Thursday, 29 May 2014

အလှစစ် (၁) ~~

May 29, 2014 0 Comments


သိပ်မကြာသေးခင်အချိန်လောက်က မြန်မာနိုင်ငံက TV Channels မှာ ကျမကြိုက်တဲ့ Channel အသစ်တစ်ခု ထပ်ပေါ်လာတယ်..။ Readers’ Channel လို့ခေါ်တဲ့ စာဖတ်သူတို့ စကားဝိုင်းဆိုတဲ့ လိုင်းအသစ်တစ်ခုပါ ..။ အမြဲလိုလိုပဲ နာမည်ကြီး စာရေးဆရာ၊ ဆရာမကြီးတွေကို ဖိတ်ပြီးတော့ စာပေအကြောင်းဆွေးနွေးတာမျိုး၊ စာအုပ်တွေအကြောင်း၊ အခြားဗဟုသုတတွေ၊ အတွေ့အကြုံဝေမျှပေးတာမျိုးတွေနဲ့ စာပေ၊ ဗဟုသုတလိုက်စားသူတွေဆိုရင် တော်တော်လေးကို သဘောကျနှစ်ခြိုက်မယ့် လိုင်းတစ်လိုင်းပါပဲ ..။ ကျမတော့ အားရင် အမြဲလိုလို ဖွင့်ပြီး ကြည့်ဖြစ်တယ်။ ဒီနေ့ည TV ဖွင့်တော့ စာရေးဆရာမကြီး သျှီ (အင်ကြင်း) နဲ့ ဆွေးနွေးဝိုင်းကို တွေ့ရတယ် ..။ တ၀က်တပျက်ပဲ မှီလိုက်တာဆိုတော့ ဘာအကြောင်းအရာပြောကြတာလဲဆိုတာ ခေါင်းစဉ်ကို မသိလိုက်မိဘူး ..။

ဒါပေမယ့် ကံကောင်းစွာပဲ ကျမရေးမယ်လို့ စိတ်ကူးခဲ့တာကြာပေမယ့် မအားတာကြောင့် မရေးဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုကို ဆရာမကြီးက ဆွေးနွေးနေတာကို တိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်ရတယ် ...။ ဆရာမပြောတာက အဓိက မိန်းကလေးတွေ အတွက် ပြောတာပါ ..။ ဘ၀မှာ လောကကြီးက ပေးလိုက်တဲ့ကံတရား၊ အကြောင်းအရာတွေ တူညီပေမယ့် ဘ၀ကို ဖြတ်သန်းတဲ့အခါ ထားရှိတဲ့ စိတ်အခြေခံ၊ လုပ်ရပ်အပေါ်မူတည်ပြီး ဘ၀အခြေအနေတွေက ကွာခြားသွားတဲ့အကြောင်းပါ ..။ ဆရာမက သူတစ်ကယ်တွေ့ကြုံခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက်ရဲ့အကြောင်းကို ဥပမာပေးပြီး ပြောသွားခဲ့တာပါ ..။ 

ပထမသူငယ်ချင်းက သူအထက်တန်းတက်စဉ်က ကြုံခဲ့ရသူပါ ..။ သူမက ရုပ်ရည်က တော်တော်လေးကို လှပေမယ့် အလွန်ဆင်းရဲသူပါတဲ့ ..။ အဲဒီအခါ ဆင်းရဲခြင်းကို စိတ်နာပြီး ချမ်းသာချင်တဲ့သူမက ရုပ်ရည်ချောမောလှပမှုဟာ သူမဘ၀ရဲ့ ထွက်ပေါက်တစ်ခုလို့သတ်မှတ်ပြီး ချမ်းသာတဲ့ယောက်ျားကောင်းတစ်ယောက်ကို ရရှိဖို့က ရည်မှန်းချက်ဖြစ်သွားပါသတဲ့ ..။ အဲဒါကြောင့် အလှအပဘက်ကို ဦးစားပေးပြီး ကျောင်းစာဖက်ကို စိတ်မပါတော့ ၁၀ တန်းစာမေးပွဲကို ကျသွားခဲ့တယ် ..။ ဒါပေမယ့်လည်း သူမရည်မှန်းထားတဲ့အတိုင်း လှပတဲ့ရုပ်ရည်ကြောင့် စက်ပိုင်ရှင်သူဌေးသားတစ်ယောက်နဲ့ လက်ဆက်ဖြစ်သွားတော့ သူမဘ၀က သူဌေးကတော်ဘ၀ ချက်ချင်းရောက်ပြီး ချမ်းသာသူဖြစ်သွားတော့တာပေါ့လေ..။

