Sunday, 15 September 2013

လွမ်းရယ်မပြေ +++

September 15, 2013 4 Comments


တကယ်ဆို ဒီလိုခွဲခွာချိန်က အသေအချာရောက်လာမယ်ဆိုတာ စကတည်းက သတ်မှတ်ထားခဲ့ပေမယ့် ၂၆ လ ဆိုတဲ့အချိန်က ခဏလေးပဲဆိုတာကို ရုတ်တရက်သိလိုက်ရတယ် ...။ Friday 12 ဟာ ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ နေ့ရက်တစ်ရက်ပါပဲ ....။ မမျှော်လင့်ထားဘဲ အဲဒီနေ့မှာ ကျွန်မ Master Thesis ကို အပြီးအပ်နိုင်ခဲ့ပြီး ၆ လ လောက် ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ခံစားရပါတယ်...။ အရာအားလုံးက ခုမှပဲ နေရာတကျရှိသွားသလို ... လောကကြီးကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို ခံစားမိတယ်...။ deadline က စက်တင်ဘာ ၃၀ ရက်ထိရပေမယ့် ကျွန်မက စောစောပြီးချင်လို့ ကြိုးစားရေးခဲ့ရာက ခုတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်..။ တစ်တောင်ကို ကျော်နိုင်ခဲ့ပြီပဲပေါ့ ...။

 မြန်မာပြည်ကိုအပြီးပြန်တော့မှာမို့ .... ဒီနေ့ညမှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ farewell party တစ်ခုလုပ်တယ် ....။ တကယ်ဆို ကျမအခန်းမှာချက်ပြုတ်ပြီး မြန်မာအစားအစာတွေ ကျွေးချင်ခဲ့ပါတယ်..။ ဒါပေမယ့်လဲ အချိန်အခက်အခဲကြောင့် အဲလိုမလုပ်နိုင်ခဲ့ဘဲ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်...။ ဒီမှာထုံးစံတစ်ခုရှိတာက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် gathering လုပ်တဲ့အခါ ကိုယ့်စားရိတ်ကိုယ်ရှင်းကြေးပဲ ..။ မဟုတ်ရင် မြန်မာနိုင်ငံမှာ ကျွန်မတို့သူငယ်ချင်းတွေ စားလေ့ရှိသလို ၁ ယောက် ၂ ယောက်လောက်က အားလုံးအတွက် ၀ိုင်းရှင်းကြတာမျိုးဆိုရင် ရှင်းရတဲ့သူရော စားရတဲ့သူရော အားနားပါးနာဖြစ်ရတယ်လေ...။ 

ကျွန်မတို့နှစ်က အတန်းထဲမှာ course တစ်ခုလုံးတူတူတက်တဲ့ကျောင်းသားပေါင်းက ၁၆ ယောက်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက လာကြတာပါ ..။ ဆရာတွေပြောတာကတော့ ကျွန်မတို့အတန်းက အတော် diverse ဖြစ်တယ်ဆိုပဲ ..။ ကိုလံဘီယာက ၃ ယောက်တွဲပါတာကလွဲရင် ကျန်တဲ့သူတွေက တစ်နိုင်ငံ တစ်ယောက်စီပဲ ..။ မြန်မာဆိုရင်လည်း ကျွန်မတစ်ယောက်တည်းပဲ..။ ၁၆ ယောက်ရှိတာကို အကြမ်းဖျင်း ၂ ဖွဲ့ကွဲနေပြန်သေးတယ်...။ အရက်သောက် ပါတီတက်လေ့ရှိတဲ့အဖွဲ့ရယ်.. အရက်မသောက် ပါတီမသွားအဖွဲ့ဆိုပြီး ကွဲနေတတ်တယ်...။ ပုံမှန်တော့ သိပ်မသိသာလှပါဘူး...။ အပြင်ပန်းကြည့်ရင် စည်းလုံးတယ်လို့ ဆိုရအောင် team work ရှိတယ်...။ လိုအပ်ရင် အားလုံးဝိုင်းပြီး ဖြေရှင်းတယ်..။ အရက်သောက်တဲ့အခါနဲ့  ပါတီတွေသွားတဲ့အခါလောက် ကွဲတာ..။

အဲဒါအပြင် မသိမသာ တိုက်စွဲက ရှိတတ်သေးတယ်..။ အာဖရိကတိုက်ကသူတွေက သူတို့အချင်းချင်းဆို သိပ်ချစ်ကြတယ်..။ လက်တင်အမေရိကတိုက်အချင်းချင်းလည်း အဲလိုပဲ ..။ အာရှအချင်းချင်းလည်း မထူးပါဘူး.. ကျမနဲ့ အင်ဒိုနီးရှားက ကောင်မလေးနဲ့ဆိုလည်း ညီအစ်မတွေလားမှတ်ရတယ်.. အရမ်းတွဲဖြစ်တာကိုး..။

