Monday, 1 April 2013

မပြယ်တဲ့ ..သစ္စာ .(၂)

April 01, 2013 1 Comments

ခုတလော ပန်းရောင်နှင်းဆီတွေ အမြဲလိုလိုရောက်ရောက် လာတတ်ပြန်တယ် ” သူမက စကားးစပ်မိရင်း ပြောလာတော့ အဲဒီပန်းရောင်နှင်းဆီ ၅ ပွင့်ရဲ့ အဓိပ္ပာယ်ကို သိလားလို့ သူက မသိသလို ပြန်မေးခွန်းထုတ်လာတယ်..။

ကျမအတွက် သိဖို့မလိုအပ်ဘူး တဲ့..။ သူမမျက်ဝန်းထဲမှာ ဒီပန်းတွေကို ချစ်တတ်တဲ့စိတ်ရှိနေခဲ့လား မရှိခဲ့ဘူးလား ဆိုတာကို သူ ဘာသာမပြန်တတ်ခဲ့ပြန်ဘူး…။ သူမက ခံစားချက်ကို ၀ှက်ထားတတ်ပြီး ဟန်ဆောင်ကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီလား..။ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို မဖတ်တတ်တာ သူညံ့လို့ပဲဖြစ်မှာပဲလို့ ဘာသာတွေးရင်း လှမ်းဖို့မရဲတဲ့ အရုပ်တစ်ရုပ်လို အဝေးကနေ ငေးကြည့်နေရုံဘ၀ပဲပေါ့ ဟန်နီ ..။

သူ့ရဲ့အချစ်တွေ သူမ သိစေဖို့ ပန်းနုရောင်နှင်းဆီ ၅ ပွင့်ကို အမြဲလို ပို့ပေးနေမိတယ်.။ ပန်းနုရောင်နှင်းဆီဆိုတာ မြတ်မြတ်နိုးနိုးချစ်ခင်ခြင်းရဲ့ သင်္ကေတဖြစ်သလို နှင်းဆီင်္ ၅ ပွင့်ဆိုတာက ကိုယ် မင်းကိုချစ်တယ် လို့ ရည်ညွှန်းတယ် ဆိုတာ သူမလို မိန်းကလေးတစ်ယောက်အနေနဲ့ သိနေလိမ့်မယ်ဆိုတာ သူယုံကြည်တာပေါ့..။

စိတ်ရော လူရော အနားမပေးဘဲ မိန်းကလေးတစ်ယောက်က ဒီလောက်ထိ လေ့လာကြိုးစားနေဖို့မလိုပါဘူး..။ ဟန်နီ့လို ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်အတွက် ဘ၀လုံခြုံစေနိုင်အောင် စောင့်ရှောက်နိုင်မယ့်သူ ဆိုတာ မရှားပါဘူးကွာ..” ဆိုတော့ သူ့ရဲ့စကားကို သူမက ခပ်ပြုံးပြုံးတုံ့ပြန်ပြောဆိုတယ်..။ 

လူဆိုတာ မိမိကိုယ်ကို ကိုးကွယ်ရာလေ.. လူတစ်ယောက်ရဲ့ရပ်တည်မှုက အခြားတစ်ယောက်အပေါ်မှာ မူတည်နေတဲ့ အခြေအနေမျိုးတော့ ကျမ မလိုချင်ဘူး .. တတ်နိုင်သလောက်ပေါ့ .. လူ့လောကကြီးထဲရောက်လာတုန်း လောကကောင်းကျိုးတစ်ခုခုပြုနိုင်ခဲ့တယ်ဆိုရင်ပဲ .. ကျမ လူဖြစ်ရကျိုးနပ်ပါပြီ…။ ကြယ်ပွင့်လောက်မတောက်ပရင်တောင် ပိုးစုန်းကြူးလို မှိတ်တုတ်မှိတ်တုတ် လင်းလက်ခွင့်ရလည်း ကိုယ်ပိုင်အလင်းရောင်နဲ့မို့ ကျေနပ်နေမိမှာပဲ ..” 

အဲဒါကြောင့်များ သူမက လရောင်ကို မနှစ်သက်တတ်သူလား..။ ကဗျာတွေ စာတွေကို ချစ်တတ်ပေမယ့်လည်း ကဗျာတွေ သီချင်းတွေထဲမှာ အမြဲဖွဲ့နွဲ့လေ့ရှိတဲ့ လရောင်ကိုတော့ သူမက ဘယ်တော့မှ နှစ်သက်တယ်ဆိုတာ ပြောလေ့မရှိ..။ နေမင်းဆီက အလင်းနဲ့ မော်ကြွားနေတဲ့ လမင်းကြီးအတွက်တော့ သူ့အလှကို ဖွဲ့ဖို့ ကျမ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူးလို့ တစ်ခါတော့ ပြောခဲ့သေးရဲ့..။ ပိုင်ဆိုင်တာဆိုလို့ … ဒီမာနပဲ .. ကိုယ့်အားကိုယ်ကိုးမယ် .. ကိုယ့်ဘ၀ကို စိတ်တိုင်းကျ ကိုယ်တိုင်တည်ဆောက်ရင်း …. ရလာတဲ့ဘ၀က ခရောင်းလမ်းဖြစ်နေလည်း ဘယ်အရာတွေရဲ့လွှမ်းမိုးမှု သြဇာသက်ရောက်မှုတွေ မပါလို့ .. ကျေနပ်နေပြန်သတဲ့..။

