Sunday, 6 October 2013

ဘုရားဖူးခရီးတစ်ခေါက် _/\_ _/\_ _/\_

October 06, 2013 6 Comments

မြန်မာပြည်ပြန်ရောက်ရောက်ချင်းခရီးတစ်ခုချက်ချင်းထွက်ဖြစ်ခဲ့တယ်။ ကျောက်ဆည်မှာ ကျောင်းတက်နေတဲ့ ကျွန်မမောင်လေးကို သွားကြိုရင်း မိသားစုခရီးသွားဖြစ်ခဲ့ကြတာပါ ...။ သူက နောက်ဆုံးနှစ်ပြီးမှာဆိုတော့ ပစ္စည်းတွေတော်တော်များများ ပြန်သယ်ရမှာနဲ့အတူတူ အိမ်ကနေပဲ သွားကြိုရင်း ခရီးဆက်သွားဖြစ်ခဲ့တယ်...။

မနက်မသွားခင် ညကတည်းက ပစ္စည်းတွေသေချာထည့်ဖြစ်တယ်..။ ပူလွန်းတဲ့ရာသီဥတုမှာ ကျောက်ပျဉ်သေးသေးနဲ့ သနပ်ခါးတုံးပါ သယ်သွားခဲ့တယ်..။ တကယ်တော့ ကိုယ့်နိုင်ငံရာသီဥတုနဲ့ကိုက်ညီတဲ့မိတ်ကပ်ဆိုတာ သနပ်ခါးလောက်သာ အကောင်းဆုံးဆိုတာ ပူအိုက်လွန်းတဲ့ရာသီဥတုမှာ အေးမြမှုကိုပေးတဲ့သနပ်ခါးကို လိမ်းဖူးသူတိုင်း သိကြပါတယ်..။

မနက်စာကို အိမ်ကမစားဘဲ လမ်းရောက်မှ တနေရာရာမှာ ၀င်စားကြမယ်ဆိုပြီး နေမထွက်ခင် မနက်စောစောထွက်ခဲ့ကြတယ်...။ မသွားခင်ညက မိုးတွေသည်းသည်းမည်းမည်းရွာတယ်..။ တစ်ညလုံးရွာပေမယ့် သွားမယ့်နေ့မနက်မှာ မိုးတိတ်သွားတာတော့ ကံကောင်းတာပါပဲ ..။ မိုးရွာထားတဲ့အရှိန်နဲ့မနက်လင်းလာတာတောင် ကောင်းကင်တစ်ခုလုံး မြူတွေဆိုင်းနေလို့ ရှေ့မြင်ကွင်းကို ကောင်းကောင်းမမြင်ရပါဘူး..။ အဖေက ကားမောင်းပြီး အမေရယ် ကျွန်မရယ် သုံးယောက်သွားကြတာပါ ..။ ရမည်းသင်းမြို့ကိုရောက်တော့ မနက် ၈ နာရီလောက်ရှိပြီမို့ ကျွန်မက အရမ်းဗိုက်ဆာနေပြီ...။ စားချင်တာက မုန့်ဟင်းခါးဆိုတော့ ဘေးကဆိုင်တွေလိုက်ကြည့်ရင်းနဲ့ မြို့လယ်က မီးပွိုင့်မှာ မီးနီဖြတ်မိလို့ ဒဏ်ငွေဆောင်ခဲ့ရပါရောလေ...။ ကျွန်မသိတာက ရမည်းသင်းမှာ “သူငယ်ချင်း” လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်တစ်ခုကတော့ နာမည်ကြီးပြီး လူသိကြတော့ အဲဒါကိုရှာရင်း ဟိုကြည့်ဒီကြည့်နဲ့ တွေ့လည်းတွေ့ရော မီးနီလည်း ဖြတ်မိတာပါပဲ ..။ 

အဲဒီနောက် ဆက်သွားရင်း ကျောက်ဆည်ကိုရောက် နေ့လည်စာစားရင်း ကျောင်းကိုဆက်သွားတယ်..။
 မောင်လေးက နောက်ဆုံးနှစ်စာတမ်းဖတ်တာက ၃နာရီလောက်မှပြီးတာနဲ့ စောင့်ပြီး ပစ္စည်းတွေတင် ... မန္တလေးကိုဆက်ထွက်လာခဲ့တယ်..။ ပထမဆုံးသွားဖြစ်တာက ကျောက်ဆည်နားက ပေါ်တော်မူဘုရားပါ..။ မြစ်ထဲက ပေါ်လာလို့ ဆယ်ထားပြီး ကိုးကွယ်ထားကြတဲ့ ဘုရားဆင်းတုသေးသေးလေးတွေပါ..။ 
အဲဒီနောက်တော့ ပုလိပ်မြွေဘုရားကို သွားဖူးဖြစ်တယ်..။ မြွေတွေနဲ့ဆိုတော့ သံတံတိုင်းနဲ့ကာထားပြီး အထဲမှာ မြွေ ၃ ကောင်ရှိပါတယ်..။ တစ်ကောင်က ပုံမှာမြင်ရတဲ့အတိုင်း ဘုရားဦးခေါင်းတော်မှာ ရစ်ပတ်နေတာပါ..။ ကျန်တဲ့ ၂ ကောင်ကတော့ ဘေးနားလေးမှာ ခွေနေကြပါတယ်..။

အဲဒီလိုနဲ့ ဆက်သွားရင်း ညနေ နေ၀င်ခါနီးအချိန်မှာ ဦးပိန်တံတားကို ရောက်ပါတယ်..။ ညနေဆည်းဆာအလှကို မတွေ့ရဘဲ အလင်းရောင်တော့ နည်းနည်းရှိနေသေးပေမယ့် နေက၀င်သွားနှင့်ပါပြီ..။ တကယ်က နေလုံးကိုမြင်ရပြီး ရေပြင်အလှနဲ့ ဓါတ်ပုံရိုက်ဖို့ အမှီသွားပေမယ့် လမ်းမှာပဲ ကြည့်ရင်းကြည့်ရင်း နေက၀င်သွားတယ်..။

