Wednesday, 14 January 2015

ရေတမာနဲ့ ခရေတည်ရာဆီ ..(၃)

January 14, 2015 1 Comments


ကြာတော့ ကြာခဲ့ပါပြီ...။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က နေရာတစ်ခုဟာ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလွန်မြောက်လာခဲ့ပေမယ့်လည်း အတွေးထဲမှာ၊ အိပ်မက်ထဲမှာ၊ စိတ်ကူးထဲမှာ၊ စကားတွေထဲမှာ၊ စာတွေထဲမှာ မှတ်မှတ်ရရနေရာယူထားနိုင်ဆဲ ....။

အဖြူရောင်ချစ်ခြင်းတွေ ဖြစ်တည်ရင့်သန်ခဲ့ရာ နေရာတစ်ခု၊ အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိအောင် လှေကားထစ်ခုအဖြစ် ရပ်တည်ပေးခဲ့တဲ့နေရာတစ်နေရာဟာ ရင်ထဲမှာ ထာဝရ သက်ဆုံးတိုင် မပျောက်မပျက်တည်ရှိနေမှာ အသေအချာပါ...။

"ငါတို့ အတူတူပျော်ရွှင်ခဲ့ကြတယ်..။ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေလည်း အတူတူကြုံခဲ့ဖူးတယ်..။ ရန်တွေဖြစ်ခဲ့ကြဖူးတယ်..။ စာတွေအတူတူ ကျက်ခဲ့ဖူးတယ်...။ သီချင်းတွေ အတူတူ အော်ဆိုခဲ့ကြဖူးတယ်..။ စိန်ပန်းနီရဲရဲတွေကို ငေးကြည့်ရင်း နွေနေ့လည်ပူပူထဲမှာ စာမေးပွဲအတွက် ရတက်ပွေခဲ့ကြဖူးတယ်..။ ငုပန်းဝါဝါတွေကိုမြင်ယောင်ရင်း ကျောင်းဖွင့်မယ့်ရက်ကို လက်ချိုးရေတွက် ခဲ့ကြဖူးတယ်...။ ပိုက်ဆံတွေ အပြန်အလှန် ချေးငှားကြသလို .. မုန့်တွေ အပြန်အလှန် ဝယ်ကျွေးခဲ့ကြဖူးတယ်..။ ကောင်မလေးချောချောလေးတွေနောက် တကောက်ကောက်လိုက်ကြည့်ဖူး သလိုပဲ ကောင်လေးသန့်သန့်လေးတွေမြင်ရင်လည်း  အတူတူလိုက်ငေးခဲ့ကြဖူးတာပဲ..။ ယောက်ျားလေး၊ မိန်းကလေးရယ်လို့ ခွဲခြားမှုမရှိဘဲ သူငယ်ချင်းဆိုတဲ့စိတ်တစ်ခုမှာ ချစ်ခြင်းတွေဟာ အဖြူရောင်တွေချည်းသာ ဖြစ်ခဲ့ကြတယ်..."

"သတိရတယ်.." "သူငယ်ချင်းတွေကို လွမ်းလိုက်တာ" .. "အရင်ကအချိန်တွေကို ပြန်တမ်းတတယ်" ဆိုတဲ့ သူငယ်ချင်းအချို့ရဲ့ စကားတွေကြားမှာ အတိတ်ကာလဟာ အတွေးထဲ ပြန်ရောက်လာခဲ့ တယ်....။ ဒီနေရာလေးမှာ ရှင်သန်ရပ်တည်ကြစဉ်ဘဝကတည်းက တစ်ဦးအခက်အခဲရှိရင်၊ တစ်ခုခုအဆင်မပြေတာကြုံလာရရင် အားလုံးဝိုင်းဝန်းဖြေရှင်းကြတဲ့ဓလေ့ဟာ မြန်မာနိုင်ငံမှာ Team Work ဆိုတာ ရှိနေပါသေးတယ် ဆိုတဲ့အကြောင်း ငါတို့ သက်သေပြနိုင်ခဲ့တာပဲ မဟုတ်လား...။

