျမကသာ ချန်ထားရစ်သူဖြစ်တာကြောင့် ကျန်တဲ့သူတွေရဲ့ ခံစားချက်ကို သိပ်ပြီး ကိုယ်ချင်းမစာတတ်ခဲ့ဘူး..။ သူငယ်ချင်းတွေကတော့ အားပေးပါတယ်..။ ကြိုးစားတဲ့ နင့်အတွက် မိဘတွေက ဂုဏ်ယူနေမှာပါတဲ့.၊ သူတို့ ဝမ်းမနည်းလောက်ပါဘူးတဲ့လေ..။ အတောင်အလက်စုံလာတဲ့အခါ ကောင်းကင်ကြီးမှာ ပျံသန်းစပြုနေပြီဖြစ်တဲ့ ငှက်တစ်ကောင်အတွက် အသိုက်ဟောင်းကတော့ အစဉ်အမြဲကြိုဆိုနေမှာပါပဲ ....။ ပျံသန်းရင်း အတောင်ညောင်းလာတဲ့အခါ နားခိုမယ့်နေရာဟာလည်း ဒီအသိုက်ပဲဖြစ်တာကြောင့် မိဘတွေအနေနဲ့ ဝမ်းနည်းစိတ်တော့ ဖြစ်နေမယ်မထင်မိပါဘူး....။ အသံကြားချင်တဲ့အခါ သတိရတဲ့အခါ ချက်ချင်းပြောဆို ဆက်သွယ်နိုင်အောင် ကွန်ယက်တွေက ကောင်းလာပြီဖြစ်တဲ့အတွက် အနေဝေးပေမယ့်လည်း နီးနီးလေးလို ခံစားမိဆဲပါပဲ ....။

Friday, 5 June 2015

5th JUNE >>2015

June 05, 2015 0 Comments
လွန်ခဲ့သော ၃ နှစ်မတိုင်ခင်အထိ ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ်သာ မှတ်မှတ်ထင်ထင်ရှိနေဖြစ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခါပြောင်းလဲ သတ်မှတ်သည့် WED ၏ Theme များသည် ကျမအတွက်တော့ စိတ်ဝင်စားဖွယ်ရာများ ဖြစ်နေတတ်ခဲ့သည်။ လက်ရှိကာလ ကမ္ဘာတစ်ဝှမ်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿ     နာများကို မီးမောင်းထိုးပြလေ့ရှိသည့် WED ၏ ဆောင်ပုဒ်များသည် တစ်နှစ်ပြီးတစ်နှစ် မတူညီသကဲ့သို့ ထိုတစ်နှစ်ကုန်ဆုံးသွားပါက အဆိုပါပြဿ     နာများအား ကမ္ဘာကြီးကို အများဆုံးခြယ်လှယ်စိုးမိုးထားသည့် လူ့အဖွဲ့အစည်းက အပြီးတိုင်ဖြေရှင်းနိုင်ခဲ့လေသလားဆိုတာတော့ မသေချာခဲ့ပေ...။ အနည်းဆုံးတော့ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပြဿ     နာများကို ဖြေရှင်းဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်မည်ဖြစ်သည်..။

