Monday, 15 April 2019

မနက်ဖြန်မှ ပြုံးတော့မယ်

April 15, 2019 0 Comments


သင်္ကြန်အားလပ်ရက်အတွင်း စာတွေဖတ်ဖြစ်အောင် စာအုပ်တွေဝယ်ထားခဲ့တယ်။ အဲဒီစာအုပ်တွေထဲက ပထမဆုံးဖတ်ပြီးသွားတဲ့ ရသစာအုပ်လေးတစ်အုပ်အကြောင်း ပြောပြချင်တယ်။ စာအုပ်ရဲ့အမည်က “မနက်ဖြန်မှ ပြုံးတော့မယ်” တဲ့။ ရေးသူက စာရေးဆရာမ “သော်တာအေးလဲ့” ဖြစ်ပါတယ်။ ဒီစာအုပ်က ဆရာမရဲ့ ဒုတိယလုံးချင်းဝတုဖြစ်ပါတယ်။ ပထမစာအုပ်ဖြစ်တဲ့ “လရိပ်ပိုးမျှင်” ဆိုတဲ့စာအုပ်က ၂၀၁၇ လောက်မှ ထွက်ခဲ့တာဖြစ်ပြီး မဖတ်ဖြစ်ခဲ့ပါဘူး။ ဒီစာအုပ်ကတော့ ၂၀၁၈ ခုနှစ်ဂုတ်လက ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၂ ရက်နေ့က ဈေးဝယ်ရင်း သင်္ကြန်အတွက်စာအုပ်တွေဝယ်ဖို့သတိရသွားရာက Ocean shopping center ရဲ့ စာအုပ်စင်ပေါ်က တစ်နေရာမှာ ဒီစာအုပ်ကလေးကို တွေ့လိုက်မိတာ ကံကောင်းတယ်ဆိုရမယ်။ အဲဒါကြောင့်သာ ရသစာပေစစ်စစ်တွေရှားပါးလှတဲ့အခိုက်မှာ တကယ့်ရသမြောက်တဲ့စာတစ်အုပ်ကို ဖတ်ခွင့်ရခဲ့တာမဟုတ်လား။

အချိန်တွေလည်း ရှားပါးလာသလို ဖျော်ဖြေမှုပစည်းတွေများပြားလာတဲ့ခေတ်မှာ လူတော်တော်များများဟာ ရသစာပေကို အချိန်ပေးဖတ်တာ အားနည်းလာကြတယ်။ အဲဒါအပြင်ခေတ်ကာလဟာ အပြိုင်အဆိုင်တွေကြားထဲ စိတ်ဖိစီးမှုတွေ၊ ရှုံးနိမ့်မှုတွေလည်း မကြာခဏကြုံလာရတော့ စိတ်အားတက်ကြွစေတဲ့ တက်ကျမ်းတွေဟာ ရသစာပေကို လွှမ်းမိုးလာကြတယ်။ ဒီမှာကိုပဲ Best seller စာအုပ်တွေကိုကြည့်လိုက်ရင် စိတ်ခွန်အားဖြည့်စာပေတွေ၊ ဘာသာပြန်မှတ်စုတွေက အများစုဖြစ်နေကြတာပဲ မဟုတ်လား။ ပြိုင်ဆိုင်မှုတွေများတဲ့ခေတ်ကြီးထဲမှာ ရသမျှအချိန်လေးကြောင့် နက်နက်နဲနဲတွေးရတဲ့၊ တစိမ့်စိမ့်ခံစားရတဲ့ ရသစာပေကို အားမသန်ကြတော့ဘဲ ပြောချင်ရာကို တိုက်ရိုက်မီးမောင်းထိုးပြတတ်တဲ့၊ ချက်ချင်းလက်ငင်းအသုံးချလို့ရတဲ့ သုတစာပေတွေဖက်ကို ပိုအားသန်လာကြပြန်တယ်။

တကယ်တမ်းတော့ ရသစာပေဆိုတာ လူတွေရဲ့စိတ်ကို ပြုပြင်ပေးတဲ့၊ လူတွေရဲ့အတွေးအခေါ်၊ အယူအဆကို ထိန်းကျောင်းပေးတဲ့ တန်ဖိုးရှိတဲ့စာပေအမျိုးအစားတစ်ခုပါ။ သုတစာပေလို ဆိုလိုချင်တဲ့အကြောင်းအရာကို တိုက်ရိုက်မရေးဘဲ လူတွေ သူ့အလိုလို နားလည်လက်ခံလာအောင် ရသအမျိုးမျိုးခံစားစေရင်းမှ သွယ်ဝိုက်ပြုပြင်ပေးတဲ့ စာပေမျိုးလို့လည်း ဆိုချင်တယ်။ ကလေးတစ်ယောက်ကို ဆုံးမတဲ့အခါ တိုက်ရိုက်ပြောလို့ သူလက်ခံချင်မှလက်ခံမှာဖြစ်ပေမယ့် ဥပမာလေးတွေပေးတာ တဖြည်းဖြည်းချင်း သူ့အလိုလို လိုက်နာနားလည်စေသလိုမျိုးပေါ့လေ။
အဲဒီအတွက်ကြောင့် ရသစာပေကို လူတွေပြန်ဦးလှည့်စေဖို့ရာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တာမို့ ကိုယ်သဘောကျမိတဲ့ ရသစာအုပ်လေးတွေဆိုရင် ဒီမှာ လာပြောပြဖြစ်တာပါ။

“မနက်ဖြန်မှ ပြုံးတော့မယ်” စာအုပ်အကြောင်း ပြန်ပြောရရင် ငယ်စဉ်က ပုံမှန်မဟုတ်တဲ့ဘဝမျိုးမှာ ကြီးပြင်းခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို သရုပ်ဖော်ထားခဲ့တာပါ။ စာတစ်ကြောင်းချင်းစီတိုင်းရဲ့ အရေးအသား၊ အဖွဲ့အနွဲ့တွေကြောင့် စာရေးဆရာမလေးဟာ လူသာငယ်ပေမယ့် ပညာကမသေးကြောင်း မီးမောင်းထိုးပြနေသလိုပါပဲ။ အစကနေအဆုံးတိုင် အချိတ်အဆက်မိမိနဲ့ တစ်နေရာမှ လစ်ဟာမှုမရှိဘဲ သရုပ်ဖော်ရေးဖွဲ့ထားကာ စာကြောင်းတိုင်းဟာ ရသမြောက်လှပါတယ်။ အဲဒီလိုဆိုပေမယ့်လည်း သာမာန်လူတွေနားမလည်လောက်တဲ့ အရေးအသားမျိုးမဟုတ်ဘဲ ဖတ်သူတိုင်းလည်း နားလည်လွယ်တဲ့ အရေးအဖွဲ့ပါ။ စာကြောင်းတိုင်းကို ရသမြောက်အောင် ရေးနိုင်တာကတော့ စာရေးသူရဲ့ ပညာဝမ်းစာပြည့်ဝမှုနဲ့ ပါရမီထက်သန်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ၂၀၁၈၊ ၈ လပိုင်းကတည်းက ထွက်ထားခဲ့တဲ့စာအုပ်ဟာ ၂၀၁၉ ဧပြီလအထိ စာအုပ်ဆိုင်မှာရှိနေတာ ကိုယ့်အတွက် တော်တော်ကံကောင်းပါတယ်။ အဲဒါကြောင့်သာ တခါတရံမှသာ ရှားရှားပါးပါးထွက်ပေါ်လာတဲ့ ရသစာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ကို အပြည့်အဝခံစားခဲ့ရတာမဟုတ်လား။ ဆရာမဟာ လူငယ်တစ်ယောက်သာရှိသေးတာမို့ လူငယ်ထဲက ရသစစ်စစ်စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်နိုင်တာ ပိုပြီး ဝမ်းသာဂုဏ်ယူရပါတယ်။ 

