Thursday, 28 February 2019

Travel vlog // Myeik Archipelagos

February 28, 2019 0 Comments
အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ကြတဲ့အခါ ပင်လယ်ကမ်းခြေကို ရွေးကြတဲ့သူတွေ အများသားမဟုတ်လား။ တကယ်လို့ ချောင်းသာ၊ ငွေဆောင်၊ ငပလီစတဲ့ နာမည်ကြီးကမ်းခြေတွေလည်း ခဏတိုင်းသွားလို့ ရိုးနေပြီမို့ နိုင်ငံခြားက ကမ်းခြေတွေဘက် ခြေဦးမလှည့်ခင် ကိုယ့်ပြည်တွင်းက ရင်သပ်ရှုမောဖွယ် အလှတရားတွေကို အရင်ဆုံး ခံစားသင့်ပါတယ်။


ကျွန်းစုတွေအများကြီးရှိရာ မြိတ်ဒေသဟာ ပြည်တွင်းခရီးသည်တွေရော ပြည်ပခရီးသွားတွေပါ အလာများတဲ့နေရာဖြစ်နေပါပြီ။ တမျှော်တခေါ်ပင်လယ်ကြီးထဲမှာ စက်လှေတစ်စီးနဲ့ သဘာဝအလှအပတွေကို ခံစားပြီးတဲ့အခါ ကမ်းခြေကျဉ်းကျဉ်းလေးမှာ လူတွေအများကြီးတိုးဝှေ့ပျော်ရွှင်ရတဲ့အခိုက်အတန့်ကို ငြီးငွေ့သွားမှာအမှန်ပါပဲ ။
ဘက်ဂျက်နည်းနည်းလေးပိုသုံးလိုက်ရုံနဲ့ သဘာဝအလှအပတွေကြားထဲ ရင်ခုန်စိတ်လှုပ်ရှားစရာ activity တွေနဲ့ ပင်လယ်ခရီးဟာ အလွန်ပျော်စရာကောင်းလှပါတယ် ။ ဒီခရီးမှာ snorkeling လုပ်တာလဲပါတာမို့ ပထမဆုံးလုပ်မယ့်သူတွေကို မကြောက်ဘဲ သတ္တိရှိရှိသာ စမ်းကြည့်စေချင်တယ်။ ကျွန်မလဲ ရေမကူးတတ်ပေမယ့် ကြောက်ကြောက်နဲ့ပဲ လုပ်ခဲ့တာမို့ ပင်လယ်ကြမ်းပြင်က အလှတရားတွေမြင်တဲ့အခါ ကိုယ့်လုပ်ခဲ့တာမှန်ပါလား တွေးမိတယ်။ ရေကိုသာ ကြောက်နေမယ်ဆိုရင် ထူးခြားတဲ့အလှတရားတွေကို တွေ့ခွင့်ရမှာမဟုတ်တော့ဘူးလေ။


ပင်လယ်ရေဟာ စိမ်းနေတာ၊ ပြာနေတာနဲ့ ကိုယ်မြင်ဖူးတဲ့ ကမ်းခြေတွေက ပင်လယ်တွေထက် ပိုလှနေတာကို ခံစားရနိုင်ပါတယ်။ ကျွန်းတွေထဲမှာ လျှောက်သွားရတာဟာ ကိုယ့်ကိုယ်ကို ကြည့်ဖူးတဲ့ဇာတ်ကားတွေထဲ ရောက်နေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။
ကျွန်မတို့သွားခဲ့တာတော့ Jade Flower Travel & Tours နဲ့ သွားခဲ့တာပါ။ တစ်ရက်ခရီးရှိသလို တစ်ညအိပ် ၂ ရက်၊ ၂ ညအိပ် ၃ ရက် စသဖြင့် package အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့တော့ တစ်ရက်ခရီးပဲသွားခဲ့တာမို့ နေရာ ၄ နေရာ (စမတ်ကျွန်း၊ သဲနီအော်ကျွန်း၊ ဒုံးရေတံခွန်နဲ့ ဆလုံလူမျိုးတွေနေတဲ့ရွာ) ကို ရောက်ခဲ့ပါတယ်။ တစ်ရက်ခရီးဆိုတော့ ပင်ပန်းပေမယ့် မြင်တွေ့ခံစားခဲ့ရတဲ့ သဘာဝအလှအပတွေကြောင့် ပင်ပန်းသမျှ အမောပြေရပါတယ်။ ညအိပ်ခရီးဟာ ကျွန်းလေးပေါ်မှာ tent လေးတွေနဲ့ အိပ်ပြီး ကျွန်းပေါ်မှာ လျှောက်သွားလိုက်၊ ရေဆင်းကူးလိုက် လုပ်လို့ရတာမို့ adventure ဆန်သလို အပန်းဖြေတယ်ဆိုတဲ့ ခံစားချက်ကို ပိုရစေပါလိမ့်မယ်။ ကျွန်မကတော့ Honeymoon အတွက် စုံတွဲတွေကို recommend ပေးချင်တာပါပဲ။ တကယ့်ကို သဘာဝမှာ သာသာယာယာရှိနေမှာ အသေအချာပါပဲ ။


