Monday, 24 June 2019

The secret of the seven seeds

June 24, 2019 0 Comments



ဒီနေ့ခေတ်ဟာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အပြိုင်အဆိုင်တွေများလာတယ်။ ရုန်းကန်ရတာတွေ၊ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြုံတွေ့လာရတာပါပဲ။ တစ်ခါတလေ ချောင်ပိတ်မိနေတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်တတ်တယ်။ အလုပ်ထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့၊ လူတွေကို နားလည်ပေးဖို့၊ ဦးစားပေးတတ်ဖို့ မတတ်နိုင်တဲ့ အခိုက်မျိုးတွေလည်း တွေ့လာတတ်ပါတယ်။ အဲဒီအခါ ဘာတွေလုပ်လို့ ရမလဲ။ 

တကယ်တော့ လောကကြီးက အခက်အခဲ၊ ပြနာတွေပေးတဲ့အခါ ကိုယ်မဖြေရှင်းနိုင်လောက်တဲ့အထိ ပေးလေ့မရှိပါဘူး။ ဆိုလိုတာက ကိုယ်ဖြေရှင်းနိုင်တဲ့ ပမာဏလောက် ပြနာတွေသာ ကြုံတွေ့စေတာပါ။ ဒါဟာ လောကနိယာမပါပဲ ။ 

"သစ်စေ့ခုနှစ်စေ့ရဲ့ လျှို့ဝှက်ချက်" ဆိုတဲ့စာအုပ်ဟာ လတ်တလောမှာ ခေတ်စားလာတဲ့ mindfulness ကို ဦးစားပေးပြီး ကိုယ့်စိတ်ကိုယ်သိအောင်၊ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်အောင်၊ လုပ်ငန်းခွင်ရော မိသားစုဘဝမှာပါ ဟန်ချက်ညီအောင် နေထိုင်သွားနိုင်ဖို့ လမ်းပြပေးတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အများကြီး မညွှန်းတတ်ပေမယ့် ဖတ်ပြီးသွားတဲ့အခါ စာအုပ်ထဲက ဇာတ်ကောင်နဲ့ ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ကိုယ်ဆိုရင်ရော ဘယ်လိုဖြစ်နေလဲ၊ အဲဒါကို ဟန်ချက်ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတစ်ခုတော့ ရသွားမှာပါ။

*** ဒီထဲမှာ စိတ်တည်ငြိမ်ဖို့ တရားထိုင်တာကို ဦးစားပေးပြီး လမ်းညွှန်ထားပါတယ်။ ဒီစာအုပ်တင်သာမက Mindset, Mindfulness နဲ့ပတ်သက်ပြီး လမ်းပြနေကြသူအားလုံးက Meditation ဆိုတဲ့ တရားထိုင်တဲ့အကျင့်ကို 100% recommend လုပ်ကြပါတယ်။ ဒါဟာ ဘာသာရေးနဲ့မဆိုင်ဘဲ လူတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုမှာ တည်တည်ငြိမ်ငြိမ်နဲ့ အခက်အခဲ၊ ပြနာတွေကို ဖြေရှင်းနိုင်အောင်၊ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုကောင်းအောင်၊ အောင်မြင်လာအောင် ထောက်ပံ့ပေးနိုင်တဲ့ အကျင့်ကောင်းတစ်ခုအဖြစ် အားလုံးက ကျင့်ကြံရင်းလက်တွေ့သိလာတာမို့ လက်ခံလာကြတာပဲဖြစ်ပါတယ်။ 