မန္တလေးကိုရောက်တော့ ညရောက်နေပါပြီ ...။ ညပိုင်းမှာ ဆိုင်ကယ်တွေတိုးမပေါက်အောင် များပြားတဲ့မြို့မှာ ညပိုင်းကားမောင်းရတာတော့ တော်တော်ကြောက်စရာကောင်းပါတယ်...။ ဘယ်လိုမှ ရှောင်မလွတ်အောင် ဆိုင်ကယ်တွေအထပ်ထပ်ကြားထဲမှာ စက်ဘီးတချို့လည်း နေရာဝင်လုကြရင်း ကျဉ်းကျဉ်းကျပ်ကျပ်ထဲမှာပဲ တည်းမယ့်နေရာကို မနည်းရောက်အောင် သွားခဲ့တယ်...။ 

မနက်ရောက်တော့ ကျွန်မစားချင်တာက ရှမ်းခေါက်ဆွဲဆိုင်ပါ ...။ မနက်စာ တို့ဖူးနွေးစားပြီး မဟာမြတ်မုနိဘုရားကို အရင်ဆုံးသွားဖူးတယ်..။ အဲဒီနောက်တော့ ဟိုမေးဒီမေးနဲ့ပဲ ထွန်းဦးစာပေ ကိုအရောက်သွားလို့ စာအုပ်တချို့ဝယ်လာဖြစ်တယ်..။ လူတွေစာသိပ်မဖတ်ကြဘူး ဘာညာသာရကာသာပြောနေပေမယ့် စာအုပ်ဈေးနှုန်းတွေက သာမာန်လူတချို့လက်လှမ်းမမီနိုင်တဲ့ဈေးတွေဖြစ်နေကြပြန်တယ်..။ စာရေးဆရာကောင်းကောင်း စာအုပ်အကြောင်းအရာကောင်းကောင်းဆိုရင်ပဲ ဈေးက အနည်းဆုံး ၃၀၀၀ လောက်ဖြစ်နေပါပြီ..။ အဲဒီနောက် အနီးအနားက ဈေးချိုသွားပြီး ရတနာပုံဈေးကို ဆက်သွားရင်းနဲ့ ၉ နာရီလောက်မှ စစ်ကိုင်းကို ဆက်ထွက်ဖြစ်ပါတယ်...။ ရတနာပုံတံတားကိုဖြတ်ပြီး ခဏနဲ့ပဲ စစ်ကိုင်းကိုရောက်ပါတယ်..။ 


မန္တလေးကို မကြာခဏရောက်ဖူးပေမယ့် စစ်ကိုင်းဘက်ကို တစ်ခါမှ မကူးခဲ့ဖူးတော့ ဒီတစ်ကြိမ်က ပထမဆုံးရောက်ဖူးခြင်းပါ..။ ကျွန်မအဓိကသွားချင်တဲ့နေရာက ကောင်းမှုတော်ဘုရားပါ..။ ဘုရားကိုရောက်တော့ ထင်ထားတာထက်တောင် ကြီးကျယ်ခမ်းနားသပ္ပာယ်လွန်းတာကို ကြည်ညိုဖွယ်ဖူးမြော်ရပါတယ်..။ ကောင်းမှုတော်ဘုရားကို ရောက်တာနဲ့တင်ပဲ ဒီခရီးလာခဲ့ရတာ အလွန်ကိုအဓိပ္ပာယ်ရှိပြီး ကြည်နူးရပါတယ်..။


ပြီးတော့ စစ်ကိုင်းတောင်ပေါ်ကို ဆက်တက်ပါတယ်...။ ဘုရားဖူးရင်း လှူရင်း ဧရာဝတီမြစ်အလှကို တောင်ပေါ်ကနေကြည့်ရင်း ခဏနားပြီးတော့ မင်းကွန်းဘက်ကို ဆက်သွားဖြစ်ခဲ့တယ်..။ ဧရာဝတီမြစ်ဘေးလမ်းကနေ လမ်းကျဉ်းကလေးကနေ ကားမောင်းသွားရတာ အသည်းထိတ်စရာပါ.။ ဒါပေမယ့် အန္တရာယ်တော့ မရှိပါဘူး..။ နောက်ထပ်လမ်းတွေကလည်း သိပ်မကောင်းတာမျိုးမဟုတ်ပေမယ့် ကျဉ်းလွန်းတယ်ထင်ပါတယ်..။ ဝေးလဲ နည်းနည်းတော့ဝေးတယ်..။ မင်းကွန်းပုထိုးတော်ကြီးကို မမြင်ခင် ပထမဆုံးတွေ့ရတာက ခြင်္သေ့ကြီးတစ်ကောင်ပါ ..။ နောက်ထပ်ဆက်တွေ့တာက နောက်ထပ်တစ်ကောင်နဲ့ တစ်ဖက်မှာ မင်းကွန်းပုထိုးတော်ကြီးပါ..။ ခြင်္သေ့ကြီးတွေက အံ့မခန်းလောက်အောင်ကြီးမားလွန်းလှပါတယ်..။ ပုထိုးတော်ကြီးရဲ့ ဗိသုကာလက်ရာတွေကလည်း အဲဒီခေတ်မှာ ဘယ်လိုများတည်ထားခဲ့သလဲလို့ စိတ်ဝင်စားသူတွေ လေ့လာချင်လောက်အောင်ကို ထူးခြားလှပါတယ်..။ ပြီးတော့ မင်းကွန်းခေါင်းလောင်းကြီးကို သွားကြည့်ပါတယ်..။ 



