Sunday, 15 September 2013

# Days in Germany # My Favorite Songs ^^

လွမ်းရယ်မပြေ +++



တကယ်ဆို ဒီလိုခွဲခွာချိန်က အသေအချာရောက်လာမယ်ဆိုတာ စကတည်းက သတ်မှတ်ထားခဲ့ပေမယ့် ၂၆ လ ဆိုတဲ့အချိန်က ခဏလေးပဲဆိုတာကို ရုတ်တရက်သိလိုက်ရတယ် ...။ Friday 12 ဟာ ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ နေ့ရက်တစ်ရက်ပါပဲ ....။ မမျှော်လင့်ထားဘဲ အဲဒီနေ့မှာ ကျွန်မ Master Thesis ကို အပြီးအပ်နိုင်ခဲ့ပြီး ၆ လ လောက် ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ခံစားရပါတယ်...။ အရာအားလုံးက ခုမှပဲ နေရာတကျရှိသွားသလို ... လောကကြီးကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို ခံစားမိတယ်...။ deadline က စက်တင်ဘာ ၃၀ ရက်ထိရပေမယ့် ကျွန်မက စောစောပြီးချင်လို့ ကြိုးစားရေးခဲ့ရာက ခုတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်..။ တစ်တောင်ကို ကျော်နိုင်ခဲ့ပြီပဲပေါ့ ...။

 မြန်မာပြည်ကိုအပြီးပြန်တော့မှာမို့ .... ဒီနေ့ညမှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ farewell party တစ်ခုလုပ်တယ် ....။ တကယ်ဆို ကျမအခန်းမှာချက်ပြုတ်ပြီး မြန်မာအစားအစာတွေ ကျွေးချင်ခဲ့ပါတယ်..။ ဒါပေမယ့်လဲ အချိန်အခက်အခဲကြောင့် အဲလိုမလုပ်နိုင်ခဲ့ဘဲ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်...။ ဒီမှာထုံးစံတစ်ခုရှိတာက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် gathering လုပ်တဲ့အခါ ကိုယ့်စားရိတ်ကိုယ်ရှင်းကြေးပဲ ..။ မဟုတ်ရင် မြန်မာနိုင်ငံမှာ ကျွန်မတို့သူငယ်ချင်းတွေ စားလေ့ရှိသလို ၁ ယောက် ၂ ယောက်လောက်က အားလုံးအတွက် ၀ိုင်းရှင်းကြတာမျိုးဆိုရင် ရှင်းရတဲ့သူရော စားရတဲ့သူရော အားနားပါးနာဖြစ်ရတယ်လေ...။ 

ကျွန်မတို့နှစ်က အတန်းထဲမှာ course တစ်ခုလုံးတူတူတက်တဲ့ကျောင်းသားပေါင်းက ၁၆ ယောက်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက လာကြတာပါ ..။ ဆရာတွေပြောတာကတော့ ကျွန်မတို့အတန်းက အတော် diverse ဖြစ်တယ်ဆိုပဲ ..။ ကိုလံဘီယာက ၃ ယောက်တွဲပါတာကလွဲရင် ကျန်တဲ့သူတွေက တစ်နိုင်ငံ တစ်ယောက်စီပဲ ..။ မြန်မာဆိုရင်လည်း ကျွန်မတစ်ယောက်တည်းပဲ..။ ၁၆ ယောက်ရှိတာကို အကြမ်းဖျင်း ၂ ဖွဲ့ကွဲနေပြန်သေးတယ်...။ အရက်သောက် ပါတီတက်လေ့ရှိတဲ့အဖွဲ့ရယ်.. အရက်မသောက် ပါတီမသွားအဖွဲ့ဆိုပြီး ကွဲနေတတ်တယ်...။ ပုံမှန်တော့ သိပ်မသိသာလှပါဘူး...။ အပြင်ပန်းကြည့်ရင် စည်းလုံးတယ်လို့ ဆိုရအောင် team work ရှိတယ်...။ လိုအပ်ရင် အားလုံးဝိုင်းပြီး ဖြေရှင်းတယ်..။ အရက်သောက်တဲ့အခါနဲ့  ပါတီတွေသွားတဲ့အခါလောက် ကွဲတာ..။