ကလေးတွေတော့ မဟုတ်ပေမယ့် ... ကျောင်းသားတွေဖြစ်သွားတော့လည်း လုပ်ငန်းခွင်ထဲမှာလို လူကြီးစိတ်တော့မရှိဘဲ ကျောင်းသားက ကျောင်းသားစိတ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပေါ့ ...။
ဒီ ၂၆ လ လုံးမှာ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာတစ်ခုမှမရှိခဲ့ဘဲ .. ပျော်စရာအမှတ်တရတွေချည်းရခဲ့တဲ့အတွက် ကံတရားကို ကျေးဇူးတင်မိပြန်တယ်. ..။ ကျွန်မဘ၀မှာ ဒီလိုသူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ပေါ့ ..။ အတန်းထဲမှာ မိသားစုတစ်ခုလိုဘဲ ကျွန်မအတွက် အဖေ၊ အမေ၊ အစ်ကို၊ မောင်လေး၊ ညီမလေး၊ ဦးလေးရှိတယ်..။ ဒါဟာ ကလေးတွေလို ရယ်စရာဖြစ်နေနိုင်ပေမယ့် တကယ့်အဖြစ်အပျက်ပါ ..။ စရင်းနောက်ရင်း အဲလိုလျှောက်ပြောရင်းကနေ တကယ့်မိသားစုလို စောင့်ရှောက်ကြပါတယ်..။ ဘာပဲလိုအပ်နေပါစေ .. ကူညီပေးဖို့ အဆင်သင့်ရှိနေ တတ်ကြတယ်..။ နိုင်ငံမတူ ယဉ်ကျေးမှုမတူ၊ အသားအရောင်ကွဲပြား၊ ဘာသာမတူ၊ ဓလေ့ထုံးစံတွေခြားနား ကြပေမယ့် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တသားတည်းဖြစ်သွားပြီး တူညီသွား ကြတယ်..။

ဒီနေ့ည စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြတယ်...။ လွန်ခဲ့တဲ့ ၂၆ လက စတွေ့တဲ့အချိန်မှာ ဘယ်သူက ဘယ်လို..။ နောက်တော့ ဘာတွေဖြစ်ကြတယ်.ဘယ်လိုတွေလွဲကြတယ်.။ အတန်းထဲက ရယ်စရာအဖြစ်အပျက်တွေလည်းပါတယ်....။ စာမေးပွဲတွင်းမှာ ကျွန်မစာမကြည့်ဘဲ facebook သုံးနေတာသိလို့ မရမက စာကြည့်တိုက်မှာ လူစုပြီး စာအတူတူကြည့်ရတဲ့အကြောင်းတွေလည်း ပါတယ်..။ ငါဖေ့ဘွတ်သုံးတာ နင်တို့သိနေတယ်ဆိုကတည်းက နင်တို့လဲ သုံးနေလို့သိတာပေါ့ဆိုတော့ မဟုတ်ဘူး နင်ကကို အလွန်အကျွံသုံးတာတဲ့ ..။ ဖွင့်လိုက်ရင် နင် like လုပ်ထားတာတွေ share ထားတာတွေ မြင်နေရလို့သိတာတဲ့ ...။ ဟုတ်တယ်.. အဲဒီအချိန်တုန်းက စာကြည့်ရတာ အရမ်းပျင်းတော့ facebook ထဲ ၀င်ကလိ၊ စာမကြည့်ဖြစ်နဲ့ အဲလိုတွေဖြစ်တာ .. ကြားထဲမှာ blogging တာ ဘယ်သူမှမသိတာတော်သေးတယ်.. မဟုတ်ရင် ဘယ်လောက်တောင် သြချကြမယ် မသိဘူး..။ 


မြန်မာပြည်ကို ပြန်တော့မယ်ဆိုတော့  ဟိုက အင်တာနက်အခြေအနေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ အိမ်မှာက redlink လဲမရှိဘူး skynet လည်းမရှိပါဘူး.. mobile internet သာသုံးရတာကိုး...။ ဆိုတော့ blog တော့ ဘယ်လိုဖြစ်မယ်မသိသေးဘူး...။ facebook တော့ ၀င်လို့ရပါတယ်..။ ဒါပေမယ့် စာရေးတာတော့ blog မှာပဲ ရေးချင်တယ်.. ဆူညံရှုပ်ထွေးနေတဲ့ဖွဘုတ်မှာ အရောရောအနှောနှော မရေးချင်ပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် စာတွေဆက်ရေးဖြစ်ဦးမှာပါ..။ နောက်တစ်တောင်ကိုတက်ဖို့လည်း အားတွေအဆင်သင့်ပါပဲ ...။ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်...။ facebook မှာ နောက်ဆိုကျွန်မပုံမှန်သုံးတော့မယ့် အကောင့်ကhttps://www.facebook.com/snowphyuphyu23 ပါ..။ ကျွန်မရဲ့ အမည်ရင်းနဲ့ personal acc လည်းရှိပေမယ့် အဲဒါက သိပ်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး.. နိုင်ငံခြားက သူငယ်ချင်းတွေလည်း များတော့ မြန်မာလိုစာရေးချင်ရင် လေးထောင့်တုံးကိစ္စ သူတို့ကို အားနာလို့ အမြဲတမ်း hide လုပ်ထားလေ့ ရှိတော့ blog မှာ စာရေးမရလို့ facebook မှာ စာရေးဖြစ်မယ်ဆိုရင် အဲဒီအကောင့်က public share ရတာ အဆင်မပြေတာကြောင့်ပါ ..။
 ဒီသီချင်းက အခုအချိန်ခံစားချက်နဲ့တော့ သိပ်မတိုက်ဆိုင်ဘူး ..။ ဒါက မြန်မာနိုင်ငံမှာ Bachelor ပြီးခဲ့တဲ့ အချိန်က ခံစားချက်နဲ့မှ ကွက်တိ..။ နောက်ကြုံရင် အဲဒီကာလက အမှတ်တရတချို့ကိုလည်း စာစီချင်ပါသေးတယ်....။