အဲဒီနောက်တော့ စစ်ကိုင်းကိုပြန်လာပြီး အဲဒီမှာ နေ့လည်စာစားခဲ့တဲ့ မြန်မာထမင်းဟင်းဘူဖေးက
 တော်တော်စားကောင်းပါတယ်.။ အခြားသူတွေပြောကြတာတော့ စစ်ကိုင်းက ဘူဖေးက တော်တော်နာမည်ကြီးတယ်ဆိုပဲ ..။ ပြီးတော့ စစ်ကိုင်းရောက်တုန်းရောက်ခိုက် မောင်လေးက မိုးမင်းဂစ်တာတစ်လက်လောက်ဝယ်ခဲ့ချင်တယ်ဆိုတာနဲ့ပဲ ဂစ်တာဆိုင်ကိုရှာရင်း ဂစ်တာတစ်လက်ဝယ်လို့ ... ပြန်လာဖြစ်တယ်..။ 

Friday, 4 October 2013

အစစ်အမှန်ကမ္ဘာ ...

October 04, 2013 4 Comments


ဒီနေရာကို ပြန်ရောက်ပြီဆိုကတည်းက ပုံရိပ်ယောင်ကမ္ဘာနဲ့ဝေးနေခဲ့တာကြာခဲ့ပေါ့ ....။

အရင်ကဆို မနက်မိုးလင်း အိပ်ရာနိုးတာနဲ့ ကွန်ပျူတာကိုဖွင့် ပထမဆုံးဖွင့်ဖြစ်တာက သုံးနေကျ Gmail.။ အဲဒီနောက်တော့ တမင်ခိုင်းစေတာမဟုတ်ပါဘဲ အလိုအလျောက်ရောက်သွားခဲ့တာက virtual world လို့ အများက ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြတဲ့ facebook ဆိုတဲ့နေရာတစ်ခုပါပဲ ..။ မြန်မာပြည်နဲ့ဝေးနေတဲ့အချိန် အဲဒီမှာဖြစ်ပျက်နေသမျှတချို့တ၀က်လောက်ကို သိနိုင်သလို ဝေးနေကြတဲ့ သူငယ်ချင်းတချို့ရဲ့ လှုပ်ရှားမှုတွေ.. ဘ၀တွေကိုလည်း မြင်နိုင်တယ်..။ chat box ကနေ အပြန်အလှန်စကားပြောနေရတာမျိုးကို မနှစ်သက်ပေမယ့် ..newsfeed မှာ တွေ့တာတွေထဲက ဟိုဖတ်ဒီဖတ်နဲ့ပဲ.. အဲဒီကမ္ဘာထဲမှာ ဖြတ်သန်းနေခဲ့ဖြစ်တယ်....။

မြန်မာပြည်ပြန်ရောက်လာကတည်းက မိသားစုနဲ့ပြန်တွေ့ .. ခရီးတွေသွားဖြစ်ခဲ့တယ် ....။ ကျွန်မရဲ့ ကမ္ဘာက ကွန်ပျူတာဖန်သားပြင် ဖုန်းစကရင်တစ်ခုမဟုတ်တော့ဘဲ .... အဖေရယ်အမေရယ် မောင်နှမတွေကြားထဲမှာ .... စစ်မှန်တဲ့နေရာတစ်ခုမှာ ပြန်ရောက်သွားခဲ့ပါတယ် ....။ အဲဒီအချိန်ကတည်းက ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို မေ့ဖြစ်ခဲ့တာပါပဲ ...။ မနက်ခင်းအိပ်ရာနိုးချိန်တိုင်းမှာ ... ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်က ဘုရားမီးပူဇော်၊ သောက်တော်ရေကပ်ပြီး ဘုရားရှိခိုးတာ ဖြစ်လာခဲ့တယ် ။ အရင်လို ကွန်ပျူတာကို အရင်ဖွင့် .. ဖုန်းအင်တာနက်ကို စကလိတာမျိုးကို မလုပ်ဖြစ်တော့ဘူး...။ ဖေ့ဘွတ်မှာ ဘယ်သူတွေ ဘာတွေလုပ်နေကြသလဲ .. မြန်မာပြည်က သတင်းတွေ ဘာတွေထူးခြားသလဲ စိတ်မ၀င်စားတော့ဘူး ....။ အစားအသောက်စားချိန်မှာ ကွန်ပျူတာတစ်လုံးနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စားတဲ့ဘ၀ကနေ မိသားစုနဲ့အတူတူ စကားတွေပြောရင်း စားသောက်တဲ့ပျော်စရာဘ၀ကို ပြန်ရောက်သွားတယ်...။