*** ကျွန်မတို့မှာ အခြားနိုင်ငံကလူတွေထက် ကံကောင်းတာက တရားထိုင်ခြင်းကို နည်းစနစ်မှန်မှန်ကျင့်ဖို့အတွက် လေ့လာနိုင်စရာ တရားစခန်းတွေရှိတယ်။ အဲဒီကနေ တရားထိုင်တာကို ကောင်းကောင်းနားလည်နိုင်ပြီး ညမအိပ်ခင် ၁၅ မိနစ်လောက်တရားထိုင်တာမျိုး လုပ်ဖြစ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ဟာ တည်ငြိမ်တဲ့သူ၊ အာရုံစူးစိုက်မှုကောင်းသူ၊ အမှားအမှန်ကို ကောင်းကောင်း ဝေဖန်ပိုင်းခြားနိုင်ပြီးတော့ ဘဝမှာ ဟန်ချက်ညီညီ နေထိုင်သွားနိုင်ပါလိမ့်မယ်။ အဲဒီတော့ တရားထိုင်တာနဲ့ပတ်သက်ပြီး ဘဝမှာ ဘယ်လိုမျိုးအကျိုးရလဒ်တွေရလာနိုင်မလဲဆိုတာသိချင်ရင် ဒီစာအုပ်ကလေးသာ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Written by Phyu Phyu Lwin
20th June 2019

Thursday, 20 June 2019

Law of Attraction

June 20, 2019 0 Comments


Law of Attraction ဆိုတဲ့ စကားစုကို Motivational Youtuber တွေ တော်တော်များများပြောကြပြီး နည်းပေးလမ်းပြတာကို တွေ့တာကို ကြာနေခဲ့ပြီ။
Law of Attraction ဆိုတာကတော့ ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ကိုယ်လိုချင်တာမှန်သမျှကို ဘယ်လိုရအောင် ယူမလဲဆိုတဲ့ အတွေးအခေါ်ပါပဲ။ ဆိုလိုတာက ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ ကိုယ်အားထုတ်လိုက်တာနဲ့ညီမျှတဲ့ အကျိုးရလဒ်ကို ကိုယ့်ဆီကို ပြန်ပြီး ဆွဲယူလိုက်တဲ့ နိယာမတစ်ခုလို့ ဆိုလိုပါတယ်။ ဥပမာ ကိုယ်က ကောင်းတဲ့စကားပဲပြောမယ်၊ ကောင်းတဲ့အရာပဲလုပ်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်လည်း ကြုံတွေ့နိုင်မယ်။ ကိုယ်က အခြားသူတွေအပေါ် ကြင်ကြင်နာနာပြောဆိုဆက်ဆံမယ်ဆိုရင် ကိုယ့်အပေါ်ကိုလည်း လေးလေးစားစား ကြင်ကြင်နာနာ ပြောဆိုဆက်ဆံကြပါလိမ့်မယ်။ 

ဆိုတော့ ကိုယ်လုပ်သမျှဟာ တူညီတဲ့ရလဒ်အတိုင်း ကိုယ့်ဆီကို ပြန်လာနိုင်တာမို့ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်နေတဲ့အရာတွေကိုဖြစ်လာအောင် ကိုယ်တိုင်ပုံဖော်နိုင်မယ်ဆိုတာ သေချာပါတယ်။ အဲဒီအတွက် ပြောင်းလဲမှုတိုင်းဟာ ကိုယ့်ရဲ့ စိတ်ကူး၊ အတွေးတွေ၊ ယုံကြည်မှုတွေကနေ စတင်ပါတယ်။ အဲဒီကနေစပြီးတော့ ကိုယ့်ဘဝမှာ အမှန်တကယ်ဖြစ်ချင်တဲ့အရာတွေကို ဖြစ်လာအောင် စွဲဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုခုကို တွေးရုံလေးနဲ့ တကယ်အကောင်အထည်ဖြစ်လာလိမ့်မယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ ဘဝက အဲလောက်မလွယ်ကူဘူးမဟုတ်လား။ အဲလိုဆိုလို့ ဘာမှစမတွေးတော့ဘူးလို့လည်း မသတ်မှတ်လိုက်ပါနဲ့ဦး။ ဘာကြောင့်လည်းဆိုရင် လက်တွေ့မှာ အမှန်တကယ်ဖြစ်တဲ့အရာတွေဟာ စိတ်ကူး၊ အတွေးတွေကနေ စတင်တာပဲဖြစ်ပါတယ်။ 