+++++++++++++++
ဒီရက်ပိုင်း အဲလိုအလုပ်တွေရှုပ်နေလို့ tag post လည်းမရေးဖြစ်တာ အစ်မဂျက်ကို ဒီကနေပဲ တောင်းပန်ပါတယ်နော် ... ခုမှရေးမယ်ဆိုတော့လည်း ဘလော့ဒေးက တော်တော် လွန်သွားပြီလေ ..။ နောက်အကြိမ်တွေ tag လာခဲ့ရင် သေချာရေးပါ့မယ် _/\_ :D
 

Friday, 6 September 2013

စကားစမြည် ~~~

September 06, 2013 6 Comments


လုပ်နေကျအလုပ်တစ်ခုကနေ တော်တော်ကြာနားမိပြီး ပြန်စတဲ့အခါ .. နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်တတ်ကြတယ်နော် ...။ ကျွန်မအတွက် အချိန်အားရတိုင်းတစ်ခုမဟုတ်တစ်ခုရေးတတ်တဲ့ ဒီနေရာလေးမှာ ဘာမှမရေးဖြစ်တာ ၁၀ ရက်လောက်တောင်ကျော်သွားပြန်ပြီ ...။ အဲဒီတော့ အခု မဖြစ်မနေရေးဖြစ်အောင် တခုခုတော့ရေးမယ်ဆိုတော့ ဘာအကြောင်းအရာရေးရမှန်း သေချာမသိသေးပါဘူး..။ အဲဒီတော့လည်း စိတ်ထဲရှိရာ ရောက်တတ်ရာရာပေါ့ ...။ တကယ်ဆို ဘလော့ဂ်တွေအများကြီးကြားမှာ ကျွန်မကြိုက်တဲ့စတိုင်လ်က အဲဒီလို ကိုယ့်စိတ်ထဲခံစားမိသမျှ လွတ်လွတ်လပ်လပ်ချရေးတတ်တဲ့ပုံစံမျိုးပါပဲ ..။ blogger ရဲ့ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုရင် ပိုတောင် သဘောကျပါသေးတယ်..။ စာက ပိုအသက်ဝင်တယ်လေ..။ ဒါပေမယ့်လည်း ကိုယ်တိုင်ရေးတာကတော့ ကဗျာလိုလို ၀တုလိုလို ဆောင်းပါးလိုလိုတွေ ဖြစ်နေတတ်ပြန်တယ်....။ အဲ ... တကယ်သွားဖတ်ဖြစ်တဲ့ဘလော့ဂ်တွေကတော့ စိတ်ကူးရှိရာကိုယ့်ခံစားချက်တွေချရေးတာမျိုးကို အများဆုံးသွားဖတ်ဖြစ်တယ်...။ ၀တုတွေဆောင်းပါးတွေက တခြားနေရာတွေမှာ ဖတ်စရာအများကြီးရှိတယ်လေ...။ အဲဂလိုမျိုး blog ကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကိုယ်ရေးတဲ့ပုံစံ ဆန့်ကျင်ဖက်ဖြစ်နေတတ်တာ ကျွန်မပဲပေါ့ ;D