The detailed information of this video clip is as follows;
Edited by me
Camera: Canon EOS 80D and iphone6
Editing software: imovie

Track: Lost Sky - Dreams pt. II (feat. Sara Skinner) [NCS Release] Music provided by NoCopyrightSounds.
Watch: https://youtu.be/L7kF4MXXCoA
Free Download / Stream: http://ncs.io/Dreams2YO
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
my blog is here: https://www.snowmay1987.blogspot.com
my facebook page: https://www.facebook.com/lifestylebyphyulwin
my instagram: https://www.instagram.com/madi_phyu/
my youtube channel: https://www.youtube.com/channel/UCBBp6J0ZaRad35ImzTUnGyQ
Thanks for watching, and please subscribe for more interesting contents.

Sunday, 24 February 2019

စောင့်နေမယ်လို့ မပြောလိုက်ဘူး ...

February 24, 2019 0 Comments
အားလုံးပဲ မင်္ဂလာပါ ။ ဒီနေ့ Vlog ထဲမှာတော့ ကျွန်မ blog မှာ ရေးထားဖူးတဲ့ စာအုပ်လေးတစ်အုပ်အကြောင်းကို ပြောထားတာပါ။ ဆရာမဂျူးရဲ့ "စောင့်နေမယ်လို့ မပြောလိုက်ဘူး" ဆိုတဲ့စာအုပ်လေးအကြောင်း ပြောထားတာပါ။ စာအုပ်အကြောင်းမပြောခင်မှာ သုတစာပေနဲ့ ရသစာပေတို့ ကွာခြားပုံအကြောင်း ကျွန်မရဲ့အမြင်ကိုလည်း ပြောထားတာမို့ ကြည့်ရှုအားပေးပါလို့ တောင်းဆိုပါတယ်။ ကျွန်မရဲ့ Youtube Channel ကိုလည်း subscribe လုပ်ပေးဖို့လည်း request လုပ်ပါတယ်။ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဝေမျှပေးဖို့ ကြိုးစားပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Friday, 22 February 2019

Blogs to vlogs @@@

February 22, 2019 0 Comments
အားလုံး မင်္ဂလာပါ။

အခု ကျွန်မရဲ့ ပထမဆုံး စကားပြောတဲ့ vlog ကို လာပြောပြတာပါ။ နောက်ပိုင်းဆိုရင် ကိုယ်ရေးချင်တဲ့ share လုပ်ချင်တဲ့အကြောင်းအရာတွေကို Youtube မှာပဲ video နဲ့ share ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ချခဲ့တာတော့ မဟုတ်ပါဘူး။ ၄ နှစ်လောက်စဉ်းစားခဲ့ရတဲ့အရွေ့တစ်ခုဖြစ်တာကြောင့် အားလုံးလည်း ကျွန်မရဲ့ Passion ကို အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် အကြောင်းအရာတွေနဲ့အတူ vlogs မှာ ပြန်ဆုံကြမယ်နော်။


 

Thursday, 7 February 2019

Chatuchak Market in Bangkok

February 07, 2019 0 Comments
၂၀၁၈ အတွင်းမှာ သွားခဲ့သမျှခရီးတွေကို မှတ်မှတ်ရရဖြစ်အောင် Vlog တွေလုပ်ပြီး YouTube မှာ တင်နေခဲ့တာ။ ၂၀၁၈ က သွားတာတွေအကုန်ကို video တွေမလုပ်ရသေးခင် ၂၀၁၉ မှာလည်း သွားဖြစ်ပြန်တော့ ခရီးတွေက ထပ်နေပြီ။


အခု ဘန်ကောက်ကို ၂၀၁၈ ဇွန်လထဲမှာ သွားခဲ့တယ်။ အဲဒီမှာ လည်ဖို့တစ်ရက်အချိန်ရတော့ tourist place တစ်ခုအဖြစ် နာမည်ကြီးတဲ့ Chatuchak Market ကို ရောက်ခဲ့တယ်..။ အဲဒီဈေးဘေးမှာ Chatuchak Park လည်း ရှိပြီး ဓါတ်ပုံရိုက်ချင်သူတွေအတွက်ဆို တကယ်လှတဲ့နေရာတစ်ခုပါ ...။ ဈေးထဲမှာတော့ အမှတ်တရ souvenir ဆိုင်တွေ၊ စားသောက်ဆိုင်လေးတွေ အများကြီးပါပဲ ။ လာလည်တဲ့သူတွေလည်း အတော်ကိုများတယ် ...။ သွားစားခဲ့တဲ့ဆိုင်လေးက ဘယ်နိုင်ငံကလဲမေးပြီး သူတို့ပြင်တဲ့ဟင်းပွဲလေးတွေမှာ နိုင်ငံအလံလေးတွေ တင်ပေးထားတာ ချစ်ဖို့ကောင်းတယ် ...။ ပုံတွေတော့ video မှာ ကြည့်ပေးပါနော် ...။