 


Monday, 1 April 2019

အက်ဆေးအကြောင်း အက်ဆေး

April 01, 2019 1 Comments

ဆရာမင်းလူရဲ့ အက်ဆေးပေါင်းချုပ်စာအုပ်ကို စဖတ်ဖြစ်တာ မှတ်မှတ်ရရ ၂၀၁၉ စစချင်း ဇန်နဝါရီ ၁ ရက်နေ့ကပါ။ ဒီကြားထဲ မအားတာရော၊ အခြားစာအုပ်တွေ ဖတ်ဖြစ်နေတာရောကြောင့် တော်တော်နဲ့ ဖတ်လို့မပြီးရာက အခုမှသာ ဖတ်လို့ပြီးတော့တာပါပဲ။ ဆရာမင်းလူက ကိုယ့်အကြိုက်ဆုံး စာရေးဆရာတွေထဲမှာ ထိပ်ဆုံးကပါသူတစ်ယောက်ပါ။ သူ့ရဲ့ရသစာပေတွေကို ကြိုက်လွန်းလို့ ထွက်သမျှ၊ လက်လှမ်းမီသမျှကို ဖတ်ဖြစ်တယ်။ ဖတ်သမျှတိုင်းမှာ လုံးချင်းတွေသာမကဘဲ ဝတုတိုတွေ၊ အက်ဆေးတွေရော အားလုံးကိုကြိုက်တယ်။ ဖတ်ပြီးရင် ရသတကယ်ခံစားရပြီး တသသစွဲထင်ကျန်နေခဲ့တဲ့စာပေတွေ။ တကယ်တော့ ကိုယ်က ရသစာပေမှာဆိုရင် ဝတုတိုတွေထက် လုံးချင်းဝတုရှည်တွေကို ပိုကြိုက်သူဆိုပေမယ့် ဆရာမင်းလူရေးသမျှကတော့ အားလုံးကို ကြိုက်တာပါပဲ။ ဆရာက သူ့လက်နဲ့ရေးသမျှတိုင်းဟာ ရသမြောက်တဲ့စာပေတွေဖြစ်နေတာကြောင့် စာရေးရာမှာ တကယ့်ကို ထူးတဲ့ပါရမီရှင်သာဖြစ်ပါတယ်။

ဆရာရေးတဲ့အက်ဆေးတွေ (မဂဇင်းတွေမှာ ပါပြီးတဲ့အက်ဆေးတွေ၊ အချို့စာအုပ်တွေမှာပါထားတဲ့အက်ဆေးတွေ) ကို စုထုတ်ထားတဲ့ ဒီအက်ဆေးပေါင်းချုပ်စာအုပ်ကို စသိကတည်းက ဝယ်ချင်တာ။ ကိုယ်က အဲဒီတုန်းက မြန်မာမှာရှိမနေတာကြောင့် မဝယ်ဖြစ်တာ။ အဲဒါနဲ့ပဲ ၂၀၁၈ နှောင်းပိုင်းလောက်မှ ဝယ်ဖြစ်ပြီး ဒီနှစ်ထဲမှ စဖတ်ဖြစ်တာ။ ဘယ်နှစ်ကထုတ်တယ်ဆိုတာတော့ စာအုပ်ထဲမှာမပါဘူး။ တန်ဖိုးက ၇၀၀၀၊ စာမျက်နှာပေါင်းက ၃၃၅ မျက်နှာနဲ့ အက်ဆေးပေါင်း ၉၁ ပုဒ်ပါတယ်။ ပထမဆုံးအက်ဆေးကနေ နောက်ဆုံးအက်ဆေးထိ အပုဒ်တိုင်းဟာ စိတ်ဝင်စားစရာအကြောင်းအရာတွေချည်းပဲ ။ အချို့အက်ဆေးတွေကတော့ ဆရာ့ရဲ့ မိသားစုအကြောင်း၊ အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်းအပေါင်းအသင်းတွေအကြောင်း အမှတ်တရရေးထားတဲ့ အက်ဆေးတွေဖြစ်တယ်။ အချို့အက်ဆေးတွေကတော့ အကြောင်းအရာတစ်ခုကို အခြေခံပြီးရေးထားတဲ့ အက်ဆေးတွေ (ဥပမာ အီးလောကတို့၊ သွားများကို မနာအောင်နှုတ်ပေးမည် တို့စတဲ့ အက်ဆေးမျိုးပေါ့)။

အက်ဆေးဆိုလို့ အက်ဆေးဆိုတာဘာလဲဆိုတဲ့အကြောင်း ဒီစာအုပ်ထဲမှာ ဆရာရေးထားတဲ့ “အက်ဆေးအကြောင်း အက်ဆေး” ဆိုတာလေး နည်းနည်း ပြောပြချင်မိတယ်။ အက်ဆေး (Essay) ဆိုတာက အင်္ဂလိပ်လိုဆိုလိုတာဖြစ်ပြီး မြန်မာလိုတော့ စာစီစာကုံးလို့ပဲ အများက နားလည်ထားကြတာပေါ့။ အမျိုးမျိုးတော့ သုံးနှုန်းကြရာမှာ စာတမ်းငယ်စာတမ်းများ၊ အစမ်းစာ၊ ရသစာတမ်းငယ် စသဖြင့် သတ်မှတ်ခေါ်ဝေါ်တာမျိုးလည်း ရှိကြတယ်ဆိုရာဝယ် ဆရာမင်းလူကတော့ အက်ဆေးဆိုတဲ့စကားလုံးကိုပဲ သုံးခဲ့ပါတယ်။ ဒီမှာ အဓိကပြောပြချင်တာက အက်ဆေးပဲဆိုဆို စာတမ်းငယ်ပဲဆိုဆို၊ စာစီစာကုံးပဲ ပြောကြပါစေ အခြားအမျိုးအစားတွေဖြစ်တဲ့ ဝတု၊ ဆောင်းပါး စတာတွေနဲ့ ဘယ်လိုကွာသလဲဆိုတာလေး ဒီအက်ဆေးထဲမှာ ဆရာရှင်းပြတဲ့အတိုင်း sharing လုပ်ပေးချင်ပါတယ်။ 
*****************************************
 