ယခုနှစ်အတွက် WED theme မှာတော့ "Seven Billions Dreams. One Planet. Consume with Care." ဆိုလိုရင်းမှာတော့ သက်ရှိအားလုံးအနေဖြင့် ကမ္ဘာ့သယံဇာတများပေါ်တွင် မှီခိုရပ်တည်နေရခြင်းဖြစ်သဖြင့် နောင်အနာဂတ်ကာလအထိ ရေရှည်ရပ်တည် အသုံးပြုနိုင်ရန် သဘာဝသယံဇာတများကို စနစ်တကျ အသုံးချနိုင်ရန် သတိပေးလိုရင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေမှာ တစ်နေ့တခြားတိုးပွားလာနေသဖြင့် ယခု ၇ ဘီလီယံမှသည် ၂၀၅၀ ခုနှစ်တွင် ၉.၆ ဘီလီယံအထိ တိုးပွားလာနိုင်မည်ဖြစ်ရာ ယခုသုံးစွဲသည့်နှုန်းအတိုင်းသာ သယံဇာတများကို သုံးစွဲသွားပါက ထိုအချိန်ရောက်လျှင် ယခုကမ္ဘာမျိုး ၃ လုံးခန့်ရှိမှသာ အားလုံးသုံးစွဲဖို့ လုံလောက်မည်ဖြစ်ပေသည်။ သို့ဖြစ်ရာ ကျမတို့အတွက် ကမ္ဘာကြီးက တစ်လုံးတည်းသာရှိသဖြင့် သဘာဝသယံဇာတများကို ဂရုတစိုက် စနစ်တကျ သုံးစွဲသင့်ကြောင်း WED က ထပ်ဆင့်အသိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ဆုံတွေ့ခဲ့သည့် လူငယ်တစ်ဦးကြောင့် ထိုအချိန်မှစကာ ဇွန်လ ၅ ရက်နေ့သည် ကျမအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သာမက လူတစ်ဦး၏ မွေးနေ့အဖြစ်ပါ မှတ်မှတ်ရရ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့သည် မောင်နှင့် ကျမ အတွက် ဝမ်းနည်းစရာ ခွဲခွာချိန်တစ်ခုဖြစ်ခဲ့ဖူးသည်..။ ချစ်သူကို ထားရစ်ကာ နိုင်ငံရပ်ခြားသို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သောနေ့သည် မောင့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေခြင်းအတွက် ဝမ်းနည်းမှုက ပိုသာခဲ့သလေသလား မသိပေ..။ သို့သော် သေချာသည်က မောင့်ရှေ့တွင် ကျမ မျက်ရည်တစ်စက်မှ မကျခဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခွဲခွာနှုတ်ဆက်ခဲ့သည်သာဖြစ်သည်...။ ထိုနှစ်အတွက် မောင့်ကို ကျမပေးခဲ့သော လက်ဆောင်မှာ မောင် အင်မတန်သဘောကျ နှစ်သက်ကာ ယခုအချိန်အထိ အမြတ်တနိုး ဝတ်ဆင်ထားသည့် နာရီတစ်လုံးသာ ဖြစ်ခဲ့ပါသည်....။