see you next time <3

Sunday, 3 February 2019

Travels in January 2019

February 03, 2019 0 Comments
၂၀၁၉ ကို ရောက်လာခဲ့တာ တစ်လတောင် ကုန်ခဲ့ပြီပဲ ။ ဒါပေမယ့် Blog မှာ ဘာမှ မရေးဖြစ်သေးဘူး.။ တစ်လလုံးဟာ ခရီးတွေနဲ့ ပြည့်နေခဲ့တယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလမှာတော့ ဘယ်မှမသွားသေးဘဲ အရင်သွားထားတဲ့ခရီးတွေအတွက် Paper works တွေ အပြီးသတ်မယ်စိတ်ကူးထားတယ်။

January ဟာ ကိုယ့်အတွက် ထူးခြားပါတယ်။  မွေးနေ့ ရှိတယ်လေ။ January 31 ဟာ ကျမရဲ့ မွေးနေ့ပါ။ ဒီနှစ်မွေးနေ့တော့ ပုံမှန်အတိုင်းပဲ ဖြတ်သန်းဖြစ်ပါတယ်။ မွေးနေ့ကိတ်တော့ မပါဘူးပေါ့လေ။

Youtube Channel လေး လုပ်ထားတာလည်း ခရီးသွားနေရတော့ မအားတာနဲ့ update မလုပ်ဖြစ်ဘူး။ Follower လည်း မရှိပါဘူး :D


ဇန်နဝါရီလ ပထမပတ်ထဲမှာ အလုပ်နဲ့ပဲ တရုတ်နိုင်ငံကို သွားဖြစ်တယ်။ အဲဒီမှာ ပန်းချီပြခန်းတစ်ခုကို သွားရင်း ရိုက်ထားဖြစ်တာတွေကို ပြန်ပြီး စုထားခဲ့တာ။ နောက်ထက် Video တွေ အများကြီးရိုက်ခဲ့ပေမယ့် edit မလုပ်ဖြစ်သေးတော့ မတင်ရသေးဘူး။







တရုတ်ကနေ ပြန်လာပြီး ၅ ရက်လောက်နားပြီးတာနဲ့ မြိတ်ကို ခရီးဆက်ထွက်ဖြစ်တယ်။  လကုန်ခါနီးမှ ပြန်လာဖြစ်တာပဲ။ အရမ်းလှတဲ့ မြိတ်ကျွန်းစုဘက်ကို အလည်ရောက်ခဲ့တယ်။ ရိုက်ခဲ့တဲ့ Video တွေ ဓါတ်ပုံတွေ ရှိပေမယ့် ထုံးစံအတိုင်း ဘာမှ မလုပ်ဖြစ်သေးဘူး..။








Youtube မှာ vlog တွေ တင်ပြီးတဲ့အခါမှ တစ်ခေါက်ထပ်လာ share ဦးမှာမို့ ဒီနေ့တော့ ဒီလောက်ပါပဲရှင့် <3

Sunday, 30 December 2018

Plan for 2019

December 30, 2018 0 Comments
Youtube မှာ ဒုတိယဗွီဒီယိုအနေနဲ့ ၂၀၁၈ အတွင်းသုံးခဲ့တဲ့ Planner & Journal တွေရယ်၊ ၂၀၁၉ မှာ သုံးမယ့် Diary, Journal, Planner, Ball pen စတာတွေကို မိတ်ဆက်ပေးထားပါတယ်။ ၂၀၁၉ ဒိုင်ယာရီစာအုပ်ကလေးက မြန်မာမှာ ထုတ်ထားတာမို့ မြန်မာရက်တွေပါတော့ အဆင်ပြေတယ်။ ၂၀၁၈ မှာတုန်းက ဒိုင်ယာရီရယ်လို့ သတ်သတ်မှတ်မှတ်မထားဘဲJournal ထဲမှာပဲ ရေးဖြစ်ခဲ့တာ။ ၂၀၁၉ မှာတော့ ဒိုင်ယာရီသီးသန့်ရေးချင်တာနဲ့ အဲဒီဒိုင်ယာရီစာအုပ်ကလေးကို Ocean . သွားရင်းတွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တာ။ အားလုံး ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။ နှစ်သစ်မှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ အောင်မြင်မှုများကို ပိုင်ဆိုင်ကြပါစေ။


Thursday, 27 December 2018

My first Vlog :)