“ အစဉ်အလာအတိုင်းပြောရလျှင် ဝတ ဇာတ်လမ်းပါသည်။ ဇာတ်ဆောင်တွေပါသည်။ ဇာတ်ဆောင်တို့၏ စရိုက်ကို ပီပြင်အောင် ဖော်ရသည်။ ဇာတ်ရှိန်တက်အောင် လုပ်ရသည်။ ဇာတ်ကွက်တင်ရသည်။ ဇာတ်ကိုဖြေပေးရသည်။ စ၊လယ်၊ဆုံး အကွက်လည်အောင် တင်ပြရသည်။

အက်ဆေးမှာကျတော့ ဇာတ်လမ်းဟူ ပါချင်မှပါသည်။ တချို့ပါချင်လည်း ပါမည်။ သို့ရာတွင် ဇာတ်လမ်းတွေ၊ ဇာတ်ဆောင်တွေကို ငဲ့ကွက်စရာမလို။ ဇာတ်ကြောင်းကို အဆုံးထိ ပြောချင်မှပြောမည်။ ပြချင်သည့်အပိုင်းကိုသာ ကွက်ပြချင်ပြမည်။ ဇာတ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့လည်း တာဝန်ယူစရာမလို။

အက်ဆေးသည် ဆောင်းပါးနှင့်လည်းမတူ။ ဆောင်းပါးက အချက်အလက်ကို အားကိုးသည်။ တင်ပြသည့်အကြောင်းအရာက တိကျခိုင်မာရမည်။ ကောင်း၏ဆိုးမှား ခွဲခြားပေးရမည်။ ရည်ရွယ်ချက်ကိုရောက်အောင် ရှင်းရှင်းလင်းလင်းဖော်ပြပြီး နိဂုံးချုပ်ပေးရမည်။ 

အက်ဆေးကျတော့ အချက်အလက်ကိုအားမကိုး။ စိတ်ကူးစိတ်သန်းကို အားကိုးသည်။ ခိုင်မာတိကျသည့် အထောက်အထား၊ အကိုးအကားတွေ ပါချင်မှပါမည်။ ဗဟုသုတဖြစ်စရာတွေ၊ ပညာပေးတွေ၊ အကျိုးပြုတာတွေ ရှိချင်မှလည်း ရှိမည်။ စာရေးသူက စိတ်ကူးအလျဉ်းသင့်သလို ချရေးသွားမည်သာ ဖြစ်၏။”
*********************************************
 
ဆရာ့ရဲ့ အက်ဆေးအကြောင်းအက်ဆေးကို အရင်က ဖတ်ခဲ့ဖူးတယ်။ ကိုယ့် Blog မှာ ကိုယ်ရေးတာတွေက ဝတု၊ ဆောင်းပါးထက် အက်ဆေးပုံစံတွေပိုများတော့ အဲဒီကတည်းက Blog မှာ အက်ဆေးဆိုတဲ့ label တစ်ခုသပ်သပ်ထားပြီး ရေးဖြစ်ခဲ့တာ ဒီနေ့ထက်ထိပါပဲ ။ ၂၀၁၂ ခုနှစ်က Blog မှာ ကိုယ်စာတွေစရေးတော့ ဘာရေးရမယ် သေချာမသိဘူး။ အဲဒီမှာ စာရေးဆရာတစ်ယောက်ပြောတာကို သတိရမိသွားခဲ့တယ်။ စာရေးတတ်သူဟာ အကြောင်းအရာကြီးကြီးမားမားမဟုတ်ဘဲ စကားလုံးလေးတစ်လုံးကနေလဲ စာစီကုံးနိုင်ရမယ် ဆိုတာပါပဲ။ အဲဒီကနေစပြီး ကိုယ်က ဇာတ်လမ်းဇာတ်ကွက်တွေထက် စကားတစ်လုံး၊ အကြောင်းအရာတစ်ခုအပေါ် အခြေခံတဲ့ အက်ဆေးတွေ ရေးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဇာတ်ဆောင်တွေပါတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို သရုပ်ဖော်မရေးတတ်တာကြောင့်လည်း အက်ဆေးရေးရတာ အားသန်တာဖြစ်ပါလိမ့်မယ်။


ဆိုတော့ ဆရာ့ရဲ့ အက်ဆေးပေါင်းချုပ် စာအုပ်အကြောင်း ပြန်ဆက်ရရင် တကယ့်ကို လေးလေးပင်ပင် အရသာရှိလှတဲ့ ဟင်းတစ်ခွက်နဲ့တူတယ်။ ဖတ်ရတာ လက်က မချချင်လောက်အောင် အက်ဆေးတိုင်းက ရသမြောက်ကာ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ကိုယ့်လို စာရေးဝါသနာပါကာ စာမရေးတတ်သူတစ်ဦးအတွက်ဆို ဆရာရေးတဲ့အက်ဆေးတွေကနေ အက်ဆေးရေးဟန်တွေကို လေ့လာအတုယူလို့လည်း ရသေးတယ်။ တကယ့်ကို အဖိုးတန်လှတဲ့ စာအုပ်တစ်အုပ်ပါပဲ။

Noted by Phyu Phyu Lwin
1/4/2019

Monday, 18 March 2019

#Pay_Respect

March 18, 2019 0 Comments
လူတွေမှာ အဓိကအားဖြင့် ကံတရားက (၂) မျိုးရှိတယ်။ တစ်မျိုးက ကိုယ်တိုင်ပြုလုပ်တဲ့ကံပေါ့။ အဲဒီအတွက် ကိုယ်ကြိုးစားရင်ကြိုးစားသလို၊ ဆင်ခြင်ရင် ဆင်ခြင်တဲ့အလျောက် ကောင်းတဲ့ကံဖြစ်အောင် လုပ်လို့ရသလို ကိုယ့်ရဲ့အသုံးမကျမှု၊ လုံ့လအားထုတ်မကြိုးစားမှုကြောင့် ဆိုးတဲ့ကံလည်းဖြစ်သွားနိုင်ပါတယ်။ ဒါကိုတော့ ပစ္စုပ္ပန်ကံ၊ ယခုဘဝကံလို့လည်း ခေါ်ကြပါသေးတယ်။ ကိုယ့်ရဲ့ပယောဂမပါဘဲ သူ့အလိုလိုဖြစ်ပျက်ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ကံကတော့ နောက်တစ်မျိုးပေါ့။ အဲဒါကိုတော့ လောကဓံ၊ အတိတ်ကံလို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဥပမာ ထီပေါက်တာမျိုး၊ ရုတ်တရက် accident ဖြစ်တာမျိုး၊ အမှုအခင်းဖြစ်တာမျိုးတွေက လောကဓံတွေပဲ မဟုတ်လား။