၂၀၁၄ ဇွန်လ ၅ ရက်နေ့ကတော့ ၂၀၁၃ ခုနှစ်နှင့် ပြောင်းပြန်ဖြစ်ကာ မောင်က နိုင်ငံခြားရောက်နေ၍ ကျမက မြန်မာပြည်မှာ ရှိနေခဲ့ပါသည်...။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ ဘဝရည်မှန်းချက် စသည်ဖြင့် အရာအားလုံး မတူညီမှုများကြောင့် မောင်နှင့်ကျမ လမ်းခွဲဖို့ ကျမက ရည်ရွယ်ထားချိန်လည်း ဖြစ်သဖြင့် အဆက်အသွယ်မလုပ်တော့ချိန်လည်း ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ထိုနေ့တွင်တော့ မောင့်မွေးနေ့အဖြစ် မှတ်မှတ်ရရ သတိရနေခဲ့ရက်နှင့် နှစ်ဦးသား အဆက်အသွယ်လုံးဝပြတ်တောက်နေကြချိန် ဖြစ်ခဲ့သဖြင့် ထိုနေ့အတွက် မောင့်ကို ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ပါ ...။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးချိန်မှာတော့ ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်ဖြစ်သည့် မောင့်မွေးနေ့နှစ်ပတ်လည်နေ့ကို တစ်ခေါက်ပြန်လည် ရောက်ရှိလာပြီဖြစ်ပါသည်...။ နားလည်မှုများစွာ ကြိုးစားတည်ဆောက်ခဲ့ရသည့် ချစ်ခြင်းတစ်ခုအတွက် ဝေးကွာခြင်းသည်လည်း ချစ်သူနှစ်ဦးအား ကွဲကွာစေရန် မစွမ်းသာတော့အောင် သံယောဇဉ်တို့က ခိုင်မာနေခဲ့ပြီဖြစ်ပါသည်...။ ၂၀၁၅ ခုနှစ် မောင့်မွေးနေ့တွင်မတော့ ဟိုယခင် နှစ်များနှင့် မတူညီစွာ မောင်ရော ကျမရော နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြခြင်းဖြစ်ပါသည်...။ ကျမဆီမှာ မနက်ခင်းအချိန်သည် မောင့်ဆီမှာ ညဖြစ်နေအောင် အချိန်က ၁၂ နာရီကျော် ကွာခြားပါသည်။ ကျမ၏ မနက်ခင်းများသည် မောင့်အကြင်နာစကားသံများနှင့် လွှမ်းခြုံနေစေသကဲ့သို့ မောင့်ရဲ့ ညအိပ်ခါနီးအချိန်များသည်လည်း ကျမ၏ စကားလုံးများဖြင့် ကုန်ဆုံးဖြစ်ခဲ့ပါသည်....။ ညတိုင်းညဥ့်နက်မှ အိပ်ရာဝင်သော ကျမအတွက် မနက်ခင်းကျောင်းသွားခါနီးတိုင်း ပြာယီးပြာယာစကားတွေ တရစပ်ပြောနေတာကို ဖုန်းတစ်ဖက်မှ မောင်က ရယ်မောကာ နားထောင်နေကျဖြစ်ပါသည်။ ဖုန်းမှ စပီကာဖွင့်ကာ အခန်းထဲမှာ လူးလာခေါက်တုန့်ပြန်ရင်း ကျောင်းသွားဖို့ ပစ္စည်းတွေ ကျောပိုးအိတ်ထဲထည့်၊ နေ့လည်စာပြင်ဆင်၊ မနက်စာစားသောက်နေချိန်များတွင် မောင်က ကျမဘေးနားမှာ ရှိနေသကဲ့သို့ စကားတွေ ဝိုင်းဖွဲ့နေကျဖြစ်ပါသည်...။ ထို့နောက်တော့ ကျောင်းသွားရာလမ်းတစ်လျှောက် စက်ဘီးနင်းရင်း နားကြပ်တပ်ကာ မောင်က သွားရာလမ်းတစ်လျှောက်လုံး လိုက်ပါလာသကဲ့သို့ ခံစားရသဖြင့် ကျမ၏ မနက်ခင်းကျောင်းသွားချိန်များသည် တစ်ဦးတည်း အထီးကျန်ခြင်းကို စိုးစဉ်းမျှ မခံစားရပေ ...။
တစ်နေ့လုံးတွင်မှ ကျမ၏အချိန် မနက်ခင်း မောင့်ဆီတွင်တော့ ညအချိန်တွင် ၁ နာရီကျော်ကြာ စကားပြောဆိုမှုများသည် ကျမတို့နှစ်ယောက်အတွက် အဖိုးမဖြတ်နိုင်သော အချိန်အပိုင်းအခြားတစ်ခုဖြစ်ပါသည်...။

ဒီနေ့ ချစ်သူရဲ့မွေးနေ့ ...
မောင့်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် မောင်တောင်းဆိုသည့်အတိုင်း မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ နံ့သာ၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ကို ဆက်ကပ်ပေးဖြစ်ခဲ့ပါသည်..။ ကျမ၏ ဖြည့်ဆည်းမှုတစ်ခုအတွက် မောင်က ကြည်နူးနေသောအခါ ကျမလည်း ထပ်တူပျော်ရွှင်နေခဲ့တာဖြစ်သည်..။
နောက်ထပ် မွေးနေ့လက်ဆောင်တစ်ခုက မောင်ဖတ်သည်ဖြစ်စေ မဖတ်သည်ဖြစ်စေ မောင့်အတွက် ကျမ၏ ဝါသနာတစ်စိတ်တပိုင်းကို လက်ဆောင်ပေးချင်ခဲ့သောကြောင့် ဒီနေ့တော့ Blog တွင် ပို့စ်တစ်ပုဒ် မဖြစ်မနေရေးဖြစ်ခဲ့ပါသည်...။ တကယ်တမ်းတော့ လောလောဆယ်တွင် စာတွေနှင့် ပိနေသောကြောင့် Blog post တွေရေးဖို့ Mood မဝင်သော်လည်း အမှတ်တရအဖြစ် ရေးလိုက်သော ပို့စ်တစ်ခုသည် ချစ်သူ၏ မွေးနေ့အတွက် မှတ်မှတ်ရရဖြစ်သွားလိမ့်မည် ဖြစ်ပါသည်။
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf

Saturday, 30 May 2015

Long time no post o.O o.O

May 30, 2015 1 Comments
Hi there!!!!
Long time no see, yahh!!

