Dreams ~~
Phyu Lwin
February 01, 2014
7 Comments
အချိန်တွေ
အကုန်မြန်လွန်းတာ ၂၀၁၄ ခုနှစ်အတွက် ဇန်န၀ါရီ တစ်လတောင် ကုန်ဆုံးသွားပြန်ပြီ ...။ မနေ့က
ဇန်န၀ါရီ ၃၁ ရက်က ကျမရဲ့ မွေးနေ့ ..။ ဒီနှစ်မွေးနေ့မှာ တစ်နေကုန်အလုပ်လုပ်ဖြစ်ပေမယ့်
ညနေပိုင်းမှာတော့ အိမ်မှာပဲ မိသားစုနဲ့ ခွေးတွေ ကြောင်တွေနဲ့ ဖြတ်သန်းဖြစ်တယ် ..။ သိပ်မကြာသေးခင်ကပဲ
ခွေးလေး ၂ ကောင်မွေးထားတယ် ..။ ရိုးရိုးခွေးလေး ၁ ကောင် အမွေးစုတ်ဖွား ခွေးဖြူလေး တစ်ကောင်ရယ်
ကြောင်က ၅ ကောင် ..။ နောက်များမှ သူတို့အကြောင်း တခမ်းတနား စာရေးဖြစ်အောင် ရေးပါဦးမယ်
...။
၂၀၁၄
နှစ်စပိုင်းကတည်းက ဒီတစ်နှစ်အတွင်းမှာ ဖြစ်ချင်တဲ့ မျှော်လင့်ထားတဲ့အိပ်မက်တွေကို အမှတ်ထင်ထင်ဖြစ်နေအောင်
မှတ်တမ်းထင်တဲ့အနေနဲ့ blog မှာ စာစီထားမယ်လို့ စိတ်ကူးဖြစ်ပေမယ့် မရေးဖြစ်ခဲ့ပါဘူး
..။ မနေ့က မွေးနေ့ကို ဖြတ်သန်းပြီးသွားတဲ့အခါ အသက်တစ်နှစ်ကြီးသွားတယ်ဆိုတာကို ခံစားမိလာတာနဲ့အမျှ
အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက်က ပိုခိုင်မာလာတယ် ...။
So what??
In
2014,,,,
After
31th January,,,,
What’s
I want?? What’s I expect?? What’s I wanna do??
၂၀၁၄
ခုနှစ်အတွင်း .... ပြီးခဲ့တဲ့ပို့စ်မှာ ရေးထားခဲ့သလို အပြောင်းအလဲကို လက်ခံပြီးသွားပြီ
..။ အလိုက်သင့်နေထိုင်နိုင်အောင် ကြိုးစားနေရင်း .. အိပ်မက်တွေကို ဆုပ်ကိုင်ထားဆဲ
...။
Okay!!
၂၀၁၄ အတွက် ကျမရဲ့ အိပ်မက်တွေ ချရေးကြည့်ပါမယ် ..။ နှစ်ကုန်ပိုင်းရောက်ရင်တော့ အဲဒီအိပ်မက်တွေအားလုံး
အကောင်အထည်ဖော်ဖြစ်ခဲ့မခဲ့ ဒီပို့စ်ကို ပြန်ကြည့်ရင်း ပြန်စစ်လို့ရပါပြီ ..။
ပထမဆုံးအနေနဲ့
ပညာရေးပေါ့ ..။ ဒါကလည်း ကျမရဲ့ ၀ါသနာတစ်စိတ်တစ်ပိုင်းပါပဲ ...