လူတွေဟာ လောကဓံအလှည့်အပြောင်းမှာ နိမ့်ရာက မြင့်လာနိုင်သလို မြင့်ရာကနေလည်း ရုတ်တရက် နိမ့်ဆင်းသွားနိုင်ပါတယ်။ အဲဒီလို လောကဓံကြောင့် ကံကောင်းအကြောင်းလှလို့ ကိုယ်က မြင့်တဲ့နေရာမှာ ရောက်နေတဲ့အခိုက် ကိုယ့်ထက်နိမ့်ကျသူ၊ အားနည်းသူကို မနှိမ်ချသင့်၊ အထင်အမြင်မသေးသင့်ပါဘူး။ ကိုယ်က အမြင့်ကိုရောက်နေတဲ့အခါ ကိုယ့်အောက်မှာရှိနေတဲ့၊ ကျန်နေတဲ့သူတွေကို ကိုယ့်လောက်မတော်၊ မတတ်ဘူးဆိုတဲ့အတွေးမျိုးနဲ့ စိတ်ကြီးဝင်ပြီး အထင်သေးစကား၊ နှိမ်ချတဲ့စကားတွေနဲ့ အနိုင်ပိုင်းသူမျိုးတွေလည်း ရှိပါတယ်။ တကယ်တော့ လောကဓံအလှည့်အပြောင်းမှာ တချိန်ချိန်တော့ အဲဒီလူတွေဟာလည်း ကိုယ့်ထက်ပိုမြင့်မားတဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။ အဲဒီအခါ ကိုယ်အထင်သေး၊ ရှုံ့ချခဲ့တဲ့လုပ်ရပ်ဟာ မျက်နှာပူစရာ၊ ရှက်စရာကောင်းမှန်း နောင်မှ သိလာပါလိမ့်မယ်။

တခါတလေတွေ့ဖူးတာက ကိုယ့်လောက် ရာထူး၊ အာဏာ၊ ပါဝါမရှိတဲ့သူမျိုးဆိုရင် အချို့က အပေါင်းအသင်းတောင် မလုပ်ချင်ကြဘူး။ ဆိုလိုတာက လူတစ်ယောက်ဟာ သူတို့အတွက်၊ သူတို့အတ္တကို အရောင်မြှင့်ပေးမယ့်သူမျိုးမဟုတ်နိုင်ဘူးလို့ သေချာတဲ့အခါမျိုးမှာ အဲဒီလိုလူမျိုးကို လျစ်လျူရှုလိုက်ကြတယ်။ အထင်သေးလိုက်ကြတယ်။ တကယ်တော့ အပေါ်မှာဆိုခဲ့သလိုပဲ လောကဓံဆိုတဲ့အရာကို သူတို့မေ့နေကြလို့ပါ။ လူတိုင်းမှာ သူတို့ရဲ့တန်ဖိုး၊ ဂုဏ်သိက္ခာဆိုတာရှိပါတယ်။ လူတိုင်းကတော့ ဘာပဲဖြစ်နေနေ ကိုယ့်ကိုအသိအမှတ်ပြုတာ၊ ကိုယ့်ဖြစ်တည်မှုကို လေးစားတာ၊ အလေးထားတာ၊ အရေးတယူပြောဆိုဆက်ဆံတာကို လိုချင်ကြတာချည်းပါပဲ။ အဲဒီအတွက် ဘယ်သူ့ကိုမဆို၊ ဘယ်လိုအခြေအနေမျိုးကသူပဲဖြစ်ဖြစ် လေးလေးစားစားပြုမူဆက်ဆံသင့်ပါတယ်။

ဒါပေမယ့် အချို့ကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲရောက်နေတဲ့အခါ၊ လူတချို့က သူတို့ရဲ့အောက် နိမ့်ပါးနေတဲ့အခိုက်မှာ အာဏာပါဝါပြကြတယ်။ တစ်ဖက်က နိမ့်ကျတဲ့သူကို ဘာတန်ဖိုးမှမရှိသလို အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြတယ်။ တခါတလေ တစ်ဖက်သားရဲ့စိတ်ထဲမှာ ဒဏ်ရာအနာတရ ရသွားစေတဲ့အထိ မောက်မာရိုင်းပျစွာ ပြုမူတာတွေလည်း တွေ့ဖူးပါတယ်။ ကံကြမ္မာအလှည့်အပြောင်းကြောင့်ဖြစ်စေ၊ ကြိုးစားမှုကြောင့်ဖြစ်စေ သူတို့က ရိုင်းပျစွာ အထင်သေးခဲ့တဲ့သူတွေဟာ တချိန်ချိန်မှာ သူတို့ထက်မြင့်မားတဲ့အခြေအနေကို ရောက်သွားနိုင်တယ်ဆိုတာ မသိကျိုးကျွန်ပြုထားကြတယ်။ တကယ်တော့ အနာဂတ်ဆိုတာ မသေချာပါဘူး။ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာတောင် သေချာမှန်းဆဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ ကိုယ့်ဘက်က ကံကောင်းအောင် ဘယ်လောက်ပဲကြိုးစားပေမယ့် ကိုယ်ကြိုမမြင်နိုင်တဲ့ လောကဓံဆိုတဲ့ ကံကြမ္မာက ရှိသေးတယ်မဟုတ်လား။
 
အချုပ်အားဖြင့်ဆိုရရင်တော့ ကိုယ်က ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေ လူအားလုံးကို လေးလေးစားစားပြောဆိုဆက်ဆံသင့်ပါတယ်။ ဒါဟာ လူပီသတဲ့ လူသားဆန်မှုသာလျှင်ဖြစ်ပါတယ်။

Written by Phyu Phyu Lwin
16 March 2019

Saturday, 16 March 2019

#DareToChange

March 16, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ Vlog မှာတော့ Who moved my cheese ဆိုတဲ့ စာအုပ်ကလေးအကြောင်းပြောထားပါတယ်။
ဝတ်ထားတဲ့အရောင်က ၂၀၁၉ ရဲ့ Color ဖြစ်တဲ့ Coral ဖြစ်ပါသတဲ့။ အကျီင်္အရောင်တောက်တောက်ရယ်၊ နှုတ်ခမ်းနီအရောင်ရင့်ရယ်နဲ့ သိပ်မဝတ်ဖြစ်၊ မပြင်ဖြစ်တဲ့ပုံစံမို့ ကိုယ့်ဘာသာတော့ သိပ်ကြည့်မကောင်းပါဘူး။