ပို့စ်မတင်တာ တော်တော်တောင် ကြာနေပြီလေ.....။ April May နှစ်လက မြန်မာပြည်ပြန်ပါတယ်...။ Field research အတွက် ပြန်ဖြစ်တာဆိုတော့ မပြန်ခင် အလုပ်တွေ ရှုပ်နေတာနဲ့ နှုတ်ဆက်တဲ့ပို့စ်လေးတောင် မရေးဖြစ်ခဲ့ဘူးလေ....။ ဟိုရောက်တော့လည်း တောရွာတွေဘက်ပဲ ရောက်နေတာကြောင့် အင်တာနက်လည်း ကောင်းကောင်းမရသလို အလုပ်နဲ့ဆိုတော့ အချိန်လဲမရတာနဲ့ပဲ Blog နဲ့ ထပ်ဝေးသွားရပြန်တယ်.....။

April ၁ ရက်နေ့မှာပြန်ဖြစ်ခဲ့တာမှာ နွေဦးဆိုပေမယ့် အဲဒီရက်အထိ ဂျပန်မှာ အေးနေဆဲပါပဲ ...။ မပြန်ခင် ၂ ရက်လောက်ကတော့ ချယ်ရီတွေ Full blossom မဟုတ်သေးပေမယ့် လှလှပပပွင့်လာတာကြောင့် ခါတော်မီလေး ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့သေးတယ်..။ ပြီးတော့ tulips ပန်းတွေလည်း စပွင့်နေကြပြီ ...။ ဒါပေမယ့် ဆိုခဲ့သလိုပဲ နီးမှ ပြူးပြူးပြာပြာ ကပ်လုပ်တတ်တဲ့အကျင့်ကြောင့် အလုပ်တွေ ဝရုန်းသုန်းကားရှုပ်နေတာနဲ့ Blog မှာ ဟိုအရင်ကလိုတောင် ရာသီအကူးအပြောင်း ပို့စ်လေးတစ်ခုတောင် မတင်ဖြစ်ခဲ့ပြန်ဘူး...။

ဂျပန်မှာ ဆောင်းရာသီတစ်ခုလုံး အအေးဒဏ်ကို အံတုပြီး နေခဲ့ရုံအပြင် ပြန်မယ့်ရက်ထိ အေးနေဆဲရာသီဥတုမှာ နေခဲ့ရာက မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း  ဧပြီလရဲ့ ပူပြင်းလှတဲ့ နွေနဲ့ တွေ့ရတော့တာပါပဲ ။ ပူလိုက်တာဆိုတာ အပူချိန် ၁၀ လောက် ၁၅ လောက် နေလာခဲ့ရာကနေ ၄၀ ဒီဂရီလောက်အထိ ချက်ချင်းပြောင်းသလိုဖြစ်သွားတော့ ကမ်းပေါ်တင်လိုက်တဲ့ ငါးတစ်ကောင်လို ဖျတ်ဖျတ်လူးပဲ ခံစားခဲ့ရတယ်...။ သင်္ကြန်နဲ့ဆိုတော့ ရွာတွေဘက်ကို ချက်ချင်းမသွားဖြစ်ခဲ့ဘူး...။ အဲဒါကြောင့် အပူချိန် ပြင်းထန်လွန်းတဲ့ ကျမရဲ့ဇာတိမှာပဲ အပူကို အံကြိတ်ခံရင်း အပြင်လည်း မထွက်ရဲပဲ အိမ်တွင်းအောင်းနေခဲ့ရတယ်...။ ဒါပေမယ့် ၂ ရက်လောက်တော့ မိသားစုနဲ့ ပုဂံကို ရောက်ဖြစ်ခဲ့ပါသေးတယ်.....။