ဒါပေမယ့် ... ဒီကမ္ဘာထဲမှာ ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေ၊ ကြည်နူးစရာတွေချည်း .. ပြည့်နေတာတော့လည်း မဟုတ်ပြန်ပါဘူး....။ ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာပဲ ထိုင်နေလို့ရတဲ့သူမှ မဟုတ်ဘဲ ....။ လူ့လောကထဲတိုးအ၀င်မှာ ထုံးစံအတိုင်း ကိုယ်တိုင်မဟုတ်တဲ့ သူစိမ်းတွေဆိုတာ မဖြစ်မနေ တွေ့ရကြုံရတာပဲ မဟုတ်ပါလား ......။ ဒါပေမယ့် စိတ်အထင်ကြောင့်ပဲလား ... ဒီလူမှုအသိုင်းအ၀ိုင်းမှာ အံဝင်ခွင်ကျမဖြစ်လို့ပဲလား ... ဘာရယ်လို့တော့ သေချာမပြောတတ်ပေမယ့် .. ကြိုဆိုတဲ့မျက်နှာတစ်ချို့မှာ နဂိုစိတ်ရင်းဆိုတာ မတွေ့ရသလိုဘဲ ...။ တမင်ပြုံးထားတဲ့အပြုံးတချို့နောက်ကွယ်မှာ .. ကိုယ့်ကိုတကယ်ခင်မင်တယ် ရင်းနှီးတယ် ဖော်ရွေတယ်ဆိုတဲ့စိတ်ကို စိုးစဉ်းမှမတွေ့မိသလို ခံစားနေရတယ်...။ တကယ်တမ်းမြင်ချင် ရချင်မိတာက အတွင်းထဲကစိတ်နဲ့ထပ်တူ ပြောလာတဲ့စကားသံတွေ ပြုံးနေတဲ့အပြုံးတွေ.. အပြုအမူတွေပါ..။ ဒါတွေကို ဖုံးကွယ်ပြီး ... တမင်ဖန်တီးထားတဲ့စက်ရုပ်တွေကို လိုချင်တာမဟုတ်ခဲ့ပါဘူး...။ ရိုးရိုးသားသားပဲ မကောင်းဘူး မကြိုက်ဘူးလို့ ဝေဖန်မယ်ဆိုရင်တောင် ကျေနပ်နေမိမှာပါ ..။ အခုတော့ ဘာပြောလို့ပြောမှန်းမသိတဲ့ ခနဲ့သလိုလိုစကားလုံးတွေကို ရင်ဆိုင်ရတော့ ... ကိုယ်ကမှ သူရွဲ့ကိုယ်ရွဲ့မလုပ်တတ်ဘဲ..။ စကားတွေအားလုံးမှာ အမုန်းဆုံးက အဲဒီလို လိုရင်းမရောက်တဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့စကားလုံးတွေပါပဲ ...။ အင်္ဂလိပ်စကားတွေထဲမှာတော့ အဲဒီလိုစကားလုံးမျိုးဆိုတာ ရှာတွေ့နိုင်ဖို့ဆိုတာမဖြစ်နိုင်ပေမယ့် .. ဒီလိုနေရာမှာတော့ ဒီစကားတွေက အပေါဆုံးများဖြစ်နေလေသလား....။ အရင်ကျောင်းတက်ခဲ့စဉ်က အခြားနိုင်ငံသားတွေကတောင် မိသားစုစိတ်ဓါတ်အပြည့်နဲ့ ချစ်ခင်ဖေးမစောင့်ရှောက်ခဲ့မှုတွေကြားမှာ .. အိမ်လွမ်းတဲ့စိတ်တစ်ခုကလွဲရင် ပျော်စရာတွေချည်းပဲကြုံခဲ့ရတဲ့အတိတ်ပြီးသွားတဲ့နောက် လက်ရှိကာလမှာတော့ အရာအားလုံးက ပြောင်းပြန်လိုပဲ .. ဖြစ်နေလေသလားမသိပါဘူး...။

ပြန်လာခဲ့တာ မပျော်ဘူးလားမေးရင် ဟိုသီချင်းထဲကလို ပျော်တာပေါ့အမေရယ် လို့ပဲ ပြောရမလိုဖြစ်နေပါပြီ ...။ ဒါပေမယ့်လည်း .... ဒါတွေကလည်း တစိတ်တပိုင်းမျှသာပါ ...။ နေရာတိုင်းအကောင်းချည်းပဲရှိမနေနိုင်သလို အဆိုးချည်းလဲ မတွေ့နိုင်ပါဘူး...။ ကိုယ့်ကို ခင်မင်တဲ့သူတွေ၊ နဂိုစိတ်ရင်းနဲ့ပဲ အလုပ်အတူတူလုပ်သူတွေ၊ သတိတရရှိနေတဲ့သူငယ်ချင်းတွေရဲ့ စိုးရိမ်စကားတွေ ၊ အကြင်နာတွေကြားမှာ တခါတရံကြုံတွေ့ရတဲ့ လူ့ဘ၀ရဲ့ခါးသီးမှုတွေကို မေ့ပျောက်ကောင်းမေ့ပျောက်နိုင်လာပါလိမ့်မယ် ...။ စိတ်ရှိတိုင်းလှူနိုင်တမ်းနိုင်တဲ့နေရာမှာ ... ဘာသာရေးရဲ့အဆုံးအမအောက်မှာ ဘ၀က နေတတ်ရင် ကျေနပ်စရာကောင်းလာပါလိမ့်မယ်...။ အခိုက်အတန့်တစ်ခုလောက်တော့ နေသားမကျသေးခင် စိတ်ဓါတ်ကျမသွားဖို့ဘဲ အရေးကြီးပါတယ်....။ အပေါ်ကကန်ချမယ့် ဒါမှမဟုတ် နင်းတက်သွားမယ့် ခြေထောက်တွေရယ်၊ ဘေးဘက်ကနေ လာကလန့်မယ့် ခြေထောက်တွေရယ်.. နောက်ကျောကနေလာထိုးနိုင်တဲ့ဓါးတွေကိုတော့ အလိမ္မာနဲ့ရှောင်ကွင်းနိုင်ဖို့လည်း အရေးကြီးတာပဲပေါ့ ...။