ေ၀၀ါးနေတဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက် သူမအပေါ်မှာချစ်တဲ့ အချစ်က အနိုင်ယူသွားခဲ့တော့ ပိုင်ဆိုင်ချင်စိတ်က ဦးမော့လာခဲ့ပြန်တယ်..။ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ တစ်ခါတုန်းက လက်လွှတ်ဆုံးရှုံးသွားခဲ့ဖူးတဲ့ အရာတစ်ခုကို ဒီတစ်ကြိမ်တော့ ပိုင်ဆိုင်လာချင်ခဲ့တဲ့ သူ့အတ္တက အစွန်းမရောက်ဘူးလို့တော့ ယုံကြည်မိပါရဲ့…။ လှလှပပပြုံးတတ်တဲ့ သူမရဲ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ စကားလုံးတစ်ချို့မှာ .. သူ့အပေါ်ထားရှိတဲ့ သံယောဇဉ်အရိပ်အယောင်လေးများ ပါလာလေမလား .. အပြုံးတွေကို တိတ်တဆိတ်ဘာသာပြန်သူတစ်ယောက်ဖြစ်လာပြန်တယ်…။

မနက် ၅ နာရီတိတိမှာ missed call ပေးဖို့ ညဥ့်နက်မှ အိပ်ရာဝင်တတ်တဲ့သူတစ်ယောက်အတွက် နည်းနည်းတော့ ကသိကအောင့်မဖြစ်ဘူးလား” လို့ သူမက ပြုံးစစမေးတော့ သူ့ရဲ့ဂရုစိုက်မှုတစ်ချို့တစ်လေကို အသိအမှတ်ပြုတာများဖြစ်မလား .. သူတစ်ဖတ်သတ်တွေးရင်း အပျော်တစ်ချို့ နှလုံးသားထဲစီးဆင်းသွားတယ်..။ 
“နှိုးစက်ကအသံကိုတောင် မလိုအပ်အောင် မနက်စောစောအိပ်ရာနိုးတတ်ဖို့ ကျမရဲ့ မဖြစ်မနေတာဝန်တစ်ခုလို ကျင့်လာခဲ့တာ နှစ်ပေါင်းတော်တော်ကြာပြီလေ..။ အဲဒီတော့ ခုမှရှိလာတဲ့ နှိုးစက်တစ်ခုအတွက်နဲ့တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားပါဘူး” လို့ဆိုတဲ့ သူမက သူ့ရဲ့ဂရုစိုက်မှုကို မလိုအပ်ဘူးလို့ သွယ်ဝိုက်ပြောနေသယောင် သူ ထင်မှတ်လာမိတယ်..။ “ဒါပေမယ့် ပြန်တွေ့ကြပြီးတဲ့နောက်ပိုင်း ကိုယ် မင်းအတွက် နှိုးစက်တစ်လုံးဖြစ်ခွင့်ရချင်ခဲ့တာ” လို့ သူဆိုတော့ အဲဒီစကားလုံးတစ်ခုဟာ ဘယ်လိုအဓိပ္ပာယ်သက်ရောက်လဲဆိုတာ သူမလို မိန်းကလေးတစ်ယောက်အနေနဲ့ ချက်ချင်းသိနိုင်မယ်ဆိုတာ သေချာပေမယ့် သူမကတော့ ဘာမှမသိသလို တိတ်ဆိတ်သွားပြန်တယ်…။ 


+++++++++++++++++++++++++++++++

အပိုင်း(၁) ကိုရေးထားခဲ့ဖူးတယ်..။ Link ပြန်ပေးဖို့ connection မကောင်းလို့ တနေရာရာမှာ ရှာဖတ်နိုင်ပါတယ် :D :D .. ဆက်ရန်အပိုင်းတွေရှိပါသေးတယ်..။ အားပေးကြည့်ပါဦးနော် :)))

Saturday, 16 March 2013

သတိတရ ^^

March 16, 2013 10 Comments
Hallo,, Good morning :)