တကယ်တော့ မပြောလဲဖြစ်ပေမယ့်လည်း ရင်ဖွင့်ရရင် ဘယ်လိုမှအချိန်လုမရလောက်အောင် တော်တော်လေးကို အလုပ်တွေရှုပ်နေလို့ပါ ...။ ကျွန်မဘာတွေရှုပ်နေလဲဆိုတာတော့ အသိ blogger ညီမ ၂ ယောက် (ရိုးမြေကျနဲ့ အသူ) တော့ နည်းနည်းသိကြတယ်....။ တခါတလေ တစ်ရက်မှာ ၂၄ နာရီထက်ပိုရရင် ကောင်းမှာပဲလို့တွေးမိတယ်... (တကယ်က ကိုယ်တိုင်က အချိန်စီမံခန့်ခွဲမှုညံ့တာ ;)) deadline နဲ့အလုပ်လုပ်တဲ့အခါ အချိန်ရဲ့တန်ဖိုးရှိပုံကို ပိုသိသာလာစေတယ်...။ ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ ... နောက်ထပ်အချိန်ပိုဆိုတာ ငွေတွေအများကြီးပေးဝယ်မယ်ဆိုရင်တောင် ၀ယ်လို့ရတာမဟုတ်တာလေ ....။ တခြားပစ္စည်းတွေဆိုတာ မလုံလောက်ရင် ဖြည့်ဆည်းလို့လွယ်ပေမယ့် အချိန်ဆိုတာ ဘယ်လိုမှ ၀ယ်ရတာမျိုးမဟုတ်တော့ ... ပိုနှမြောတတ်လာတယ်...။xD xP တကယ်တော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးလေ.. ။ လူတိုင်းလူတိုင်းကတော့ ရှင်သန်နေသမျှ အလုပ်တွေရှုပ်ရင်း ကြိုးစားနေကြသူတွေချည်းပါပဲ ....။



ကိုယ့်ဘက်က အချိန်ရှားပါးလွန်းလို့ အိပ်ချိန်တွေတောင် လျှော့နေရတဲ့အခါမျိုးမှာ ... ရှားရှားပါးပါးအချိန်လေးတွေကို ဓါးပြတိုက်တဲ့သူမျိုးနဲ့ကလဲ ကြုံရပြန်ပါရော...။ တခုခုအခက်အခဲရှိနေလို့ .. အကူအညီတောင်းစရာရှိလို့ စသဖြင့် ကျွန်မကို လိုအပ်လို့ အချိန်တွေကိုလာလုတယ်ဆိုရင် အိပ်ချိန်တွေလျော့သွားပါစေ ကျွန်မတတ်နိုင်သလောက် ကူညီတတ်ပါတယ်...။ တကယ်က အဖြစ်က အဲလိုမဟုတ်ပါဘူး .... ပျင်းလို့ စကားပြောဖော်မရှိလို့ ရောက်တတ်ရာရာပြောချင်တာ ... တနေ့တာကြုံတွေ့သမျှကို အသေးစိတ်ပြောပြီး ပင်ပန်းသမျှ ဖြေဖျောက်ချင်တာ ... သိထားသမျှ ဟိုလူအကြောင်း ဒီလူအကြောင်း သတင်းတွေကို ပြောပြပြီး ရယ်ပွဲဖွဲ့ချင်တတ်တာ...။ ကျွန်မက စိတ်မ၀င်စားတော့ စိတ်ဆိုးသလိုလိုပြောတတ်တာ ....။

အခုအချိန်က ကျွန်မဘ၀ရဲ့ turning point အတွက် အဆင့်တစ်ခုကို ခက်ခက်ခဲခဲကျော်ဖြတ်နေရလို့ .. စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကို သိသိနဲ့ ကျွန်မရဲ့ ရှားရှားပါးပါး အားချိန်တစ်နာရီလောက်ကလေးကို အပိုင်စီးချင်တာ...။ မအားတာကို မအားဘူးလို့ပွင့်ပွင့်လင်းလင်းပြောပြထားပေါ့လို့ဆိုလာရင် .. သေချာတာပေါ့.. ကျွန်မ မပြောဘဲ မနေပါဘူး...။ account (facebook, skype, gtalk, viber) မှန်သမျှ invisible လုပ်ပြီးနေနေတတ်ပေမယ့်လည်း .. ရှိနေမှန်းသိနေတော့ အစကတော့ နေ့စဉ်ရက်ဆက် .. အခုနောက်ပိုင်းတော့ တစ်ရက်ခြားတစ်ခါလောက် ခေါ်ပြီးတော့ daily report တက်တတ်သလို အပ်ကြောင်းထပ်နေတဲ့ စကားတွေလည်း နားမှာ လျှံနေပါပြီ ..။ ထားပါတော့ ထားပါတော့ .. အသိတွေ လာဖတ်နေကျမဟုတ်လို့ ဒီနေ့တော့ ထူးထူးခြားခြားရင်ဖွင့်မိပါပြီ ...။ အားနာလို့ အပြတ်မပြောဖြစ်တာက သူက ကျွန်မထက် အသက်ကြီးဝါကြီးတဲ့ မိန်းကလေး ဖြစ်နေလို့ပါ..။ အသက်ကြီးပေမယ့်လည်း ယောက်ျားလေးဆိုလို့ကတော့ တိကနဲမြည်အောင် ပြောပစ်လိုက်တာကြာပြီ...။ ခံရခက်ဆုံးထဲမှာ ရှားရှားပါးပါးအချိန်တွေကို အကျိုးမဲ့အောင် လာဖြုန်းတီးစေတဲ့သူမျိုးပါပဲ ...။