တစ်ခုခုဖြစ်မလာခင်မှာ အဲဒီအရာကို ရချင်လိုက်တာလို့ ကျွန်မတို့ ပထမဆုံးတွေးခဲ့၊ စိတ်ကူးယဉ်ခဲ့ကြတာပဲ မဟုတ်ပါလား။ ပြီးရင် အဲဒီအရာကို ရအောင် အားထုတ်ကြိုးပမ်းကြတယ်။ ဒီလိုနဲ့ပဲ အိပ်မက်တွေဟာ အမှန်တကယ်ဖြစ်လာတဲ့ အဖြစ်တွေ ရှိကြပါတယ်။ အဲဒါကြောင့် ဘယ်အရာမဆို ကိုယ့်ရဲ့ အတွေးစိတ်ကူးကနေ စတင်ပါတယ်။ စိတ်ကူးတွေကနေ စကားလုံးတွေအဖြစ် ပုံဖော်တယ်။ ဘယ်လိုပုံဖော်လဲဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ကို စာအုပ်ထဲချရေးတာ၊ အခြားသူတွေကို ပြောပြတာမျိုးတွေပေါ့။ စကားလုံးတွေကနေ လုပ်ဆောင်ချက်တွေလိုက်တာတယ်။ လုပ်ဆောင်ချက်တွေကနေ အမှန်တကယ်ရလဒ်တွေ ရလာပါတယ်။ အဲဒီအတွက် ဘယ်အရာမဆို ကိုယ့်ရဲ့ ခိုင်မာတဲ့ ယုံကြည်မှု၊ စိတ်ကူးအိပ်မက်ကနေ စတင်တာမို့ အိပ်မက်ကို ကြီးကြီးမက်ပါ။ လက်တွေ့အကောင်အထည်ဖော်နိုင်အောင်ကြိုးစားပါ။ ကိုယ့်စိတ်ထဲက ပြင်းပြတဲ့စိတ်နဲ့ တကယ်လုပ်ဆောင်တဲ့အခါမှာ ကံတရားကလည်း သိလာပြီး ကိုယ်လိုချင်တဲ့အရာကိုရအောင် ခေါ်လာမှာပဲဖြစ်ပါတယ်။ ဒါဟာ Law of Attraction ရဲ့ သဘောတရားပါပဲ။


ဒါဆို ကိုယ်လိုချင်တဲ့အရာတွေ ရဖို့ Law of Attraction ကို ဘယ်လိုအသုံးချမလဲဆိုတဲ့ tips လေးတွေ ပေးချင်ပါတယ်။

၁။ ကိုယ့်စိတ်ထဲ ပြင်းပြင်းပြပြ ယုံကြည်နေတဲ့အရာကို သိအောင်လုပ်ပါ။ ဥပမာ မင်းသမီးဖြစ်ချင်တာ၊ အိမ်တစ်လုံးလိုချင်တာ၊ ကျန်းမာတဲ့ ခနာကိုယ်ကို ပိုင်ဆိုင်ချင်တာ စသဖြင့် ကိုယ်ဘာလိုချင်တာလဲ သိအောင်လုပ်ပါ။

၂။ ကျေးဇူးတင်ဖို့ သတိရပါ။ ကိုယ့်ဆီမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့ ၊ အကောင်းမြင်တတ်ဖို့ အရေးကြီးပါတယ်။

၃။ ကိုယ့်ကိုယ်ကို ပိုပြီးကောင်းတဲ့ဖက်ကနေ တွေးပါ။ ဆိုလိုတာက စိတ်ဓါတ်ကျတာ၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာတွေမဖြစ်ဘဲ ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်တယ်လို့ တွေးတာမျိုးပေါ့။

၎။ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်နေတဲ့ အတွေးစိတ်ကူးတွေကို စကားလုံးတွေအဖြစ် အသွင်ပြောင်းပြီး ချရေးကြည့်ပါ။ အဲဒါမှသာ ကိုယ့်ရဲ့ Goal ကိုအမြဲမပြတ်သတိထားမိပြီး action တွေ လိုက်လာပါလိမ့်မယ်။

၅။ ပြီးရင် ပုံဖော်ကြည့်ပါ။ Youtuber တွေသုံးတာတော့ vision board ကို အသုံးများကြပါတယ်။ အိမ်တစ်လုံးလိုချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့အိမ်ပုံစံလေးတွေ အလှဆင်ထားတာမျိုးပေါ့။