December 27, 2018 0 Comments
Hello

အားလုံးပဲ မင်္ဂလာပါ။
အခု အားလုံးကို ဝေမျှစရာလေးတစ်ခုရှိလို့ပါ။
အရင်ကတည်းက Youtube channel တစ်ခုရှိပြီး ကိုယ်နားထောင်ချင်တဲ့သီချင်းတွေ Playlist လုပ်ထားတာမျိုး၊ တခါတလေ ရိုက်ထားတဲ့ landscape short video လေးတွေ တင်တာမျိုးပဲ လုပ်ဖြစ်ပါတယ်.။

၂၀၁၉ အတွက် ကျွန်မရဲ့ resolution ထဲမှာ YouTube Channel ကို ကောင်းကောင်းဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ၂၀၁၈ အတွင်းမှာ လတိုင်းလိုလို ခရီးတွေ သွားဖြစ်တယ်။ အချို့လတွေဆိုရင် ၂ နေရာ ၃ နေရာလောက် သွားဖြစ်တာတွေလည်းရှိတယ်။ ဒါပေမယ့် အလုပ်နဲ့မို့ ကောင်းကောင်းမလည်ဖြစ်သလို မှတ်တမ်းတင်တာတွေလည်း နည်းတယ်..။ ပြီးတော့ ကျွန်မက Facebook မှာလည်း ပုံတွေသိပ်တင်လေ့မရှိတော့ ရိုက်ထားတဲ့ပုံလေးတွေ ဒီအတိုင်းထားရမှာ နှမြောတာနဲ့ vlog လေးတွေလုပ်ပြီး Youtube မှာ အရင်ဆုံး share လုပ်မယ်စိတ်ကူးတာနဲ့ ဘာ vlog မှ မလုပ်ဖြစ်သေးခင် ရှိတာလေးတွေနဲ့ အရင် create လုပ်ထားတဲ့ သဘောပါပဲ ..။

အရင်ပို့စ်မှာ ရေးဖူးသလိုပဲ ကျွန်မက YouTube ကို တော်တော်စွဲပါတယ်။ Facebook ထက် Youtube မှာ အချိန်ကုန်တာများတယ်..။ ကျွန်မကြိုက်တဲ့ YouTuber တွေ Channel တွေလည်း တော်တော်များတယ်။ သိသလောက်တော့ Myanmar Youtuber တွေတော့ သိပ်မတွေ့မိသလိုပဲ။။ သတင်း channel တွေ၊ movies channel တွေ သီချင်းတင်တဲ့ channel တွေတော့ အများကြီးရှိပါတယ်။ ကိုယ်ကလည်း ဒါတွေပဲ မြင်မိတော့ သေချာမသိတာလည်းဖြစ်ပါလိမ့်မယ်။ ရှိတာတော့ ရှိကြမှာပါ။

အခု ပထမဆုံး vlog လေးက ၂၀၁၈ ဖေဖော်ဝါရီလအတွင်းမှာ ဘားအံကိုသွားခဲ့တဲ့ ခရီးကို ကလိထားတဲ့ vlog လေးပါ။ အအေးမိအသံဝင်နေတော့ အသံကလည်း မကြည်မလင် မပြတ်မသားဖြစ်နေပါတယ်..။ ဒါပေမယ့် something is better than nothing မို့ ဘာဖြစ်ဖြစ် လျှောက်လုပ်ထားတာပေမယ့် YouTube မှာ ကိုယ်ပိုင် vlog တွေစတင်ချင်တဲ့စိတ်က တားမရဖြစ်နေတာကြောင့် စလုပ်ဖြစ်ပါတယ်။ နောက်ဆိုရင်တော့ တကယ့် youtuber တွေလိုမျိုး Video တွေ ဖန်တီးနိုင်အောင် ကြိုးစားပါဦးမယ်။ လုပ်ချင်တာဆို မဖြစ်မနေလုပ်ဖြစ်အောင် လုပ်တာမို့ စဖြစ်တဲ့အရာတစ်ခုကို ဆက်ဖန်တီးဖြစ်သွားမှာပါ။ (အကောင်းဆုံးမဖြစ်တာတော့ ထုံးစံမို့ ဝါသနာကို အကောင်အထည်ဖော်ရုံလောက်ပါပဲ)


Tuesday, 25 December 2018

movies for 2018

December 25, 2018 0 Comments
၂၀၁၈ ဟာ ကျွန်မအတွက် ရုပ်ရှင်ရုံဖက် ပြန်ရောက်တဲ့ ထူးထူးခြားခြားနှစ်လို့ ဆိုရမယ်။ ရုပ်ရှင်ရုံဆိုတာ ခြေဦးမလှည့်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဒီနှစ်မှာတော့ အားလုံးသိထားကြသလို ခီမောင်နှံကြောင့် ရုပ်ရှင်ရုံကို ပြန်ရောက်ဖြစ်ခဲ့ပါတယ်။