ဒုတိယသူငယ်ချင်းတစ်ယောက်ကတော့ ဆရာမကြီး တက္ကသိုလ်တက်စဉ် တစ်ဆောင်တည်းမှာ နေခဲ့တဲ့ ကျောင်းနေဘက်တစ်ယောက်ပါ ..။ သူမဘ၀ကလဲ ပထမသူငယ်ချင်းတစ်ယောက်လိုပဲ ဆင်းရဲတာပါပဲ ..။ အမေက စက်ချုပ်ပြီး သူမအဖေကို ဘွဲ့ရအောင် ကျောင်းထားပေးပြီးတဲ့အခါ အဖေက ဘွဲ့ရပညာတတ်ဖြစ်သွားတော့ သူမအမေနဲ့ မောင်နှမ ၃ ယောက်ကို ထားပစ်ခဲ့ပြီး သူနဲ့ ပညာအရည်အချင်းတူညီတဲ့ အခြားမိန်းမကို လက်ထပ်ယူသွားသတဲ့ ..။ အဲလို ဘ၀အခြေအနေတွေနဲ့ ဆင်းဆင်းရဲရဲဖြစ်ခဲ့ရတဲ့သူမက ဘ၀မှာ မတောင့်မတနေရအောင် ကြိုးစားမှဖြစ်မယ်လို့ တွေးခဲ့သူပါ ..။ သူမရည်မှန်းခဲ့သလို ပညာကို အဆင့်ဆင့်ကြိုးစားခဲ့တော့ နောင်နှစ်အတော်ကြာမှာ ပြန်တွေ့တဲ့အခါ ခေတ်ပညာတတ်မိန်းမတစ်ဦး၊ ရာထူးကြီးကြီးတစ်ခုမှာ အတည်တကျနဲ့ နောင်ရေးအတွက် မပူမပင်ရတဲ့ ဘ၀ကို ပိုင်ဆိုင်ထားခဲ့ပါပြီတဲ့..။ မောင်နှမတွေအားလုံးလည်း ပညာတတ်တွေ ရာထူးတွေနဲ့ ဘ၀က သာသာယာယာချည်းဖြစ်နေခဲ့ကြပါသတဲ့ ..။

ဒါပေမယ့် ပထမသူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့တဲ့အခါ ယောက်ျားက ဆေးစွဲအရက်စွဲဖြစ်နေလို့ သူမကိုယ်တိုင် အိမ်ရဲ့စီးပွားရေးကို ၀င်ပြီး ဦးဆောင်နေရတာကြောင့် လှလှပပလဲ မနေနိုင်တော့ဘဲ  .. မလုပ်တတ်မကိုင်တတ် ပူပင်သောကတွေနဲ့သာ ဖြစ်နေပါသတဲ့ ..။