အဲဒါအပြင် မသိမသာ တိုက်စွဲက ရှိတတ်သေးတယ်..။ အာဖရိကတိုက်ကသူတွေက သူတို့အချင်းချင်းဆို သိပ်ချစ်ကြတယ်..။ လက်တင်အမေရိကတိုက်အချင်းချင်းလည်း အဲလိုပဲ ..။ အာရှအချင်းချင်းလည်း မထူးပါဘူး.. ကျမနဲ့ အင်ဒိုနီးရှားက ကောင်မလေးနဲ့ဆိုလည်း ညီအစ်မတွေလားမှတ်ရတယ်.. အရမ်းတွဲဖြစ်တာကိုး..။

ကလေးတွေတော့ မဟုတ်ပေမယ့် ... ကျောင်းသားတွေဖြစ်သွားတော့လည်း လုပ်ငန်းခွင်ထဲမှာလို လူကြီးစိတ်တော့မရှိဘဲ ကျောင်းသားက ကျောင်းသားစိတ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပေါ့ ...။
ဒီ ၂၆ လ လုံးမှာ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာတစ်ခုမှမရှိခဲ့ဘဲ .. ပျော်စရာအမှတ်တရတွေချည်းရခဲ့တဲ့အတွက် ကံတရားကို ကျေးဇူးတင်မိပြန်တယ်. ..။ ကျွန်မဘ၀မှာ ဒီလိုသူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ပေါ့ ..။ အတန်းထဲမှာ မိသားစုတစ်ခုလိုဘဲ ကျွန်မအတွက် အဖေ၊ အမေ၊ အစ်ကို၊ မောင်လေး၊ ညီမလေး၊ ဦးလေးရှိတယ်..။ ဒါဟာ ကလေးတွေလို ရယ်စရာဖြစ်နေနိုင်ပေမယ့် တကယ့်အဖြစ်အပျက်ပါ ..။ စရင်းနောက်ရင်း အဲလိုလျှောက်ပြောရင်းကနေ တကယ့်မိသားစုလို စောင့်ရှောက်ကြပါတယ်..။ ဘာပဲလိုအပ်နေပါစေ .. ကူညီပေးဖို့ အဆင်သင့်ရှိနေ တတ်ကြတယ်..။ နိုင်ငံမတူ ယဉ်ကျေးမှုမတူ၊ အသားအရောင်ကွဲပြား၊ ဘာသာမတူ၊ ဓလေ့ထုံးစံတွေခြားနား ကြပေမယ့် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တသားတည်းဖြစ်သွားပြီး တူညီသွား ကြတယ်..။

ဒီနေ့ည စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြတယ်...။ လွန်ခဲ့တဲ့ ၂၆ လက စတွေ့တဲ့အချိန်မှာ ဘယ်သူက ဘယ်လို..။ နောက်တော့ ဘာတွေဖြစ်ကြတယ်.ဘယ်လိုတွေလွဲကြတယ်.။ အတန်းထဲက ရယ်စရာအဖြစ်အပျက်တွေလည်းပါတယ်....။ စာမေးပွဲတွင်းမှာ ကျွန်မစာမကြည့်ဘဲ facebook သုံးနေတာသိလို့ မရမက စာကြည့်တိုက်မှာ လူစုပြီး စာအတူတူကြည့်ရတဲ့အကြောင်းတွေလည်း ပါတယ်..။ ငါဖေ့ဘွတ်သုံးတာ နင်တို့သိနေတယ်ဆိုကတည်းက နင်တို့လဲ သုံးနေလို့သိတာပေါ့ဆိုတော့ မဟုတ်ဘူး နင်ကကို အလွန်အကျွံသုံးတာတဲ့ ..။ ဖွင့်လိုက်ရင် နင် like လုပ်ထားတာတွေ share ထားတာတွေ မြင်နေရလို့သိတာတဲ့ ...။ ဟုတ်တယ်.. အဲဒီအချိန်တုန်းက စာကြည့်ရတာ အရမ်းပျင်းတော့ facebook ထဲ ၀င်ကလိ၊ စာမကြည့်ဖြစ်နဲ့ အဲလိုတွေဖြစ်တာ .. ကြားထဲမှာ blogging တာ ဘယ်သူမှမသိတာတော်သေးတယ်.. မဟုတ်ရင် ဘယ်လောက်တောင် သြချကြမယ် မသိဘူး..။ 