 တကယ်က မုံရွာကို အရင်သွားရင်း စစ်ကိုင်းကောင်းမှုတော်ကို ဖူးခဲ့တာပါ ....။ မုံရွာမှာတော့ ဘယ်ကိုမှ မလည်ဖြစ်လိုက်ပါဘူး...။
 အဲဒီနောက် ချောင်းဦး-ပခုက္ကူလမ်းကနေ ပုဂံဘက်ကို ဆက်ထွက်ဖြစ်ခဲ့ကြတယ်...။ လမ်းက တစ်ခါမှ မသွားဖူးတော့ စိုးရိမ်ခဲ့ပေမယ့် တော်တော်လမ်းကောင်းနေပါပြီ ....။
 ပခုက္ကူနဲ့ ညောင်ဦးကိုဆက်ထားတဲ့ မြန်မာနိုင်ငံမှာအရှည်ဆုံးတံတား ဧရာဝတီတံတား (ပခုက္ကူ) ကို ဖြတ်ခဲ့ဖူးပါပြီ..။




နောက်ထပ် သင်္ကြန်အပြီးမှာ သွားခဲ့တဲ့ ခရီးတွေကတော့ တော်တော်များခဲ့ပါတယ် ....။ နောက်မှ ဆက်ရေးဖြစ်ပါဦးမယ်...။

Thank you all for your visit !

Monday, 23 March 2015

Presents +++

March 23, 2015 3 Comments


ဒီနေ့တော့ M.Sc ပြီးလို့ မြန်မာပြည်ပြန်တော့မယ့် အစ်ကိုတစ်ယောက်ဆီကနေ ဒီစာအုပ်လေးကို လက်ဆောင်ရလာခဲ့တယ်...။ ဒီစာအုပ်ကို စထွက်ကတည်းက မြန်မာပြည်မှာ ဝယ်ဖို့စိတ်ကူးခဲ့ပေမယ့် ထွက်ကာစမှာ မဝယ်ဖြစ်လိုက်တာကြောင့် နောက်ပိုင်းကာလတွေမှာ စာအုပ်ဝယ်ဖို့သွားတိုင်း မတွေ့ဖြစ်တာကြောင့် တခုတ်တရမဝယ်ဖြစ်ခဲ့ဘူး..။ အဲဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်ရှိနေရင်းကနေ ဂျပန်ကိုရောက်လာခဲ့ပါတယ်..။

တစ်ရက်က ကျောင်းမှာ မြန်မာနိုင်ငံက researcher တွေနဲ့ ဒီကဆရာတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Project တစ်ခုကနေ Workshop တစ်ခုလုပ်တဲ့အခါ တက်ဖြစ်ခဲ့တယ်...။ အဲဒီမှာ အသက်တော်တော်ကြီးနေပြီး ဆံပင်တွေတစ်ခေါင်းလုံးဖြူနေပြီဖြစ်တဲ့ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးလည်းဖြစ်တဲ့ Prof. Ohtsu လည်း လာတက်တာကို တွေ့ခဲ့တယ်...။ Workshop ပြီးလို့ ညပိုင်း Dinner လုပ်တဲ့အခါ စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ်...။ ဒီကျောင်းမှာ အရင်ရောက်နှင့်ပြီးသား မြန်မာကျောင်းသူကျောင်းသားတွေ ပြောပြထားတာကြောင့် သူက Letter for Aung San Su Kyi ဆိုတဲ့ စာတွေကိုရေးတဲ့ ဂျပန်စာရေးဆရာမ နိုရီကိုအို့စုရဲ့ အမျိုးသားမှန်း သိထားခဲ့ပြီးဖြစ်ပါတယ်..။