၆။ ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပြောင်းလဲကြည့်ပါ။ ဆိုလိုတာက ကိုယ်ဖြစ်ချင်နေတဲ့ စိတ်ကူးထဲကအရာက လုပ်မယ့်အပြုအမူတွေကို လုပ်တာမျိုးပေါ့။ ကျန်းမာတဲ့ ခနာကိုယ်ကိုပိုင်ဆိုင်ထားသူဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ အလေ့အကျင့်မျိုး လုပ်မှာပဲမဟုတ်လား။

၇။ အမှန်တကယ် လုပ်ဆောင်ပါ။ ကိုယ်က တကယ်ကို လေးလေးနက်နက်လုပ်လာပြီဆိုရင် ကံတရားကလည်း မနေသာပါဘူး။ သူကပါ action ယူပြီး ကိုယ်လိုချင်တဲ့အိပ်မက်ကို ရဖို့ ပူးပေါင်းပါလိမ့်မယ်။ အချုပ်ဆိုရရင်တော့ ညဏ်နဲ့ ဝီရိယက အားပြင်းလာတဲ့အခါ ကံကလည်း သူ့အလိုလိုကောင်းလာပြီး ဘဝမှာလိုချင်တဲ့အရာကို ရလာမှာပါ။ 

Written by Phyu Phyu Lwin
19th June 2019

Monday, 15 April 2019

မနက်ဖြန်မှ ပြုံးတော့မယ်

April 15, 2019 0 Comments


သင်္ကြန်အားလပ်ရက်အတွင်း စာတွေဖတ်ဖြစ်အောင် စာအုပ်တွေဝယ်ထားခဲ့တယ်။ အဲဒီစာအုပ်တွေထဲက ပထမဆုံးဖတ်ပြီးသွားတဲ့ ရသစာအုပ်လေးတစ်အုပ်အကြောင်း ပြောပြချင်တယ်။ စာအုပ်ရဲ့အမည်က “မနက်ဖြန်မှ ပြုံးတော့မယ်” တဲ့။ ရေးသူက စာရေးဆရာမ “သော်တာအေးလဲ့” ဖြစ်ပါတယ်။ ဒီစာအုပ်က ဆရာမရဲ့ ဒုတိယလုံးချင်းဝတုဖြစ်ပါတယ်။ ပထမစာအုပ်ဖြစ်တဲ့ “လရိပ်ပိုးမျှင်” ဆိုတဲ့စာအုပ်က ၂၀၁၇ လောက်မှ ထွက်ခဲ့တာဖြစ်ပြီး မဖတ်ဖြစ်ခဲ့ပါဘူး။ ဒီစာအုပ်ကတော့ ၂၀၁၈ ခုနှစ်ဂုတ်လက ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၂ ရက်နေ့က ဈေးဝယ်ရင်း သင်္ကြန်အတွက်စာအုပ်တွေဝယ်ဖို့သတိရသွားရာက Ocean shopping center ရဲ့ စာအုပ်စင်ပေါ်က တစ်နေရာမှာ ဒီစာအုပ်ကလေးကို တွေ့လိုက်မိတာ ကံကောင်းတယ်ဆိုရမယ်။ အဲဒါကြောင့်သာ ရသစာပေစစ်စစ်တွေရှားပါးလှတဲ့အခိုက်မှာ တကယ့်ရသမြောက်တဲ့စာတစ်အုပ်ကို ဖတ်ခွင့်ရခဲ့တာမဟုတ်လား။

