♪ ♫ ♥
♪ ♫
♥
♪ ♫
(၁)
တိတ်ဆိတ်နေတတ်တဲ့ အဲဒီအိမ်လေးကို
သူမပြောင်းလာတာမကြာသေး။။
"အိမ်မှာဆို
ကျမအာရုံတွေစုစည်းနိုင်မှာမဟုတ်ဘူး ဖေဖေ ..။ ဘေးအိမ်က အသံတွေ.. လမ်းဘေးဆိုတော့
ကားသံတညံညံ.. ဆိုင်တွေက သီချင်းသံတွေနဲ့ ..။ အေးအေးဆေးဆေးနေရာလေးတစ်ခုမှာ
သွားနေပြီး ဒီစာတမ်းကိုရေးနိုင်ရင် အာရုံစူးစိုက်နိုင်တော့
အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် "
သူမရဲ့ ယုံကြည်မှုအပြည့်ဖြင့်
ခွင့်တောင်းသယောင်ယောင် ခွင့်ပြုချက်မရမချင်းတောင်းဆိုမည့် စကားလုံးများကြောင့်
အမြဲတမ်းသူမအလိုကို လိုက်လျောတတ်သော မိဘနှစ်ပါးက သဘောတူညီကာ ဒီအိမ်လေးကို
ငှားဖြစ်ခဲ့ခြင်းဖြစ်သည် ။
အိမ်လေးသည် မြို့လေး၏
အစွန်မကျတကျတွင် တည်ရှိကာ အခြားအိမ်များနှင့် အနည်းငယ်အလှမ်းဝေး သလို
လူအများဖြတ်သန်းသွားလာသော လမ်းနှင့်လည်း အတန်ငယ်လှမ်းသဖြင့် တိတ်ဆိတ်အေးချမ်း
လှသည် ..။
ခြံထဲတွင်လည်း သူမချစ်သော Tulips ပန်းရောင်စုံ၊
နှင်းဆီပန်းရောင်စုံစိုက်ပျိုးထားကာ သူမမနေခင် အမြဲလာပြုစုနေကြ
အလုပ်သမားများရှိသော်လည်း ပန်းပင်များကို ကိုယ်တိုင်ပြုစုပါမည်ဟု
ခွင့်တောင်းထားသဖြင့် ထိုအိမ်လေးတွင် သူမတစ်ယောက်သာ စာအုပ်များနှင့်အဖော်ပြုရင်း
အချိန်ကုန်လွန်စေမည်ဟု ရည်ရွယ်ထားခဲ့သည် ..။
တစ်ပတ်ခန့်အထိ သူမနှင့် အိမ်လေးသည်
လိုက်ဖက်ညီစွာ .. စည်းချက်ကျကျလှုပ်ရှားလျက် .. သူမ၏ စာဖတ်စာရေးခြင်းအလုပ်သည်
ငှက်ကလေးများ၏ တေးသွားများအောက်တွင် လှပနေခဲ့ပါသည် ။
♪ ♫ ♥ ♪ ♫
♥ ♪ ♫
(၂)
တစ်ရက် ..ထိုရက်က …. ကွန်ပျုတာရှေ့မှာ
..မျက်မှန်တစ်လက်ဖြင့် .. ရေးနေသောစာတမ်းအတွက် ကိန်းဂဏန်းများကို software
တစ်ခုသုံး၍ အသည်းအသန်တွက်ချက်နေချိန် .. မိုးကြိုးထစ်ချုန်းသကဲ့သို့
မြည်ဟည်းသံများကို အဆက်မပြတ်ကြားလိုက်ရသည် ..။
ရုတ်တရက်အငိုက်မှာ လန့်ဖြတ်သွားသောသူမ
အာရုံကို အမြန်စုစည်းကာ အသံလာရာကို နားစွင့်ရင်း ထိုအသံကို အဓိပ္ပာယ်ဖော်နေဆဲ ..။
ထိုအသံသည် ဒရမ်တစ်ခုကို အဆက်မပြတ်ရိုက်ခတ်နေသံ .. စည်းချက်ကျကျမဟုတ်ပဲ
စိတ်လွှတ်လက်လွှတ်ထိခတ်နေသံ .. ထိုအသံသည် သူမအိမ်လေး၏ ဘေးအိမ်မှ ပေါ်ထွက်လာသောအသံ ..။
အရင်က အမြဲပိတ်ထားနေကျအိမ်လေးမှာ မီးမှိန်ပျပျဖြင့် တစ်စုံတစ်ယောက်များ