နောက်ထပ် Vlog တွေမှာ ပြန်ဆုံကြမယ်နော် <3

With Love,

Phyu Phyu Lwin

Wednesday, 13 March 2019

အလွမ်းဆိုင်

March 13, 2019 0 Comments

ရသမြောက်တဲ့ ဝတုတွေဖန်တီးတဲ့ စာရေးဆရာမ စံပယ်ဖြူနုရဲ့ “အလွမ်းဆိုင်” ဆိုတဲ့ စာအုပ်ကလေးအကြောင်း ပြောဖြစ်တယ်။ နောက်လည်း စာအုပ်တွေအကြောင်း ပြောတဲ့ Vlog တွေ ထပ်ဖန်တီးဖြစ်အောင်ကြိုးစားမယ်။ ကိုယ်တိုင်လည်း စာဖတ်ဖြစ်သလို ဖတ်ပြီးသမျှတွေလည်း မေ့မသွားတော့ အဆင်ပြေတယ်။



With Love,

Phyu Phyu Lwin
31/3/2019

Sunday, 10 March 2019

How important EQ is!!

March 10, 2019 2 Comments

တစ်ရက်က အိမ်က TV ဖွင့်ထားရာကနေ ဇာတ်ကားတစ်ကား လွှင့်နေတာကို ကြားမိလိုက်တယ်။ မင်းသမီးက ဖွေးဖွေး၊ မင်းသားကတော့ ရဲတိုက်ထင်တာပဲ။ ကိုယ်လဲ စိတ်ဝင်တစားသွားမကြည့်ဖြစ်တော့ ဇာတ်ကားနာမည်၊ ဘယ် TV လိုင်းက၊ မင်းသားမင်းသမီး ဘယ်သူဆိုတာ မသိခဲ့ပါဘူး။ ဧည့်ခန်းက TV အသံဟာ ကိုယ့်အခန်းထဲထိ ကြားမိနေလို့သာ။ ဇာတ်ကားထဲမှာ မင်းသားဟာ အလွန်အတကြီးတယ်၊ ဒေါသကြီးတယ်၊ အချစ်ကြီးတယ်ပေါ့လေ။ သူရဲ့ အဲဒီ ဒေါသတွေ၊ အတတွေ၊ တဇွတ်ထိုးအပြုအမူတွေကြောင့် သူ့ချစ်သူ မင်းသမီးဟာ အမြဲလိုလို ဝမ်းနည်းစိတ်မကောင်းဖြစ်၊ အပေါင်းအသင်းမိဘကြားမှာလည်း မျက်နှာပျက် ဖြစ်ရတာပေါ့။ ဇာတ်ကားက ပြောချင်တာကတော့ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပေါ့။ အဲဒီလို ဇာတ်ကောင်ပါတဲ့ မြန်မာဇာတ်ကားတွေ ခဏခဏ မြင်မိ၊ ကြားမိတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအပြုအမူမျိုးဟာ ထမင်းစား၊ ရေသောက်သလို ဘာမှမထူးဆန်းတဲ့ လူ့စရိုက်လို့များ သတ်မှတ်သလား ထင်မိတယ်။  ကျွန်မကတော့ အဲဒီအပြုအမူဟာ စိတ်ဓါတ်အင်အားနည်းတဲ့သူတွေရဲ့ အပြုအမူမျိုး၊ ကိုယ့်စိတ်ခံစားချက်ကို ကောင်းကောင်းမထိန်းးချုပ်နိုင်တဲ့လူမျိုး အထူးသဖြင့် Emotional intelligence မရှိသူလို့ ဆိုချင်တယ်။ လူ့ပတ်ဝန်းကျင်မှာ အဲဒီလိုဇာတ်ကားတွေအကြည့်များပြီး ဇာတ်ကားထဲက ဇာတ်ကောင်တွေကို အားကျအတုယူနေတဲ့လူငယ်တွေဆိုတာရှိကြမှာပဲ ။ စိတ်ဓါတ်အင်အားနည်းသူတွေဟာ ကိုယ့်ရဲ့ခံစားချက်ကို ထိန်းချုပ်ဖို့မကြိုးစားဘူး။ တစ်ခုခုဆိုတာနဲ့ ဘာကိုမှမတွေးဘဲ စိတ်ထဲရှိရာ တုံ့ပြန်တတ်ကြတယ်။ အဲဒါကိုပဲ ဆတ်ဆတ်ထိမခံတို့၊ စွာတယ်တို့ဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်အပြုအမူတွေဟာ အမှန်လို့ ယူဆလက်ခံနေကြတယ်။ ရင့်ကျက်သူဆိုတာ တစ်ခုခုပေါ်မှာ စိတ်လိုက်မာန်ပါမတုံ့ပြန်ဘူး။ ပိုင်းခြားဝေဖန်ပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်တယ်။ သည်းခံစရာရှိရင် သည်းခံတယ်။ သဘောထားကြီးသင့်ရင် ကြီးတယ်။ အဲလိုနည်းအားဖြင့် စိတ်ဓါတ်အင်အားကြီးမားသူတွေဟာ လူ့အသိုင်းအဝိုင်းမှာ လူမုန်းမများဘဲ အားလုံးနဲ့ လိုက်လျောညီထွေနေနိုင်ကာ ပျော်ရွှင်၊ အဆင်ပြေ၊ အောင်မြင်သူတွေဖြစ်လာကြတယ်။ 

