ဆရာမင်းလူရဲ့ အက်ဆေးပေါင်းချုပ်စာအုပ်ကို စဖတ်ဖြစ်တာ မှတ်မှတ်ရရ
၂၀၁၉ စစချင်း ဇန်နဝါရီ ၁ ရက်နေ့ကပါ။ ဒီကြားထဲ မအားတာရော၊ အခြားစာအုပ်တွေ ဖတ်ဖြစ်နေတာရောကြောင့်
တော်တော်နဲ့ ဖတ်လို့မပြီးရာက အခုမှသာ ဖတ်လို့ပြီးတော့တာပါပဲ။ ဆရာမင်းလူက ကိုယ့်အကြိုက်ဆုံး
စာရေးဆရာတွေထဲမှာ ထိပ်ဆုံးကပါသူတစ်ယောက်ပါ။ သူ့ရဲ့ရသစာပေတွေကို ကြိုက်လွန်းလို့ ထွက်သမျှ၊
လက်လှမ်းမီသမျှကို ဖတ်ဖြစ်တယ်။ ဖတ်သမျှတိုင်းမှာ လုံးချင်းတွေသာမကဘဲ ဝတ္ထုတိုတွေ၊ အက်ဆေးတွေရော အားလုံးကိုကြိုက်တယ်။
ဖတ်ပြီးရင် ရသတကယ်ခံစားရပြီး တသသစွဲထင်ကျန်နေခဲ့တဲ့စာပေတွေ။ တကယ်တော့ ကိုယ်က ရသစာပေမှာဆိုရင်
ဝတ္ထုတိုတွေထက် လုံးချင်းဝတ္ထုရှည်တွေကို ပိုကြိုက်သူဆိုပေမယ့် ဆရာမင်းလူရေးသမျှကတော့
အားလုံးကို ကြိုက်တာပါပဲ။ ဆရာက သူ့လက်နဲ့ရေးသမျှတိုင်းဟာ ရသမြောက်တဲ့စာပေတွေဖြစ်နေတာကြောင့်
စာရေးရာမှာ တကယ့်ကို ထူးတဲ့ပါရမီရှင်သာဖြစ်ပါတယ်။
ဆရာရေးတဲ့အက်ဆေးတွေ (မဂ္ဂဇင်းတွေမှာ ပါပြီးတဲ့အက်ဆေးတွေ၊ အချို့စာအုပ်တွေမှာပါထားတဲ့အက်ဆေးတွေ)
ကို စုထုတ်ထားတဲ့ ဒီအက်ဆေးပေါင်းချုပ်စာအုပ်ကို စသိကတည်းက ဝယ်ချင်တာ။ ကိုယ်က အဲဒီတုန်းက
မြန်မာမှာရှိမနေတာကြောင့် မဝယ်ဖြစ်တာ။ အဲဒါနဲ့ပဲ ၂၀၁၈ နှောင်းပိုင်းလောက်မှ ဝယ်ဖြစ်ပြီး
ဒီနှစ်ထဲမှ စဖတ်ဖြစ်တာ။ ဘယ်နှစ်ကထုတ်တယ်ဆိုတာတော့ စာအုပ်ထဲမှာမပါဘူး။ တန်ဖိုးက ၇၀၀၀၊
စာမျက်နှာပေါင်းက ၃၃၅ မျက်နှာနဲ့ အက်ဆေးပေါင်း ၉၁ ပုဒ်ပါတယ်။ ပထမဆုံးအက်ဆေးကနေ နောက်ဆုံးအက်ဆေးထိ
အပုဒ်တိုင်းဟာ စိတ်ဝင်စားစရာအကြောင်းအရာတွေချည်းပဲ ။ အချို့အက်ဆေးတွေကတော့ ဆရာ့ရဲ့
မိသားစုအကြောင်း၊ အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်းအပေါင်းအသင်းတွေအကြောင်း အမှတ်တရရေးထားတဲ့
အက်ဆေးတွေဖြစ်တယ်။ အချို့အက်ဆေးတွေကတော့ အကြောင်းအရာတစ်ခုကို အခြေခံပြီးရေးထားတဲ့ အက်ဆေးတွေ