"ငါတို့ကျောင်းတုန်းက ဆိုခဲ့ဖူးတဲ့သီချင်းတချို့ မှတ်မိသလောက်ပြန်ပြောပြပါ" ဆိုတော့ အဆိုတော် Alex ရဲ့ သီချင်းတွေဖြစ်တဲ့ မြတ်နိုးခွင့်၊ သူငယ်ချင်းချစ်သူ၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေ၊ အငဲရဲ့ ထပ်မဝေးဘူး၊ ဂန္တဝင်မြောက်အိမ်အပြန်ဆိုတဲ့သီချင်းတွေနဲ့ လေးဖြူရဲ့ သီချင်းတော်တော်များများကို သူမှတ်မိသမျှ ပြောပြလာတယ်...။ ဒီနေ့ မှတ်မှတ်ရရ "ထပ်မဝေးဘူး" ဆိုတဲ့ သီချင်းကိုပြန်နားထောင်မိတဲ့အခါ... ငါတို့အားလုံးအတူတူ ဂစ်တာတီးတဲ့သူကတီးပြီး ဆိုတဲ့သူက ဝိုင်းအော်ဆိုကြတဲ့ မီးပုံဘေးနားက သူငယ်ချင်းတစ်သိုက်ကို ပြန်မြင်ယောင်လာတယ်...။

"ပြန်ဆုံဖြစ်ကြရင် .... ကြက်သားကာလသားချက် ပြန်ချက်ကျွေးရမယ်" ဆိုတော့ စားချင်တာစား၊ လိုချင်တာ ရနေတဲ့ ဘဝတွေမှာ တောထဲက မပြည့်မစုံနဲ့ ချက်ရတဲ့ ဟင်းတစ်ခွက်ကို တမ်းတနေသေးတာလားလို့ စသလို နောက်သလို ပြောဖြစ်ကြတယ်..။ "မဟုတ်ပါဘူး... တကယ်ကတော့ အဲဒီအချိန်က စေတနာကိုသာ ပြန်လိုချင်တာ" ..။ လောက်လောက်ငင မစားနိုင်လို့ အခြားသူတွေကို ဝှက်ပြီး ခိုးစားကြတဲ့ ရယ်မောစရာအဖြစ်တွေကို ပြန်ခံစားချင်မိတာ....။

ဘယ်မေ့နိုင်ပါ့မလဲ ....။ သံယောဇဉ်တွေက လွယ်လွယ်နဲ့ဖြစ်တည်လာခဲ့ကြတာမှမဟုတ်တာ...။ အရင်အချိန်တွေက ဓါတ်ပုံတွေပြန်မြင်မိတိုင်း ငါကတော့ ခုထိပုံစံမပြောင်းသေးဘူးလို့ .... သိသိနဲ့ ငြင်းနေတတ်ဆဲ...။ ကိုယ်ကလွဲရင် အားလုံး စိတ်ရော ကိုယ်ရော ပြောင်းလဲ ရင့်ကျက်သွားပြီလို့ ထင်နေမိဆဲ ....။ ကိုယ့်ပုံစံကိုကြည့်ပြီး တော်တော်လူရည်လည်လာပြီလို့ ပြောတဲ့သူတွေကို သူတစ်ယောက်ကတော့ ခုထိစိတ်ထားဖြူစင်ဆဲလို့ သတ်မှတ်ထားတဲ့ သူငယ်ချင်းအချို့လည်း အနားမှာ ဝန်းရံလို့ လိုအပ်ရင် ကူညီဖေးမဖို့ အဆင်သင့်ရှိနေကြဆဲ ...။

ဒီလိုနဲ့ပဲ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ..... လူငယ်ဘဝကနေ လူလတ်ပိုင်းအရွယ်ကို ရောက်ရှိလို့ ဘဝမှာ ကိုယ်စီရုန်းကန်နေကြဆဲပါပဲ .....။

Thursday, 8 January 2015

Ups and Downs ~~

January 08, 2015 2 Comments


မနေ့က ဂျပန်စာအတန်းမှာ refreshment အချိန်ရောက်တော့ ဆရာမက ဗဟုသုတအနေနဲ့ ဂျပန်ရိုးရာ card game တစ်ခုကို ကစားစေခဲ့ပါတယ်...။ ဒီကစားနည်းက နှစ်သစ်မှာ ပျော်ရွှင်ဖို့ ကစားတဲ့ဂိမ်းလို့လဲ ပြောပါတယ်...။ ကျမတို့ဆီက ဖဲကစားနည်းနဲ့ နည်းစနစ်တူမတူတော့ ကျမ သေချာတော့ မသိပါဘူး..။ ဘာကြောင့်ဆို ကျမက ဖဲကစားနည်းနဲ့ တော်တော်ကို အလှမ်းဝေးတော့ ဘာမှ မသိလို့ပါ ..။ ဂျပန်မှာလည်း ဖဲကစားနည်းက အမျိုးမျိုးရှိတာဆိုတော့ အခု ဆရာမနဲ့ကစားကြတာကတော့ အားလုံးအလွယ်တကူနားလည်လွယ်တဲ့ အရိုးဆုံးနည်းပဲဖြစ်မယ် ထင်ပါတယ်...။ ဂျပန်စကားက ရေရေလည်လည်မပြောတတ်သေးတော့ သေချာလည်း မမေးတတ်ဘူးလေ..။ ဆရာမကလည်း အင်္ဂလိပ်လို ပြောတော့ပြောတတ်မှာဖြစ်ပေမယ့် ဂျပန်လိုပဲ ပြောလေ့ရှိပြီး အင်္ဂလိပ်လို ပြောလေ့မရှိပါဘူး..။ 