ဒီနှစ်အတွင်း
Ph.D scholarship တစ်ခုရချင်ပါတယ် ...။ အင်တာနက်သုံးဖြစ်တိုင်း ကြည့်ဖြစ်တဲ့ဆိုဒ်တွေက
scholarship နဲ့ဆိုင်တဲ့ website တွေကလည်း အပါအ၀င်ပါပဲ ..။ ဘယ်ဘာသာရပ်နဲ့လည်းဆိုရင်
Social science နဲ့ လျှောက်ချင်တယ် ..။ အထူးသဖြင့် rural development နဲ့ ပတ်သက်တဲ့
သုတေသနတစ်ခုကို စာတမ်းရေးချင်လို့ပါ ...။ ကြည့်ဖြစ်တိုင်းတွေ့မိတဲ့ offer တော်တော်များများက
Master courses တွေအတွက် ဦးစားပေးပြီး ပေးကြတာများတယ် ..။ Doctoral studies အတွက်
အနည်းဆုံး ၃ နှစ်ပေးရတာဆိုတော့ နှစ်နည်းနည်းနဲ့ အရေအတွက်များများပေးလို့ရတဲ့ မာစတာတန်းတွေပဲ
ပေးချင်ကြတာမျိုးထင်ပါတယ် ..။ နိုင်ငံအနေနဲ့ကတော့ မပြောတော့ပါဘူးနော် ...။ ရောက်ဖြစ်တဲ့အခါ
ဒီနေရာမှာ စာရေးရင် ဘယ်နိုင်ငံမှာလည်းဆိုတာ အားလုံးတွေ့ရမှာပါ ...။
နောက်ပြီးတော့
မိသားစုအရေး ...။
မောင်နှမတွေထဲမှာ သူ့ပညာရေးနဲ့ သူ့အလုပ်အကိုင်နဲ့ အားလုံး အခြေတကျရှိနေကြပြီဖြစ်ပေမယ့်
.. အငယ်ဆုံးမောင်လေးကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကမှ ဘွဲ့တစ်ဘွဲ့ရပါတယ် ..။ စာဆက်လုပ်ဖို့လည်း
ဝါသနာမပါ .. စီးပွားရေးလုပ်ဖို့လည်း လူရည်မလည်ဆိုတော့ သူ့ဘ၀ကို အဆင်ပြေပြေဖြစ်အောင်
လမ်းညွှန်ပေးနိုင်တဲ့သူဖြစ်ချင်မိတယ် ..။ ဘာလုပ်ခိုင်းရမယ်ဆိုတာ သေချာမစဉ်းစားတတ်သေးပဲ
သူ့အတွက် ပူနေရတယ် ..။ ကျမက ကိုယ့်အတွက်ကိုတော့ ဘာဆက်လုပ်ရမယ် ဘယ်လိုလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းတွေးတတ်ပေမယ့်
အခြားသူတစ်ယောက်အတွက်တော့ သင့်လျော်ရာကို လမ်းကြောင်းပေးတတ်သူမဟုတ်ဘူးထင်တယ် ...။ သူ့ဘ၀ကို
အကောင်းဆုံးဖြစ်အောင် လမ်းပြပေးနိုင်တဲ့သူ၊ ပံ့ပိုးပေးနိုင်တဲ့သူဖြစ်ချင်တယ် ..။သူ့ဘ၀လှပသွားရင်
မိဘနှစ်ပါးစလုံး ပျော်ရွှင်ကြည်နူးကြမှာမို့ မိဘကို ကျေးဇူးဆပ်ခြင်းတစ်မျိုးပါပဲ
...။
ပြီးတော့
အလုပ်အကိုင် ...စီးပွားရေး??
ဒါနဲ့ပတ်သက်လို့ကတော့
ပညာရေးနဲ့ဆက်စပ်နေတော့ ထွေထွေထူးထူးသိပ်မရှိပါဘူး ...။ ပညာဆက်သင်ရင်း သုတေသနတွေလုပ်ရင်း
စာတမ်းတွေရေးမယ် ...။ အသိအမှတ်ပြုထားတဲ့ ဂျာနယ်တွေမှာ ပါနိုင်ဖို့ကြိုးစားမယ် ..။ ဒီလောက်ပါပဲ
..။
နောက်တစ်ခုက
လူမှုရေး ???
ဟိုးအရင်ကတည်းက သိပြီးသားအပေါင်းအသင်း၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်တွေ၊
အခုနောက်ပိုင်းမှ သိကျွမ်းလာတဲ့သူအားလုံးနဲ့ အဆက်မပြတ်အောင် နေပါမယ် ..။ တစ်ယောက်တည်း
သီးသန့်နေရတာကို ကြိုက်တတ်တဲ့သူမျိုးဖြစ်ပေမယ့် လူဆိုတာ လူ့အဖွဲ့အစည်းတွင်းမှာနေရတာဆိုတော့
အဖွဲ့အစည်းနဲ့ ကင်းကွာပြီးမနေဖြစ်အောင် ကြိုးစားပါမယ် ..။ Email ယဉ်ကျေးမှု၊ Phone ယဉ်ကျေးမှု
တွေကို လိုက်နာနိုင်အောင် ကြိုးစားပါမယ် ....။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ မေးလ်တစ်စောင်ဝင်လာရင်
ချက်ချင်း reply လုပ်တတ်တဲ့အကျင့်၊ စီနီယာ၊ ဂျူနီယာ၊ ဆရာတွေကို တခါတလေဖုန်းနဲ့ နှုတ်ဆက်တဲ့အကျင့်တွေကို
ကျင့်သုံးပါမယ် ..စသဖြင့် စသဖြင့်ပေါ့ ...။
ဘာသာရေး
???