Sunday, 15 September 2013

လွမ်းရယ်မပြေ +++

September 15, 2013 4 Comments


တကယ်ဆို ဒီလိုခွဲခွာချိန်က အသေအချာရောက်လာမယ်ဆိုတာ စကတည်းက သတ်မှတ်ထားခဲ့ပေမယ့် ၂၆ လ ဆိုတဲ့အချိန်က ခဏလေးပဲဆိုတာကို ရုတ်တရက်သိလိုက်ရတယ် ...။ Friday 12 ဟာ ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ နေ့ရက်တစ်ရက်ပါပဲ ....။ မမျှော်လင့်ထားဘဲ အဲဒီနေ့မှာ ကျွန်မ Master Thesis ကို အပြီးအပ်နိုင်ခဲ့ပြီး ၆ လ လောက် ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ခံစားရပါတယ်...။ အရာအားလုံးက ခုမှပဲ နေရာတကျရှိသွားသလို ... လောကကြီးကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို ခံစားမိတယ်...။ deadline က စက်တင်ဘာ ၃၀ ရက်ထိရပေမယ့် ကျွန်မက စောစောပြီးချင်လို့ ကြိုးစားရေးခဲ့ရာက ခုတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်..။ တစ်တောင်ကို ကျော်နိုင်ခဲ့ပြီပဲပေါ့ ...။

 မြန်မာပြည်ကိုအပြီးပြန်တော့မှာမို့ .... ဒီနေ့ညမှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ farewell party တစ်ခုလုပ်တယ် ....။ တကယ်ဆို ကျမအခန်းမှာချက်ပြုတ်ပြီး မြန်မာအစားအစာတွေ ကျွေးချင်ခဲ့ပါတယ်..။ ဒါပေမယ့်လဲ အချိန်အခက်အခဲကြောင့် အဲလိုမလုပ်နိုင်ခဲ့ဘဲ တရုတ်ဘူဖေးဆိုင်မှာ သွားစားကြတယ်...။ ဒီမှာထုံးစံတစ်ခုရှိတာက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် gathering လုပ်တဲ့အခါ ကိုယ့်စားရိတ်ကိုယ်ရှင်းကြေးပဲ ..။ မဟုတ်ရင် မြန်မာနိုင်ငံမှာ ကျွန်မတို့သူငယ်ချင်းတွေ စားလေ့ရှိသလို ၁ ယောက် ၂ ယောက်လောက်က အားလုံးအတွက် ၀ိုင်းရှင်းကြတာမျိုးဆိုရင် ရှင်းရတဲ့သူရော စားရတဲ့သူရော အားနားပါးနာဖြစ်ရတယ်လေ...။ 

ကျွန်မတို့နှစ်က အတန်းထဲမှာ course တစ်ခုလုံးတူတူတက်တဲ့ကျောင်းသားပေါင်းက ၁၆ ယောက်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက လာကြတာပါ ..။ ဆရာတွေပြောတာကတော့ ကျွန်မတို့အတန်းက အတော် diverse ဖြစ်တယ်ဆိုပဲ ..။ ကိုလံဘီယာက ၃ ယောက်တွဲပါတာကလွဲရင် ကျန်တဲ့သူတွေက တစ်နိုင်ငံ တစ်ယောက်စီပဲ ..။ မြန်မာဆိုရင်လည်း ကျွန်မတစ်ယောက်တည်းပဲ..။ ၁၆ ယောက်ရှိတာကို အကြမ်းဖျင်း ၂ ဖွဲ့ကွဲနေပြန်သေးတယ်...။ အရက်သောက် ပါတီတက်လေ့ရှိတဲ့အဖွဲ့ရယ်.. အရက်မသောက် ပါတီမသွားအဖွဲ့ဆိုပြီး ကွဲနေတတ်တယ်...။ ပုံမှန်တော့ သိပ်မသိသာလှပါဘူး...။ အပြင်ပန်းကြည့်ရင် စည်းလုံးတယ်လို့ ဆိုရအောင် team work ရှိတယ်...။ လိုအပ်ရင် အားလုံးဝိုင်းပြီး ဖြေရှင်းတယ်..။ အရက်သောက်တဲ့အခါနဲ့  ပါတီတွေသွားတဲ့အခါလောက် ကွဲတာ..။

အဲဒါအပြင် မသိမသာ တိုက်စွဲက ရှိတတ်သေးတယ်..။ အာဖရိကတိုက်ကသူတွေက သူတို့အချင်းချင်းဆို သိပ်ချစ်ကြတယ်..။ လက်တင်အမေရိကတိုက်အချင်းချင်းလည်း အဲလိုပဲ ..။ အာရှအချင်းချင်းလည်း မထူးပါဘူး.. ကျမနဲ့ အင်ဒိုနီးရှားက ကောင်မလေးနဲ့ဆိုလည်း ညီအစ်မတွေလားမှတ်ရတယ်.. အရမ်းတွဲဖြစ်တာကိုး..။

ကလေးတွေတော့ မဟုတ်ပေမယ့် ... ကျောင်းသားတွေဖြစ်သွားတော့လည်း လုပ်ငန်းခွင်ထဲမှာလို လူကြီးစိတ်တော့မရှိဘဲ ကျောင်းသားက ကျောင်းသားစိတ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပေါ့ ...။
ဒီ ၂၆ လ လုံးမှာ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဘာတစ်ခုမှမရှိခဲ့ဘဲ .. ပျော်စရာအမှတ်တရတွေချည်းရခဲ့တဲ့အတွက် ကံတရားကို ကျေးဇူးတင်မိပြန်တယ်. ..။ ကျွန်မဘ၀မှာ ဒီလိုသူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့လို့ပေါ့ ..။ အတန်းထဲမှာ မိသားစုတစ်ခုလိုဘဲ ကျွန်မအတွက် အဖေ၊ အမေ၊ အစ်ကို၊ မောင်လေး၊ ညီမလေး၊ ဦးလေးရှိတယ်..။ ဒါဟာ ကလေးတွေလို ရယ်စရာဖြစ်နေနိုင်ပေမယ့် တကယ့်အဖြစ်အပျက်ပါ ..။ စရင်းနောက်ရင်း အဲလိုလျှောက်ပြောရင်းကနေ တကယ့်မိသားစုလို စောင့်ရှောက်ကြပါတယ်..။ ဘာပဲလိုအပ်နေပါစေ .. ကူညီပေးဖို့ အဆင်သင့်ရှိနေ တတ်ကြတယ်..။ နိုင်ငံမတူ ယဉ်ကျေးမှုမတူ၊ အသားအရောင်ကွဲပြား၊ ဘာသာမတူ၊ ဓလေ့ထုံးစံတွေခြားနား ကြပေမယ့် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တသားတည်းဖြစ်သွားပြီး တူညီသွား ကြတယ်..။