ခီမောင်နှံရဲ့ ဇာတ်ကား ၂ ကားစလုံး Deception & Mudra's calling ကြည့်ဖြစ်တယ် ..။ နောက်ထပ် ထွက်လာမယ့်ကားတွေလည်း မျှော်နေရင်း ကြည့်ချင်နေမိပြီ။ 

နောက်ထပ် ကြည့်ဖြစ်တဲ့ ဇာတ်ကားက ဒါရိုက်တာ အာကာရိုက်တဲ့ The Mystery of Burma ဆိုတဲ့ ဇာတ်ကားလေး။ ဖန်တီးမှုတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ ။

ပြီးတော့ ငယ်ငယ်လေးကတည်းက ကြည့်ပြီးမေ့နေပြီဖြစ်တဲ့ Harry potter ဇာတ်ကားလည်း ပြန်ကြည့်ဖြစ်တယ်။ 

အခုနောက်ဆုံးကြည့်ဖြစ်တဲ့ ရုပ်ရှင်ကတော့ ဆရာမကြည်အေးရဲ့ မီ ပါပဲ။ 

အခု ကြည့်ဖြစ်သလို ဇာတ်ကားမျိုးတွေ များများရှိလာရင်တော့ နောက်နှစ်တွေမှာလည်း ရုပ်ရှင်ရုံကို မကြာခဏ ရောက်ဖြစ်ပါလိမ့်မယ်..။ 

Sunday, 16 December 2018

Books I have read in 2018

December 16, 2018 0 Comments
အားလုံးပဲ မင်္ဂလာပါရှင့်။

၂၀၁၈ အတွင်းမှာ ကျောင်းလဲတက်စရာမလိုတော့သလို မြန်မာမှာပဲ ရှိနေတာမို့ အရင်နှစ်တွေကထက်တော့ စာတွေ ပိုဖတ်ဖြစ်ခဲ့တယ်။ ဖတ်ဖြစ်သမျှတော့ မေ့သွားမှာစိုးတာနဲ့ မှတ်ထားဖြစ်ခဲ့တာ။ တခါတလေလည်း အချိန်ရတဲ့အခါ ဖတ်ခဲ့တဲ့စာအုပ်တွေကို book review ရေးဖြစ်ခဲ့ပေမယ့် အားလုံးကိုတော့ မရေးဖြစ်ခဲ့ပါဘူး..။

မှတ်မှတ်ရရ ကြိုးစားပြီး ဖတ်ပြီးခဲ့တာကတော့" လေရူးသုန်သုန်" ပါပဲ ။ အဲဒီစာအုပ်ကို ဟိုးအရင်နှစ်တွေကတည်းက ဖတ်ဖြစ်ဖို့ ကြိုးစားနေပေမယ့် အချိန်မရတာကြောင့်ရော၊ စာအုပ်က များလွန်းတာကြောင့်ရော ဖတ်လို့မပြီးခဲ့ရာက ၂၀၁၈ နှစ်စပိုင်းမှာတော့ လေရူးသုန်သုန်ကို အပြီးဖတ်ခဲ့တယ်။ ကိုယ်က အစကတည်းက Scarlett ohara တို့ခေတ်က စတိုင်လ်မျိုးတွေကို သဘောတကျ ရှိခဲ့တယ်။ ဦးထုပ်နဲ့ ဂါဝန်ကားကားနဲ့ တော်ဝန်ဆန်တဲ့ ဒီဇိုင်းမျိုးတွေကို ကြိုက်တတ်တာ။

နောက်ထပ် အမှတ်တရဖြစ်ခဲ့တာက ဆရာမဂျူးရဲ့ စာအုပ်သစ် "သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ" ဆိုတဲ့ စာအုပ်ကလေး။ အဲစာအုပ်မဖတ်ခင်ကတည်းက ချည်ထည်တွေကို သဘောကျနေခဲ့တာ။ စာအုပ်ဖတ်ပြီး ချည်ထည်စောင်ကို ဝယ်ခြုံချင်စိတ်က ဘယ်လိုမှ ထိန်းမရတော့.။ မှတ်မှတ်ရရ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ချင်းပြည်နယ်ဖက်သွားဖြစ်တော့ ကိုယ့်ကိုလက်ဆောင်ပေးခဲ့တာ ဆရာမစာအုပ်အဖုံးမှာ ပါတဲ့ခြုံထည်လေးနဲ့ အဆင်တူတဲ့ ချင်းချည်ထည်ခြုံလွှာလေး ဖြစ်နေတယ်။ ကိုယ်လည်း မတောင်းဆိုခဲ့ပါဘဲ ရခဲ့တဲ့လက်ဆောင်လေးက ကိုယ်လိုချင်တာနဲ့ ထပ်တူဖြစ်နေခဲ့တာ မှတ်မှတ်ရရပါပဲ ။