မနက်ခင်းတိုင်း၊
ညအိပ်ခါနီးတိုင်း ဘုရားရှိခိုး၊ မေတ္တာပို့တဲ့အကျင့်၊ ဘုရားဆွမ်းတော်ကပ်၊ သောက်တော်ရေချမ်းဆက်ကပ်တဲ့အကျင့်တွေကို
တနေ့မှမပြတ်စေရအောင် သတိထားကြိုးစားပါမယ်။ မိသားစုနဲ့အတူတူ အလှူတွေလုပ်ရင်း ဒီနှစ်သင်္ကြန်မှာ
တရားစခန်းဝင်ဖြစ်အောင် ကြိုးစားပါမယ် ..။
ပြီးတော့
ကျမရဲ့ ၀ါသနာ ???
ဝါသနာကတော့
သိကြတဲ့အတိုင်း စာရေးတာပါပဲ ..။ မြန်မာနိုင်ငံမှာ ရှိနေတုန်း အက်ဆေးတစ်ချို့ ကောင်းကောင်းရေးရင်း
မဂ္ဂဇင်းတွေကို ပို့မယ်လို့ စဉ်းစားထားပါတယ်..။ ဒါပေမယ့် ဒါက သိပ်တော့ မသေချာပါဘူး
.. ကျမ အရည်အသွေးမီအောင် ရေးနိုင်မှာ မဟုတ်ဘူးထင်တယ် ..။ အဓိက က အချိန်မပေးနိုင်မှာကြောင့်ပါ
..။ ဒါပေမယ့်လည်း မျှော်လင့်ထားတာကတော့ Blog မှာ အနည်းဆုံး ပို့စ် ၅၀ ပြည့်အောင်တော့
ရေးဖြစ်ဖို့ ကြိုးစားပါမယ် ..။
အချစ်ရေးတော့ မရေးတော့ပါဘူး :D :D
------------------------------------------
ပြန်ဖတ်မိရင်း ဒါကို တော်တော်များများ tag post အနေနဲ့ရေးရင် ကောင်းမှာပဲလို့ စိတ်ကူးမိတယ် ..။ စာဖတ်သူတွေလဲ ဘလော့ဂါတွေရဲ့ ၂၀၁၄ အတွက် မတူညီတဲ့အိပ်မက်တွေကို ခံစားခွင့်ရရင်း ဘလော့ဂါတွေလည်း ကိုယ့်အိပ်မက်တွေကို မှတ်တမ်းတင်ရင်း ပျော်စရာကောင်းမယ်ထင်ပါတယ် ..။
facebook မှာတော့ မိုးသက်ရယ်၊ အသူရယ်၊ ရိုးမြေကျရယ် ကို ပြောပြီးပါပြီ ..။
ဘလော့မှာတော့ အမြဲလာလည်ပြီး အားပေးတတ်တဲ့ မမစံပယ်၊ မမအိုင်အိုရာ ...
ပြီးတော့ ကျမသိတဲ့ မမိုးငွေ့၊ မပစ်၊ ကန်ဒီ၊ စုမြတ်၊ အန်တီတင့်၊ ဆရာဟန်ကြည်၊ နွေလ
တကယ်တော့ ကျမက blogger တော်တော်များများကို မသိတာကများတယ်ထင်တယ် ..။ အားလုံးလိုလို ရေးဖြစ်ရင်ကောင်းမှာပဲနော် ..။ ဒီပို့စ်ကို လာဖတ်မိတဲ့ blogger သူငယ်ချင်းတွေလည်း ကိုယ်နဲ့ရင်းနှီးတဲ့နောက်ထပ် blogger တွေကို ထပ် tag ပြီး အိပ်မက်ကလေးတွေ ချရေးစေရင် တကယ် ပျော်မိမှာပါ ....။