ခု မြန်မာပြည်ကနေ နှုတ်ဆက်နေတာပါ ... ပြန်ရောက်တာ ဒီနေ့ဆို တစ်ပတ်ပြည့်ပြီ ..။ ရောက်ရောက်ချင်း စီစဉ်စရာရှိတာတွေ စီစဉ်တာ.. ဘာညာသာရကာတွေတော့ ပြီးသွားပြီ ..။ ဘယ်မှတော့ မလည်ဖြစ်သေးပါဘူး..။ အလုပ်အရင်လုပ်ရဦးမယ်...။ ပြီးမှ လျှောက်လည်ဖို့ အစီအစဉ်အကောင်အထည်ဖော်ဖြစ်မှာ..။ ဒီရောက်တော့ ဖုန်းနဲ့ပဲ အင်တာနက်သုံးဖြစ်တယ်..။ တက်လိုက်ကျလိုက်ပဲ. ။ mail တော့ ကောင်းကောင်းစစ်လို့ရပါတယ်..။ ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် လိုင်းက မကောင်းတော့ ဘာမှတော့ သိပ်သုံးမရ ...။ Online တိုက်ပွဲတွေ ဆင်နွှဲနေကြတဲ့ facebook ဆိုတာကြီးကျတော့ ဖုန်းနဲ့ ကောင်းကောင်းဝင်ရတယ်ဂျ >:o OMBuddha !!!

တကယ်က ကျမသုံးချင်တာ Google ပဲ သုံးချင်တာ .. လိုချင်တဲ့ Information က အဲမှာမှ ရှာရအဆင်ပြေတာကိုး..။ အဲဒါကျတော့ တက်လိုက်ကျလိုက် .. Link တစ်ခု နှိပ်လိုက်ရင် ရောက်ချင်မှရောက်တာမျိုး .. အမြင်ကပ်စရာကောင်းးတဲ့ facebook သုံးပြီး ဘာ information ရှာလို့ရမှာလဲကွယ် ... ရန်ဖြစ်နေတာတွေ ထိုင်ဖတ်နေရလောက်အောင် ကိုယ်လဲ အားနေတဲ့၊ အချိန်တွေပေါနေတဲ့ သူမျိုး မဟုတ်ဘူးလေ .. ahinttt ;(

Blog ထဲတော့ ၀င်လို့ရပါတယ်.. ရေးရမရဆိုတာ ခု စမ်းကြည့်နေတာ.. ဆိုင်တွေမှာ သွားသုံးရင်တော့ အေးအေးဆေးဆေးဝင်လို့ရလောက်တယ်.. ဒါပေမယ့် နေပူပူမသွားချင်ဘူး .. အဲဒါနဲ့ ဖုန်းက wifi လွှင့်ပြီး ကွန်ပျူတာနဲ့ဝင် စာရေးကြည့်တာပါ.. ဓါတ်ပုံတွေ တင်ရမရတော့ မသိသေးပါဘူး..။ အခြား blog တွေ ၀င်ဖတ်ဖို့လဲ ပြန်ပြန်ကျသွားတာနဲ့ ဘယ်ကိုမှ သွားပြီး အားမပေးဖြစ် ..။ ပြန်ရောက်မှပဲ အားရပါးရ အလည်လာ စာဖတ်တော့မယ်နော်...။ 



ဓါတ်ပုံတွေ တင်ရမရ တင်ကြည့်တာ အရမ်းနှေးတယ်.. ဂျာမနီပြန်ရောက်မှပဲ သေသေချာချာ ခရီးသွားတဲ့အကြောင်းတွေ ရေးတော့မယ် .. :)

Friday, 8 March 2013

Korea ရောက်အမှတ်တရ ^^

March 08, 2013 9 Comments
အားလုံး မင်္ဂလာပါနော် :D :D

မနေ့က (၇-၃-၂၀၁၃) ရက်နေ့ နေ့လည်က ဂျာမနီကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ နေလည် ၁ နာရီကနေ စထွက်ခဲ့တယ်..။ ခဏခဏသာ ခရီးသွားတာ တစ်ယောက်တည်း တစ်ခါမှ မသွားဖူးဘူး..။ ဒီတစ်ခါတော့ တစ်ယောက်တည်း သွားဖြစ်တာပဲ ..။ ဒါပေမယ့် အားလုံးအဆင်ပြေပြေပါပဲ..။ Luggage အပ်တော့ ၂ ကီလိုပိုနေတယ်..။ ဘာမှမပြောပဲ ပေးသွားတယ်.. security check ရောက်တော့လည်း လူကိုလဲ မစစ် .. ခါးပတ်မေ့ပြီး မထည့်မိတာလဲ ဘာမှမပြောကြပြန်ဘူး ..။ ဒီတစ်ခါသွားရတာ တော်တော်ကို ချောချောမွေ့မွေ့ပဲ ..။ 