Ohtsu Sensei နဲ့ စကားပြောဖြစ်တဲ့အခါ သူ့အမျိုးသမီးက အဲဒီစာတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ကြောင်း၊ အဲဒီစာအုပ်က သူ့အမျိုးသမီးက ဂျပန်လို ရေးထားခဲ့ပေမယ့် မြန်မာဘာသာနဲ့ ဆရာမ မသီတာ (စမ်းချောင်း) ဘာသာပြန်ခဲ့ပြီး မြန်မာလို ပထမဆုံးပုံနှိပ်တဲ့စာအုပ်ဖြစ်ခဲ့ကြောင်း၊ အခုတော့ ဂျပန်လိုရော အင်္ဂလိပ်လိုရော ပုံနှိပ်ထုတ်ဝေတော့မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်..။ အဲဒါအပြင် သူ့အမျိုးသမီးက လန်ဒန်တက္ကသိုလ်မှာ တိဘက်စာသင်ရင်း မိုက်ကယ်အဲရစ်နဲ့ စတင်ရင်းနှီးခဲ့သူတွေဖြစ်ကြောင်း၊ နောက်ပိုင်းတော့ အောက်စဖို့ဒ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့မိသားစုနဲ့ အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားခဲ့ကြောင်း ပြောပြခဲ့ပါတယ်..။ ပြီးတော့ သူတို့နေတာက ကျိုတိုမြို့နဲ့လည်းနီးပြီး ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Biwa lake နားမှာ ရှိတာကြောင့် နွေရာသီတစ်ရက်လောက်တော့ အသားကင်စားရင်း ပျော်ပွဲစားထွက်ရင်း လာလည်ကြဖို့ ကျမတို့မြန်မာကျောင်းသားတွေအားလုံးကို ဖိတ်ခဲ့ပါသေးတယ်..။ နိုရီကိုစံလည်း အဲဒီမှာနေတာကြောင့် ကျမကတော့ သူမကို တွေ့ဖူးချင်စိတ်တစ်ခုတည်းနဲ့ပဲ အဲဒီကို သွားဖို့ ပြင်းပြနေခဲ့ပါတယ်...။

ဒါပေမယ့် တစ်ရက်တော့ နောက်ထပ် Workshop တစ်ခုမှာပဲ မှတ်မှတ်ရရ နိုရီကိုစံနဲ့ ဆုံဖြစ်ခဲ့ပါတယ်...။ မြန်မာတွေနဲ့ပေါင်းလုပ်တဲ့ပွဲဖြစ်တာကြောင့် ငါ့အမျိုးသားက တက်ဖို့ အတင်းတိုက်တွန်းတာနဲ့ ကျိုတိုကိုရောက်လာခဲ့တာလို့ သူမက ရယ်ရင်းပြောပါတယ်..။ မြင်လိုက်တာနဲ့ အေးချမ်းနေတဲ့မျက်နှာနဲ့သူမဟာ ခင်မင်နှစ်လိုဖွယ်ကောင်းလှပါတယ်....။ ဂျပန်ကိုရောက်တာကြာပြီလားဆိုတော့ သိပ်မကြာသေးပါဘူး၊ လပိုင်းလောက်ပဲရှိပါသေးတယ်လို့ ပြန်ဖြေရင်း တွေ့ရတာဝမ်းသာပါတယ်လို့ ဂျပန်လို နှုတ်ဆက်လိုက်တဲ့အခါ ဂျပန်စကားပြောတတ်နေပြီလားလို့ တအံ့တသြမေးလာပါတယ်..။ သိပ်မပြောတတ်သေးဘူး၊ နှုတ်ဆက်ရုံလောက်သာ တတ်သေးတာဆိုတော့ သူမက သဘောတကျ ရယ်ပါတယ်...။ 

ဒီလိုနဲ့ပဲ ကျမလေးစားရတဲ့ အန်တီစုနဲ့ မိတ်ဆွေအရင်းအချာတွေဖြစ်ကြပြီး ချစ်ခင်စရာကောင်းတဲ့ဂျပန်ဇနီးမောင်နှံနဲ့ ခင်မင်ခွင့်ရခဲ့တဲ့အခါ သူမရေးခဲ့တဲ့စာအုပ်ကို ဖတ်ချင်စိတ် ပိုပြင်းပြလာခဲ့ပါတယ်...။ နိုင်ငံရေးတွေ၊ စီးပွားရေးအကြောင်းတွေထက် နိုရီကိုစံရေးတဲ့ အန်တီစုရဲ့ သာမာန်အိမ်ထောင်ရှင်မဘဝကိုလည်း ဖတ်ချင်ခဲ့တယ်လေ.....။
အဲဒီလိုနဲ့ပဲ ဒီနေ့တော့ ဒီစာအုပ်လေးဟာ ကျမဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ...။ နောက်တစ်ကြိမ် Ohtsu Sensei နဲ့ တွေ့ဖြစ်တဲ့အခါ ဒီစာအုပ်ကလေးကို ရလာလို့ဖတ်ပြီးခဲ့ပြီလို့ သူ့ကို ပြောနိုင်တော့မှာဖြစ်သလို စာအုပ်ထဲက အကြောင်းအရာအချို့နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုနိုင်တော့မှာဖြစ်ပါတယ်.....။

