Sunday, 17 February 2013

# ၀တ္ထုရှည်

မပြယ်တဲ့ ... သစ္စာ (၁) ~~~




သူမက တစ်ချက်ပြုံးလိုက်ရင်း 
"ကျမတို့ လမ်းခွဲလိုက်တာကြာပြီလေ" လို့ ဘာခံစားချက်မှ မရှိသလိုပြောလိုက်တယ်..။ 

"မင်းခံစားနေရမှာပေါ့" ဆိုတဲ့စကားကိုတော့ သူ မပြောဖြစ်ခဲ့ …။ 
ချစ်သူဟောင်းအပေါ်မှာ နာကျည်းနေတဲ့အရိပ်အငွေ့အချို့ကို သူမ မျက်နှာပေါ်မှာ သူတွေ့နေခဲ့လို့ပဲ..။ တစ်ချိန်က သူအဝေးကနေ အမြတ်တနိုးချစ်ခဲ့ရတဲ့ မိန်းကလေးကို မထင်မှတ်ပဲ ပြန်အတွေ့ ..  အရင်က ကလေးဆန်ဆန် မိန်းကလေးတစ်ယောက်က တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့အတူ.. ဟန်ဆောင်တတ်လာ တဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်လာခဲ့ …။

 "အခုဘာတွေ လုပ်နေလဲ" ဆိုတော့ …. သူနားမလည်နိုင်တဲ့ သူမရဲ့ ပညာရပ်ပိုင်းဆိုင်ရာ စကားလုံးတွေ ကို သူ နားလည်သယောင်ယောင် ပြန်လည်ပြောဆိုရင်း …. သူမအပါးကနေ ထွက်လာခဲ့မိတယ်….။

အချစ်ဆိုတာ ….. ပြာဖုံးနေတဲ့မီးခဲတစ်ခုလိုပဲလား ဟန်နီ ..။ေ၀၀ါးနေတာကြာလို့ …. မရှိတော့ဘူး ထင်ခဲ့တဲ့ အချစ်တစ်ခုက ရုတ်တရက်ပြန်အတွေ့မှာ … နှလုံးသားကိုလှုပ်ခတ်လို့ … သူ့ရဲ့ညတွေဟာ … ရှည်လျားလာရပြန်တယ် …..။

သူတန်ဖိုးထား မြတ်နိုးခဲ့ရပေမယ့် …. တစ်ခါဆုံးရှုံးသွားဖူးတဲ့ တစ်စုံတစ်ရာကို အခုတစ်ကြိမ်မှာ …. သူလက်လွှတ်ဖို့ ထိုက်တန်ပါ့မလား ….။ အခွင့်အရေးဆိုတာ ၂ ခါထပ်မလာတတ်ဘူးဆိုတဲ့ ဆိုရိုးစကားတစ်ခုက နှလုံးသားထဲဝင်အလာ …. သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခု ပီပြင်လာခဲ့…။ 

"ကိုယ် သတိရလို့ ဖုန်းဆက်တာ .." ဆိုတဲ့ သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံနောက်မှာ … တည်ငြိမ်တဲ့အသံတစ်ခုက တုန့်ပြန်လာခဲ့တယ်..။ 

"ကျမက အားချိန်သိပ်မရှိဘူး … အားရင်လည်း စာရေးစာဖတ်နေတတ်တယ်" လို့ ပြန်ဖြေလာခဲ့တယ်…။ 

"ဒါပေမယ့် ကိုယ် မင်းကို ၄ နှစ်လုံးလုံး သတိရနေခဲ့တယ်" လို့ သူ ရိုးသားစွာ ၀န်ခံလိုက်တော့ … 
 "ရှင် သံယောဇဉ်ထားတတ်သားပဲ" လို့ သူမက ရယ်သံစွက်လို့ ပြန်ပြောရင်း စကားဝိုင်းတစ်ခုက နွေးထွေးလာသယောင် သူမှတ်ထင်လာခဲ့မိရဲ့ ..။

"ဒီ ၄ နှစ်လုံး မင်းတစ်ယောက်တည်း ဖြတ်သန်းနေခဲ့တာပေါ့" လို့ သူဆိုတဲ့အခါ "လူဆိုတာ မွေးလာတော့ လည်း တစ်ယောက်တည်း သေတော့လည်း တစ်ယောက်တည်း ပြန်သွားရမှာ သိနေရက်နဲ့ ဘ၀တစ်ခုကို တစ်ယောက်တည်း ဖြတ်သန်းတာ ဘာများထူးဆန်းလို့လဲ" လို့ သူမက တုံ့ပြန်ရင်း … အဲဒီစကားတွေထဲမှာ .. သူမရဲ့ ချစ်သူဟောင်းကို လွမ်းဆွတ်တမ်းတနေတဲ့ အရိပ်အယောင်တစ်ချို့ မပါပါစေနဲ့လို့ သူတစ်ဖတ်သတ် အတ္တကြီးမိပြန်တယ်…။