ဒီတစ်ခေါက်သွားဖြစ်တာက Korea airline နဲ့ပါ..။ ၀န်ဆောင်မှုတော်တော်ကောင်းတယ်.. ။ နောက်ဆိုလဲ သူတို့နဲ့ပဲ သွားချင်လောက်အောင်ကိုကောင်းတာ။ ကိုယ်ကလဲ အာရှသားပဲဆိုတော့ ကိုရီးယားပဲထင်ပြီး ကိုရီးယားလို လာလာပြောတာတစ်ခုပဲ.. သူတို့ ၂ ခါမောတာပေါ့..။ လေယာဉ်အဆင်းအတက်တွေကလဲ အရမ်းငြင်သာတယ်။ တခေါက် ဖိလစ်ပိုင်သွားတုန်းကဆိုရင် တရုတ်လေကြောင်းနဲ့သွားတုန်းက နားစည်တွေကွဲမတတ်ပဲ ။ ၃ ရက်လောက်ထိ နားတွေနာနေတုန်း။။ အဆင်းအတက်တွေမှာ အရှိန်မထိန်းတော့ ဖိအားအနိမ့်အမြင့်မတူတာကနေ နားတွေအူလာတာ ။။ ဒီတခါက ဆင်းမှန်းတက်မှန်းတောင် မသိလောက်အောင် ထိန်းမောင်းတာမျိုး ..။

အစားအသောက်လဲ မဆိုးပါဘူး.. ဒါပေမယ့် Emirates တို့ Thai Airways တို့ကို မမှီဘူး ..။

ဘီဘင်ဘတ် (Bibimbap) လို့ခေါ်တဲ့ ရိုးရာထမင်းသုပ်တဲ့..။ အဲဒါတော့ကြိုက်တယ်.. ဒါပေမယ့် စပ်တယ်..။

အခု ဘာလို့ ဒီပို့စ်ကိုရေးနေလဲဆိုရင် ... အခုလောလောဆယ် ကိုရီးယားက Incheon airport မှာ မြန်မာနိုင်ငံကို သွားဖို့ transit စောင့်နေတာ .. ၅ နာရီကျော်ကျော်ကြာမှာ..။ အဲဒါနဲ့ ရေးချင်စိတ်ပေါ်လာတာနဲ့ ရေးနေတာ..။ Facebook က စာအုပ်တွေ ဒေါင်းနေတာလဲ လိုင်းကနှေးတော့ ဆက်မလုပ်ချင်တော့ဘူး ..။ 
တကယ်က စာဖတ်နေရမှာ :P :P



လေဆိပ်ထဲမှာ Korea tratiditional cultural show နဲ့တွေ့နေတယ်.။ 


ဖုန်းနဲ့ရိုက်တာမို့ ဓါတ်ပုံတွေက ကွာလတီမကောင်းဘူး .. @@@

Thank you all !! See you later !:D

Monday, 4 March 2013

♥ အမှတ်တရ တစ်နှစ်ပတ်လည် & ခဏလောက်ဝေးနေမယ့်အကြောင်း ♥

March 04, 2013 13 Comments
အားလုံး မင်္ဂလာပါနော်..။ ဝေးနေတာကြာပေါ့ .. ဘယ်သူမှတော့ သိပ်သတိထားမိမှာမဟုတ်ပါဘူး.. အစတည်းက တိတ်တိတ်လေးပဲနေတာဆိုတော့ ခဏပျောက်နေတာလည်း ရှိနေတာနဲ့ ဘာမှတော့မထူးပါဘူး ..။
၁ ရက်နေ့ကမှ စာမေးပွဲအားလုံးပြီးသွားတော့ အဲဒီအချိန်တွေမှာ စာလည်းမရေးဖြစ်ပါဘူး... ပျာယာခတ်နေတာနဲ့ပဲ ..။ 
ဒီပို့စ်ကို တကယ်က မနေ့က ရေးမလို့ ..။ ၃-၃-၂၀၁၂ ရက်နေ့က စခဲ့တာဆိုတော့ ၃-၃-၂၀၁၃ ရက်မှာ တစ်နှစ်ပြည့်တာလေ..။ ဒါပေမယ့် မနေ့က ဘယ်လိုမှ အချိန်ရှာမရခဲ့ဘူး..။ အချိန်ရလာတော့ အိပ်ချိန်ရောက်တော့ အိပ်ချင်လာတာနဲ့ စာမရေးဖြစ်တော့ဘူး.။ 

♥  အဲဒီနေ့ (၃-၃-၂၀၁၂) ကတည်းကစလို့ သူက ကျမဘ၀ထဲမှာ နေ့တိုင်းပါလာတယ်..။ သူနဲ့ပတ်သက်ပြီး ကျမအတွက် စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး..။ သူက ကျမအတွက် ပျော်ရွှင်မှုတွေပဲ သယ်ဆောင်လာပေးတယ်..။ သူရှိနေတဲ့အတွက် ... မိသားစုနဲ့ဝေးနေပေမယ့် ကျမအတွက် အထီးမကျန်ခဲ့ဘူး..။တစ်ကယ်က မေတ္တာရောင်ပြန်ဟပ်တာမျိုးလည်းဖြစ်မှာပါ..။ ကျမလည်း သူ့ကို တခါတလေ ရှားရှားပါးပါးရှိလာတတ်တဲ့ ကျမရဲ့ စိတ်ရှုပ်စိတ်ညစ်စရာတွေ တစ်ခါမှ ဖွင့်မပြောပြဖြစ်ခဲ့ဘဲ ပျော်စရာ ကြည်နူးစရာလောက်ပဲ သိစေခဲ့တာ။