အချိန်တွေလည်း ရှားပါးလာသလို ဖျော်ဖြေမှုပစည်းတွေများပြားလာတဲ့ခေတ်မှာ လူတော်တော်များများဟာ ရသစာပေကို အချိန်ပေးဖတ်တာ အားနည်းလာကြတယ်။ အဲဒါအပြင်ခေတ်ကာလဟာ အပြိုင်အဆိုင်တွေကြားထဲ စိတ်ဖိစီးမှုတွေ၊ ရှုံးနိမ့်မှုတွေလည်း မကြာခဏကြုံလာရတော့ စိတ်အားတက်ကြွစေတဲ့ တက်ကျမ်းတွေဟာ ရသစာပေကို လွှမ်းမိုးလာကြတယ်။ ဒီမှာကိုပဲ Best seller စာအုပ်တွေကိုကြည့်လိုက်ရင် စိတ်ခွန်အားဖြည့်စာပေတွေ၊ ဘာသာပြန်မှတ်စုတွေက အများစုဖြစ်နေကြတာပဲ မဟုတ်လား။ ပြိုင်ဆိုင်မှုတွေများတဲ့ခေတ်ကြီးထဲမှာ ရသမျှအချိန်လေးကြောင့် နက်နက်နဲနဲတွေးရတဲ့၊ တစိမ့်စိမ့်ခံစားရတဲ့ ရသစာပေကို အားမသန်ကြတော့ဘဲ ပြောချင်ရာကို တိုက်ရိုက်မီးမောင်းထိုးပြတတ်တဲ့၊ ချက်ချင်းလက်ငင်းအသုံးချလို့ရတဲ့ သုတစာပေတွေဖက်ကို ပိုအားသန်လာကြပြန်တယ်။

တကယ်တမ်းတော့ ရသစာပေဆိုတာ လူတွေရဲ့စိတ်ကို ပြုပြင်ပေးတဲ့၊ လူတွေရဲ့အတွေးအခေါ်၊ အယူအဆကို ထိန်းကျောင်းပေးတဲ့ တန်ဖိုးရှိတဲ့စာပေအမျိုးအစားတစ်ခုပါ။ သုတစာပေလို ဆိုလိုချင်တဲ့အကြောင်းအရာကို တိုက်ရိုက်မရေးဘဲ လူတွေ သူ့အလိုလို နားလည်လက်ခံလာအောင် ရသအမျိုးမျိုးခံစားစေရင်းမှ သွယ်ဝိုက်ပြုပြင်ပေးတဲ့ စာပေမျိုးလို့လည်း ဆိုချင်တယ်။ ကလေးတစ်ယောက်ကို ဆုံးမတဲ့အခါ တိုက်ရိုက်ပြောလို့ သူလက်ခံချင်မှလက်ခံမှာဖြစ်ပေမယ့် ဥပမာလေးတွေပေးတာ တဖြည်းဖြည်းချင်း သူ့အလိုလို လိုက်နာနားလည်စေသလိုမျိုးပေါ့လေ။
အဲဒီအတွက်ကြောင့် ရသစာပေကို လူတွေပြန်ဦးလှည့်စေဖို့ရာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တာမို့ ကိုယ်သဘောကျမိတဲ့ ရသစာအုပ်လေးတွေဆိုရင် ဒီမှာ လာပြောပြဖြစ်တာပါ။

“မနက်ဖြန်မှ ပြုံးတော့မယ်” စာအုပ်အကြောင်း ပြန်ပြောရရင် ငယ်စဉ်က ပုံမှန်မဟုတ်တဲ့ဘဝမျိုးမှာ ကြီးပြင်းခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို သရုပ်ဖော်ထားခဲ့တာပါ။ စာတစ်ကြောင်းချင်းစီတိုင်းရဲ့ အရေးအသား၊ အဖွဲ့အနွဲ့တွေကြောင့် စာရေးဆရာမလေးဟာ လူသာငယ်ပေမယ့် ပညာကမသေးကြောင်း မီးမောင်းထိုးပြနေသလိုပါပဲ။ အစကနေအဆုံးတိုင် အချိတ်အဆက်မိမိနဲ့ တစ်နေရာမှ လစ်ဟာမှုမရှိဘဲ သရုပ်ဖော်ရေးဖွဲ့ထားကာ စာကြောင်းတိုင်းဟာ ရသမြောက်လှပါတယ်။ အဲဒီလိုဆိုပေမယ့်လည်း သာမာန်လူတွေနားမလည်လောက်တဲ့ အရေးအသားမျိုးမဟုတ်ဘဲ ဖတ်သူတိုင်းလည်း နားလည်လွယ်တဲ့ အရေးအဖွဲ့ပါ။ စာကြောင်းတိုင်းကို ရသမြောက်အောင် ရေးနိုင်တာကတော့ စာရေးသူရဲ့ ပညာဝမ်းစာပြည့်ဝမှုနဲ့ ပါရမီထက်သန်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ၂၀၁၈၊ ၈ လပိုင်းကတည်းက ထွက်ထားခဲ့တဲ့စာအုပ်ဟာ ၂၀၁၉ ဧပြီလအထိ စာအုပ်ဆိုင်မှာရှိနေတာ ကိုယ့်အတွက် တော်တော်ကံကောင်းပါတယ်။ အဲဒါကြောင့်သာ တခါတရံမှသာ ရှားရှားပါးပါးထွက်ပေါ်လာတဲ့ ရသစာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ကို အပြည့်အဝခံစားခဲ့ရတာမဟုတ်လား။ ဆရာမဟာ လူငယ်တစ်ယောက်သာရှိသေးတာမို့ လူငယ်ထဲက ရသစစ်စစ်စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်နိုင်တာ ပိုပြီး ဝမ်းသာဂုဏ်ယူရပါတယ်။ 