အခုတလော မအားတာနဲ့ နေ့စဉ်ရက်ဆက် စားဖြစ်နေတာက ကျောင်းက Mensa က နေ့လည်စာတွေပါ ..။ သူတို့အစားအစာတွေက တော်တော်များများ cheese တွေထည့်ချက်တတ်တော့ ၀မှာစိုးတာနဲ့သိပ်မစားဖြစ်ပေမယ့်လည်း အခုတလောတော့ ၀မှာကနောက် အစားပြတ်လပ်ပြီးသေမှာက အရင် ဆိုတာမျိုးဖြစ်နေလို့ ၀ရင်လည်း ၀ ပါစေ စားနေရတာပါပဲ ..။ ဒါပေမယ့်လည်း အလုပ်ရှုပ်တာနဲ့ပဲ ၀ိတ်ကတော့ တက်မလာပြန်ပါဘူး..။ မနက်စာလည်း cheese burger နဲ့ ကော်ဖီတစ်ခွက် ... နေ့လည်စာတော့ ကျောင်းမှာစားတယ်.. ညစာတော့ အိမ်ရောက်မှ ကြုံရာပဲ ..။


ခုတလော ဘလော့ဂ်တွေ ပြန်လှုပ်ရှားလာကြတယ်နော်...။ tag game တချို့နဲ့ ၀ါရင့်blogger တချို့ရဲ့ ကြိုးပမ်းမှုကြောင့် ပြန်ရှင်သန်လာတယ်ဆိုရမလားပဲ ...။ tagged post တွေ ဖတ်ဖြစ်ပေမယ့်လည်း ကွန်မန့်ရေးဖို့က ကွန်ပြူတာက အဆင်မပြေဖြစ်နေပြန်တယ်..။ တခြားနေရာအားလုံး zawgyi font နဲ့ရိုက်လို့ရပေမယ့် blog comment box အားလုံးမှာတော့ Window 8 က Default Myanmar font ပဲဖြစ်နေတော့ ရိုက်ရတာအဆင်မပြေဘူး..။ ကွန်မန့်ရေးချင်ရင် word ကိုဖွင့် အဲဒီမှာအရင်ရေးပြီးမှကူးပြီး comment box ထဲထည့် အဲလိုမျိုးဖြစ်နေတော့ အချိန်လည်းမရ အလုပ်ကလည်းပိုတာနဲ့ မရေးဖြစ်ခြင်းဖြစ်နေတာပါ..။ ကျွန်မအချိန်အားတာနဲ့ ဘလော့တွေတော့ လည်ဖြစ်ပါတယ်...။ ကွန်ပျူတာအဟောင်းက ဘယ်လိုမှ အလုပ်ဆက်လုပ်မရအောင် ပေကပ်ကပ်ဖြစ်နေတာကြောင့် အသစ်ဝယ်လိုက်ရလို့ပါ ...။ အဲဒါနဲ့ပဲ မြန်မာဖောင့်က အဲတနေရာတော့ ခုထိအဆင်မပြေသေးပါဘူး...။ 


ဒီလိုပဲ ရောက်တတ်ရာရာလျှောက်ရေးလိုက်တာ စာတွေတော်တော်များသွားပြီ ...။ yeapp ခုတလော ခံစားသမျှတွေ ပေါက်ကွဲနေသလိုပဲ.. ပြီးခဲ့တဲ့ပို့စ်ကလည်း စိတ်ထဲခံစားမိသမျှတွေ ချရေးမိတယ် ... :D သည်းခံဖတ်ပေးမှုအတွက် ကျေးဇူးအထူး _/\_ _/\_ _/\_

Tuesday, 27 August 2013

စာရေးခြင်း အနုပညာ ~~

August 27, 2013 10 Comments


“ခံစားချက်တွေ ပြင်းလှချည်လား …”
“ရင်ဖွင့်လှချည်လား .. ခုထိ ခံစားနေရတာတွေ မလျှော့နိုင်သေးဘူးလားကွာ”
“ကြိုက်သလောက်သာ ရင်ဖွင့်လိုက်စမ်းပါ .. like တွေပေးပြီး ကုသိုလ်ပြုဖို့အဆင်သင့်ပဲ”
“ဒီတစ်ခါရေးတာ ခံစားချက်တွေ ပိုပါသလိုပဲနော်…။”
“တော်တော်ခံစားနေရတယ်ထင်တယ်…”
စတဲ့စတဲ့ စသလိုလို လှောင်သလိုလို စကားတွေ ကြားမိတဲ့အခါ စိတ်အခန့်မသင့်တဲ့အချိန်နဲ့ဆိုရင် တစ်မျိုးတော့ ခံစားရပါတယ်….။
လူတစ်ယောက်ရဲ့ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချချင်တဲ့ ကြီးမားလွန်းတဲ့ဝါသနာကို လျစ်လျူရှုရက်လေခြင်းရယ်လို့ စိတ်မကောင်းလဲဖြစ်မိပါတယ်…။