ပြန်ရောက်လာလေသလား ..။ ဘာဖြစ်ဖြစ် အသံဆူညံညံကြောင့်
စိတ်အနှောင့်အယှက်ဖြစ်မိသော်ငြား ထိုသူသည် သူမကို ဘယ်လိုမှ
အန္တရာယ်ပြုမည့်သူမဟုတ်မှန်း စိတ်ထဲမှ အလိုလိုသိနေသည် ..။ တစ်ဖြည်းဖြည်းဖြင့်
ထိုအသံများတည်ငြိမ်သွားချိန်မှာတော့ သူမလည်း အလုပ်ထဲစိတ်ပြန်ရောက်ကာ
မေ့သွားခဲ့ပါသည် ..။
တစ်မနက်မှာ နှင်းဆီပန်းပင်များကြား
ရေလောင်းပေါင်းသင်ရင်း အနားယူနေသော သူမနားထဲသို့ ဂစ်တာသံတိုးလျလျလေးကို
ကြားလိုက်မိသည် ..။ နောက်တော့ သီချင်းသံသဲ့သဲ့ .. ထိုအသံသည် သူမ မကြိုက်သော
လည်ပင်းညှစ်လိုက်သလိုထွက်လာသော အသံသေးညှောင်ညှောင်မျိုးလည်းမဟုတ်… စာသားတစ်ခုကို
စာဖတ်သလို အဆက်မပြတ်ရေရွတ်နေသော .ခပ်မြန်မြန်ရွတ်နေသော သီချင်းမျိုးလည်းမဟုတ် …။
ခံစားချက်တစ်ခုကို ဖော်ညွှန်းနေသလို သူ့သီချင်းသံက ဖန်တီးထားခြင်းမဟုတ်ပဲ
နှလုံးသားထဲမှ ထွက်လာသလို စိတ်ပါလက်ပါ ဆိုနေသလိုမျိုး…။ သူမ၏ အာရုံတစ်ခုလုံးက
သီချင်းသံကြားမှာပဲ အပြည့်အ၀ .. အသံပိုင်ရှင်သည် တိကျပြတ်သားသောအသံဖြင့်
စကားလုံးတစ်လုံးချင်းကို ပီပီသသဖြင့် သံစဉ်များကြားတွင် လှုပ်ရှားနေသော သူ့အသံသည်
တဒင်္ဂအတွင်းမှာတော့ သီချင်းအေးအေးများကို ကြိုက်တတ်သော သူမကို
ဖမ်းစားနိုင်ခဲ့ပါသည် ..။ သူမ၏ မျက်ဝန်းအစုံက အသံလာရာဆီသို့သာ ဦးတည်လို့.။
အိုးးးး .. မျက်ဝန်းတစ်စုံ …. တစ်ခါမှ မမြင်ဖူးခဲ့တဲ့မျက်လုံးမျိုး ..။ အကြည့်က
တောက်ပစူးရှနေသင့်ပါလျက် … ခံစားချက်တစ်စုံတစ်ရာကြောင့် .. မှိုင်းမှုန်နေသည့်
မျက်ဝန်းမျိုး..။ ဒါမျိုးက အရူးတစ်ယောက်ရဲ့ မျက်လုံးမျိုးများလား… သူမ
မခွဲခြားတတ်ခဲ့..။ ဘာဖြစ်ဖြစ် သတိတော့ထားမှဖြစ်မည်ဟု သူမတွေးနေခဲ့မိသေးတာ ..။
♪ ♫ ♥ ♪ ♫
♥ ♪ ♫
(၃)
ညတိုင်းလိုလို သူ့အိမ်လေးဘက်မှ
စိတ်တိုင်းကျပေါက်ကွဲနေသကဲ့သို့ အော်ဟစ်သီချင်းဆိုသံများကို ကြားနေတတ်သလို ..
တခါတခါလည်း သူမ ကြိုက်တတ်သည့် သံစဉ်လှလှလေးများကို ဖန်တီးနေတတ်သေးသည်..။
မနက်ခင်းတိုင်းမှာ အဖေနှင့်အမေကို
တတွတ်တွတ်ရွတ်ရင်း မိဘနှစ်ပါးနှင့် ဖုန်းပြောနေတတ်သော သူမကို သူကြည့်နေသည့်
အကြည့်များက အဓိပ္ပာယ်တစ်မျိုးလိုလို..။ သူက တစ်ကယ့်အရူးတစ်ယောက်များလား ..