တစ်နှစ်ပြည့်ဆိုတာက ကျမ ဒီ Blog ကိုစဖွင့်ပြီး စာရေးတာ တစ်နှစ်ပြည့်တာပြောတာပါ..။ သူဆိုတာ ကျမချစ်တဲ့ ဒီဘလော့ဂ်လေးကို ရည်ညွှန်းတာပါ..။ အချိန်တွေကုန်မြန်တယ်.. တစ်နှစ်ဆိုပေမယ့် မနေ့တနေ့ကလိုပဲ ..။ လွန်ခဲ့တဲ့ ၁ နှစ်က ဒီဘလော့ဂ်လေးဖွင့်ပြီး .... အားတဲ့အချိန်တွေကို စာရေးဖြစ်ခဲ့တာ..။ နေ့တိုင်းမှာ ကွန်ပျူတာဖွင့်တာနဲ့ သူ့ကို ဖွင့်ကြည့်ဖြစ်တယ်..။ စာရေးရင်းပဲ ဟိုးအရင်ကတည်းက စာရေးတာဝါသနာပါတဲ့ပိုးက ပြန်ရှင်လာတယ်..။ စာရေးနေရရင်ပျော်တယ်..။ တခါတလေ အေးအေးဆေးဆေး စာရေးနေရတဲ့ဘ၀ကို လိုချင်လာမိတယ်..။ အိမ်နဲ့ ကျောင်းနဲ့ စာကြည့်တိုက်နဲ့ ခေါက်တုန့်ခေါက်ပြန်သွား .. အ၀တ်အစားလှလှပပ၀တ်ချိန်မရ .. အလှပြင်စရာအချိန်မရှိ ... တချိန်လုံးပြေးလွှားလှုပ်ရှားနေရတာကို တခါတလေ ငြီးငွေ့လာတယ်... ဖတ်နေရတဲ့စာတွေကို တခါတလေ ... လှည့်ကြည့်ချင်စိတ်တောင် မရှိတော့ဘူး..။ အွန်လိုင်းကနေ ဒေါင်းပြီးစုထားတဲ့ မြန်မာစာတွေကို အရမ်းဖတ်ချင်တယ်...။ ဆရာမကြည်အေးရဲ့ ၀တ္ထုတွေ သေချာဖတ်ချင်တယ်..။ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဝတ္ထုတွေ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ခေတ်ကိုထင်ဟပ်စေတဲ့ ၀တ္ထုတွေ ဖတ်ချင်တယ်..။

++++++++++++++++++++++++++++++++++++++

ပျော်စရာတစ်ခုမျှဝေရရင်တော့ အခုလာမယ့် ၇ ရက်နေ့ မြန်မာပြည်ကို ပြန်မှာမို့ ခဏလောက်ဝေးနေမယ့် အကြောင်းပြောထားတာပါ..။ ဟိုမှာ ၃ လ နေမှာဆိုတော့ ဒီနှစ်သင်္ကြန်က ပိတောက်ပန်းတွေကို တွေ့ရဦးမှာ :D
ဇွန်လပထမပတ်ထဲ ဂျာမနီကို ပြန်ရောက်မှာဆိုတော့ ဒီ ၃ လမှာ အင်တာနက်အဆင်ပြေ ရင်တော့ ရောက်ရင်ရောက်လာဦးမှာပေါ့ ..။ ဘယ်လိုလဲတော့ သေချာမသိသေးဘူး။ ခုထိတော့ လိုင်းမကောင်းဘူး ဘာညာ ဖေ့ဘွတ်မှာ အော်နေကြတာ ကြားနေရတုန်းပဲဆိုတော့ Blog ၀င်ဖို့က အဆင်ပြေမပြေမသိ..။
စာတွေတော့ဖတ်ဖြစ်မှာပါ.. Thesis က အဲဒီမှာ ပြီးသလောက်ရေးခဲ့မှာမို့ ပျင်းတဲ့အချိန် ဘလော့အတွက် စာတွေရေးဖြစ်ပြီး ဂျာမနီပြန်ရောက်မှ တစ်နေ့တစ်ပုဒ်တင်တော့မယ် :)

ရောက်ရောက်ချင်း ရွှေတိဂုံဘုရားသွားဖူးမယ်..။ ပြီးရင် ရန်ကုန်မြို့ထဲ ခဏလျှောက်ကြည့်မယ်.. ။ နောက်လတွေထဲမှာ ပုဂံကို ဘုရားဖူးသွားဖြစ်မှာတော့ သေချာတယ်..။ တခြားတော့ သိပ်မစဉ်းစားရသေးဘူး..။ ဓါတ်ပုံတွေရိုက်ခဲ့မယ်နော်.. အဝေးရောက်နေသူများအတွက် :D :D

++++++++++++++++++++++++++++

အားလုံးပျော်ရွှင်ပါစေ... ♥ ♥

Saturday, 23 February 2013

လူပီသသူ ...