ဒီ ၂ ယောက်ကို ယှဉ်ကြည့်တဲ့အခါ တွေ့မိတာက မိမိကိုယ်ကိုသာ အားကိုးမှုနဲ့ အခြားတစ်ပါးသူကို မှီခိုမှုဆိုပြီး ကွဲပြားသွားပါလိမ့်မယ် ..။ အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်မှာရော နေရာတော်တော်များများမှာ တွေ့မိတာက မိန်းကလေးအချို့ ဘ၀ကို ဖြတ်လမ်းကနေ လိုက်ချင်ကြတာမျိုး တွေ့မိတယ် ..။ ရာထူးရှိတဲ့ ငွေကြေးချမ်းသာပြီး လုပ်ပိုင်ခွင့်တွေရှိတဲ့ ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်နိုင်ရေးက အဓိက ဖြစ်လာပြီး ရှာဖွေကြတယ် .. အလှအပတွေ ပြင်ကြတယ် ..။ ဒါပေမယ့် ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့က ပထမဦးစားပေးအဖြစ် ကြိုးစားသင့်တယ်ဆိုတာကို လျစ်လျူရှုထားတတ်ကြတယ်.။ ချမ်းသာပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောက်ျားလေး၊ ရာထူးဂုဏ်ရည်ရှိတဲ့ ယောက်ျားတွေအနားမှာ တရစ်ဝဲ၀ဲနဲ့ လက်တွဲခွင့်ရရေး နည်းမျိုးစုံနဲ့ ကြိုးစားလာကြတယ် .။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့စိတ်နဲ့ အခြားသူရဲ့ ချစ်သူ၊ ခင်ပွန်း စသဖြင့် ရှောင်သင့်တယ် .. စည်းစောင့်သင့်တယ် ဆိုတာ မတွေးတော့ဘဲ ကိုယ့်ဘ၀ရှေ့ရေး အဆင်ပြေဖို့ အခြားသူရဲ့ မျက်ရည်ကို ခြေဆေးဖို့ ၀န်မလေးတော့တဲ့ ဇာတ်လမ်းတွေ အများကြီးပဲ မြင်နေရတယ် ...။


(နောက်ရက်မှ ဆက်ရေးပါဦးမယ် ~~~)

Sunday, 18 May 2014

# May #

May 18, 2014 1 Comments


မိုးနံ့တချို့သင်းနေတဲ့မေဟာ .... နွေရာသီအပူဒဏ်ကို အံတုလို့ ... ပုံမှန်လည်ပတ်နေတဲ့ ရာသီစက်ဝန်းမှာ အလှည့်ကျ ကပြနေလေရဲ့ ...။ ဒီအချိန်ရောက်တိုင်း ဖြတ်သန်းခဲ့တဲ့နွေရာသီရဲ့ ပူပြင်းလှတဲ့ကာလတွေကို မေ့ပျောက်ချင်ခဲ့ပြီး မိုးကို မျှော်နေမိတတ်တယ် ...။ 



  May
တစ်ခါတစ်ခါဝေ့၀ဲလာတဲ့လေပြေကြားမှာ မိုးစက်မိုးပေါက်တချို့ပါလာပြီး ပိတောက်နံ့သင်းသင်းလေးမွှေးနေတတ်တဲ့ မေ ..။
စံပယ်ဖူးတွေ စီရီနေတဲ့အပင်ထက်
စံပယ်ပန်းရနံ့ ထုံသင်းနေတတ်တဲ့ မေ ..။
တစ်ခါတစ်ခါကျလာတတ်တဲ့ မိုးစက်လေးတွေအောက်
မြေသင်းနံ့လေး လွှမ်းနေတတ်ပြန်သေးတဲ့ ..မေ ..။
ကျောင်းတွေ ပြန်ဖွင့်ခါနီးလို့ ...
အလွမ်းတွေ တစ်ရစ်ပြီးတစ်ရစ်...လျှော့ချပေးတတ်တဲ့ ... မေ ..။
ငုဝါတွေနဲ့အပြိုင် စိန်ပန်းနီနီတွေနဲ့ ..
ရဲရဲတောက်လို့ လှသွေးကြွယ်နေတတ်ပြန်တဲ့ .. မေ ..။
...
အမှတ်တရတွေ အများကြီးမရှိတတ်တဲ့မေမှာ ... ကိုယ့်အတွက်တော့ ကျောင်းဖွင့်ချိန်ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့တင် ... အလွမ်း အဆွေးတွေကို တနင့်တပိုး စားသုံးစေတတ်တဲ့ ... မေ ..။
အခုတော့လည်း .... ... မျှော်လင့်ချက်အပြည့်နဲ့.. အနာဂတ်အိပ်မက်တချို့ကို ထွေးပိုက်ရင်း....
ကိုယ့်အတွက်တော့ ... မေ က မထူးခြားလှပေမယ့်လည်း ... ရင်ခုန်မှုတွေ ဖန်ဆင်းတတ်ပြန်တယ် ...။