ဒီနေ့ည စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြတယ်...။ လွန်ခဲ့တဲ့ ၂၆ လက စတွေ့တဲ့အချိန်မှာ ဘယ်သူက ဘယ်လို..။ နောက်တော့ ဘာတွေဖြစ်ကြတယ်.ဘယ်လိုတွေလွဲကြတယ်.။ အတန်းထဲက ရယ်စရာအဖြစ်အပျက်တွေလည်းပါတယ်....။ စာမေးပွဲတွင်းမှာ ကျွန်မစာမကြည့်ဘဲ facebook သုံးနေတာသိလို့ မရမက စာကြည့်တိုက်မှာ လူစုပြီး စာအတူတူကြည့်ရတဲ့အကြောင်းတွေလည်း ပါတယ်..။ ငါဖေ့ဘွတ်သုံးတာ နင်တို့သိနေတယ်ဆိုကတည်းက နင်တို့လဲ သုံးနေလို့သိတာပေါ့ဆိုတော့ မဟုတ်ဘူး နင်ကကို အလွန်အကျွံသုံးတာတဲ့ ..။ ဖွင့်လိုက်ရင် နင် like လုပ်ထားတာတွေ share ထားတာတွေ မြင်နေရလို့သိတာတဲ့ ...။ ဟုတ်တယ်.. အဲဒီအချိန်တုန်းက စာကြည့်ရတာ အရမ်းပျင်းတော့ facebook ထဲ ၀င်ကလိ၊ စာမကြည့်ဖြစ်နဲ့ အဲလိုတွေဖြစ်တာ .. ကြားထဲမှာ blogging တာ ဘယ်သူမှမသိတာတော်သေးတယ်.. မဟုတ်ရင် ဘယ်လောက်တောင် သြချကြမယ် မသိဘူး..။ 


မြန်မာပြည်ကို ပြန်တော့မယ်ဆိုတော့  ဟိုက အင်တာနက်အခြေအနေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ အိမ်မှာက redlink လဲမရှိဘူး skynet လည်းမရှိပါဘူး.. mobile internet သာသုံးရတာကိုး...။ ဆိုတော့ blog တော့ ဘယ်လိုဖြစ်မယ်မသိသေးဘူး...။ facebook တော့ ၀င်လို့ရပါတယ်..။ ဒါပေမယ့် စာရေးတာတော့ blog မှာပဲ ရေးချင်တယ်.. ဆူညံရှုပ်ထွေးနေတဲ့ဖွဘုတ်မှာ အရောရောအနှောနှော မရေးချင်ပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် စာတွေဆက်ရေးဖြစ်ဦးမှာပါ..။ နောက်တစ်တောင်ကိုတက်ဖို့လည်း အားတွေအဆင်သင့်ပါပဲ ...။ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်...။ facebook မှာ နောက်ဆိုကျွန်မပုံမှန်သုံးတော့မယ့် အကောင့်ကhttps://www.facebook.com/snowphyuphyu23 ပါ..။ ကျွန်မရဲ့ အမည်ရင်းနဲ့ personal acc လည်းရှိပေမယ့် အဲဒါက သိပ်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး.. နိုင်ငံခြားက သူငယ်ချင်းတွေလည်း များတော့ မြန်မာလိုစာရေးချင်ရင် လေးထောင့်တုံးကိစ္စ သူတို့ကို အားနာလို့ အမြဲတမ်း hide လုပ်ထားလေ့ ရှိတော့ blog မှာ စာရေးမရလို့ facebook မှာ စာရေးဖြစ်မယ်ဆိုရင် အဲဒီအကောင့်က public share ရတာ အဆင်မပြေတာကြောင့်ပါ ..။
 ဒီသီချင်းက အခုအချိန်ခံစားချက်နဲ့တော့ သိပ်မတိုက်ဆိုင်ဘူး ..။ ဒါက မြန်မာနိုင်ငံမှာ Bachelor ပြီးခဲ့တဲ့ အချိန်က ခံစားချက်နဲ့မှ ကွက်တိ..။ နောက်ကြုံရင် အဲဒီကာလက အမှတ်တရတချို့ကိုလည်း စာစီချင်ပါသေးတယ်....။

+++++++++++++++
ဒီရက်ပိုင်း အဲလိုအလုပ်တွေရှုပ်နေလို့ tag post လည်းမရေးဖြစ်တာ အစ်မဂျက်ကို ဒီကနေပဲ တောင်းပန်ပါတယ်နော် ... ခုမှရေးမယ်ဆိုတော့လည်း ဘလော့ဒေးက တော်တော် လွန်သွားပြီလေ ..။ နောက်အကြိမ်တွေ tag လာခဲ့ရင် သေချာရေးပါ့မယ် _/\_ :D
 

