Sunday, 6 October 2013

# အမှတ်တရ အချိန်များ

ဘုရားဖူးခရီးတစ်ခေါက် _/\_ _/\_ _/\_


မြန်မာပြည်ပြန်ရောက်ရောက်ချင်းခရီးတစ်ခုချက်ချင်းထွက်ဖြစ်ခဲ့တယ်။ ကျောက်ဆည်မှာ ကျောင်းတက်နေတဲ့ ကျွန်မမောင်လေးကို သွားကြိုရင်း မိသားစုခရီးသွားဖြစ်ခဲ့ကြတာပါ ...။ သူက နောက်ဆုံးနှစ်ပြီးမှာဆိုတော့ ပစ္စည်းတွေတော်တော်များများ ပြန်သယ်ရမှာနဲ့အတူတူ အိမ်ကနေပဲ သွားကြိုရင်း ခရီးဆက်သွားဖြစ်ခဲ့တယ်...။

မနက်မသွားခင် ညကတည်းက ပစ္စည်းတွေသေချာထည့်ဖြစ်တယ်..။ ပူလွန်းတဲ့ရာသီဥတုမှာ ကျောက်ပျဉ်သေးသေးနဲ့ သနပ်ခါးတုံးပါ သယ်သွားခဲ့တယ်..။ တကယ်တော့ ကိုယ့်နိုင်ငံရာသီဥတုနဲ့ကိုက်ညီတဲ့မိတ်ကပ်ဆိုတာ သနပ်ခါးလောက်သာ အကောင်းဆုံးဆိုတာ ပူအိုက်လွန်းတဲ့ရာသီဥတုမှာ အေးမြမှုကိုပေးတဲ့သနပ်ခါးကို လိမ်းဖူးသူတိုင်း သိကြပါတယ်..။

မနက်စာကို အိမ်ကမစားဘဲ လမ်းရောက်မှ တနေရာရာမှာ ၀င်စားကြမယ်ဆိုပြီး နေမထွက်ခင် မနက်စောစောထွက်ခဲ့ကြတယ်...။ မသွားခင်ညက မိုးတွေသည်းသည်းမည်းမည်းရွာတယ်..။ တစ်ညလုံးရွာပေမယ့် သွားမယ့်နေ့မနက်မှာ မိုးတိတ်သွားတာတော့ ကံကောင်းတာပါပဲ ..။ မိုးရွာထားတဲ့အရှိန်နဲ့မနက်လင်းလာတာတောင် ကောင်းကင်တစ်ခုလုံး မြူတွေဆိုင်းနေလို့ ရှေ့မြင်ကွင်းကို ကောင်းကောင်းမမြင်ရပါဘူး..။ အဖေက ကားမောင်းပြီး အမေရယ် ကျွန်မရယ် သုံးယောက်သွားကြတာပါ ..။ ရမည်းသင်းမြို့ကိုရောက်တော့ မနက် ၈ နာရီလောက်ရှိပြီမို့ ကျွန်မက အရမ်းဗိုက်ဆာနေပြီ...။ စားချင်တာက မုန့်ဟင်းခါးဆိုတော့ ဘေးကဆိုင်တွေလိုက်ကြည့်ရင်းနဲ့ မြို့လယ်က မီးပွိုင့်မှာ မီးနီဖြတ်မိလို့ ဒဏ်ငွေဆောင်ခဲ့ရပါရောလေ...။ ကျွန်မသိတာက ရမည်းသင်းမှာ “သူငယ်ချင်း” လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်တစ်ခုကတော့ နာမည်ကြီးပြီး လူသိကြတော့ အဲဒါကိုရှာရင်း ဟိုကြည့်ဒီကြည့်နဲ့ တွေ့လည်းတွေ့ရော မီးနီလည်း ဖြတ်မိတာပါပဲ ..။ 

အဲဒီနောက် ဆက်သွားရင်း ကျောက်ဆည်ကိုရောက် နေ့လည်စာစားရင်း ကျောင်းကိုဆက်သွားတယ်..။
 မောင်လေးက နောက်ဆုံးနှစ်စာတမ်းဖတ်တာက ၃နာရီလောက်မှပြီးတာနဲ့ စောင့်ပြီး ပစ္စည်းတွေတင် ... မန္တလေးကိုဆက်ထွက်လာခဲ့တယ်..။ ပထမဆုံးသွားဖြစ်တာက ကျောက်ဆည်နားက ပေါ်တော်မူဘုရားပါ..။ မြစ်ထဲက ပေါ်လာလို့ ဆယ်ထားပြီး ကိုးကွယ်ထားကြတဲ့ ဘုရားဆင်းတုသေးသေးလေးတွေပါ..။ 
အဲဒီနောက်တော့ ပုလိပ်မြွေဘုရားကို သွားဖူးဖြစ်တယ်..။ မြွေတွေနဲ့ဆိုတော့ သံတံတိုင်းနဲ့ကာထားပြီး အထဲမှာ မြွေ ၃ ကောင်ရှိပါတယ်..။ တစ်ကောင်က ပုံမှာမြင်ရတဲ့အတိုင်း ဘုရားဦးခေါင်းတော်မှာ ရစ်ပတ်နေတာပါ..။ ကျန်တဲ့ ၂ ကောင်ကတော့ ဘေးနားလေးမှာ ခွေနေကြပါတယ်..။