May .....
နွေပူဒဏ်ခံပြီးတော့ မိုးပြေးရောက်လာသလို ...
နေပူမှာရပ်စောင့်နေခဲ့ရလို့ .. နေရိပ်နဲ့တွေ့ရတော့မယ့်သူလို ...
မုန်တိုင်းပြီးတော့  ... လေပြေရောက်လာသလို ...
ကျေးဇူးပြုပြီး  ... ကိုယ့်အတွက် ...
ပျော်ရွှင်ခြင်းတွေ .... ကံကောင်းခြင်းတွေ  ... သယ်ဆောင်လာပေးလှည့်ပါ မေ ......

Feeling @Wish _/\_ _/\_ _/\_

Tuesday, 22 April 2014

will be back soon ^^

April 22, 2014 2 Comments
 


Hello, Greeting from Myanmar !!!
long time no post :) 
ကျမ ဘလော့ဂ်မှာ စာရေးတဲ့အတိုင်းအတာနဲ့ ကြည့်ရင် အခုတလော မရေးဖြစ်တာ တော်တော်ကြာနေပြီ ..။ ကိုယ့်ကိုယ်ကိုလဲ တာဝန်မကျေသလို ခံစားရပါတယ် ...။ အချိန်ပြည့်လဲ စာရေးဖို့ သတိရနေမိတယ် ..။ ဒါပေမယ့်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိပေပဲလေ ..။ ပြောရရင် ပိုပြောတယ်လို့ ထင်ကောင်းထင်မိကြမှာဖြစ်ပေမယ့် ... အမှန်တကယ်ကို အလုပ်ရှုပ်နေလို့ပါ ..။
လူတိုင်း အလုပ်ရှိတာပဲ .. ကျမတစ်ယောက်တည်း ရှုပ်နေတာမဟုတ်ပါဘူး လို့ ပြောလဲ ခံရရုံပါပဲ ..။ အလုပ်ကတစ်ဖက် စာကတစ်ဖက် .. အိမ်အလုပ်တွေကတစ်ဖက်နဲ့ တစ်ကယ်ကို အချိန်တွေရှားပါးလွန်းနေလို့ပါ ..။ ဘယ်လောက်အလုပ်များများ အိပ်ချိန်ကို မလျှော့နိုင်တဲ့သူဖြစ်လေတော့ အားလပ်ချိန် စိတ်အပန်းဖြေချိန်ကိုပဲ လျှော့ပြီး နေရပါတော့တယ် ..။ တစ်ချိန်ချိန်တော့ ကြိုးစားသမျှ အရာထင်လာမယ်လို့ မျှော်လင့်မိတာပါပဲ ...။
ပြီးအောင်လုပ်မယ်လို့ ရည်မှန်းထားသမျှ အလုပ်တွေ လက်စသတ်ပြီးရင်တော့ စာတွေ (အထူးသဖြင့် ဟိုဟိုဒီဒီမဟုတ်တဲ့ ရသစာတွေ) ပြန်ရေးဖြစ်အောင် ရေးပါမယ် ..။ ခုတော့ ခဏတိတ်တိတ်လေး ခြေရာဖျောက်နေပါရစေ ..။ မကြာခင်ပြန်လာခဲ့ပါမယ် ...။ 