(ဥပမာ အီးလောကတို့၊ သွားများကို မနာအောင်နှုတ်ပေးမည် တို့စတဲ့ အက်ဆေးမျိုးပေါ့)။
အက်ဆေးဆိုလို့ အက်ဆေးဆိုတာဘာလဲဆိုတဲ့အကြောင်း ဒီစာအုပ်ထဲမှာ
ဆရာရေးထားတဲ့ “အက်ဆေးအကြောင်း အက်ဆေး” ဆိုတာလေး နည်းနည်း ပြောပြချင်မိတယ်။ အက်ဆေး
(Essay) ဆိုတာက အင်္ဂလိပ်လိုဆိုလိုတာဖြစ်ပြီး မြန်မာလိုတော့ စာစီစာကုံးလို့ပဲ အများက
နားလည်ထားကြတာပေါ့။ အမျိုးမျိုးတော့ သုံးနှုန်းကြရာမှာ စာတမ်းငယ်စာတမ်းများ၊ အစမ်းစာ၊
ရသစာတမ်းငယ် စသဖြင့် သတ်မှတ်ခေါ်ဝေါ်တာမျိုးလည်း ရှိကြတယ်ဆိုရာဝယ် ဆရာမင်းလူကတော့ အက်ဆေးဆိုတဲ့စကားလုံးကိုပဲ
သုံးခဲ့ပါတယ်။ ဒီမှာ အဓိကပြောပြချင်တာက အက်ဆေးပဲဆိုဆို စာတမ်းငယ်ပဲဆိုဆို၊ စာစီစာကုံးပဲ
ပြောကြပါစေ အခြားအမျိုးအစားတွေဖြစ်တဲ့ ဝတ္ထု၊
ဆောင်းပါး စတာတွေနဲ့ ဘယ်လိုကွာသလဲဆိုတာလေး ဒီအက်ဆေးထဲမှာ ဆရာရှင်းပြတဲ့အတိုင်း sharing
လုပ်ပေးချင်ပါတယ်။
*****************************************
“ အစဉ်အလာအတိုင်းပြောရလျှင် ဝတ္ထု၌ ဇာတ်လမ်းပါသည်။ ဇာတ်ဆောင်တွေပါသည်။ ဇာတ်ဆောင်တို့၏
စရိုက်ကို ပီပြင်အောင် ဖော်ရသည်။ ဇာတ်ရှိန်တက်အောင် လုပ်ရသည်။ ဇာတ်ကွက်တင်ရသည်။ ဇာတ်ကိုဖြေပေးရသည်။
စ၊လယ်၊ဆုံး အကွက်လည်အောင် တင်ပြရသည်။
အက်ဆေးမှာကျတော့ ဇာတ်လမ်းဟူ၍ ပါချင်မှပါသည်။ တချို့ပါချင်လည်း
ပါမည်။ သို့ရာတွင် ဇာတ်လမ်းတွေ၊ ဇာတ်ဆောင်တွေကို ငဲ့ကွက်စရာမလို။ ဇာတ်ကြောင်းကို အဆုံးထိ
ပြောချင်မှပြောမည်။ ပြချင်သည့်အပိုင်းကိုသာ ကွက်၍ပြချင်ပြမည်။ ဇာတ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့လည်း
တာဝန်ယူစရာမလို။
အက်ဆေးသည် ဆောင်းပါးနှင့်လည်းမတူ။ ဆောင်းပါးက အချက်အလက်ကို
အားကိုးသည်။ တင်ပြသည့်အကြောင်းအရာက တိကျခိုင်မာရမည်။ ကောင်း၏ဆိုးမှား ခွဲခြားပေးရမည်။
ရည်ရွယ်ချက်ကိုရောက်အောင် ရှင်းရှင်းလင်းလင်းဖော်ပြပြီး နိဂုံးချုပ်ပေးရမည်။
အက်ဆေးကျတော့ အချက်အလက်ကိုအားမကိုး။ စိတ်ကူးစိတ်သန်းကို