 


Monday, 1 April 2019

အက်ဆေးအကြောင်း အက်ဆေး

April 01, 2019 1 Comments

ဆရာမင်းလူရဲ့ အက်ဆေးပေါင်းချုပ်စာအုပ်ကို စဖတ်ဖြစ်တာ မှတ်မှတ်ရရ ၂၀၁၉ စစချင်း ဇန်နဝါရီ ၁ ရက်နေ့ကပါ။ ဒီကြားထဲ မအားတာရော၊ အခြားစာအုပ်တွေ ဖတ်ဖြစ်နေတာရောကြောင့် တော်တော်နဲ့ ဖတ်လို့မပြီးရာက အခုမှသာ ဖတ်လို့ပြီးတော့တာပါပဲ။ ဆရာမင်းလူက ကိုယ့်အကြိုက်ဆုံး စာရေးဆရာတွေထဲမှာ ထိပ်ဆုံးကပါသူတစ်ယောက်ပါ။ သူ့ရဲ့ရသစာပေတွေကို ကြိုက်လွန်းလို့ ထွက်သမျှ၊ လက်လှမ်းမီသမျှကို ဖတ်ဖြစ်တယ်။ ဖတ်သမျှတိုင်းမှာ လုံးချင်းတွေသာမကဘဲ ဝတုတိုတွေ၊ အက်ဆေးတွေရော အားလုံးကိုကြိုက်တယ်။ ဖတ်ပြီးရင် ရသတကယ်ခံစားရပြီး တသသစွဲထင်ကျန်နေခဲ့တဲ့စာပေတွေ။ တကယ်တော့ ကိုယ်က ရသစာပေမှာဆိုရင် ဝတုတိုတွေထက် လုံးချင်းဝတုရှည်တွေကို ပိုကြိုက်သူဆိုပေမယ့် ဆရာမင်းလူရေးသမျှကတော့ အားလုံးကို ကြိုက်တာပါပဲ။ ဆရာက သူ့လက်နဲ့ရေးသမျှတိုင်းဟာ ရသမြောက်တဲ့စာပေတွေဖြစ်နေတာကြောင့် စာရေးရာမှာ တကယ့်ကို ထူးတဲ့ပါရမီရှင်သာဖြစ်ပါတယ်။