၂၀၁၈ အတွင်းဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ အများကြီးပါပဲ ။ ရသစာအုပ်ရော သုတစာအုပ်တွေရော တက်ကျမ်းတွေရော ဖတ်ဖြစ်ခဲ့တယ်။ အဲဒီစာအုပ်တွေက -


၁။ စွန့်ခွာရသည့် နွေညများ (တကသိုလ်ဘုန်းနိုင်)
၂။ မှော်ရုံတောမှာ မောလှပြီ (မြသန်းတင့်)
၃။ ကျွန်မ ပညာသည် (ကြည်အေး)
၎။ အပြင်ကလူ (ကြည်အေး)
၅။ လေရူးသုန်သုန် ၁+၂ (မြသန်းတင့်)
၆။ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် (ဂျူး)
၇။ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ (ဂျူး)
၈။ ဝတုတိုများ (ဂျူး)
၉။ လူငယ်နှင့် အနာဂတ် (ကလောင်စုံ)
၁၀။ The seven effective characteristics of Teens
၁၁။ တောင်တန်းတွေရဲ့အလွန် (ပုညခင်)
၁၂။ မာယာဘုံ (မြသန်းတင့်)
၁၃။ Before you quit your job (မြတ်ငြိမ်း)
၁၄။ နွေနှောင်းလက်ကျန် (ခင်နှင်းယု)
၁၅။ Time for me (ကောင်းသာ)
၁၆။ အလေ့အထရဲ့ တန်ခိုးစွမ်းအား (ကောင်းသာ)
၁၇။ ခေါက်ထီးလေးမလုံ့တလုံ (စန်းစန်းနွဲ့၊ သာယာဝတီ)
၁၈။ ညီမလေးရယ် စိုးရိမ်မိတယ် (တကသိုလ်ဘုန်းနိုင်)
၁၉။ ငမဲ (ဟိန်းလတ်)
၂၀။ ပျားရည်အိုင် (ခင်နှင်းယု)
၂၁။ သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ (ဂျူး)
၂၂။ ပါရီနွေဦး (နေဝင်းမြင့်)
၂၃။ အလွမ်းဆိုင် (စပယ်ဖြူနု)
၂၄။ ပန်းမာန် (လင်္ကာရည်ကျော်)
၂၅။ လက်ရွေးစင်ဝတုတိုများ (ချစ်ဦးညို)
၂၆။ ဂရုမစိုက်ခြင်း အနုပညာ (ချမ်းမြေ့ဝင်း)


များတယ်ထင်ပေမယ့် တကယ်တမ်း စာရင်းပြုစုလိုက်တော့ ၂၆ အုပ်ပဲရယ် :D ဆရာမ ဂျူးရဲ့ စာအုပ်ဟောင်းတွေက အရင်က ဖတ်ပြီးသားပေမယ့် ကြာနေပြီမို့ ပြန်ဖတ်ဖြစ်တာ။ ဆရာမ ခင်နှင်းယုရဲ့ ပျားရည်အိုင်ကတော့ အခု ဇာတ်လမ်းတွဲ လာနေတာမို့ လူတော်တော်များများ သိပြီးကြပြီထင်ပါတယ်။




ဆိုတော့ တစ်လမှာ ၂ အုပ်နှုန်ျးေကျာ်ျေကျာ် ဖတ်ဖြစ်တယ်ဆိုတာလေး မဆိုးသေးဘူးပြောရမှာပဲ ။ ကျွန်မက အလုပ်နဲ့ပတ်သက်တဲ့စာတမ်းတွေလည်း တစ်ပတ်မှာ တစ်စောင်လောက် အနည်းဆုံးဖတ်ရသလို အခုနောက်ပိုင်းမှာဆိုရင် လုပ်စရာအလုပ်တွေ များလွန်းလို့ စာဖတ်ဖို့တောင် မနည်းအချိန်လုနေရပြန်တယ်။ ဒီကြားထဲ ရာသီအကူးအပြောင်းမှာ ကျန်းမာရေးကလည်း မကောင်းလှပြန်ဘူး ..။ ပြီးတော့ ၂၀၁၈ အတွင်းမှာ အလုပ်အတွက်ရော၊ အပန်းဖြေတာရော စတဲ့အကြောင်းပြချက်တွေနဲ့ ပြည်တွင်းရော ပြည်ပရော ခရီးတွေ အများကြီးထွက်ဖြစ်တယ်.။ ခရီးထွက်တိုင်း စာလည်း မဖတ်ဖြစ်ပြန်ပါဘူး..။

ဖတ်မိသမျှ စာအုပ်တွေက အချို့ တက်ကျမ်းလိုမျိုးတွေ၊ သုတစာအုပ်တွေက ကျွန်မ အမျိုးသားနဲ့ မောင်လေးတို့က ဝယ်လာလို့သာ ဘာရယ်မဟုတ် ဖတ်ဖြစ်တာ။ ကျွန်မရဲ့ အကြိုက်က ရသစာအုပ်တွေပါပဲ ။ ၂၀၁၉ မှာတော့ အခုဖတ်ခဲ့တဲ့အရေအတွက်ထက် များအောင် ဖတ်ဖို့ စိတ်ကူးထားတယ်။ 