Friday, 13 March 2015

13th Friday

March 13, 2015 0 Comments


ဒီတစ်နှစ်အတွက် ဒုတိယမြောက် Friday 13 ဟာ မတ်လထဲမှာ တစ်ခါကြုံလာရပါပြီ..။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာလည်း တိုက်တိုက်ဆိုင်ဆိုင် Friday 13 ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလဟာ ၂၈ ရက်ပဲရှိတဲ့လဖြစ်တာကြောင့် မတ်လထဲမှာ ဒီလိုရက်မျိုး တစ်ခါကြုံဦးမှာပါလားလို့ တွေးနေမိခဲ့သေးတယ်...။
အဲဒါအပြင် နောက်ထပ်တစ်ရက်အဖြစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တစ်ခါ ကြုံဦးမှာပါ ..။ အနောက်နိုင်ငံတွေမှာတော့ Friday 13 ကို Black Friday or unlucky day အဖြစ် သတ်မှတ်ကြပါတယ်...။ အဲဒီလိုပဲ တခါတလေ ကျမလည်း မှတ်မှတ်ထင်ထင်ရှိနေတတ်ပြန်တယ်..။ အထူးသဖြင့် ဂျာမနီရောက်ပြီးခါမှ Friday 13 ကို မှတ်မှတ်ရရ စဖြစ်ခဲ့တာပါ ..။ ဟိုအရင်ကတော့ ၁၃ ဂဏန်းကိုသာ မှတ်မှတ်ရရဖြစ်ပြီး မကြိုက်တာကြောင့် အမြဲလို ရှောင်လေ့ရှိပါတယ်..။ ဘာရယ်တော့ မဟုတ်ဘဲ စိတ်ထဲမှာ နံပါတ် ၁၃ ဟာ ကံဆိုးတဲ့ဂဏန်းတစ်ခုလို့ သတ်မှတ်ပြီး ဘာလုပ်လုပ် ၁၃ ကို ရွေးလေ့မရှိပါဘူး...။ ကားလက်မှတ်ဝယ်ရင်တောင် နံပါတ် ၁၃ က လွဲရင် ဘယ်နံပါတ်ဖြစ်ဖြစ် ရပါတယ်လို့ ပြောလေ့ရှိတတ်သူပါ ...။
ဒါတွေကလည်း မှန်တယ်၊ မှားတယ်ဆိုတာထက် လူတွေရဲ့ အစွဲတွေ၊ ယုံကြည်မှုတွေသာ ဖြစ်ပါတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်တဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတော့လည်း ယုံကြည်ချက်ကြောင့် အမှားတော့ နည်းတာပေါ့ ...။ 
၁၃ အကြောင်းရေးရင်း တိုက်ဆိုင်စွာပဲ အခုပို့စ်က ၂၀၁၅ ခုနှစ်အတွက် ၁၃ ခုမြောက်ပို့စ်ဖြစ်နေလေရဲ့ ..။

Spring is coming ~~~~~
နွေဦးရောက်လာပေမယ့်လည်း ရာသီဥတုက အပူချိန် ၁၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ အေးနေဆဲပါ ...။ အချို့ရက်တွေမှာ နှင်းပွင့်လေးတွေ တဖွဲဖွဲကျနေတတ်ပြန်ပါသေးတယ်...။ ရာသီဥတုက အေးနေဆဲဖြစ်တာကြောင့် အုမဲပန်းအချို့သာ ဟိုတစဒီတစပွင့်နေခဲ့ပြီး ချယ်ရီတွေတော့ မပွင့်သေးပါဘူး..။ ပုံမှန်ဆိုရင်တော့ ဒီမြို့လေးမှာ ချယ်ရီတွေဟာ မတ်လကုန် ဒါမှမဟုတ် ဧပြီလဆန်းမှာ ပွင့်လေ့ရှိသတဲ့ ..။ ဧပြီလထဲမှာ ခရီးသွားမှာဖြစ်တာကြောင့် ဒီတစ်နှစ်တော့ ချယ်ရီတွေနဲ့ တွေ့ဖြစ်ပါဦးမလား မသိသေးပါဘူး..။ ပုံမှန် ၀ ကနေ ၃ ဒီဂရီလောက် ရှိနေရာကနေ ၁၀ လောက်အထိ အပူချိန်တက်လာတာကြောင့် နေရတာ သွားရတာတော့ သက်သောင့်သက်သာဖြစ်လာသလို အဝတ်အစားအလွှာတစ်ခုလောက်လည်း ခွာချလို့ ရလာပါပြီ ...။ ဆောင်းတွင်းမှာ ဇီဝဖြစ်စဉ်တွေ ခဏနားထားပြီး အအေးဒဏ်ကို အံကြိတ်ခံနေတဲ့အပင်တွေလည်း နွေဦးရောက်လာပြီဆိုတဲ့အချက်ပြလိုက်တာနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချက်ချင်းအကောင်အထည်ဖော်ကြတော့တာပါပဲ ..။ အပင်တိုင်းမှာ ပုရစ်ဖူးတွေ တွေ့နေရပြီး နေရောင်ပြင်းလာတာနဲ့ ချက်ချင်းအပွင့်တွေ ဝေဆာဖို့ အသင့်ဖြစ်နေကြပါပြီ ...။