Friday, 6 September 2013

စကားစမြည် ~~~

September 06, 2013 6 Comments


လုပ်နေကျအလုပ်တစ်ခုကနေ တော်တော်ကြာနားမိပြီး ပြန်စတဲ့အခါ .. နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်တတ်ကြတယ်နော် ...။ ကျွန်မအတွက် အချိန်အားရတိုင်းတစ်ခုမဟုတ်တစ်ခုရေးတတ်တဲ့ ဒီနေရာလေးမှာ ဘာမှမရေးဖြစ်တာ ၁၀ ရက်လောက်တောင်ကျော်သွားပြန်ပြီ ...။ အဲဒီတော့ အခု မဖြစ်မနေရေးဖြစ်အောင် တခုခုတော့ရေးမယ်ဆိုတော့ ဘာအကြောင်းအရာရေးရမှန်း သေချာမသိသေးပါဘူး..။ အဲဒီတော့လည်း စိတ်ထဲရှိရာ ရောက်တတ်ရာရာပေါ့ ...။ တကယ်ဆို ဘလော့ဂ်တွေအများကြီးကြားမှာ ကျွန်မကြိုက်တဲ့စတိုင်လ်က အဲဒီလို ကိုယ့်စိတ်ထဲခံစားမိသမျှ လွတ်လွတ်လပ်လပ်ချရေးတတ်တဲ့ပုံစံမျိုးပါပဲ ..။ blogger ရဲ့ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုရင် ပိုတောင် သဘောကျပါသေးတယ်..။ စာက ပိုအသက်ဝင်တယ်လေ..။ ဒါပေမယ့်လည်း ကိုယ်တိုင်ရေးတာကတော့ ကဗျာလိုလို ၀တုလိုလို ဆောင်းပါးလိုလိုတွေ ဖြစ်နေတတ်ပြန်တယ်....။ အဲ ... တကယ်သွားဖတ်ဖြစ်တဲ့ဘလော့ဂ်တွေကတော့ စိတ်ကူးရှိရာကိုယ့်ခံစားချက်တွေချရေးတာမျိုးကို အများဆုံးသွားဖတ်ဖြစ်တယ်...။ ၀တုတွေဆောင်းပါးတွေက တခြားနေရာတွေမှာ ဖတ်စရာအများကြီးရှိတယ်လေ...။ အဲဂလိုမျိုး blog ကို ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကိုယ်ရေးတဲ့ပုံစံ ဆန့်ကျင်ဖက်ဖြစ်နေတတ်တာ ကျွန်မပဲပေါ့ ;D

တကယ်တော့ မပြောလဲဖြစ်ပေမယ့်လည်း ရင်ဖွင့်ရရင် ဘယ်လိုမှအချိန်လုမရလောက်အောင် တော်တော်လေးကို အလုပ်တွေရှုပ်နေလို့ပါ ...။ ကျွန်မဘာတွေရှုပ်နေလဲဆိုတာတော့ အသိ blogger ညီမ ၂ ယောက် (ရိုးမြေကျနဲ့ အသူ) တော့ နည်းနည်းသိကြတယ်....။ တခါတလေ တစ်ရက်မှာ ၂၄ နာရီထက်ပိုရရင် ကောင်းမှာပဲလို့တွေးမိတယ်... (တကယ်က ကိုယ်တိုင်က အချိန်စီမံခန့်ခွဲမှုညံ့တာ ;)) deadline နဲ့အလုပ်လုပ်တဲ့အခါ အချိန်ရဲ့တန်ဖိုးရှိပုံကို ပိုသိသာလာစေတယ်...။ ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ ... နောက်ထပ်အချိန်ပိုဆိုတာ ငွေတွေအများကြီးပေးဝယ်မယ်ဆိုရင်တောင် ၀ယ်လို့ရတာမဟုတ်တာလေ ....။ တခြားပစ္စည်းတွေဆိုတာ မလုံလောက်ရင် ဖြည့်ဆည်းလို့လွယ်ပေမယ့် အချိန်ဆိုတာ ဘယ်လိုမှ ၀ယ်ရတာမျိုးမဟုတ်တော့ ... ပိုနှမြောတတ်လာတယ်...။xD xP တကယ်တော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးလေ.. ။ လူတိုင်းလူတိုင်းကတော့ ရှင်သန်နေသမျှ အလုပ်တွေရှုပ်ရင်း ကြိုးစားနေကြသူတွေချည်းပါပဲ ....။



ကိုယ့်ဘက်က အချိန်ရှားပါးလွန်းလို့ အိပ်ချိန်တွေတောင် လျှော့နေရတဲ့အခါမျိုးမှာ ... ရှားရှားပါးပါးအချိန်လေးတွေကို ဓါးပြတိုက်တဲ့သူမျိုးနဲ့ကလဲ ကြုံရပြန်ပါရော...။ တခုခုအခက်အခဲရှိနေလို့ .. အကူအညီတောင်းစရာရှိလို့ စသဖြင့် ကျွန်မကို လိုအပ်လို့ အချိန်တွေကိုလာလုတယ်ဆိုရင် အိပ်ချိန်တွေလျော့သွားပါစေ ကျွန်မတတ်နိုင်သလောက် ကူညီတတ်ပါတယ်...။ တကယ်က အဖြစ်က အဲလိုမဟုတ်ပါဘူး .... ပျင်းလို့ စကားပြောဖော်မရှိလို့ ရောက်တတ်ရာရာပြောချင်တာ ... တနေ့တာကြုံတွေ့သမျှကို အသေးစိတ်ပြောပြီး ပင်ပန်းသမျှ ဖြေဖျောက်ချင်တာ ... သိထားသမျှ ဟိုလူအကြောင်း ဒီလူအကြောင်း သတင်းတွေကို ပြောပြပြီး ရယ်ပွဲဖွဲ့ချင်တတ်တာ...။ ကျွန်မက စိတ်မ၀င်စားတော့ စိတ်ဆိုးသလိုလိုပြောတတ်တာ ....။