Wednesday, 21 November 2018

Morning Journal ***

November 21, 2018 2 Comments
ဂျပန်မှာကတည်းက အဲဒီက လူတော်တော်များများ daily planner သုံးပြီး တစ်ရက်ပြီးတစ်ရက် လုပ်ရမယ့် List to do တွေနဲ့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တာကို သဘောကျပြီး planner ကို သုံးဖြစ်ခဲ့တာ။ ဒီတစ်ပတ် ဒီရက် ဘာလုပ်မယ်ဆိုတာ plan လေးတွေ ချရေး။ အတတ်နိုင်ဆုံးတော့ ပြီးအောင်လုပ်၊ မလုပ်နိုင်ရင် စိတ်ဓာတ်ကျနဲ့ လုံးလည်ချာလည် လိုက်နေပေမယ့် နေ့တိုင်းလိုလို မပျက်မကွက် အကျင့်တစ်ခုလို ရေးဖြစ်တယ်။ အဲဒီမှာတော့ Planner တွေက ဈေးကြီးသလို quality လည်း ကောင်းလှတယ်။ ၂၀၁၈ အတွက် planner က နာမည်ကြီးတဲ့ Moleskine ဆိုတဲ့တံဆိပ်ကို ဝယ်ဖြစ်ခဲ့တယ်။ ဂျပန်မှာတုန်းက ဝယ်တာဆိုတော့ အမေဇုန်ကနေ မှာလိုက်ရုံပဲမို့ ချက်ချင်းရတာပေါ့လေ။ အဲဒီ Planner လေးက ရိုးရိုးရှင်းရှင်းလေးပဲ။ တစ်ဖက်မှာ Daily planner ကို တစ်ပတ်စာပါတယ်။ အခြားတစ်ဖက်မှာတော့ note အတွက် ထားတာပေါ့။ ကျမတော့ အဲဒီအခြားတစ်ဖက်ကို weekly planner သဘောမျိုး တစ်ပတ်လုံးလုပ်ရမယ့်ဟာတွေကို ချရေးဖြစ်တယ်။ တစ်ခါတလေလည်း တစ်ပတ်အတွင်း ကိုယ်ဖတ်နေတဲ့စာအုပ်နာမည်တွေလည်း ရေးတယ်။ အဲဒါမှ ကိုယ် ဘာစာအုပ်တွေဖတ်ပြီးပြီလဲဆိုတာ မှတ်မိအောင်လို့ပါ။ ရှုပ်ယှက်ခပ်နေတာတွေမကြိုက်တတ်တဲ့ ကိုယ့်အတွက် အဲဒီ ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးက တကယ်အဆင်ပြေပါတယ်.။


၂၀၁၈ ကုန်ခါနီးပြီဆိုတော့ အသစ်ဝယ်ဖို့ စဉ်းစားနေချိန် ဟိုတလောကသွားတက်ခဲ့တဲ့ forum က planner လက်ဆောင်ပေးတယ်။ ဒါပေမယ့် planner အတွက် အကွက်ကလေးတွေကသေးပြီး နောက်ပိုင်း ဒိုင်ယာရီလိုစာမျက်နှာတွေကများလို့ သိပ်မကြိုက်လှဘူး။ အဲတော့ ကိုယ်အမြဲတမ်းကြည့်ဖြစ်တဲ့ youtuber တစ်ယောက်ဖြစ်တဲ့ Lavendaire ရဲ့ artist of life workbook ရယ် daily planner ရယ်ကို နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဝယ်ဖို့ နေ့တိုင်း စိတ်ကူးယဉ်၊ သူ့ရဲ့ website ထဲ ခဏတိုင်းဝင်ကြည့်နဲ့ ကိုယ့်မယ် အလုပ်တွေဖြစ်လို့။ သူ့ရဲ့slogan ဖြစ်တဲ့ Create today ဆိုတာလေးကို သဘောကျတာ။ သူ့ရဲ့ vlog တွေမှာလည်း အမြဲတမ်းပြောလေ့ရှိတယ်။ တစ်နေ့ကိုတစ်ခုခုတော့ ဖန်တီးပါတဲ့။ စာတစ်ပုဒ်ပဲဖြစ်ဖြစ်၊ vlog ပဲဖြစ်ပါစေ ကိုယ့်ဝါသနာကို အရင်းတည်တဲ့ creation တစ်ခုခုပေါ့။ သူ့ရဲ့ inspire ဖြစ်စေတဲ့ vlog တွေကြောင့် ကိုယ့်ရဲ့ blogging ကို ပြန်အသက်သွင်းဖြစ်သလို နောက်ပိုင်းဆိုရင် YouTube မှာ vlog လေးတွေရိုက်ဖြစ်အောင်လည်း ကြိုးစားချင်တယ်။ အခုနောက်ပိုင်းက blog မှာ စာရေးတာကိုဖတ်တာထက် vlog မှာ အမူအရာ၊ စကားနဲ့ တင်ဆက်တာကို ပိုကြိုက်လာကြတယ်။ Trend ပြောင်းသွားတယ်ပဲဆိုပါတော့။
Photo credit: Lavendaire Facebook page