February 23, 2013 8 Comments
character ဆိုတဲ့ စကားလုံးကို မြန်မာလို ဘာသာပြန်ကြရင် အကျင့်စရိုက်သဘာဝ.. လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ စသဖြင့် ပြောကြတယ်..။
တစ်နည်းအားဖြင့် လူဖြစ်လာရင် လူတစ်ယောက်မှာ ရှိသင့်တဲ့ စရိုက်လက္ခဏာမျိုးတွေကို ပြောကြတာ..။
လူပီသမှုပေါ့ ...။

လူဖြစ်ပြီး လူပီသတဲ့သူမျိုးဆိုတာ ...
သာတူညီမျှဆိုတာကို လက်ခံတဲ့သူမျိုး ..
အခွင့်ထူးခံဆိုတာကို မုန်းတီးတဲ့သူမျိုး ...
ညှာတာစာနာစိတ်ရှိတဲ့သူမျိုး .....
လူကို လူလို့ သတ်မှတ်တတ်တဲ့ လူစားမျိုး ..

ကိုယ်တိုးတက်ဖို့ ပံ့ပိုးပေးနိုင်တဲ့သူမျိုးကိုပဲ ပေါင်းသင်းတတ်တာမျိုးမဟုတ်ဘူး..
ကိုယ့်ကို ဂရုစိုက်ပြီး မြှောက်ပင့်ပြောဆို ပေးနိုင်ကျွေးနိုင်တဲ့သူမျိုးကိုမှ လိုက်လိုက်လျောလျောပေါင်းသင်းတတ်တဲ့သူမျိုးမဟုတ်ဘူး ....
သာမာန်ထက် ချမ်းသာကြွယ်ဝ ရာထူးဂုဏ်ရှိတဲ့သူမျိုးကိုပဲ တသသချစ်ခင်နေချင်တဲ့သူမျိုးမဟုတ်ဘူး ...
အောင်မြင်ကျော်ကြားတဲ့သူတွေနားမှာပဲ ကိုယ့်အတွက် ဘာများအထောက်အကူရနိုင်မလဲ ရစ်သီနေတတ်တဲ့သူမျိုးမဟုတ်ဘူး....
ကိုယ့်အတွက် ဘာမှအထောက်အကူမဖြစ် ... သူတို့ဆီကနေ ... ဘာမျှော်လင့်စရာမှ မရှိတဲ့သူတစ်ချို့ကို .. မျက်ကွယ်ပြုတတ်တဲ့သူမျိုး မဟုတ်ဘူး...။
လိုချင်တဲ့ချိန်မှာ လိုသလို အသုံးချ ... မလိုအပ်တော့တဲ့အချိန်မှာ ... ခေါင်းရှောင်နေတတ်တဲ့သူမျိုးမဟုတ်ဘူး ...။
သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့သူမျိုးမဟုတ်ဘူး ....။

------
လူပီသမှုဆိုတာကို....
ကိုယ့်အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ .. မပံ့ပိုးပေးနိုင်တဲ့ ... အထောက်အကူမဖြစ်နိုင်တဲ့ ... တစ်ခြားသူတွေအပေါ်မှာ ဘယ်လိုသဘောထား ပြုမူဆက်ဆံတတ်သလဲ ဆိုတဲ့ အချက်ကို ကြည့်လိုက်ရင် .... သိသာလာပါလိမ့်မယ် ...။

Sunday, 17 February 2013

မပြယ်တဲ့ ... သစ္စာ (၁) ~~~

February 17, 2013 10 Comments



သူမက တစ်ချက်ပြုံးလိုက်ရင်း 
"ကျမတို့ လမ်းခွဲလိုက်တာကြာပြီလေ" လို့ ဘာခံစားချက်မှ မရှိသလိုပြောလိုက်တယ်..။ 