ကစားနည်းကတော့ ထုံးစံလိုပဲ ဖဲချပ်တွေဝေပြီး မွှေပြီးတာနဲ့ ကစားတဲ့သူတွေအားလုံး တစ်ယောက်ကို ၂ ပုံစီပုံပါတယ်..။ ဘယ်သူက အရင်လှန်ရမလဲဆိုတာကိုတော့ စက္ကူရယ်၊ ကပ်ကြေးရယ်၊ ကျောက်တုံး ရယ် ရွေးတဲ့နည်းနဲ့ ရွေးချယ်ပါတယ်..။ ဖဲချပ်တွေမှာ တွေ့ရတာက သာမာန်လူယောက်ျားပုံရယ်၊ မင်းသမီး (သို့မဟုတ်) အမျိုးသမီးကဗျာဆရာမပုံရယ်၊ သာမာန်ဗုဒ္ဓဘာသာဘုန်းကြီးပုံရယ်နဲ့ special monk ခေါ်တဲ့ ဘုန်းတော်ကြီးတဲ့ ဘုန်းကြီးပုံရယ်ဆိုပြီး ၄ မျိုးပါဝင်ပါတယ်..။ ကဒ်တိုင်းမှာ သက်ဆိုင်ရာပုံတွေနဲ့အတူ ကဗျာလေးတွေလည်း ရေးထားပါတယ်..။ ပုံမှန်ကစားနည်းကတော့ ကဗျာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အဆက်ကိုရှာဖတ်ရတာလို့ ဆိုပါတယ်..။ ဒါကလည်း ဂျပန်စာဖတ်တတ်တဲ့သူမျိုးနဲ့မှ အဆင်ပြေတာဆိုတော့ အခုကျမတို့ကစားတဲ့ကစားနည်းက အခုနောက်ပိုင်းကာလတွေမှာ ကစားလာကြ တာပါတဲ့..။

ကဒ်ကိုလှန်တဲ့အခါမှာ ယောကျာ်းပုံဆိုရင် သိမ်းလို့ရပါတယ်..။ မင်းသမီးကဒ်ရတယ်ဆိုရင် နောက်ကဒ် တစ်ခု ဆက်လှန်ခွင့်ရှိသလို အခြားသူစွန့်လိုက်တဲ့ကဒ်တွေကိုလည်း သိမ်းခွင့်ရှိပါတယ်..။ စွန့်လိုက်တဲ့ကဒ် ဆိုတာက ကိုယ်လှန်လို့ရလာတဲ့ကဒ်က သာမာန်ဘုန်းကြီးပုံဆိုရင် ကိုယ့်ဆီမှာအရင်ရှိနေတဲ့ကဒ်တွေရော ရလာတဲ့ကဒ်ရော အားလုံးကို စွန့်လိုက်ရတာပါ..။ အဲလိုဆိုတော့ အရာအားလုံးက ကံပေါ်ပဲ မူတည်နေတော့တာပေါ့..။ တစ်ကြိမ်မှာ မင်းသမီးကဒ်ကျလို့ အခြားသူပစ်လိုက်ရတဲ့ကဒ်တွေရော အားလုံး ကိုပိုင်ဆိုင်ရပြီး ကဒ်တွေအများကြီး ရသွားနိုင်ပေမယ့် နောက်တစ်ကြိမ်မှာ ဘုန်းကြီးကဒ်ကျလာရင်တော့ အားလုံးကို စွန့်ပစ်လိုက်ရမှာပါ..။ ကဒ်တွေအားလုံးထဲမှာ Special monk card က တစ်ခုပဲပါပါတယ်..။ တကယ်လို့ ကိုယ်လှန်လိုက်တဲ့ကဒ်က Special Monk card သာဆိုရင် စွန့်ထားတဲ့ကဒ်တွေရော အခြားသူတွေအားလုံးရထားတဲ့ကဒ်တွေရော အားလုံးကို ပိုင်ဆိုင်ရမှာပါ..။ ဆိုလိုတာက လှန်ထားပြီးသား ကဒ်တွေအားလုံးကို စားလိုက်ရတာပေါ့...။ ဂိမ်းတွေရဲ့ထုံးစံအတိုင်း နောက်ဆုံးမှာ ကဒ်အများဆုံး ရတဲ့သူက နိုင်တာပါပဲ ...။


