ဒီနေရာကို
ပြန်ရောက်ပြီဆိုကတည်းက ပုံရိပ်ယောင်ကမ္ဘာနဲ့ဝေးနေခဲ့တာကြာခဲ့ပေါ့ ....။
အရင်ကဆို
မနက်မိုးလင်း အိပ်ရာနိုးတာနဲ့ ကွန်ပျူတာကိုဖွင့် ပထမဆုံးဖွင့်ဖြစ်တာက သုံးနေကျ
Gmail.။ အဲဒီနောက်တော့ တမင်ခိုင်းစေတာမဟုတ်ပါဘဲ အလိုအလျောက်ရောက်သွားခဲ့တာက
virtual world လို့ အများက ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြတဲ့ facebook ဆိုတဲ့နေရာတစ်ခုပါပဲ
..။ မြန်မာပြည်နဲ့ဝေးနေတဲ့အချိန် အဲဒီမှာဖြစ်ပျက်နေသမျှတချို့တ၀က်လောက်ကို သိနိုင်သလို
ဝေးနေကြတဲ့ သူငယ်ချင်းတချို့ရဲ့ လှုပ်ရှားမှုတွေ.. ဘ၀တွေကိုလည်း မြင်နိုင်တယ်..။
chat box ကနေ အပြန်အလှန်စကားပြောနေရတာမျိုးကို မနှစ်သက်ပေမယ့် ..newsfeed မှာ တွေ့တာတွေထဲက
ဟိုဖတ်ဒီဖတ်နဲ့ပဲ.. အဲဒီကမ္ဘာထဲမှာ ဖြတ်သန်းနေခဲ့ဖြစ်တယ်....။
မြန်မာပြည်ပြန်ရောက်လာကတည်းက
မိသားစုနဲ့ပြန်တွေ့ .. ခရီးတွေသွားဖြစ်ခဲ့တယ် ....။ ကျွန်မရဲ့ ကမ္ဘာက ကွန်ပျူတာဖန်သားပြင်
ဖုန်းစကရင်တစ်ခုမဟုတ်တော့ဘဲ .... အဖေရယ်အမေရယ် မောင်နှမတွေကြားထဲမှာ .... စစ်မှန်တဲ့နေရာတစ်ခုမှာ
ပြန်ရောက်သွားခဲ့ပါတယ် ....။ အဲဒီအချိန်ကတည်းက ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို မေ့ဖြစ်ခဲ့တာပါပဲ
...။ မနက်ခင်းအိပ်ရာနိုးချိန်တိုင်းမှာ ... ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်က ဘုရားမီးပူဇော်၊
သောက်တော်ရေကပ်ပြီး ဘုရားရှိခိုးတာ ဖြစ်လာခဲ့တယ် ။ အရင်လို ကွန်ပျူတာကို အရင်ဖွင့်
.. ဖုန်းအင်တာနက်ကို စကလိတာမျိုးကို မလုပ်ဖြစ်တော့ဘူး...။ ဖေ့ဘွတ်မှာ ဘယ်သူတွေ ဘာတွေလုပ်နေကြသလဲ
.. မြန်မာပြည်က သတင်းတွေ ဘာတွေထူးခြားသလဲ စိတ်မ၀င်စားတော့ဘူး ....။ အစားအသောက်စားချိန်မှာ
ကွန်ပျူတာတစ်လုံးနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စားတဲ့ဘ၀ကနေ မိသားစုနဲ့အတူတူ စကားတွေပြောရင်း
စားသောက်တဲ့ပျော်စရာဘ၀ကို ပြန်ရောက်သွားတယ်...။
ဒါပေမယ့်
... ဒီကမ္ဘာထဲမှာ ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေ၊ ကြည်နူးစရာတွေချည်း .. ပြည့်နေတာတော့လည်း
မဟုတ်ပြန်ပါဘူး....။ ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာပဲ ထိုင်နေလို့ရတဲ့သူမှ မဟုတ်ဘဲ ....။
လူ့လောကထဲတိုးအ၀င်မှာ ထုံးစံအတိုင်း ကိုယ်တိုင်မဟုတ်တဲ့ သူစိမ်းတွေဆိုတာ မဖြစ်မနေ တွေ့ရကြုံရတာပဲ
မဟုတ်ပါလား ......။ ဒါပေမယ့် စိတ်အထင်ကြောင့်ပဲလား ... ဒီလူမှုအသိုင်းအ၀ိုင်းမှာ အံဝင်ခွင်ကျမဖြစ်လို့ပဲလား
... ဘာရယ်လို့တော့ သေချာမပြောတတ်ပေမယ့် .. ကြိုဆိုတဲ့မျက်နှာတစ်ချို့မှာ နဂိုစိတ်ရင်းဆိုတာ
မတွေ့ရသလိုဘဲ ...။ တမင်ပြုံးထားတဲ့အပြုံးတချို့နောက်ကွယ်မှာ .. ကိုယ့်ကိုတကယ်ခင်မင်တယ်
ရင်းနှီးတယ် ဖော်ရွေတယ်ဆိုတဲ့စိတ်ကို စိုးစဉ်းမှမတွေ့မိသလို ခံစားနေရတယ်...။ တကယ်တမ်းမြင်ချင်
ရချင်မိတာက အတွင်းထဲကစိတ်နဲ့ထပ်တူ ပြောလာတဲ့စကားသံတွေ ပြုံးနေတဲ့အပြုံးတွေ.. အပြုအမူတွေပါ..။
ဒါတွေကို ဖုံးကွယ်ပြီး ... တမင်ဖန်တီးထားတဲ့စက်ရုပ်တွေကို လိုချင်တာမဟုတ်ခဲ့ပါဘူး...။