မြန်မာပြည်ကို ပြန်တော့မယ်ဆိုတော့  ဟိုက အင်တာနက်အခြေအနေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ အိမ်မှာက redlink လဲမရှိဘူး skynet လည်းမရှိပါဘူး.. mobile internet သာသုံးရတာကိုး...။ ဆိုတော့ blog တော့ ဘယ်လိုဖြစ်မယ်မသိသေးဘူး...။ facebook တော့ ၀င်လို့ရပါတယ်..။ ဒါပေမယ့် စာရေးတာတော့ blog မှာပဲ ရေးချင်တယ်.. ဆူညံရှုပ်ထွေးနေတဲ့ဖွဘုတ်မှာ အရောရောအနှောနှော မရေးချင်ပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် စာတွေဆက်ရေးဖြစ်ဦးမှာပါ..။ နောက်တစ်တောင်ကိုတက်ဖို့လည်း အားတွေအဆင်သင့်ပါပဲ ...။ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်...။ facebook မှာ နောက်ဆိုကျွန်မပုံမှန်သုံးတော့မယ့် အကောင့်ကhttps://www.facebook.com/snowphyuphyu23 ပါ..။ ကျွန်မရဲ့ အမည်ရင်းနဲ့ personal acc လည်းရှိပေမယ့် အဲဒါက သိပ်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး.. နိုင်ငံခြားက သူငယ်ချင်းတွေလည်း များတော့ မြန်မာလိုစာရေးချင်ရင် လေးထောင့်တုံးကိစ္စ သူတို့ကို အားနာလို့ အမြဲတမ်း hide လုပ်ထားလေ့ ရှိတော့ blog မှာ စာရေးမရလို့ facebook မှာ စာရေးဖြစ်မယ်ဆိုရင် အဲဒီအကောင့်က public share ရတာ အဆင်မပြေတာကြောင့်ပါ ..။
 ဒီသီချင်းက အခုအချိန်ခံစားချက်နဲ့တော့ သိပ်မတိုက်ဆိုင်ဘူး ..။ ဒါက မြန်မာနိုင်ငံမှာ Bachelor ပြီးခဲ့တဲ့ အချိန်က ခံစားချက်နဲ့မှ ကွက်တိ..။ နောက်ကြုံရင် အဲဒီကာလက အမှတ်တရတချို့ကိုလည်း စာစီချင်ပါသေးတယ်....။

+++++++++++++++
ဒီရက်ပိုင်း အဲလိုအလုပ်တွေရှုပ်နေလို့ tag post လည်းမရေးဖြစ်တာ အစ်မဂျက်ကို ဒီကနေပဲ တောင်းပန်ပါတယ်နော် ... ခုမှရေးမယ်ဆိုတော့လည်း ဘလော့ဒေးက တော်တော် လွန်သွားပြီလေ ..။ နောက်အကြိမ်တွေ tag လာခဲ့ရင် သေချာရေးပါ့မယ် _/\_ :D
 

4 comments:

Thu said...

Thesisပြီးသွားတဲ့အချိန်မှာ ခံစားရတဲ့ခံစားချက်ကတော့
ဘာနဲ့မှမတူဘူး...:D
အသူလဲတူတူပဲ..ဖေ့ဘွတ်မှာဘာစာမှတင်ချင်ဘူး။
ခက်တာကိုယ်လဲရုံးအင်တာနက်လေးအားကိုးပြီးဘလော့ဂ်လေးရှေ့ဆက်နေရတာ..ဖုန်းနဲ့ကဖေ့ဘွတ်လောက်ပဲအဆင်ပြေတာလေ..
မြန်မာပြည်ပြန်ရောက်လောက်မယ့်အချိန်ကျဖုန်းဆက်လိုကမယ်နော်..^_^

ဟန်ကြည် said...

blogger ဆိုတာတော့ ဒီအတိုင်းချည်းပါ့...အချိန်မရှိရှိအောင် ရှာကြံပြီး ဘလော့ဂင်းကြတဲ့လူတွေချည်းပဲ...အားရင် အားသလို ဘလော့ပတ်ကြတဲ့လူတွေချည်းပဲ...း)

Thesis ပြီးသွားတဲ့အတွက် ဂုဏ်ယူပါသဗျား...

Yoemyaykya said...

မမ နေပြည်တော်မှာ အင်တာနက်လိုင်းတော်တော်ကောင်းတယ်ဆို။ ၀ိုင်ဖိုင်လွှင့်သုံးရင် ဘလော့အတွက် အဆင်ပြေမှာပါ

စံပယ်ချို said...

ဒီတခါမအားလဲနောက်တခါပေါ့ညီမလေးရေ
အမဂျက်မှာလဲ ချစ်စရာကောင်းတဲ့အင်ဒိုနီးရှားသူငယ်ချင်းရှိခဲ့တယ် ခုသူကမလေးရှားမှာလေ....

Follow Us @soratemplates