"လွန်ခဲ့တဲ့ ၅ နှစ်လောက်က စာသင်ခုံထဲက ချောကလက်ညိုညိုလေးတွေ .. သစ်ခွပန်းလေးတွေ ကို သတိရသေး လား" လို့ မျှော်လင့်တကြီးသူမေးမိတော့ .." ခြောက်သွားတဲ့အချိန်ဆို အနံ့မရှိတဲ့ သစ်ခွပန်းတွေ ကျမ မကြိုက်တတ်ဘူး" လို့ ပြန်ပြောတတ်တဲ့ သူမက ဟန်ဆောင်ဖို့လဲ မေ့နေတတ် သူဖြစ်ပြန်တယ်..။

"ကိုယ်တစ်ချိန်က ကောင်မလေးတစ်ယောက်ကို အရူးအမူးချစ်ခဲ့ဖူးတယ်.. ဘ၀မှာ ပထမဆုံးချစ်ခဲ့တာ.. ဒါပေမယ့် ကိုယ်သတ္တိကြောင်ခဲ့တယ် … ကိုယ်ချစ်နေတာကို သူသိအောင် ဖွင့်မပြောရဲခဲ့တော့ ကိုယ့်အချစ်ကို သူမသိခဲ့ဘူး
 အဲဒီလို အရင်က အချစ်အကြောင်းကို သူမ သိအောင် ဖွင့်ပြောဖို့ ဒီတစ်ချိန်တော့ သူ့မှာ သတ္တိအပြည့်ရှိလာခဲ့ပြန်တာ …။ သူမရဲ့စကားတစ်ချို့က တစ်ချိန်က သူသတ္တိနည်းခဲ့တာကို နောင်တရသွားစေပြန်တယ် ..။ 

"ဘယ်လောက်ပဲ ခပ်တုံးတုံးမိန်းကလေးဖြစ်နေပါစေ … သူတို့ကို ချစ်တဲ့ယောက်ျားလေးရဲ့ မျက်လုံးကို ဖတ်တတ်တယ်.. စကား၊ အမူအရာကို ဘာသာပြန်တတ်တယ်… ပါးစပ်က ဖွင့်မပြောပေမယ့်လည်း ခံစားချက်ကို နားလည်တတ်တယ်။။ အဲဒါ မိန်းကလေးတွေရဲ့ မွေးရာပါအစွမ်းအစတစ်ခုပဲ ..။ အဲဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါတယ်လို့ ပါးစပ်က ပြောနေပေမယ့် ရင်ထဲက အချစ်စစ်ဟုတ်မဟုတ် မိန်းကလေးတိုင်းလိုလို ခွဲခြားတတ်ပါတယ်..။ တစ်ခါတစ်လေ သူတို့က ချစ်လွန်းလို့သာ ဘာမှမပြောပဲ relationship တစ်ခုကို ထိန်းသိမ်းနေခဲ့တာ.. တစ်ကယ်ချစ်တာမချစ်တာ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို ဖတ်တာမှာ မိန်းကလေးတိုင်း မညံ့ကြဘူး" လို့ သူမက ယေဘူယျသဘောကို ပြောပြလာတော့ … တစ်ချိန်က သူချစ်ခဲ့တာ သိနေခဲ့တယ်ပေါ့လို့ ဖွင့်မေးဖို့ မလိုအပ်တော့…။ 

"ဒါပေမယ့် ပို့သူနာမည်မပါပဲ ရောက်ရောက်လာတတ်တဲ့ စာအုပ်တွေတော့ ကျမက သဘောကျသား" လို့ … သူမက ၀န်ခံစကားတစ်ခုကို ဆိုရင်း အဲဒီစာအုပ်တွေရဲ့ပိုင်ရှင်ဟာ သူပဲဆိုတာ ဟိုအချိန်ကတည်းက သူမ သိနေခဲ့တယ်ဆိုတာကို တစေ့စောင်းပြောပြနေသယောင်ဆိုတော့ သူရဲဘောကြောင်ခဲ့တဲ့ သူ့လုပ်ရပ်တွေအတွက် ရှက်ရွံ့လာခဲ့မိသလိုလို..။