"မင်းခံစားနေရမှာပေါ့" ဆိုတဲ့စကားကိုတော့ သူ မပြောဖြစ်ခဲ့ …။ 
ချစ်သူဟောင်းအပေါ်မှာ နာကျည်းနေတဲ့အရိပ်အငွေ့အချို့ကို သူမ မျက်နှာပေါ်မှာ သူတွေ့နေခဲ့လို့ပဲ..။ တစ်ချိန်က သူအဝေးကနေ အမြတ်တနိုးချစ်ခဲ့ရတဲ့ မိန်းကလေးကို မထင်မှတ်ပဲ ပြန်အတွေ့ ..  အရင်က ကလေးဆန်ဆန် မိန်းကလေးတစ်ယောက်က တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့အတူ.. ဟန်ဆောင်တတ်လာ တဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်လာခဲ့ …။

 "အခုဘာတွေ လုပ်နေလဲ" ဆိုတော့ …. သူနားမလည်နိုင်တဲ့ သူမရဲ့ ပညာရပ်ပိုင်းဆိုင်ရာ စကားလုံးတွေ ကို သူ နားလည်သယောင်ယောင် ပြန်လည်ပြောဆိုရင်း …. သူမအပါးကနေ ထွက်လာခဲ့မိတယ်….။

အချစ်ဆိုတာ ….. ပြာဖုံးနေတဲ့မီးခဲတစ်ခုလိုပဲလား ဟန်နီ ..။ေ၀၀ါးနေတာကြာလို့ …. မရှိတော့ဘူး ထင်ခဲ့တဲ့ အချစ်တစ်ခုက ရုတ်တရက်ပြန်အတွေ့မှာ … နှလုံးသားကိုလှုပ်ခတ်လို့ … သူ့ရဲ့ညတွေဟာ … ရှည်လျားလာရပြန်တယ် …..။

သူတန်ဖိုးထား မြတ်နိုးခဲ့ရပေမယ့် …. တစ်ခါဆုံးရှုံးသွားဖူးတဲ့ တစ်စုံတစ်ရာကို အခုတစ်ကြိမ်မှာ …. သူလက်လွှတ်ဖို့ ထိုက်တန်ပါ့မလား ….။ အခွင့်အရေးဆိုတာ ၂ ခါထပ်မလာတတ်ဘူးဆိုတဲ့ ဆိုရိုးစကားတစ်ခုက နှလုံးသားထဲဝင်အလာ …. သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခု ပီပြင်လာခဲ့…။ 

"ကိုယ် သတိရလို့ ဖုန်းဆက်တာ .." ဆိုတဲ့ သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံနောက်မှာ … တည်ငြိမ်တဲ့အသံတစ်ခုက တုန့်ပြန်လာခဲ့တယ်..။ 

"ကျမက အားချိန်သိပ်မရှိဘူး … အားရင်လည်း စာရေးစာဖတ်နေတတ်တယ်" လို့ ပြန်ဖြေလာခဲ့တယ်…။ 

"ဒါပေမယ့် ကိုယ် မင်းကို ၄ နှစ်လုံးလုံး သတိရနေခဲ့တယ်" လို့ သူ ရိုးသားစွာ ၀န်ခံလိုက်တော့ … 
 "ရှင် သံယောဇဉ်ထားတတ်သားပဲ" လို့ သူမက ရယ်သံစွက်လို့ ပြန်ပြောရင်း စကားဝိုင်းတစ်ခုက နွေးထွေးလာသယောင် သူမှတ်ထင်လာခဲ့မိရဲ့ ..။

"ဒီ ၄ နှစ်လုံး မင်းတစ်ယောက်တည်း ဖြတ်သန်းနေခဲ့တာပေါ့" လို့ သူဆိုတဲ့အခါ "လူဆိုတာ မွေးလာတော့ လည်း တစ်ယောက်တည်း သေတော့လည်း တစ်ယောက်တည်း ပြန်သွားရမှာ သိနေရက်နဲ့ ဘ၀တစ်ခုကို တစ်ယောက်တည်း ဖြတ်သန်းတာ ဘာများထူးဆန်းလို့လဲ" လို့ သူမက တုံ့ပြန်ရင်း … အဲဒီစကားတွေထဲမှာ .. သူမရဲ့ ချစ်သူဟောင်းကို လွမ်းဆွတ်တမ်းတနေတဲ့ အရိပ်အယောင်တစ်ချို့ မပါပါစေနဲ့လို့ သူတစ်ဖတ်သတ် အတ္တကြီးမိပြန်တယ်…။

"လွန်ခဲ့တဲ့ ၅ နှစ်လောက်က စာသင်ခုံထဲက ချောကလက်ညိုညိုလေးတွေ .. သစ်ခွပန်းလေးတွေ ကို သတိရသေး လား" လို့ မျှော်လင့်တကြီးသူမေးမိတော့ .." ခြောက်သွားတဲ့အချိန်ဆို အနံ့မရှိတဲ့ သစ်ခွပန်းတွေ ကျမ မကြိုက်တတ်ဘူး" လို့ ပြန်ပြောတတ်တဲ့ သူမက ဟန်ဆောင်ဖို့လဲ မေ့နေတတ် သူဖြစ်ပြန်တယ်..။