အားကိုးသည်။ ခိုင်မာတိကျသည့် အထောက်အထား၊ အကိုးအကားတွေ ပါချင်မှပါမည်။ ဗဟုသုတဖြစ်စရာတွေ၊
ပညာပေးတွေ၊ အကျိုးပြုတာတွေ ရှိချင်မှလည်း ရှိမည်။ စာရေးသူက စိတ်ကူးအလျဉ်းသင့်သလို ချရေးသွားမည်သာ
ဖြစ်၏။”
*********************************************
ဆရာ့ရဲ့ အက်ဆေးအကြောင်းအက်ဆေးကို အရင်က ဖတ်ခဲ့ဖူးတယ်။ ကိုယ့်
Blog မှာ ကိုယ်ရေးတာတွေက ဝတ္ထု၊
ဆောင်းပါးထက် အက်ဆေးပုံစံတွေပိုများတော့ အဲဒီကတည်းက Blog မှာ အက်ဆေးဆိုတဲ့ label တစ်ခုသပ်သပ်ထားပြီး
ရေးဖြစ်ခဲ့တာ ဒီနေ့ထက်ထိပါပဲ ။ ၂၀၁၂ ခုနှစ်က Blog မှာ ကိုယ်စာတွေစရေးတော့ ဘာရေးရမယ်
သေချာမသိဘူး။ အဲဒီမှာ စာရေးဆရာတစ်ယောက်ပြောတာကို သတိရမိသွားခဲ့တယ်။ စာရေးတတ်သူဟာ အကြောင်းအရာကြီးကြီးမားမားမဟုတ်ဘဲ
စကားလုံးလေးတစ်လုံးကနေလဲ စာစီကုံးနိုင်ရမယ် ဆိုတာပါပဲ။ အဲဒီကနေစပြီး ကိုယ်က ဇာတ်လမ်းဇာတ်ကွက်တွေထက်
စကားတစ်လုံး၊ အကြောင်းအရာတစ်ခုအပေါ် အခြေခံတဲ့ အက်ဆေးတွေ ရေးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဇာတ်ဆောင်တွေပါတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို သရုပ်ဖော်မရေးတတ်တာကြောင့်လည်း
အက်ဆေးရေးရတာ အားသန်တာဖြစ်ပါလိမ့်မယ်။
ဆိုတော့ ဆရာ့ရဲ့ အက်ဆေးပေါင်းချုပ် စာအုပ်အကြောင်း ပြန်ဆက်ရရင်
တကယ့်ကို လေးလေးပင်ပင် အရသာရှိလှတဲ့ ဟင်းတစ်ခွက်နဲ့တူတယ်။ ဖတ်ရတာ လက်က မချချင်လောက်အောင်
အက်ဆေးတိုင်းက ရသမြောက်ကာ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ကိုယ့်လို စာရေးဝါသနာပါကာ စာမရေးတတ်သူတစ်ဦးအတွက်ဆို
ဆရာရေးတဲ့အက်ဆေးတွေကနေ အက်ဆေးရေးဟန်တွေကို လေ့လာအတုယူလို့လည်း ရသေးတယ်။ တကယ့်ကို အဖိုးတန်လှတဲ့
စာအုပ်တစ်အုပ်ပါပဲ။
Noted by Phyu Phyu Lwin
1/4/2019
1 comment:
အက်ဆေးရေးရတာ လွတ်လပ်လို့ ကိုယ်လည်းကြိုက်တယ်...း)
မိုးငွေ့
Post a Comment