လူတွေလည်း အတူတူပါပဲ..။ ဆောင်းတွင်းတစ်ခုလုံး ကုပ်ချောင်းချောင်းနဲ့ အဝတ်အစားတွေအထပ်ထပ်ဝတ်ပြီး အေးခဲနေတဲ့ရာသီဥတုထဲမှာ ဖြတ်သန်းလာရာကနေ မြင့်မားစပြုလာတဲ့အပူချိန်ကြောင့် တက်ကြွလန်းဆန်းလာကြပါပြီ..။ အခုမှပဲ ကမ္ဘာလောကကြီးဟာ ပုံမှန်အတိုင်း ပြန်လည်ပတ်သလို ခံစားရကာ နေရောင်အောက်မှာ သွားလာလှုပ်ရှားရတာ ပျော်စရာကောင်းလာပါတယ်...။

ဆောင်းတွင်းမှာ အအေးဒဏ်ကို အံတုဖို့ အရိုးအပြိုင်းပြိုင်းဖြစ်ခဲ့ကြတဲ့အပင်တွေဟာ နွေဦးမှာတော့ ပန်းရောင်စုံပွင့်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ပန်းတွေအရောင်စုံနဲ့လှပနေတတ်တဲ့ အအေးပိုင်းနိုင်ငံက နွေဦးရာသီကို ကျမက ချစ်တာပါ ...။ ဆောင်းဦးကတော့ သစ်ရွက်အရောင်စုံနဲ့ ကဗျာဆန်ဆန်လှပသလို နွေဦးကလည်း ရောင်စုံပန်းတွေနဲ့ ဝေဆာလှပနေတာကြောင့် ဂျာမနီမှာတုန်းကဆိုရင် နွေဦးရောက်လာတာနဲ့ ကင်မရာတစ်လုံးကိုင်ပြီး ပန်းပွင့်တွေ ဓါတ်ပုံရိုက် မှတ်တမ်းတင်ရတာ အလုပ်တစ်ခုပါပဲ..။ ဒီမှာတော့ အခုချိန်ထိ အပြင်ရယ်လို့ သိပ်မထွက်ဖြစ်ဘဲ စာတွေဖတ်နေရတာနဲ့ တနေ့ပြီးတစ်နေ့ကို ကုန်ဆုံးနေရပါတယ် .....။




Thoughts in those days ~~
အစွဲကင်းပြီး ကျိုးကြောင်းဆီလျော်မှုရှိစွာ ပိုင်းခြားဝေဖန်နိုင်မှုဟာ လူတိုင်းအတွက် အရေးကြီးလှပါတယ် ...။ ပညာရည်မပြည့်ဝမှုဟာ အကြောင်းအရာတစ်ခုကို ကောက်ချက်ချရာမှာ အမှားဘက်ကို ရာခိုင်နှုန်းအနည်းနဲ့အများ ချဉ်းကပ်သွားနိုင်ပါတယ်...။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို တိတိကျကျ ချမှတ်မထားရုံမက ကိုယ်တိုင်က ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိသူဟာ ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို ခံရတတ်ကာ မိမိကိုယ်နဲ့ သူများစိတ်ဖြစ်သွားတတ်ပါတယ်..။

Follow Us @soratemplates