အဲဒီလိုနဲ့ ဆက်သွားရင်း ညနေ နေ၀င်ခါနီးအချိန်မှာ ဦးပိန်တံတားကို ရောက်ပါတယ်..။ ညနေဆည်းဆာအလှကို မတွေ့ရဘဲ အလင်းရောင်တော့ နည်းနည်းရှိနေသေးပေမယ့် နေက၀င်သွားနှင့်ပါပြီ..။ တကယ်က နေလုံးကိုမြင်ရပြီး ရေပြင်အလှနဲ့ ဓါတ်ပုံရိုက်ဖို့ အမှီသွားပေမယ့် လမ်းမှာပဲ ကြည့်ရင်းကြည့်ရင်း နေက၀င်သွားတယ်..။

မန္တလေးကိုရောက်တော့ ညရောက်နေပါပြီ ...။ ညပိုင်းမှာ ဆိုင်ကယ်တွေတိုးမပေါက်အောင် များပြားတဲ့မြို့မှာ ညပိုင်းကားမောင်းရတာတော့ တော်တော်ကြောက်စရာကောင်းပါတယ်...။ ဘယ်လိုမှ ရှောင်မလွတ်အောင် ဆိုင်ကယ်တွေအထပ်ထပ်ကြားထဲမှာ စက်ဘီးတချို့လည်း နေရာဝင်လုကြရင်း ကျဉ်းကျဉ်းကျပ်ကျပ်ထဲမှာပဲ တည်းမယ့်နေရာကို မနည်းရောက်အောင် သွားခဲ့တယ်...။ 

မနက်ရောက်တော့ ကျွန်မစားချင်တာက ရှမ်းခေါက်ဆွဲဆိုင်ပါ ...။ မနက်စာ တို့ဖူးနွေးစားပြီး မဟာမြတ်မုနိဘုရားကို အရင်ဆုံးသွားဖူးတယ်..။ အဲဒီနောက်တော့ ဟိုမေးဒီမေးနဲ့ပဲ ထွန်းဦးစာပေ ကိုအရောက်သွားလို့ စာအုပ်တချို့ဝယ်လာဖြစ်တယ်..။ လူတွေစာသိပ်မဖတ်ကြဘူး ဘာညာသာရကာသာပြောနေပေမယ့် စာအုပ်ဈေးနှုန်းတွေက သာမာန်လူတချို့လက်လှမ်းမမီနိုင်တဲ့ဈေးတွေဖြစ်နေကြပြန်တယ်..။ စာရေးဆရာကောင်းကောင်း စာအုပ်အကြောင်းအရာကောင်းကောင်းဆိုရင်ပဲ ဈေးက အနည်းဆုံး ၃၀၀၀ လောက်ဖြစ်နေပါပြီ..။ အဲဒီနောက် အနီးအနားက ဈေးချိုသွားပြီး ရတနာပုံဈေးကို ဆက်သွားရင်းနဲ့ ၉ နာရီလောက်မှ စစ်ကိုင်းကို ဆက်ထွက်ဖြစ်ပါတယ်...။ ရတနာပုံတံတားကိုဖြတ်ပြီး ခဏနဲ့ပဲ စစ်ကိုင်းကိုရောက်ပါတယ်..။ 


မန္တလေးကို မကြာခဏရောက်ဖူးပေမယ့် စစ်ကိုင်းဘက်ကို တစ်ခါမှ မကူးခဲ့ဖူးတော့ ဒီတစ်ကြိမ်က ပထမဆုံးရောက်ဖူးခြင်းပါ..။ ကျွန်မအဓိကသွားချင်တဲ့နေရာက ကောင်းမှုတော်ဘုရားပါ..။ ဘုရားကိုရောက်တော့ ထင်ထားတာထက်တောင် ကြီးကျယ်ခမ်းနားသပ္ပာယ်လွန်းတာကို ကြည်ညိုဖွယ်ဖူးမြော်ရပါတယ်..။ ကောင်းမှုတော်ဘုရားကို ရောက်တာနဲ့တင်ပဲ ဒီခရီးလာခဲ့ရတာ အလွန်ကိုအဓိပ္ပာယ်ရှိပြီး ကြည်နူးရပါတယ်..။


