လူတွေမှာ အဓိကအားဖြင့် ကံတရားက (၂) မျိုးရှိတယ်။ တစ်မျိုးက
ကိုယ်တိုင်ပြုလုပ်တဲ့ကံပေါ့။ အဲဒီအတွက် ကိုယ်ကြိုးစားရင်ကြိုးစားသလို၊
ဆင်ခြင်ရင် ဆင်ခြင်တဲ့အလျောက် ကောင်းတဲ့ကံဖြစ်အောင် လုပ်လို့ရသလို
ကိုယ့်ရဲ့အသုံးမကျမှု၊ လုံ့လအားထုတ်မကြိုးစားမှုကြောင့်
ဆိုးတဲ့ကံလည်းဖြစ်သွားနိုင်ပါတယ်။ ဒါကိုတော့ ပစ္စုပ္ပန်ကံ၊ ယခုဘဝကံလို့လည်း
ခေါ်ကြပါသေးတယ်။ ကိုယ့်ရဲ့ပယောဂမပါဘဲ သူ့အလိုလိုဖြစ်ပျက်ပြောင်းလဲ
ဖြစ်ပေါ်လာတဲ့ကံကတော့ နောက်တစ်မျိုးပေါ့။ အဲဒါကိုတော့ လောကဓံ၊
အတိတ်ကံလို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဥပမာ ထီပေါက်တာမျိုး၊ ရုတ်တရက် accident ဖြစ်တာမျိုး၊ အမှုအခင်းဖြစ်တာမျိုးတွေက လောကဓံတွေပဲ မဟုတ်လား။
လူတွေဟာ လောကဓံအလှည့်အပြောင်းမှာ နိမ့်ရာက မြင့်လာနိုင်သလို
မြင့်ရာကနေလည်း ရုတ်တရက် နိမ့်ဆင်းသွားနိုင်ပါတယ်။ အဲဒီလို လောကဓံကြောင့်
ကံကောင်းအကြောင်းလှလို့ ကိုယ်က မြင့်တဲ့နေရာမှာ ရောက်နေတဲ့အခိုက်
ကိုယ့်ထက်နိမ့်ကျသူ၊ အားနည်းသူကို မနှိမ်ချသင့်၊ အထင်အမြင်မသေးသင့်ပါဘူး။
ကိုယ်က အမြင့်ကိုရောက်နေတဲ့အခါ ကိုယ့်အောက်မှာရှိနေတဲ့၊ ကျန်နေတဲ့သူတွေကို
ကိုယ့်လောက်မတော်၊ မတတ်ဘူးဆိုတဲ့အတွေးမျိုးနဲ့ စိတ်ကြီးဝင်ပြီး
အထင်သေးစကား၊ နှိမ်ချတဲ့စကားတွေနဲ့ အနိုင်ပိုင်းသူမျိုးတွေလည်း ရှိပါတယ်။
တကယ်တော့ လောကဓံအလှည့်အပြောင်းမှာ တချိန်ချိန်တော့ အဲဒီလူတွေဟာလည်း
ကိုယ့်ထက်ပိုမြင့်မားတဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။ အဲဒီအခါ
ကိုယ်အထင်သေး၊ ရှုံ့ချခဲ့တဲ့လုပ်ရပ်ဟာ မျက်နှာပူစရာ၊ ရှက်စရာကောင်းမှန်း
နောင်မှ သိလာပါလိမ့်မယ်။
တခါတလေတွေ့ဖူးတာက ကိုယ့်လောက် ရာထူး၊ အာဏာ၊
ပါဝါမရှိတဲ့သူမျိုးဆိုရင် အချို့က အပေါင်းအသင်းတောင် မလုပ်ချင်ကြဘူး။
ဆိုလိုတာက လူတစ်ယောက်ဟာ သူတို့အတွက်၊ သူတို့အတ္တကို
အရောင်မြှင့်ပေးမယ့်သူမျိုးမဟုတ်နိုင်ဘူးလို့ သေချာတဲ့အခါမျိုးမှာ
အဲဒီလိုလူမျိုးကို လျစ်လျူရှုလိုက်ကြတယ်။ အထင်သေးလိုက်ကြတယ်။ တကယ်တော့
အပေါ်မှာဆိုခဲ့သလိုပဲ လောကဓံဆိုတဲ့အရာကို သူတို့မေ့နေကြလို့ပါ။ လူတိုင်းမှာ
သူတို့ရဲ့တန်ဖိုး၊ ဂုဏ်သိက္ခာဆိုတာရှိပါတယ်။ လူတိုင်းကတော့ ဘာပဲဖြစ်နေနေ
ကိုယ့်ကိုအသိအမှတ်ပြုတာ၊ ကိုယ့်ဖြစ်တည်မှုကို လေးစားတာ၊ အလေးထားတာ၊
အရေးတယူပြောဆိုဆက်ဆံတာကို လိုချင်ကြတာချည်းပါပဲ။ အဲဒီအတွက် ဘယ်သူ့ကိုမဆို၊
ဘယ်လိုအခြေအနေမျိုးကသူပဲဖြစ်ဖြစ် လေးလေးစားစားပြုမူဆက်ဆံသင့်ပါတယ်။
ဒါပေမယ့် အချို့ကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲရောက်နေတဲ့အခါ၊ လူတချို့က
သူတို့ရဲ့အောက် နိမ့်ပါးနေတဲ့အခိုက်မှာ အာဏာပါဝါပြကြတယ်။ တစ်ဖက်က
နိမ့်ကျတဲ့သူကို ဘာတန်ဖိုးမှမရှိသလို အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြတယ်။
တခါတလေ တစ်ဖက်သားရဲ့စိတ်ထဲမှာ ဒဏ်ရာအနာတရ ရသွားစေတဲ့အထိ မောက်မာရိုင်းပျစွာ
ပြုမူတာတွေလည်း တွေ့ဖူးပါတယ်။ ကံကြမ္မာအလှည့်အပြောင်းကြောင့်ဖြစ်စေ၊
ကြိုးစားမှုကြောင့်ဖြစ်စေ သူတို့က ရိုင်းပျစွာ အထင်သေးခဲ့တဲ့သူတွေဟာ
တချိန်ချိန်မှာ သူတို့ထက်မြင့်မားတဲ့အခြေအနေကို ရောက်သွားနိုင်တယ်ဆိုတာ
မသိကျိုးကျွန်ပြုထားကြတယ်။ တကယ်တော့ အနာဂတ်ဆိုတာ မသေချာပါဘူး။ မနက်ဖြန်မှာ
ဘာဖြစ်မယ်ဆိုတာတောင် သေချာမှန်းဆဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ဘယ်အရာမှ
မတည်မြဲပါဘူး။ ကိုယ့်ဘက်က ကံကောင်းအောင် ဘယ်လောက်ပဲကြိုးစားပေမယ့်
ကိုယ်ကြိုမမြင်နိုင်တဲ့ လောကဓံဆိုတဲ့ ကံကြမ္မာက ရှိသေးတယ်မဟုတ်လား။
အချုပ်အားဖြင့်ဆိုရရင်တော့ ကိုယ်က ဘယ်လိုနေရာ၊
ဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေ လူအားလုံးကို
လေးလေးစားစားပြောဆိုဆက်ဆံသင့်ပါတယ်။ ဒါဟာ လူပီသတဲ့
လူသားဆန်မှုသာလျှင်ဖြစ်ပါတယ်။
Written by Phyu Phyu Lwin
16 March 2019
No comments:
Post a Comment