အခုအချိန်က ကျွန်မဘ၀ရဲ့ turning point အတွက် အဆင့်တစ်ခုကို ခက်ခက်ခဲခဲကျော်ဖြတ်နေရလို့ .. စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကို သိသိနဲ့ ကျွန်မရဲ့ ရှားရှားပါးပါး အားချိန်တစ်နာရီလောက်ကလေးကို အပိုင်စီးချင်တာ...။ မအားတာကို မအားဘူးလို့ပွင့်ပွင့်လင်းလင်းပြောပြထားပေါ့လို့ဆိုလာရင် .. သေချာတာပေါ့.. ကျွန်မ မပြောဘဲ မနေပါဘူး...။ account (facebook, skype, gtalk, viber) မှန်သမျှ invisible လုပ်ပြီးနေနေတတ်ပေမယ့်လည်း .. ရှိနေမှန်းသိနေတော့ အစကတော့ နေ့စဉ်ရက်ဆက် .. အခုနောက်ပိုင်းတော့ တစ်ရက်ခြားတစ်ခါလောက် ခေါ်ပြီးတော့ daily report တက်တတ်သလို အပ်ကြောင်းထပ်နေတဲ့ စကားတွေလည်း နားမှာ လျှံနေပါပြီ ..။ ထားပါတော့ ထားပါတော့ .. အသိတွေ လာဖတ်နေကျမဟုတ်လို့ ဒီနေ့တော့ ထူးထူးခြားခြားရင်ဖွင့်မိပါပြီ ...။ အားနာလို့ အပြတ်မပြောဖြစ်တာက သူက ကျွန်မထက် အသက်ကြီးဝါကြီးတဲ့ မိန်းကလေး ဖြစ်နေလို့ပါ..။ အသက်ကြီးပေမယ့်လည်း ယောက်ျားလေးဆိုလို့ကတော့ တိကနဲမြည်အောင် ပြောပစ်လိုက်တာကြာပြီ...။ ခံရခက်ဆုံးထဲမှာ ရှားရှားပါးပါးအချိန်တွေကို အကျိုးမဲ့အောင် လာဖြုန်းတီးစေတဲ့သူမျိုးပါပဲ ...။

အခုတလော မအားတာနဲ့ နေ့စဉ်ရက်ဆက် စားဖြစ်နေတာက ကျောင်းက Mensa က နေ့လည်စာတွေပါ ..။ သူတို့အစားအစာတွေက တော်တော်များများ cheese တွေထည့်ချက်တတ်တော့ ၀မှာစိုးတာနဲ့သိပ်မစားဖြစ်ပေမယ့်လည်း အခုတလောတော့ ၀မှာကနောက် အစားပြတ်လပ်ပြီးသေမှာက အရင် ဆိုတာမျိုးဖြစ်နေလို့ ၀ရင်လည်း ၀ ပါစေ စားနေရတာပါပဲ ..။ ဒါပေမယ့်လည်း အလုပ်ရှုပ်တာနဲ့ပဲ ၀ိတ်ကတော့ တက်မလာပြန်ပါဘူး..။ မနက်စာလည်း cheese burger နဲ့ ကော်ဖီတစ်ခွက် ... နေ့လည်စာတော့ ကျောင်းမှာစားတယ်.. ညစာတော့ အိမ်ရောက်မှ ကြုံရာပဲ ..။


ခုတလော ဘလော့ဂ်တွေ ပြန်လှုပ်ရှားလာကြတယ်နော်...။ tag game တချို့နဲ့ ၀ါရင့်blogger တချို့ရဲ့ ကြိုးပမ်းမှုကြောင့် ပြန်ရှင်သန်လာတယ်ဆိုရမလားပဲ ...။ tagged post တွေ ဖတ်ဖြစ်ပေမယ့်လည်း ကွန်မန့်ရေးဖို့က ကွန်ပြူတာက အဆင်မပြေဖြစ်နေပြန်တယ်..။ တခြားနေရာအားလုံး zawgyi font နဲ့ရိုက်လို့ရပေမယ့် blog comment box အားလုံးမှာတော့ Window 8 က Default Myanmar font ပဲဖြစ်နေတော့ ရိုက်ရတာအဆင်မပြေဘူး..။ ကွန်မန့်ရေးချင်ရင် word ကိုဖွင့် အဲဒီမှာအရင်ရေးပြီးမှကူးပြီး comment box ထဲထည့် အဲလိုမျိုးဖြစ်နေတော့ အချိန်လည်းမရ အလုပ်ကလည်းပိုတာနဲ့ မရေးဖြစ်ခြင်းဖြစ်နေတာပါ..။ ကျွန်မအချိန်အားတာနဲ့ ဘလော့တွေတော့ လည်ဖြစ်ပါတယ်...။ ကွန်ပျူတာအဟောင်းက ဘယ်လိုမှ အလုပ်ဆက်လုပ်မရအောင် ပေကပ်ကပ်ဖြစ်နေတာကြောင့် အသစ်ဝယ်လိုက်ရလို့ပါ ...။ အဲဒါနဲ့ပဲ မြန်မာဖောင့်က အဲတနေရာတော့ ခုထိအဆင်မပြေသေးပါဘူး...။ 


ဒီလိုပဲ ရောက်တတ်ရာရာလျှောက်ရေးလိုက်တာ စာတွေတော်တော်များသွားပြီ ...။ yeapp ခုတလော ခံစားသမျှတွေ ပေါက်ကွဲနေသလိုပဲ.. ပြီးခဲ့တဲ့ပို့စ်ကလည်း စိတ်ထဲခံစားမိသမျှတွေ ချရေးမိတယ် ... :D သည်းခံဖတ်ပေးမှုအတွက် ကျေးဇူးအထူး _/\_ _/\_ _/\_

Follow Us @soratemplates