ဘာမှ မရေးဖြစ်နေတဲ့အချိန်မှာတောင် မျက်စိလည်လမ်းမှားလာရင်းပဲဖြစ်ဖြစ်၊ တမင်ပဲဖြစ်ဖြစ် ဒီနေရာလေးကို ရောက်ဖြစ်နေသူအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်^^

Saturday, 8 March 2014

After 2 years and 5 days ~~

March 08, 2014 4 Comments


နှစ်နှစ်နဲ့ ငါးရက်ဆိုတဲ့ အချိန်ကာလတစ်ခုကို လွန်မြောက်ပြီးတဲ့အခါ  ....
 ................
............................
.........................................
အသက်သာတဖြည်းဖြည်းကြီးလာပေမယ့် ... ရင့်ကျက်မှုတွေ ကြီးထွားမလာတဲ့အရာ @@@
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးသွားတဲ့နောက် ... အချိန်အလိုက် ရာသီအလိုက် ခံစားချက်တွေ ပြောင်းလာတာနဲ့အမျှ ရေးတတ်တဲ့ အကြောင်းအရာတွေ လိုက်ပါပြောင်းလဲရင်း .. ဒီနေရာလေးက နေသားတကျ ဖြစ်တည်နေခဲ့တယ် ..။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့်ကာလအတွင်းမှာ စာရေးချင်တဲ့ဝါသနာတစ်ခုတည်းနဲ့ ဖန်တီးခဲ့တဲ့နေရာလေး တစ်ခုဟာ ၂ နှစ်နဲ့ ၅ ရက်ဆိုတဲ့အချိန်တစ်ခုကိုကျော်ဖြတ်ပြီးတဲ့အထိ ရပ်တည်နေနိုင်တဲ့အခါ .... ဒီနေရာလေးပေါ်မှာ ထားခဲ့တဲ့ကိုယ့်ရဲ့စိတ်တွေကို ပြန်လည်သဘောတကျရှိမိခဲ့ပါရဲ့ ....။ သူနဲ့ပတ်သက်လို့ ဘ၀မှာ ဘာတစ်ခုမှ မျှော်လင့်မထားခဲ့ပါဘူး ...။ ၀ါသနာတစ်ခုကို အကောင်အထည်ဖော်ရင်း အပျင်းပြေ ချစ်စရာနေရာလေးတစ်ခုမျှသာ သဘောထားမိရုံပါ ..။ 