လူတိုင်းနီးပါး ဘ၀မှာ ရှင်သန်ရပ်တည်ဖို့အပြင် ဂုဏ်သိက္ခာအတွက်ဖြစ်စေ၊ လူတွေကြားမှာ လူအဖြစ် နေထိုင်နိုင်ဖို့အတွက်ဖြစ်စေ သက်ဆိုင်ရာ professional job တစ်ခုခုတော့ မဖြစ်မနေ လုပ်ကိုင်နေကြတာပါပဲ..။ ဒါပေမယ့် အလုပ်တွေကြားထဲမှာပဲ နှစ်ပြီး နေ့စဉ်သမားရိုးကျ တသမှတ်တည်း ဖြတ်သန်းနေရတဲ့အခါ ဘ၀က လူဆိုတာထက် သံပတ်ပေးထားတဲ့စက်ရုပ်တစ်ခုနဲ့ ဘာမှမခြားနားတော့ပြန်ဘူး…..။ ဘ၀မှာ စိတ်ချမ်းမြေ့သာယာမှုဆိုတာ ကိုယ်လုပ်ချင်တဲ့အရာမျိုးကို သက်တောင့်သက်သာ လုပ်ကိုင်ရတဲ့အခါမျိုးမှာသာ ရရှိခံစားလာနိုင်တယ်မဟုတ်လားးးး…။ အဲဒါကြောင့် လူသားတွေမှာ မဖြစ်မနေလုပ်ကိုင်ကြတဲ့ professional အလုပ်အပြင် အားလပ်ချိန်တွေမှာ စိတ်အပန်းပြေစေဖို့ လုပ်ကိုင်တဲ့ ၀ါသနာပါရာအလုပ်တစ်ခုခုတော့ ရှိသင့်တယ်..။ အဲဒီအခါမှသာ ဘ၀ဟာ နေပျော်လာပြီး အလုပ်ထဲကရလာတဲ့မွန်းကြပ်မှုတွေကိုလည်း လျှော့ချလာနိုင်ကာ ဘ၀ရဲ့အနှစ်သာရကို ပြည့်ပြည့်၀၀ခံစားနိုင်မှာပေါ့….။

အဲဒီလိုဆိုတော့ ကျမရဲ့ဝါသနာတစ်ခုက စာဖတ်ခြင်း စာရေးခြင်းဆိုတာ ခဏခဏရေးမိလို့ အားလုံးလိုလို သတိထားမိပါတယ်….။ အားချိန်လေးနည်းနည်းရလာတာနဲ့ ကျမ စာဖတ်လေ့ရှိပါတယ်..။ စာရေးချင်တဲ့စိတ်ပေါ်လာပြီဆိုရင် အချိန်လည်း နည်းနည်းပိုရတယ်လို့ သတ်မှတ်ရင် တစ်ခုမဟုတ်တစ်ခုတော့ ကျမဒီနေရာမှာရေးလေ့ရှိပါတယ်..။
တစ်ခါတရံ စာတွေနဲ့ပိနေတဲ့အခါမျိုးမှာ ဘယ်လိုမှစာရေးဖို့အခွင့်မသာခဲ့ရင်တော့ တစ်နေ့ပြီးတစ်နေ့ ဒီ Blog ကိုဖွင့်ဖွင့်ကြည့်ပြီး …. စာအသစ်မရေးပေမယ့် လာလည်နေကျ သူငယ်ချင်းတွေကို အားတုံ့အားနာဖြစ်နေတတ်ပြန်ပါသေးတယ်…။ ဒီနေရာမှာ ဒီလိုစာရေးလေ့ရှိတဲ့အတွက်ကြောင့် မိသားစုနဲ့ဝေးနေတဲ့နေရာမှာ … ပျင်းစရာ ငြီးငွေ့စရာကောင်းလှတယ်.. အိမ်ကိုလွမ်းလှချည်ရဲ့လို့ မျက်ရည်ကျမိတဲ့အချိန်ဆိုတာ မရှိခဲ့လောက်အောင် လွမ်းစိတ်ဆိုတာဝင်မလာနိုင်လောက်အောင် … အချိန်တွေကို အသုံးချနိုင်ခဲ့တယ်..။ တစ်ယောက်တည်း ပျင်းလွန်းလို့ဆိုပြီး အခြားသူငယ်ချင်းတွေကို စကားစမြည်သွားပြော သူတို့ရဲ့အချိန်တွေကို ခိုးယူတဲ့အပြုအမူမျိုး ဘယ်တော့မှ မလုပ်ဖြစ်ခဲ့ဘူး…။