ဆရာရေးတဲ့အက်ဆေးတွေ (မဂဇင်းတွေမှာ ပါပြီးတဲ့အက်ဆေးတွေ၊ အချို့စာအုပ်တွေမှာပါထားတဲ့အက်ဆေးတွေ) ကို စုထုတ်ထားတဲ့ ဒီအက်ဆေးပေါင်းချုပ်စာအုပ်ကို စသိကတည်းက ဝယ်ချင်တာ။ ကိုယ်က အဲဒီတုန်းက မြန်မာမှာရှိမနေတာကြောင့် မဝယ်ဖြစ်တာ။ အဲဒါနဲ့ပဲ ၂၀၁၈ နှောင်းပိုင်းလောက်မှ ဝယ်ဖြစ်ပြီး ဒီနှစ်ထဲမှ စဖတ်ဖြစ်တာ။ ဘယ်နှစ်ကထုတ်တယ်ဆိုတာတော့ စာအုပ်ထဲမှာမပါဘူး။ တန်ဖိုးက ၇၀၀၀၊ စာမျက်နှာပေါင်းက ၃၃၅ မျက်နှာနဲ့ အက်ဆေးပေါင်း ၉၁ ပုဒ်ပါတယ်။ ပထမဆုံးအက်ဆေးကနေ နောက်ဆုံးအက်ဆေးထိ အပုဒ်တိုင်းဟာ စိတ်ဝင်စားစရာအကြောင်းအရာတွေချည်းပဲ ။ အချို့အက်ဆေးတွေကတော့ ဆရာ့ရဲ့ မိသားစုအကြောင်း၊ အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်းအပေါင်းအသင်းတွေအကြောင်း အမှတ်တရရေးထားတဲ့ အက်ဆေးတွေဖြစ်တယ်။ အချို့အက်ဆေးတွေကတော့ အကြောင်းအရာတစ်ခုကို အခြေခံပြီးရေးထားတဲ့ အက်ဆေးတွေ (ဥပမာ အီးလောကတို့၊ သွားများကို မနာအောင်နှုတ်ပေးမည် တို့စတဲ့ အက်ဆေးမျိုးပေါ့)။

အက်ဆေးဆိုလို့ အက်ဆေးဆိုတာဘာလဲဆိုတဲ့အကြောင်း ဒီစာအုပ်ထဲမှာ ဆရာရေးထားတဲ့ “အက်ဆေးအကြောင်း အက်ဆေး” ဆိုတာလေး နည်းနည်း ပြောပြချင်မိတယ်။ အက်ဆေး (Essay) ဆိုတာက အင်္ဂလိပ်လိုဆိုလိုတာဖြစ်ပြီး မြန်မာလိုတော့ စာစီစာကုံးလို့ပဲ အများက နားလည်ထားကြတာပေါ့။ အမျိုးမျိုးတော့ သုံးနှုန်းကြရာမှာ စာတမ်းငယ်စာတမ်းများ၊ အစမ်းစာ၊ ရသစာတမ်းငယ် စသဖြင့် သတ်မှတ်ခေါ်ဝေါ်တာမျိုးလည်း ရှိကြတယ်ဆိုရာဝယ် ဆရာမင်းလူကတော့ အက်ဆေးဆိုတဲ့စကားလုံးကိုပဲ သုံးခဲ့ပါတယ်။ ဒီမှာ အဓိကပြောပြချင်တာက အက်ဆေးပဲဆိုဆို စာတမ်းငယ်ပဲဆိုဆို၊ စာစီစာကုံးပဲ ပြောကြပါစေ အခြားအမျိုးအစားတွေဖြစ်တဲ့ ဝတု၊ ဆောင်းပါး စတာတွေနဲ့ ဘယ်လိုကွာသလဲဆိုတာလေး ဒီအက်ဆေးထဲမှာ ဆရာရှင်းပြတဲ့အတိုင်း sharing လုပ်ပေးချင်ပါတယ်။ 
*****************************************
 
“ အစဉ်အလာအတိုင်းပြောရလျှင် ဝတ ဇာတ်လမ်းပါသည်။ ဇာတ်ဆောင်တွေပါသည်။ ဇာတ်ဆောင်တို့၏ စရိုက်ကို ပီပြင်အောင် ဖော်ရသည်။ ဇာတ်ရှိန်တက်အောင် လုပ်ရသည်။ ဇာတ်ကွက်တင်ရသည်။ ဇာတ်ကိုဖြေပေးရသည်။ စ၊လယ်၊ဆုံး အကွက်လည်အောင် တင်ပြရသည်။

အက်ဆေးမှာကျတော့ ဇာတ်လမ်းဟူ ပါချင်မှပါသည်။ တချို့ပါချင်လည်း ပါမည်။ သို့ရာတွင် ဇာတ်လမ်းတွေ၊ ဇာတ်ဆောင်တွေကို ငဲ့ကွက်စရာမလို။ ဇာတ်ကြောင်းကို အဆုံးထိ ပြောချင်မှပြောမည်။ ပြချင်သည့်အပိုင်းကိုသာ ကွက်ပြချင်ပြမည်။ ဇာတ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့လည်း တာဝန်ယူစရာမလို။