ပြီးတော့ စစ်ကိုင်းတောင်ပေါ်ကို ဆက်တက်ပါတယ်...။ ဘုရားဖူးရင်း လှူရင်း ဧရာဝတီမြစ်အလှကို တောင်ပေါ်ကနေကြည့်ရင်း ခဏနားပြီးတော့ မင်းကွန်းဘက်ကို ဆက်သွားဖြစ်ခဲ့တယ်..။ ဧရာဝတီမြစ်ဘေးလမ်းကနေ လမ်းကျဉ်းကလေးကနေ ကားမောင်းသွားရတာ အသည်းထိတ်စရာပါ.။ ဒါပေမယ့် အန္တရာယ်တော့ မရှိပါဘူး..။ နောက်ထပ်လမ်းတွေကလည်း သိပ်မကောင်းတာမျိုးမဟုတ်ပေမယ့် ကျဉ်းလွန်းတယ်ထင်ပါတယ်..။ ဝေးလဲ နည်းနည်းတော့ဝေးတယ်..။ မင်းကွန်းပုထိုးတော်ကြီးကို မမြင်ခင် ပထမဆုံးတွေ့ရတာက ခြင်္သေ့ကြီးတစ်ကောင်ပါ ..။ နောက်ထပ်ဆက်တွေ့တာက နောက်ထပ်တစ်ကောင်နဲ့ တစ်ဖက်မှာ မင်းကွန်းပုထိုးတော်ကြီးပါ..။ ခြင်္သေ့ကြီးတွေက အံ့မခန်းလောက်အောင်ကြီးမားလွန်းလှပါတယ်..။ ပုထိုးတော်ကြီးရဲ့ ဗိသုကာလက်ရာတွေကလည်း အဲဒီခေတ်မှာ ဘယ်လိုများတည်ထားခဲ့သလဲလို့ စိတ်ဝင်စားသူတွေ လေ့လာချင်လောက်အောင်ကို ထူးခြားလှပါတယ်..။ ပြီးတော့ မင်းကွန်းခေါင်းလောင်းကြီးကို သွားကြည့်ပါတယ်..။ 



အဲဒီနောက်တော့ စစ်ကိုင်းကိုပြန်လာပြီး အဲဒီမှာ နေ့လည်စာစားခဲ့တဲ့ မြန်မာထမင်းဟင်းဘူဖေးက
 တော်တော်စားကောင်းပါတယ်.။ အခြားသူတွေပြောကြတာတော့ စစ်ကိုင်းက ဘူဖေးက တော်တော်နာမည်ကြီးတယ်ဆိုပဲ ..။ ပြီးတော့ စစ်ကိုင်းရောက်တုန်းရောက်ခိုက် မောင်လေးက မိုးမင်းဂစ်တာတစ်လက်လောက်ဝယ်ခဲ့ချင်တယ်ဆိုတာနဲ့ပဲ ဂစ်တာဆိုင်ကိုရှာရင်း ဂစ်တာတစ်လက်ဝယ်လို့ ... ပြန်လာဖြစ်တယ်..။ 

6 comments:

Anonymous said...

မန်းလေးရောက်ပြီးအသူနဲ့မဆုံလိုက်ရတာတကယ်စိတ်မကောင်းဘူး။နောက်တစ်ခေါက်အေးအေးဆေးဆေးကျတွေ့အုန်းမယ်နော်..
@Ahthu

Anonymous said...

မန်းလေးရောက်ပြီးအသူနဲ့မဆုံလိုက်ရတာတကယ်စိတ်မကောင်းဘူး။နောက်တစ်ခေါက်အေးအေးဆေးဆေးကျတွေ့အုန်းမယ်နော်..
@Ahthu

ထရီဆာ (Teresa) said...

ခရီးသွားပို့စ်လေး ဖတ်သွားခဲ့တယ် ညီမရေ၊
မိသားစုနဲ့ သွားရတဲ့ခရီးမို့ ပိုတန်ဘိုးရှိပါတယ်း)

စံပယ်ချို said...

မိသားနဲ့အတူ သွားခွင့်ရတာကိုက ဘုရားသခင်ရဲ့ အကောင်းဆုံးလက်ဆောင်ပါပဲညီမလေးရေ
မရောက်တာကြာခဲ့ပြီဖြစ်တဲ့ မြန်မာ့မြင်ကွင်းလေးကိုခံစားရင် အလွမ်းတွေပြည့်နေတဲ့ မကြီးဂျက်ကိုလဲသတိရသေးရဲ့လား.................

Phyu Lwin said...

ကျေးဇူးပါ အသူရေ... နောက်တစ်ခေါက်တွေတော့ ဆုံဖြစ်ဦးမှာပါ..။ ကျေးဇူးပါ အစ်မထရီဆာနဲ့ အစ်မစပယ်.. အမြဲတမ်း သတိရနေပါတယ်.. <3 <3 <3

Yoemyaykya said...

စစ်ကိုင်းကနေ မုံရွာဘက်ကူးခဲ့ပါရောလား။
စိတ်အ၀င်စားဆုံးက အောက်က ဂစ်တာဆိုင်ပဲ။ စစ်ကိုင်း ပုထိုးတော်ကြီးလဲ မရောက်တာကြာပီ။
အဲ ထွန်းဦးရောက်ခဲ့သေးတာလားမမ။ အနော်လဲ ထွန်းဦးမရောက်တာကြာပီ။ အနော်တော့ အရင်ကထက်စာရင် စာအုပ်ဝယ်တာရော စာဖတ်အားရောနည်းသွားပီ

Follow Us @soratemplates