ကျပ်မပြည့်သည့် လူငယ်တစ်ယောက်လား.. အဲလိုလည်း ဟုတ်မည်မထင်။။
စိတ်မနှံ့သည့်လူတစ်ယောက်က ဂီတတွေကို ဖန်တီးနိုင်မှာမဟုတ်ဘူးလို့တော့ သူမထင်မိပါသည်
..။ မိဘများနှင့် သူမ ရယ်ရယ်မောမောဖုန်းပြောနေတတ်သည့်အချိန်တိုင်း
ဘာသာမပြန်တတ်သည့် သူ့အကြည့်များကို လက်ခံရမြဲ..။ သူတစ်ပါးအကြောင်းကို
စိတ်ဝင်စားတာမျိုးမဟုတ်သော်လည်း တစ်ယောက်တည်းနေသူမို့ မမြင်နိုင်သည့်
အန္တရာယ်များအတွက် ၀ီရိယလျှော့လို့တော့မဖြစ်ပြန်..။
အချိန်အတော်ကြာသည်အထိ သူ့ထံမှ
အပြုံးတစ်ချက်မှ မမြင်ဖူးသေး..။ သေချာတာက ဒီလူဟာ သူများတွေပြောသလို အနုပညာကို
အလွန်အကျွံရူးသွပ်သူတစ်ယောက်ပဲ ဖြစ်နိုင်သည်..။ သီချင်းတွေထဲမှာပဲ နစ်မြုပ်နေလို့
… ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မနေတတ်သည့် လူ့ဂွစာတစ်ယောက်ဖြစ်နိုင်သေးတာပဲ..။
နေ့တိုင်းမှာတော့ သူ့သီချင်းသံစဉ်အေးအေးလေးတွေက သူမအတွက် မနက်ခင်းတေးသံသာတွေ
ဖြစ်လာခဲ့တော့တာ..။ သူမအိပ်ရာထချိန်လောက်ဆို ညပိုင်းပေါက်ကွဲနေတတ်သလိုမျိုးမဟုတ်ပဲ
ဂစ်တာသံလေးဖြင့်သာ သီဆိုနေတတ်သည့်သူ့ကို သူမအတွက်များ တမင်ရည်ရွယ်ဆိုနေသလားလို့
တစ်ဖတ်သတ်တွေးနေမိလို့ ..။ ဒါပေမယ့် သူ့ပုံစံက သူမကို ရှိတယ်လို့တောင် မထင်သလို
တစ်လောကလုံးမှာ သူတစ်ယောက်တည်းရှိနေသလိုမျိုး …။
♪ ♫ ♥ ♪ ♫
♥ ♪ ♫
(၄)
တခါတလေ
စာတွေကြည့်ရင်း ခေါင်းပူလာကာ သူ့လိုမျိုးဒရမ်ကို စိတ်တိုင်းကျ တီးပြီး ပေါက်ကွဲလိုက်ရရင်
ကောင်းမှာပဲလို့ သူ့ကို အားကျနေတတ်ခဲ့ပြန်တယ်..။ ဒီလိုနဲ့ပဲ သူမရှိလောက်ဘူး ထင်တဲ့
ရက်တစ်ရက် မှာ သတိမထားမိပဲ ထိုအိမ်ဘက်ကို သူမခြေလှမ်းတွေ ဦးတည်သွားနေမိတယ်..။ လူမရှိပဲ
တိတ်ဆိတ်နေတဲ့ အိမ်လေးထဲမှာ မြင်လိုက်ရတာက Theater အသေးစားလေးတစ်ခုလို..။
♪ ♫ ♥ ♪ ♫
♥ ♪ ♫
♪ ♫
♥ ♪ ♫
♥ ♪ ♫
3 comments:
ဒီမှာ မျက်ဝန်းထဲ သူမ ပုံရိပ်လေးမြင်ယောင်ကြည့်နေတာ။ နောက်ထပ်အပိုင်းတွေကိုလဲ ဆက်လက်စောင့်မျှော်နေပါတယ်။ ဟောဟော သူများအိမ်ထဲ ခိုးဝင်တော့မှာပါလား။
ဟယ်..ကောင်းခန်းရောက်မှဟယ်...စနိုးကလဲ
ဒီက အရမ်းစိတ်ဝင်စားနေတာကို...
မြန်မြန်ဆက်ရေးနော်....:)
ချစ်တဲ့...မိုးနတ်
ဆုံးမယ်ထင်ပြီးကြိုးစားဖတ်မိပါတယ်ညလေးရေ
ကောင်းနေချိန် မီးပျက်လိုက်သလိုပါပဲ
ဆက်ရန်............
မြန်မြန်လာပါဗျို့
Post a Comment