 
မြန်မာ့လူ့အဖွဲ့အစည်းဟာ (ကိုယ့်မိသားစု၊ အသိုင်းအဝိုင်းအပါအဝင်ပါပဲ) EQ ကို အစဉ်အဆက်လျစ်လျုရှုခဲ့ကြတယ်။ ကလေးဘဝ ပုံသွင်းလို့ကောင်းစဉ်ကာလကတည်းက စိတ်ဓါတ်မြင့်မားအောင်၊ အကောင်းမြင်တတ်အောင်၊ သဘောထားကြီးအောင်၊ ကိုယ့်စိတ်ခံစားချက်ကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်အောင်၊ ကြောင်းကျိုးဆက်စပ်သုံးသပ်တတ်အောင် လေ့ကျင့်ပေးဖို့ အနည်းနဲ့အများ ပျက်ကွက်ခဲ့ကြတယ်။ ဘဝတွေဟာ စားဝတ်နေရေးအတွက်ပဲ ကြိုးစားရုန်းကန်နေရတဲ့အတွက် ကလေးတွေကို စိတ်ဓါတ်အင်အားကောင်းအောင် သေချာပြုစုထိန်းကျောင်းဖို့ အချိန်၊ အသိနည်းခဲ့ကြသူတွေ အများစုဖြစ်ခဲ့ကြတယ်။ ကလေးတွေဟာ စာကြိုးစားဖို့၊ အဆင့်ကောင်းကောင်းရဖို့၊ ဂုဏ်ထူးတွေအများကြီးနဲ့အောင်ဖို့ဆိုတဲ့ စံသတ်မှတ်ချက်အောက်မှာ EQ ကောင်းအောင် ကောင်းကောင်းမလေ့ကျင့်ခဲ့ရဘူး။ အဲလိုနည်းအားဖြင့် လူငယ်တွေဟာ ကိုယ့်စိတ်၊ ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်ဖို့ မတတ်နိုင်တော့ဘဲ စိတ်လိုက်မာန်ပါပြုမူကြတယ်။ အလွယ်တကူ တုံ့ပြန်ကြတယ်၊ ရန်ဖြစ်ကြတယ်။ အရှုံးကို လက်မခံနိုင်၊ မနာလိုစိတ်၊ လောဘစိတ်တွေနဲ့ ပူလောင်သူတွေ ဖြစ်လာကြတယ်။ မှန်မှန်ကန်ကန်သုံးသပ်ပြီး နားလည်ပေးမှုမျိုးကို မသိသူတွေ ဖြစ်လာကြတယ်။ ဒါတွေဟာ ငယ်ငယ်က မိဘတွေ ဆုံးမပဲ့ပြင်တဲ့အပေါ် အများကြီး မူတည်ပါတယ်။ ဟိုအရင်ကတော့ စာသင်ကျောင်းတွေဟာ စိတ်ဓါတ်ထက် ပညာကိုပဲ ဦးစားပေးတာကြောင့် အရင်က လူငယ်တွေမှာ စိတ်ဓါတ်အင်အားကြီးမားသူနဲ့ အားနည်းသူဖြစ်လာတယ်ဆိုတာ မိဘရဲ့ ဆုံးမပဲ့ပြင်မှုက အခရာသာ ဖြစ်ပါတယ်။ အချို့တော့ မိဘက စနစ်တကျ ပြောပြသွန်သင်ပုံသွင်းတဲ့အတွက်ကြောင့် EQ ကောင်းသူတွေဖြစ်လာကြပြီး လူ့အသိုင်းအဝိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် နေတတ်ကြသူတွေဖြစ်လာတယ်။ အချို့တော့ မိဘကလည်း သေချာပုံမသွင်းခဲ့သလို စာသင်ကျောင်းတွေမှာလည်း မသင်ခဲ့ရတော့ EQ အားနည်းပြီး အများနဲ့ လိုက်လျောညီထွေမနေတတ်၊ သဘောထားမကြီး၊ နားလည်မပေးတတ်ဘဲ စိတ်လိုက်မာန်ပါ ပြုမူသူတွေ ဖြစ်သွားကြတယ်။


ပထမဆုံးပြောခဲ့သလို မြန်မာဇာတ်ကားတွေတော်တော်များများမှာလည်း တဇွတ်တိုး၊ ဂျစ်ကန်ကန်စရိုက်တွေကို ရိုက်ပြပြီး ဒါတွေဟာ ပြင်ပမှာ ဖြစ်ရိုးဖြစ်စဉ်လိုမျိုး ဂျင်းထည့်တာတွေရှိတော့ အမှားဟာ အမှန်လို့ သတ်မှတ်လာကြမှာ စိတ်ပူမိတယ်။ အရင်က ဇာတ်ကားတွေမှာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာတွေ၊ အရက်သောက် မူးရူးရမ်းကားတာတွေစတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့ တစိတ်တပိုင်းကို အမြဲတမ်းလှစ်ဟပြပြီး ဒါတွေဟာ လူ့ဘဝသရုပ်ဖော်တွေလိုမျိုး သတ်မှတ်ကြတာ တွေ့ရတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာဇာတ်ကားတွေကို ပေါပေါပဲပဲမရိုက်အောင် ဖိအားတွေရှိလာသလို Social media တွေပေါ်မှာလည်း EQ ကောင်းဖို့အရေးကြီးတဲ့အကြောင်း campaign တွေ များလာတော့ ဒီနောက်ပိုင်း လူငယ်တွေဟာတော့ EQ  ပိုင်းမှာ အားသာလာပြီး ပိုပြီးတော့ တိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်။

Sunday, 3 March 2019

Lifestyle trends for 2019

March 03, 2019 1 Comments
၂၀၁၉ ခုနှစ်အတွင်းမှာ ဘယ်လိုမျိုး ဘဝနေထိုင်မှုပုံစံတွေ လွှမ်းမိုးလာမလဲဆိုတာကို ကြည့်လိုက်ကြရအောင် ။

******************************************
၁။ Plant-based skincare
အစိမ်းရောင်ကိုအခြေခံတဲ့၊ အပင်၊ organic ကို ဦးတည်တဲ့ skincare ပစ္စည်းတွေ ဒီတလောမှာ လူကြိုက်များ၊ ရေပန်းစားလာတယ်ဆိုတော့ ဒီ trend ဟာ ၂၀၁၉ မှာလည်း ဆက်ရှိနေမှာပါ။ အစိမ်းရောင်အပင်တွေ၊ အသီးတွေကနေထုတ်ထားတဲ့ moisturizer၊ Face wash၊ facial scrub စတဲ့ skincare ပစ္စည်းတွေဟာ စင်တွေပေါ်မှာ နေရာယူလာမှာပဲဖြစ်ပါတယ်။ လက်ရှိမှာ ခေတ်စားနေတဲ့ Chemicals တွေများလှတဲ့ skincare products တွေနေရာမှာ gentle ဖြစ်တဲ့ သဘာဝကို အခြေခံတဲ့ ထုတ်ကုန်တွေက ဈေးကွက်ထဲမှာ နေရာယူလာပါပြီ။

၂။ Mindful exercise
အရင်လိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အားကြိုးမာန်တက်လုပ်တာထက် ဒီနှစ်မှာတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ကစားတဲ့လေ့ကျင့်ခန်းမျိုးတွေ ပိုပြီး ခေတ်စားလာပါလိမ့်မယ်။ ကျွန်မတို့ခန္ဓာကိုယ်က အဖိုးတန်တယ်၊ တန်ဖိုးထားရမယ်၊ စောင့်ရှောက်ရမယ်ဆိုတဲ့ mindset ရှိလာကြပြီး အရမ်းမပြင်းထန်တဲ့၊ ခန္ဓာကိုယ်ကို မထိခိုက်နိုင်တဲ့လေ့ကျင့်ခန်းမျိုးတွေကို လုပ်လာကြပါလိမ့်မယ်။ အဖွဲ့လိုက်အတူတူလုပ်တဲ့လေ့ကျင့်ခန်းမျိုးတွေ၊ အကလေ့ကျင့်ခန်းတွေလိုမျိုး community ကို ဖွံ့ဖြိုးစေမယ့် လေ့ကျင့်ခန်းမျိုးတွေ ခေတ်စားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