အက်ဆေးသည် ဆောင်းပါးနှင့်လည်းမတူ။ ဆောင်းပါးက အချက်အလက်ကို အားကိုးသည်။ တင်ပြသည့်အကြောင်းအရာက တိကျခိုင်မာရမည်။ ကောင်း၏ဆိုးမှား ခွဲခြားပေးရမည်။ ရည်ရွယ်ချက်ကိုရောက်အောင် ရှင်းရှင်းလင်းလင်းဖော်ပြပြီး နိဂုံးချုပ်ပေးရမည်။ 

အက်ဆေးကျတော့ အချက်အလက်ကိုအားမကိုး။ စိတ်ကူးစိတ်သန်းကို အားကိုးသည်။ ခိုင်မာတိကျသည့် အထောက်အထား၊ အကိုးအကားတွေ ပါချင်မှပါမည်။ ဗဟုသုတဖြစ်စရာတွေ၊ ပညာပေးတွေ၊ အကျိုးပြုတာတွေ ရှိချင်မှလည်း ရှိမည်။ စာရေးသူက စိတ်ကူးအလျဉ်းသင့်သလို ချရေးသွားမည်သာ ဖြစ်၏။”
*********************************************
 
ဆရာ့ရဲ့ အက်ဆေးအကြောင်းအက်ဆေးကို အရင်က ဖတ်ခဲ့ဖူးတယ်။ ကိုယ့် Blog မှာ ကိုယ်ရေးတာတွေက ဝတု၊ ဆောင်းပါးထက် အက်ဆေးပုံစံတွေပိုများတော့ အဲဒီကတည်းက Blog မှာ အက်ဆေးဆိုတဲ့ label တစ်ခုသပ်သပ်ထားပြီး ရေးဖြစ်ခဲ့တာ ဒီနေ့ထက်ထိပါပဲ ။ ၂၀၁၂ ခုနှစ်က Blog မှာ ကိုယ်စာတွေစရေးတော့ ဘာရေးရမယ် သေချာမသိဘူး။ အဲဒီမှာ စာရေးဆရာတစ်ယောက်ပြောတာကို သတိရမိသွားခဲ့တယ်။ စာရေးတတ်သူဟာ အကြောင်းအရာကြီးကြီးမားမားမဟုတ်ဘဲ စကားလုံးလေးတစ်လုံးကနေလဲ စာစီကုံးနိုင်ရမယ် ဆိုတာပါပဲ။ အဲဒီကနေစပြီး ကိုယ်က ဇာတ်လမ်းဇာတ်ကွက်တွေထက် စကားတစ်လုံး၊ အကြောင်းအရာတစ်ခုအပေါ် အခြေခံတဲ့ အက်ဆေးတွေ ရေးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဇာတ်ဆောင်တွေပါတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို သရုပ်ဖော်မရေးတတ်တာကြောင့်လည်း အက်ဆေးရေးရတာ အားသန်တာဖြစ်ပါလိမ့်မယ်။


ဆိုတော့ ဆရာ့ရဲ့ အက်ဆေးပေါင်းချုပ် စာအုပ်အကြောင်း ပြန်ဆက်ရရင် တကယ့်ကို လေးလေးပင်ပင် အရသာရှိလှတဲ့ ဟင်းတစ်ခွက်နဲ့တူတယ်။ ဖတ်ရတာ လက်က မချချင်လောက်အောင် အက်ဆေးတိုင်းက ရသမြောက်ကာ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ကိုယ့်လို စာရေးဝါသနာပါကာ စာမရေးတတ်သူတစ်ဦးအတွက်ဆို ဆရာရေးတဲ့အက်ဆေးတွေကနေ အက်ဆေးရေးဟန်တွေကို လေ့လာအတုယူလို့လည်း ရသေးတယ်။ တကယ့်ကို အဖိုးတန်လှတဲ့ စာအုပ်တစ်အုပ်ပါပဲ။

Noted by Phyu Phyu Lwin
1/4/2019

Follow Us @soratemplates