"ဟန်နီ.. မင်းတော်တော်ရင့်ကျက်လာတယ်.. အတွေးအခေါ်တွေလည်း ပြောင်းလဲလာတယ်.. အပြောအဆို အမူအရာတွေလည်း လူကြီးတစ်ယောက်လိုဖြစ်လို့ .. ဒီနှစ်တွေအတွင်း အပြောင်းအလဲတွေ မြန်လိုက်တာ" လို့ သူတီးတိုးရေရွတ်မိတော့ ခပ်တိုးတိုးရယ်နေတဲ့သူမရဲ့ ရယ်သံက အတိတ်ကပုံရိပ်အတိုင်းပဲ ထပ်တူကျသွားပြန်တယ်...။  


++++++++++++++++++++++++++++++++++++++++++++


စိတ်ကူးထဲပေါ်လို့ ချရေးမိတဲ့ ၀တ္ထုတိုတစ်ပုဒ်.. ဘယ်နှစ်ပိုင်းဆက်လာမလဲ မသိ..။ ဇာတ်သိမ်းပိုင်းကို ဘယ်တော့ရေးဖြစ်မယ်မသိ.။ စာရေးချင်စိတ်ပေါ်တဲ့ချိန် .. ပြီးအောင်ဆက်ရေးဖြစ်မှာပါ.. :D :D

10 comments:

ချစ်စံအိမ် said...

စောင့်မျှော်နေပါမယ်ကွယ်..

Aunty Tint said...

တစ်ပိုင်းတစ်စလေး ရေးချသွားပေမယ့် တည်ငြိမ်ရင့်ကျက်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပြောအဆိုသိမ်မွေ့ပုံကို သဘောကျသွားတယ် စနိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

မမအဲလိုကြီးတော့ မလုပ်ပါနဲ့။ ဇာတ်သိမ်းလေးတော့ ရေးပါမမရယ်။ ပန်းလေးလှတယ်။ ကိုယ်တိုင်ဖန်တီးထားတာလားမမ။

Yoemyaykya said...

မမအဲလိုကြီးတော့ မလုပ်ပါနဲ့။ ဇာတ်သိမ်းလေးတော့ ရေးပါမမရယ်။ ပန်းလေးလှတယ်။ ကိုယ်တိုင်ဖန်တီးထားတာလားမမ။

Phyu Lwin said...

သစ်ခွပန်းတွေကြိုက်လို့ ပုံတစ်ချို့ဒေါင်းထားတဲ့ထဲကနေ ပြန်ယူသုံးထားတာ.။ သိမ်းထားတာကြာတော့ ဘယ် website ကလဲ ပြန်မသိတော့ဘူးး.. အဲဒါနဲ့ credit လဲ မပေးတတ်တော့ဘူး ညီမလေးရဲ့ :D

လွင်ပြင်လှိုင်းငယ် said...

စနိုးရေ အရေးအသားလေးကောင်းမှကောင်း ။
ဇာတ်သိမ်းလေးဆက်ရေးပေးအုံးနော် ။

ညိမ်းနိုင် said...

ဟုတ်တယ်...ပြောရရင်ယောင်္ကျားနဲ့မိန်းမယှဉ်လိုက်ရင်
မိန်းမတွေက ပိုရင့်ကျက်မြန်သလိုပဲ....၊ဖတ်လို့ကောင်း
တဲ့ဇာတ်လမ်းလေးပဲ....၊နောက်အခန်းဆက်တွေကို
စောင့်ဖတ်ပါ့မယ်...၊စိတ်ထဲရှိမှ ချရေးလိုက်တာက ပိုပြီး
အသက်ဝင်တယ်ထင်လို့ မြန်မြန်ရေးဖို့မတောင်းဆိုတော့
ဘူးဗျိုးးးးးးးး

မိုးနတ်ကြယ်စင် said...

ဟုတ်တယ်စနိုးရေ....လေးငြိမ်းပြောတာမှန်တယ်
အာ့ကြောင့် စိတ်မပါသေးရင် ဆက်ရေးဖို့အတင်း
မတိုက်တွန်းတော့ပါဘူးးးးးးး စနိုး စိတ်ပါမှ ဆက်ရေးပေါ့.....ဒါပေသိ ဇာတ်လမ်းလေးက
ဖတ်ရတာ စိတ်ဝင်စားစရာ ဆိုတော့
ဆက်ရန်လေးကိုတော့ မြန်မြန်လာစေချင်
မိတာပေါ့နော်....:P
ချစ်တဲ့....မိုးနတ်

စံပယ်ချို said...

အရေးအသားလေးအတော်စိတ်ဝင်စားဖို့ကောင်းတယ်

မင်းအရိပ် said...

အရေးအသားကတော့ လူကို တစ်ခါတည်း ဆွဲခေါ်သွားတော့တာပါပဲဗျာ
ဆက်ရေးဦးနော် မျှော်နေပါမယ်

Follow Us @soratemplates