၃။ Declutter
ဒီစကားလုံးဟာ YouTuber တွေကြားထဲ ခေတ်စားလာခဲ့ပြီး တော်တော်များများလုပ်ပြကြတဲ့ vlog တစ်ခုအဖြစ် ၂၀၁၈ အတွင်းမှာလည်း ခေတ်စားလာခဲ့ပါတယ်။ အရင်ကတော့ ပစ္စည်းတွေအများကြီး ပြည့်စုံကျပ်ညှပ်နေအောင် ရှိနေဖို့ ဝယ်ကြတယ်။ ဖြည့်ဆည်းကြတယ်။ အဲဒီအခါ သန့်ရှင်းရေးလုပ်ရတာမလွယ်သလို မလိုအပ်တဲ့ပစ္စည်းတွေဟာ အခန်းထဲ စုပြုံနေကာ စိတ်ရှုပ်စေပါတယ်။ ၂၀၁၈ အတွင်းမှာတော့ minimalism ဆိုတာ ခေတ်ထလာခဲ့ပြီး ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံကို သဘောကျလာကြကာ stress ကို လျော့ကျစေတဲ့နည်းလမ်းတစ်ခုအဖြစ် ပြုမူလာကြပါတယ်။ ကိုယ့်အိမ်မှာ လိုသလောက်ပစ္စည်း၊ ပရိဘောဂတွေပဲရှိစေကာ ရှင်းလင်းသပ်ရပ်စေတာ၊ ကိုယ့်အဝတ်ဗီဒိုထဲမှာလည်း တကယ်ဝတ်မယ့် အဝတ်အစား၊ အသုံးအဆောင်တွေပဲ ထားတာမျိုး၊ အလုပ်စားပွဲပေါ်မှာ မလိုအပ်တာတွေမထားတာ၊ ယုတ်စွအဆုံး ကိုယ့် electronic devices တွေထဲမှာတောင် files တွေ ရှင်းလင်းသပ်ရပ်နေတာမျိုးတွေပေါ့။

၎။ Green Travel
ဒီနှစ်ထဲမှာတော့ စွမ်းအင်ကို ချွေတာတဲ့၊ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ အစိမ်းရောင်ခရီးသွားမှုတွေကို ပိုလုပ်လာကြမယ်လို့ ခန့်မှန်းကြပါတယ်။ ကားစီးမယ့်အစား စက်ဘီးစီးတာ၊ လမ်းလျှောက်တာမျိုးကစလို့ တောရွာက ဒေသခံတွေ၊ သဘာဝအလှအပတွေကို ဦးစားပေးပြီးသွားတဲ့ ခရီးမျိုးတွေကို ပိုဦးစားပေးလာကြပါလိမ့်မယ်။ လူတွေလုပ်ထားတဲ့ အလှတရားတွေထက် သဘာဝအလှတွေရှိရာကို ပိုသွားကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လိုက်လျောညီထွေဖြစ်မယ့် နေထိုင်သွားလာမှုပုံစံတွေကို အလေးပေးလာမယ်လို့ မျှော်လင့်ရပါတယ်။

References >> https://agirlinprogress.com/2018/10/01/these-8-lifestyle-trends-are-set-to-be-huge-in-2019/
https://www.finglobal.com/2018/12/31/trend-forecast-2019/

Photo by me (Phyu Phyu Lwin)
Location > Inle Lake, Southern Shan State

Saturday, 2 March 2019

My 2019 resolutions !!

March 02, 2019 0 Comments


၂၀၁၉ ကို ရောက်ခဲ့လို့ အချိန် ၂ လတောင် ကုန်သွားပြီနော်။ ဒီ ၂ လအတွင်းမှာတော့ ကျွန်မအနေနဲ့ အပြောင်းအလဲတချို့ကို လုပ်နိုင်ခဲ့ပါတယ် ။ ၂၀၁၉ မရောက်ခင်ကတည်းက ဒီနှစ်တွေအတွင်း လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို စဉ်းစားစီစဉ်ထားခဲ့တယ် ။ ဒါပေမယ့်လည်း စာအုပ်ထဲမှာသာ ရေးထားခဲ့ပြီး Digitized တော့မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီ ၂ လ ကုန်သွားတဲ့အခါ ကျွန်မရည်ရွယ်ထားခဲ့တဲ့အရာတွေကို လုပ်ဖြစ်သလားပြန်ဆန်းစစ်ကြည့်တဲ့အခါ ကိုယ်ရည်မှန်းထားတဲ့အရာ တော်တော်များများကို အကောင်အထည်ဖော်ဖြစ်ခဲ့တယ် ။ ၂၀၁၉ အတွက် ကျွန်မဖြစ်ချင်၊ လုပ်ချင်တဲ့အရာတွေက ဘာတွေလည်းဆိုတာကို စာဖတ်သူတွေကို ဝေမျှပါမယ်နော်။



*** Goals for 2019 ***
- To grow YouTube Channel
- To grow Blog & Facebook Page (100000 followers)
- To publish Academic Journal articles (2 papers)
- To improve English skill
- To improve soft skills
- To improve video editing skill
- To become active speaker
- To be more confident
- To be fit more than before
- To grow my network (not only in my professional region but also in other areas)
- To influence and inspire others
- To have positive thinking and mindsets


၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေအများကြီးပဲ .

၁။ ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးအဖြစ် မြင်ချင်တာလဲ?
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ၊ သွက်လက်ထက်မြတ်၊ သဘောထားကြီး၊ အကောင်းမြင်စိတ်ရှိပြီး ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်

၂။ ကျန်းမာရေး
၂၀၁၉ အတွင်းမှာ ကိုယ့်ပါးစပ်ထဲကို မကောင်းတဲ့အစားအသောက်တွေ မဝင်စေရဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေပဲ စားမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်မယ်။ ခရီးသွားနေတဲ့အခိုက်ဆိုရင်တောင် အခန်းမှာ workout လုပ်မယ်။ အအေးမမိအောင် ဂရုစိုက်မယ်။ တစ်ခုခုဆို ဆရာဝန်နဲ့ ချက်ချင်းပြမယ်။

၃။ Skincare, Bodycare
Skincare ကို ပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ် တူတူပဲလုပ်ဖြစ်အောင်လုပ်မယ် (တခါတလေ ခရီးသွားရင် အိမ်မှာလို သေချာမလုပ်ဖြစ်လို့ ဒါကို resolution ထဲ ထည့်ထားရတာ)။ sunscreen ကို သေချာသုံးမယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်မယ်။ အစိမ်းရောင်အသီးအရွက်များများစားမယ်။ အချို၊ အဆီတွေ လျှော့စားရမယ်။