ရိုးရိုးသားသားပဲ မကောင်းဘူး မကြိုက်ဘူးလို့ ဝေဖန်မယ်ဆိုရင်တောင် ကျေနပ်နေမိမှာပါ
..။ အခုတော့ ဘာပြောလို့ပြောမှန်းမသိတဲ့ ခနဲ့သလိုလိုစကားလုံးတွေကို ရင်ဆိုင်ရတော့
... ကိုယ်ကမှ သူရွဲ့ကိုယ်ရွဲ့မလုပ်တတ်ဘဲ..။ စကားတွေအားလုံးမှာ အမုန်းဆုံးက အဲဒီလို
လိုရင်းမရောက်တဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့စကားလုံးတွေပါပဲ ...။ အင်္ဂလိပ်စကားတွေထဲမှာတော့
အဲဒီလိုစကားလုံးမျိုးဆိုတာ ရှာတွေ့နိုင်ဖို့ဆိုတာမဖြစ်နိုင်ပေမယ့် .. ဒီလိုနေရာမှာတော့
ဒီစကားတွေက အပေါဆုံးများဖြစ်နေလေသလား....။ အရင်ကျောင်းတက်ခဲ့စဉ်က အခြားနိုင်ငံသားတွေကတောင်
မိသားစုစိတ်ဓါတ်အပြည့်နဲ့ ချစ်ခင်ဖေးမစောင့်ရှောက်ခဲ့မှုတွေကြားမှာ .. အိမ်လွမ်းတဲ့စိတ်တစ်ခုကလွဲရင်
ပျော်စရာတွေချည်းပဲကြုံခဲ့ရတဲ့အတိတ်ပြီးသွားတဲ့နောက် လက်ရှိကာလမှာတော့ အရာအားလုံးက
ပြောင်းပြန်လိုပဲ .. ဖြစ်နေလေသလားမသိပါဘူး...။
ပြန်လာခဲ့တာ
မပျော်ဘူးလားမေးရင် ဟိုသီချင်းထဲကလို ပျော်တာပေါ့အမေရယ် လို့ပဲ ပြောရမလိုဖြစ်နေပါပြီ
...။ ဒါပေမယ့်လည်း .... ဒါတွေကလည်း တစိတ်တပိုင်းမျှသာပါ ...။ နေရာတိုင်းအကောင်းချည်းပဲရှိမနေနိုင်သလို
အဆိုးချည်းလဲ မတွေ့နိုင်ပါဘူး...။ ကိုယ့်ကို ခင်မင်တဲ့သူတွေ၊ နဂိုစိတ်ရင်းနဲ့ပဲ အလုပ်အတူတူလုပ်သူတွေ၊
သတိတရရှိနေတဲ့သူငယ်ချင်းတွေရဲ့ စိုးရိမ်စကားတွေ ၊ အကြင်နာတွေကြားမှာ တခါတရံကြုံတွေ့ရတဲ့
လူ့ဘ၀ရဲ့ခါးသီးမှုတွေကို မေ့ပျောက်ကောင်းမေ့ပျောက်နိုင်လာပါလိမ့်မယ် ...။ စိတ်ရှိတိုင်းလှူနိုင်တမ်းနိုင်တဲ့နေရာမှာ
... ဘာသာရေးရဲ့အဆုံးအမအောက်မှာ ဘ၀က နေတတ်ရင် ကျေနပ်စရာကောင်းလာပါလိမ့်မယ်...။ အခိုက်အတန့်တစ်ခုလောက်တော့
နေသားမကျသေးခင် စိတ်ဓါတ်ကျမသွားဖို့ဘဲ အရေးကြီးပါတယ်....။ အပေါ်ကကန်ချမယ့် ဒါမှမဟုတ်
နင်းတက်သွားမယ့် ခြေထောက်တွေရယ်၊ ဘေးဘက်ကနေ လာကလန့်မယ့် ခြေထောက်တွေရယ်.. နောက်ကျောကနေလာထိုးနိုင်တဲ့ဓါးတွေကိုတော့
အလိမ္မာနဲ့ရှောင်ကွင်းနိုင်ဖို့လည်း အရေးကြီးတာပဲပေါ့ ...။
4 comments:
ဟုတ်တယ် စနိုးရေ။
လုပ်ငန်းခွင်ထဲရောက်ရင်
လူတွေရဲ့ အလှည့်တွေ
ထိုးနှက်ချက်တွေ
ရှေ့ မှာချိုချိုလေးနဲ့ နောက်မှာအဆင်းတွန်းတာတွေ
အများကြီးကြုံရမှာမို့ ..
သတိလေးနဲ့ ကိုယ့်စိတ်ရင်းအတိုင်းသာနေပါလို့ ...
ဒါမှလည်းစိတ်ချမ်းသာမှာခလေးရေ။
အခုလို အားပေးစကားတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် :)
အဲ့ဒီvirtual worldကြီးကိုတဖြည်းဖြည်းငြီးငွေ့လာပြီ..
သူ့ကြောင့်ကိုယ်တောင်ဟန်ဆောင်ကောင်းလာပြီ..:)
အပြင်မှာကျတော့လဲလုပ်ဖော်ကိုင်ဖက်အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်မုဒိတာမပွားနိုင်ကြတာ၊အပြစ်မြင်နေကြတာကို..ဘယ်လိုရင်ဆိုင်ရမလဲမသိတော့ဘူး..
တခါတခါတွေးမိတယ်..အပြင်လောကမှာလဲ.Fbမှာလို..မမြင်ချင်မတွေ့ချင်ရင် Blockလုပ်ပစ်လို့ရရင်သိပ်ကောင်းမှာလို့...
jux my feeling..
@thu
နေသားကျဖို့ ကြိုးစားရမယ်နော။
Post a Comment