၂၀၁၂ ခုနှစ် မတ်လ ၃ ရက်နေ့မှာ စတင်ဖြစ်တည်လာခဲ့တဲ့ Blog လေးတစ်ခုက အခုတော့ နှစ်နှစ်ဆိုတဲ့ သက်တမ်းကို ကျော်လွန်လို့ လာခဲ့ပါပြီ ..။ Daffodil ပန်းဝါ၀ါလေးတွေ အများကြီးပွင့်တတ်တဲ့ နွေဦးရာသီမှာ စတည်လာခဲ့တဲ့ နေရာလေးက ခုတော့လည်း သက်တမ်းရင့်လာတာနဲ့အမျှ ရေးသမျှအကြောင်းအရာတွေကတော့ ရင့်ကျက်မှုတွေ ပျောက်ကွယ်နေဆဲ ..။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာတော့ မတ်လထဲမှာ သူ ၂ နှစ်ပြည့်မှာပါလားလို့ မှတ်မှတ်ရရရှိနေခဲ့ပါသေးတယ် ...။ ဒါပေမယ့် ဦးနှောက်ထဲမှာ အကြောင်းအရာအများကြီးကို မမှတ်မိတော့ ဘယ်နေ့ဆိုတာကို တိတိကျကျမသိတော့ဘူး ..။ မတ်လထဲဝင်မှပဲ ပြီးခဲ့တဲ့ ၂၀၁၃ က ရေးခဲ့တဲ့ တစ်နှစ်ပတ်လည်အမှတ်တရပို့စ် ကို ပြန်ရှာဖတ်ရင်း ဒီနှစ်လည်း အမှတ်တရပို့စ်ရေးဖြစ်အောင် ရေးမယ်လို့ စိတ်ကူးထားခဲ့တယ် ..။ တကယ်လည်း မတ်လရောက်တော့ အသေအချာကို မေ့သွားခဲ့ပါတယ်..။ အဲဒီ ၂ နှစ်ပြည့်ပြီဆိုတဲ့အကြောင်းအရာကိုပါ မေ့နေခဲ့တာပါ..။ ဒီနေ့မှ စနေနေ့ဆိုတော့ အားရက်ကလေး Blog ကို ဖွင့်ကြည့်ရင်းမှ Blog roll မှာ မထရီဆာ ရဲ့ မှတ်တိုင်လေးအတွက် အမှတ်တရ ဆိုတဲ့ပို့စ်အသစ်တွေ့လို့ သွားဖတ်မိရင်းမှ “ဟင် .. ငါ့ဘလော့လေးလည်း ဒီနေ့မှာ ၂ နှစ်ပြည့်တာပဲ ..။ မထရီဆာနဲ့ အသက်အတူတူပဲ” လို့ထင်နေတာ ..။ တကယ်တမ်း အရင်တစ်နှစ်က ပို့စ်ကို ရှာဖတ်ကြည့်မိမှပဲ နှစ်ပတ်လည်က ၃ ရက်နေ့ဖြစ်နေတာ ပြန်သိရတယ်..။ Blog သာ လူဆိုရင် သူ့မွေးနေ့ကို မေ့လို့ စိတ်ဆိုးမှာ သေချာတယ် ..။

ကိုယ့်ဂုဏ်ကိုယ်ဖော်ရရင်တော့ ကျမက တာဝန်တစ်ခုကို ယူပြီးရင် ပြီးဆုံးတဲ့အထိ တာဝန်ယူတတ်ပါတယ် :D
အဲဒါကြောင့် ဒီ Blog ကို ဖန်တီးတုန်းက ဖန်တီးးခဲ့တယ် ..။ ဖန်တီးပြီးရင် တာဝန်နဲ့ ၀တ္တရား ဆိုတာရှိလာပါတယ်..။ အဲဒီအတွက် ကျမတာဝန်ကျေအောင် အမြဲကြိုးစားပါတယ် ..။ အချိန်ရရမရရ လတိုင်းမှာ တစ်လမှ မပျက်အောင် ပို့စ်တစ်ခုမဟုတ်တစ်ခုတော့ အမြဲမပြတ်ရေးရင်း သူ့ကို အသက်ဆက်ခဲ့ပါတယ် ..။ ကျမစာရေးဖို့ ဘယ်သူမှ တောင်းဆိုခဲ့ခြင်းလည်း မရှိပါဘူး ..။ ရေးတဲ့စာတွေကလည်း ဘယ်သူမှ စွဲစွဲလမ်းလမ်း ဖတ်ချင်လောက်အောင်မစွဲဆောင်နိုင်ပါဘူး ..။ ရေးသမျှကလည်း တစ်ခုပြီးနောက်တစ်ခု တိုးတက်လာတာမျိုးလည်း မရှိပါဘူး ...။ တော်ရုံဆိုရင်တော့ သူ့ကို စွန့်လွှတ်ပြီး စိတ်ဓါတ်ကျချင်စရာ ..။ ဒါပေမယ့်လည်း ကျမရေးနေဆဲပါပဲ ..။ မရေးချင်တော့တဲ့တစ်နေ့၊ မရေးနိုင်တော့တဲ့တစ်နေ့ရောက်မှသာ သူ့ကို အပြီးဖျက်သွားမှာပါ ..။ သူတည်ရှိနေသမျှတော့ ရေးဖြစ်နေဦးမှာပါ ..။

Follow Us @soratemplates