စာရေးတော့မယ်ဆိုရင် အများအားဖြင့် My own feelings ဆိုတဲ့ ကိုယ့်စိတ်ထဲရှိရာ ရေးချင်ရာရေးတဲ့ labels လွဲရင် ကျန်တာတွေကို ကျမဖန်တီးရေးလေ့ရှိပါတယ်…။ တချို့ကတော့ သီချင်းတွေကို ခံစားပြီးရေးတယ်..။ ၀တ္ထုတိုလေးတွေဆိုရင်တော့ ခံစားချက်တစ်ခုကို အရင်စဉ်းစားလိုက်တယ်.. ပြီးရင် ငယ်ငယ်က စာစီစာကုံးရေးတဲ့အတိုင်း အဲဒီခံစားချက်တစ်ခုကို ဖွဲ့လိုက်တယ်..။ ကဗျာတွေဆိုရင်လည်း အဲလိုပါပဲ .. အဓိကခံစားချက်တစ်ခုကို အရင်စဉ်းစားလိုက်တယ်.. ပြီးတာနဲ့ အဲဒီခံစားချက်ကို လိုက်ပြီးတော့ လှအောင် ဖွဲ့လိုက်တာမျိုးပါ …။

စာရေးခြင်းနဲ့ပတ်သက်ပြီး ကျမကြားဖူးသလို ကျမယုံကြည်မိတာတစ်ခုက စာရေးသူဟာ ကိုယ်ပိုင်စိတ်ခံစားမှုကို ဦးစားပေးပြီးရေးမယ်ဆိုရင် ဘယ်တော့မှစာရေးဆရာကောင်းဖြစ်လာမှာ မဟုတ်ဘူးဆိုတာပဲပေါ့ …။ နောက်ပြီး ညီမလေးတစ်ယောက်ပြောဖူးသလို ရင်ခုန်သံကို ခုတုံးလုပ်ပြီး စာရေးဖို့အတွက် ကုန်ကြမ်းမရှာဘူးဆိုတာလေ…။ စာရေးဆရာကောင်းဖြစ်ချင်သူက ခံစားချက်ကို ဖန်တီးတီထွင်နိုင်ရမယ်… ဖန်တီးထားတဲ့အဲဒီအရာကို လှပအောင် တန်ဆာဆင်ဖွဲ့နွဲ့တတ်ရမယ်…။ အကြောင်းအရာတစ်ခုက ဘယ်လောက်ပဲရိုးရှင်းနေပါစေ… စာရေးသူက သူ့အနုပညာနဲ့ လှလှပပဖွဲ့နွဲ့လိုက်တဲ့အခါ စာတစ်ပုဒ်က အရသာရှိတဲ့ဟင်းတစ်ခွက်လိုပဲ မချက်ပြုတ်ခင်က အရာတွေနဲ့ခြားနားစွာ စားသုံးသူအတွက် စိတ်ကျေနပ်မှုအပြည့်အ၀ရရှိခံစားနိုင်စေတယ်..။

ဒီဘလော့ဂ်လေးကို ရင်းနှီးတဲ့သူငယ်ချင်းတွေကို လုံးဝမပြောဘဲ ဒီလိုပဲရေးနေခဲ့တာတော်တော်ကြာကြာပါပဲ ..။ နာမည်ကအစ ကျမရဲ့ နာမည်အရင်း.. အရင်သုံးနေကျ ကလောင်နာမည် (အခုတော့ အဲဒီကလောင်အမည်ပြန်သုံးနေပါပြီ) တွေကို မသုံးဘဲ ကျမလို့ လုံးဝမထင်ရတဲ့ blog title နဲ့ပဲ ရေးဖြစ်နေခဲ့တယ်.. ။ စာရေးဖော် blogger သူငယ်ချင်းတစ်ယောက်ကိုတော့ ပြောဖူးပါရဲ့ …။ စသိသိချင်းဆိုတော့ သူက ကျမခံယူချက်ကို မသိသေးတော့ facebook မှာ ကျမစာရေးတဲ့အကြောင်း တစွန်းတစသိနိုင်မယ့် နာမည်ကို ကွန်မန့်မှာမေးတာပေါ့ …။ အဲဒါနဲ့ chat box ကနေ အမြန်လှမ်းပြောရတယ်.. သူငယ်ချင်းတွေ စာရေးတာ သိမှာစိုးရိမ်လို့ … တကယ်က တကယ့်စာရေးဆရာတစ်ယောက်လိုဖြစ်တဲ့အချိန်မှ အားလုံးကို ပေးသိချင်တာဆိုတော့ သူကတောင် OMG တဲ့ …။ ဘာကြောင့် ဘေးလူတွေကို အဲဒီလောက်ဂရုစိုက်ရသလဲဆိုရင် ကျမက မြန်မာ ဆိုတော့ မြန်မာလူမျိုးစရိုက် အတိုင်းပဲပေါ့…။ မြန်မာဆိုတာ ပတ်ဝန်းကျင်ကို အလွန်အာရုံစိုက်တဲ့ သူမျိုးတွေလေ… ကိုယ်တစ်ခုခုလုပ်ရင် အခြားသူတွေက ဘယ်လိုများဝေဖန်ကြမလဲ တွေးကြောက်နေတတ်သူမျိုးပေါ့…။