"ကိုယ်တစ်ချိန်က ကောင်မလေးတစ်ယောက်ကို အရူးအမူးချစ်ခဲ့ဖူးတယ်.. ဘ၀မှာ ပထမဆုံးချစ်ခဲ့တာ.. ဒါပေမယ့် ကိုယ်သတ္တိကြောင်ခဲ့တယ် … ကိုယ်ချစ်နေတာကို သူသိအောင် ဖွင့်မပြောရဲခဲ့တော့ ကိုယ့်အချစ်ကို သူမသိခဲ့ဘူး
 အဲဒီလို အရင်က အချစ်အကြောင်းကို သူမ သိအောင် ဖွင့်ပြောဖို့ ဒီတစ်ချိန်တော့ သူ့မှာ သတ္တိအပြည့်ရှိလာခဲ့ပြန်တာ …။ သူမရဲ့စကားတစ်ချို့က တစ်ချိန်က သူသတ္တိနည်းခဲ့တာကို နောင်တရသွားစေပြန်တယ် ..။ 

"ဘယ်လောက်ပဲ ခပ်တုံးတုံးမိန်းကလေးဖြစ်နေပါစေ … သူတို့ကို ချစ်တဲ့ယောက်ျားလေးရဲ့ မျက်လုံးကို ဖတ်တတ်တယ်.. စကား၊ အမူအရာကို ဘာသာပြန်တတ်တယ်… ပါးစပ်က ဖွင့်မပြောပေမယ့်လည်း ခံစားချက်ကို နားလည်တတ်တယ်။။ အဲဒါ မိန်းကလေးတွေရဲ့ မွေးရာပါအစွမ်းအစတစ်ခုပဲ ..။ အဲဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါတယ်လို့ ပါးစပ်က ပြောနေပေမယ့် ရင်ထဲက အချစ်စစ်ဟုတ်မဟုတ် မိန်းကလေးတိုင်းလိုလို ခွဲခြားတတ်ပါတယ်..။ တစ်ခါတစ်လေ သူတို့က ချစ်လွန်းလို့သာ ဘာမှမပြောပဲ relationship တစ်ခုကို ထိန်းသိမ်းနေခဲ့တာ.. တစ်ကယ်ချစ်တာမချစ်တာ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို ဖတ်တာမှာ မိန်းကလေးတိုင်း မညံ့ကြဘူး" လို့ သူမက ယေဘူယျသဘောကို ပြောပြလာတော့ … တစ်ချိန်က သူချစ်ခဲ့တာ သိနေခဲ့တယ်ပေါ့လို့ ဖွင့်မေးဖို့ မလိုအပ်တော့…။ 

"ဒါပေမယ့် ပို့သူနာမည်မပါပဲ ရောက်ရောက်လာတတ်တဲ့ စာအုပ်တွေတော့ ကျမက သဘောကျသား" လို့ … သူမက ၀န်ခံစကားတစ်ခုကို ဆိုရင်း အဲဒီစာအုပ်တွေရဲ့ပိုင်ရှင်ဟာ သူပဲဆိုတာ ဟိုအချိန်ကတည်းက သူမ သိနေခဲ့တယ်ဆိုတာကို တစေ့စောင်းပြောပြနေသယောင်ဆိုတော့ သူရဲဘောကြောင်ခဲ့တဲ့ သူ့လုပ်ရပ်တွေအတွက် ရှက်ရွံ့လာခဲ့မိသလိုလို..။

"ဟန်နီ.. မင်းတော်တော်ရင့်ကျက်လာတယ်.. အတွေးအခေါ်တွေလည်း ပြောင်းလဲလာတယ်.. အပြောအဆို အမူအရာတွေလည်း လူကြီးတစ်ယောက်လိုဖြစ်လို့ .. ဒီနှစ်တွေအတွင်း အပြောင်းအလဲတွေ မြန်လိုက်တာ" လို့ သူတီးတိုးရေရွတ်မိတော့ ခပ်တိုးတိုးရယ်နေတဲ့သူမရဲ့ ရယ်သံက အတိတ်ကပုံရိပ်အတိုင်းပဲ ထပ်တူကျသွားပြန်တယ်...။  


++++++++++++++++++++++++++++++++++++++++++++


စိတ်ကူးထဲပေါ်လို့ ချရေးမိတဲ့ ၀တ္ထုတိုတစ်ပုဒ်.. ဘယ်နှစ်ပိုင်းဆက်လာမလဲ မသိ..။ ဇာတ်သိမ်းပိုင်းကို ဘယ်တော့ရေးဖြစ်မယ်မသိ.။ စာရေးချင်စိတ်ပေါ်တဲ့ချိန် .. ပြီးအောင်ဆက်ရေးဖြစ်မှာပါ.. :D :D

Follow Us @soratemplates