Daily planner အပြင် ဒီနှစ်တွေအတွင်း တစိုက်မတ်မတ် ကိုယ်လုပ်ဖြစ်နေတာက Journaling ပါပဲ။ Journal က Diary နဲ့ ဆင်တူသလို ရှိပေမယ့် သိပ်တော့လည်း မတူပြန်ပါဘူး။ 
📒Diary က နေ့စဉ်မှတ်တမ်းလိုမျိုး ကိုယ့်ရဲ့တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေကို မှတ်တမ်းတင်တာ များပါတယ်။ 
📖 Journal ကတော့ ဒိုင်ယာရီလိုနေ့စဉ်မှတ်တမ်းဆိုတာထက် ပိုပါတယ်။ အဲဒါက ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတွေးအမြင်တွေကို မှတ်တမ်းတင်တာမျိုးဖြစ်ပါတယ်။ တခါတလေ အချို့စိတ်ကူးတွေက ရုတ်တရက်ပေါ်လာတတ်ပြီး မကြာခင်ပြန်ပျောက်သွားတတ်ပေမယ့် တကယ့်စိတ်ကူးကောင်းတွေ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ စာအုပ်ထဲချရေးပြီး မှတ်တမ်းတင်ထားနိုင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ဒီစိတ်ကူးတွေက ပျောက်ပျက်သွားတော့မှာမဟုတ်ပါဘူး။ ပြီးတော့ ကိုယ်ခံစားရသမျှ ချရေးဖြစ်တဲ့အခါ အခြားသူတွေကို ရင်ဖွင့်စရာမလိုဘဲ ကိုယ့်ဘာသာရင်ဖွင့်သလိုဖြစ်ကာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါလိမ့်မယ်။
Journaling လုပ်တဲ့အခါ ညအချိန်ထက် မနက်မှာရေးတာက စိတ်ကူးအတွေးတွေ ပိုဆန်းသစ်စေသလို မနက်နိုးစမို့ အကောင်းမြင်စိတ်လဲ ပိုများကာ အရင်နေ့က ခံစားခဲ့သမျှတွေအတွက် ပိုပြီး ဖြေသာစေပါလိမ့်မယ်။ အဲဒါကြောင့်လည်morning journal လို့ ခေါ်ကြတာများပါတယ်။ 


အရင်ကတော့ ကွန်ပျူတာထဲမှာ ရိုက်တယ်။ အခုနောက်ပိုင်းတော့ တစ်နှစ်မှာ စာအုပ်တစ်အုပ်အဖြစ်ရှိနေဖို့ရယ်၊ လက်နဲ့ရေးလေ့မရှိတော့လို့ စာမရေးတတ်တော့ဘဲ ပဲပင်ပေါက်လိုဖြစ်နေတဲ့ လက်ရေးကို ပိုလှလာအောင် ပြန်ကျင့်ဖို့ရယ် စာအုပ်နဲ့ ရေးဖြစ်တယ်။ ဘာအကြောင်းအရာပဲဖြစ်နေပါစေ တစ်ရက်ကို တစ်မျက်နှာအပြည့် ရေးနိုင်အောင် ကြိုးစားတယ်။ အိမ်မှာရှိတဲ့ရက်တိုင်းတော့ မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်နဲ့ Journal ရေးတဲ့အချိန်ဟာ တကယ်စိတ်ချမ်းသာရတယ်။ စာရေးတာက ကိုယ့်ရဲ့ဝါသနာဖြစ်တာကြောင့်လည်း ပါပါလိမ့်မယ်။ ကိုယ်က အနုအရွသိပ်မခံစားတတ်၊ မမွမ်းမံတတ်တော့ Journal ကို sticker အနည်းငယ်ကလွဲရင် သိပ်တော့ အလှမဆင်တတ်ဘူး။ အချို့ အလှအပခံစားတတ်တဲ့သူမျိုးဆိုရင်တော့ စိတ်ကူးထဲပေါ်သမျှ အလှဆင်ရင်းနဲ့ သူ့ရဲ့ Journal လေးဟာ မျက်စိပသာဒဖြစ်ပြီး သူ့ဘာသာ စိတ်ချမ်းသာနေလိမ့်မယ်ထင်တယ် 📖🖊📝

နောက်ရက်တွေမှာတော့ journaling နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ထပ်ဝေမျှပါဦးမယ် 📝📖📕

Follow Us @soratemplates