ဒါပေမယ့်လည်း ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ့်ကို အဲလောက်အာရုံစိုက်နိုင်ကြတာမဟုတ်ပါဘူး…။ သူတို့မှာလည်း သူတို့အရေးကိစ္စနဲ့သူတို့ပဲ..။ လူဆိုတာ ကိုယ့်ကိစ္စကိုယ့်အရေးထက်တော့ အခြားသူအကြောင်းကို အကြာကြီးလိုက်ပြီး… စပ်စုတင်းမဆိုတတ်ကြပါဘူး…။ ကျမလည်း စာရေးလာတာ နည်းနည်းလည်းကြာလာတော့ အရင်လို မရှက်တော့သလို နည်းနည်းလည်း အရေးရဲလာတယ်လို့ ကိုယ့်ကိုယ်ကို ထင်လာမိတယ်..။… တချို့သူငယ်ချင်းတွေ စာရေးစာဖတ်တာဝါသနာပါတဲ့သူငယ်ချင်းအနည်းငယ်ကိုတော့ ပေးသိမိခဲ့တယ်… 

သူတို့လည်း ဝေဖန်ပေးပါတယ်… 
“နင် စာရေးတာ အရမ်းညံ့လွန်းတယ်” တဲ့ :D 
“ဒါက ၀ါသနာလို့တောင် ခေါ်မရတဲ့ ပေါက်ကရလေးဆယ် စာရေးခြင်းမျိုး” တဲ့.. >.< 
“စာများများဖတ်ဖို့လိုသလို အချိန်ပေးနိုင်ဖို့ကလည်း အရေးကြီးတော့ ကိုယ်ရောက်ချင်တဲ့နေရာတစ်ခုကို ရောက်ဖို့က ဝေးလွန်းသေးတယ်” ဘာညာပေါ့…။ 
ဟုတ်ပါတယ်.. ဒါက ကျမရဲ့အလုပ်မဟုတ်တော့ အချိန်မပေးနိုင်တဲ့အခါ ကိုယ်သွားချင်သလောက် ခရီးမရောက်ဘူးလေ…။ တော်တော်များများကတော့ ကျမရဲ့ ၀ါသနာကို လက်ခံပါတယ်…။ သူငယ်ချင်းအချင်းချင်း အားပေးကြပါတယ်…။

အဲ … တစ်ယောက်စ နှစ်ယောက်စတော့ ရှိတာပေါ့ …။ အသည်းကွဲဖူးတယ် ဆိုတဲ့ ပြစ်ချက်နဲ့ ရေးသမျှက အဲဒါကိုပဲ ဦးတည်ရေးနေတယ် ဆိုတဲ့စကားမျိုးနဲ့ မထိတထိ စတယ်…။ မဟုတ်လို့လားဆိုရင် ၀ါသနာတစ်ခုကို အကောင်အထည်ဖော်နေတဲ့သူမျိုးကို အဲဒီဝါသနာကို လျစ်လျူရှုပြီး သူတို့ဘာသာ ကောက်ချက်ချချင်သလိုချတာတော့ တခါတလေ စိတ်ထဲတစ်မျိုးခံစားမိတယ်…။ အသည်းကွဲတာ ဘာမှမဖြစ်တော့လို့တောင် ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ပြန်ပြောင်းပြောဆိုနေနိုင်ပြီဖြစ်နေတဲ့အချိန်မှာ….. မိန်းကလေးတစ်ယောက်က ယောက်ျားတစ်ယောက်ကို မမေ့နိုင်လို့ လူမသိသူမသိစာတွေရေးပြီး ကြေကွဲပြနေပါတယ်ဆိုတဲ့ အတွေးအခေါ်မျိုးက အရမ်းကို တိမ်လွန်းတယ်ထင်တယ်….။

တကယ်တော့ အနုပညာတစ်ခုကိုရူးသွပ်လွန်းတဲ့သူတွေဟာ သူတို့ရဲ့ဖန်တီးမှုကို ထိခိုက်လာတဲ့စကားလုံးတစ်ချို့ကို လက်ခံရမိရင် ခံစားပေါက်ကွဲတတ်ကြတာပဲမဟုတ်လား…။ အခြားသူတွေထက် အနုပညာကို မြတ်နိုးတဲ့သူတွေက ပိုပြီးထိရှ ခံစားလွယ်တယ်လေ…။ စာရေးခြင်းဆိုတဲ့ အနုပညာကို ရူးသွပ်မိတဲ့ကျမကလည်း …. ကျမရဲ့အချိန်တွေပေးခဲ့ရ ….. ဖန်တီးရေးခဲ့ရတဲ့အနုပညာတွေကို … အသိအမှတ်မပြုရုံမက …. ထင်ရာမြင်ရာ ခေါင်းစဉ်တစ်ခု တပ်ခံရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်….။ အဲဒီလိုနဲ့ပဲ …. ဒီပို့စ်ကိုရေးဖြစ်ခဲ့တယ် ဆိုပါတော့….။ အဲ.. စာမရေးတာလည်း တစ်ပတ်ကျော်ကျော်ကြာနေပြီဆိုတော့ တစ်ခုခုလည်း ရေးချင်မိတဲ့စိတ်လည်း ပါတာပေါ့လေ.... xP

Follow Us @soratemplates