၎။ မိသားစု
ကိုယ့်မိသားစုကို ပုံမှန်အချိန်ပေးနိုင်ေအာင် ကြိုးစားမယ်။ အဲဒီအတွက် ဖုန်းသုံးတဲ့အချိန်ကို လျှော့ချမယ်။ ခရီးသွားရင်လည်း မိသားစုအတွက် ဘယ်လိုအချိန်ပေးနိုင်မလဲဆိုတာ အမြဲထည့်တွက်ရမယ် (ကျွန်မက အလုပ်နဲ့ အမြဲခရီးသွားဖြစ်တာမို့ ဒါကတော်တော်အရေးကြီးပါတယ်)။ မိဘကို အခုထက် ပိုက်ဆံပိုပေးနိုင်အောင် ကြိုးစားမယ်။

၅။ ဝါသနာ
ဒီနှစ်မှာ ကိုယ့်ရဲ့ဝါသနာကို မရှက်မကြောက်ဘဲ အကောင်အထည်ဖော်နိုင်ရမယ်။ Conservative zone ထဲမှာပေမယ့်လည်း ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ဆိုတဲ့စကားအတိုင်း ဂရုစိုက်စရာမလိုပါဘူး။ Blog ကနေ Vlog တွေကို စိတ်ဝင်စားစရာ content တွေ ဖန်တီးမယ်။ သွားသမျှ ခရီးတိုင်းကို မှတ်တမ်းတင်တဲ့ travel vlog တွေ၊ ကိုယ့်ရဲ့ lifestyle၊ mindset နဲ့ ပတ်သက်တဲ့ vlog တွေလုပ်မယ်။ စာရေးတာကိုလည်း ဒီနှစ်ထဲ print အနေနဲ့ တစ်အုပ်လောက် ရေးဖြစ်ချင်တယ်။

၆။ အလုပ်အကိုင်
အလုပ်နဲ့ ပတ်သက်ပြီး တော်တဲ့၊ ထက်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ အောင်မြင်မှု၊ ကျော်ကြားမှုနောက်မလိုက်ဘဲ ကိုယ့်အရည်အချင်းကို အစစ်အမှန်တိုးတက်အောင် ကြိုးစားမယ်။ မိုးခါးရေမသောက်မိအောင်၊ မသောက်တဲ့အတွက် နောင်တမရအောင်နေမယ်။ ကိုယ်ဖန်တီးတဲ့၊ ကိုယ်ရွေးချယ်ထားတဲ့ ဘဝမှာ ကိုယ့်ဘာသာ ပျော်အောင်နေမယ်။ တစ်ချိန်မှာ တစ်ခုပဲလုပ်မယ်။ အလုပ်ချိန်မှာ အလုပ်လုပ်ပြီး နားချိန်မှာ နားရမယ် (တကယ်တော့ အဲလိုရည်ရွယ်ထားပေမယ့်လည်း ကုန်သွားတဲ့ ၂ လလုံးဟာ မနားလိုက်ရပါဘူး 😢) ။ကိုယ့်လက်က ထွက်သမျှ outputs, products တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။

၇။ ဘာသာရေး
မနက်တိုင်း ဘုရားရှိခိုး၊ မေတာပို့နိုင်ဖို့ ကြိုးစားမယ်။ ဘယ်လောက်ပဲအလုပ်များများ၊ အချိန်မရရ အနည်းဆုံးတော့ ဘုရားရှိခိုးဖြစ်ရမယ်။ ဘုရားပန်း၊ သောက်တော်ရေ၊ ဆွမ်းကို ပုံမှန်ကပ်ရမယ်။ တရားထိုင်နိုင်အောင် ကြိုးစားမယ်၊ စိတ်တည်ငြိမ်အောင် နေမယ်။ လိုတဲ့နေရာတွေမှာ အလှူတွေလုပ်မယ်။

၈။ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး
ဒီနှစ်အတွင်းမှာ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးကို ပိုတိုးတက်အောင်လုပ်မယ်။ အလုပ်က အပေါင်းအသင်း၊ Uni က သူငယ်ချင်းတွေ၊ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အချိန်ပေးနိုင်ဖို့ ကြိုးစားမယ်။ အရာရာကို သည်းခံနားလည်ပေးနိုင်ဖို့ self-control ကောင်းအောင် လုပ်ရမယ်။ ဘယ်သူ့ကိုမဆို လေးလေးစားစားပြောဆိုဆက်ဆံမယ်။ ဘယ်အခြေအနေမှာမဆို ဒေါသကိုထိန်းနိုင်ပြီး အပြုံးနဲ့ပဲ ပြောနိုင်အောင် လုပ်ရမယ်။ ကိုယ့်ရဲ့ network ကို ကျယ်ပြန့်အောင် လုပ်မယ်။ အခြားသူတွေရဲ့ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို စိတ်ရင်းနဲ့ ဂုဏ်ပြုမယ်၊ မုဒိတာပွားရမယ်။ စိတ်ရှည်သည်းခံရမယ်။ သဘောထားကြီးတဲ့သူဖြစ်ရမယ်။

၉။ ငွေရေး၊ ကြေးရေး
သုံးသမျှ၊ ဝင်သမျှ ကို track လုပ်ရမယ်။  အလုပ်ကြိုးစားမယ်၊ ငွေစုမယ်။ သုံးသင့်တာကို သုံးမယ်။ အပေါစားတွေမသုံးဘဲ အရည်အသွေးကောင်းတာတွေပဲ သုံးမယ်၊ ဝတ်မယ်။

**********************************************

ဒါတွေကတော့ ၂၀၁၉ မှာ ဖြစ်အောင်လုပ်မယ့်အရာတွေကို ၂၀၁၉ မရောက်ခင်မှာ ကျွန်မရည်မှန်းချမှတ်ထားတဲ့အရာတွေပါ။ ဒီလိုရေးထားတဲ့အတွက်ကြောင့် မှတ်တမ်းတစ်ခုလိုဖြစ်နေတဲ့အခါ ကိုယ်တစ်ခုခုလုပ်တိုင်းမှာ အဲဒီ resolutions တွေကို အမြဲတမ်းအမှတ်ရပြီးတော့ အလုပ်လုပ်ဖြစ်တယ်။ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ရတဲ့အခါ productive ဖြစ်တဲ့အပြင် stress တွေလျော့ပြီး နေရတဲ့ဘဝက မွေ့လျော်ဖွယ်ကောင်းလာတယ်။ ၂၀၁၉ နှစ်ကုန်တဲ့အခါ ကျွန်မရည်ရွယ်ထားခဲ့တဲ့အရာတွေအားလုံးကို လုပ်ဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြပါမယ်နော်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 



Follow Us @soratemplates