အခုထိတော့ ဂျပန်ရိုးရာ ကဒ်ကစားနည်းကို ဗဟုသုတအနေနဲ့ ဝေမျှပေးတာပါ..။ အဲဒီကနေ ဆင့်ကဲရလာ တဲ့အတွေးက ဘဝဆိုတာ ကိုယ်ဖန်တီးပြု ပြင်လို့မရတဲ့ ကံတရားပေါ်လည်း မူတည်သေးတယ်ဆိုတဲ့ အကြောင်းပေါ့..။ ကစားနေရင်းနဲ့လည်း ဆရာမကပြောတယ်လေ..။ ကဒ်တွေအများကြီးပိုင်လိုက်ပြီ ဆိုရင် ပျော်နေပြီး မထင်မှတ်ဘဲ အားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရရင် ဟင်ကနဲဖြစ်သွားတော့ ဘဝဆိုတာလည်း ဒီလိုပါပဲ လို့ ပြောခဲ့တယ်..။  အနိမ့်အမြင့်တွေ၊ အချိုးအကွေ့တွေ၊ အလှည့်အပြောင်းတွေ နဲ့ကြုံတတ်တာ ဘဝပဲဆိုတော့ ဒါကိုနားလည်လက်ခံထားမယ်ဆိုရင် ဖြတ်သန်းရတဲ့ဘဝက တမျိုးတဖုံတော့ ပျော်စရာကောင်းနေပါလိမ့်မယ်..။ ဘဝက အမြဲတမ်း တူ ဖြစ်မနေသလို အမြဲတမ်းတော့လည်း ပေ ဖြစ်မနေပါဘူး..။  


ဖြတ်သန်းခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ကျမကျင်လည်ဖြတ်သန်းနေတဲ့ အဝန်းအဝိုင်းလေးက ကျဉ်းကျဉ်းလေးပါ..။ အဲဒီ ပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးထဲမှာ နွားခြေရာခွက်ထဲက ဖားသူငယ်လို ဘဝမျိုးဆိုပေမယ့် သံဝေဂရစရာ အဖြစ်အပျက်တွေကတော့ အမြဲလိုလို ကြုံတွေ့ခဲ့ရပါတယ်...။ အခြားသူတွေရဲ့ အဖြစ်အပျက်တွေ၊ ဘဝအလှည့်အပြောင်းတွေ မြင်ခဲ့ရတိုင်း သင်ခန်းစာတစ်ခုအဖြစ် အမြဲတမ်းမှတ်ထားမိပါတယ်..။ “လှံထမ်းလာတာကို မြင်ရတယ်၊ ကံထမ်းလာတာကို မမြင်ရဘူး” ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း ကိုယ့်မျက်မှောက်မှာတင် ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ ကို မြင်ရတဲ့အခါ ဘယ်အရာကိုမှ အမြဲတမ်းကိုယ်ပိုင်တယ်ဆိုတာကြီးကို စွဲမထားချင်တော့ပါဘူး..။ အနည်းဆုံး ဆယ်စုနှစ်တစ်ခုအတွင်းလောက်မှာကို ထိပ်ဆုံးကနေ အောက်ဆုံးကျသွားတဲ့သူမျိုးတွေ နဲ့ အောက်ဆုံးကနေ ထိပ်ဆုံးကို တက်သွားတဲ့သူမျိုးတွေကို မြင်ခဲ့ဖူးပါတယ်..။ အခြားသူတွေ ထက် မြင့်မားတဲ့အခြေအနေတုန်းက မောက်မာစွာ မာနကြီး စိတ်ကြီးဝင်ခဲ့သူမျိုးက အခြေအနေ အကြောင်းကြောင်းကြောင့် နိမ့်ပါးသွားရတာမျိုး၊ သူ့ထက် နိမ့်တဲ့သူတွေက သူ့ထက် တစ်နည်းနည်းနဲ့ သာသွားတာမျိုးတွေ ကြုံတွေ့ဖူးပါတယ်..။ တခါတလေ အခြေအနေအရပ်ရပ်ကြောင့် ကံတရားမျက်နှာ သာပေးမှုကြောင့် အမြင့်ကိုရောက်နေတဲ့အခါ အခြားသူတွေကို မတူသလို မတန်သလို ကိုယ်ကသာ အတော်ဆုံး၊ အချမ်းသာဆုံး၊ အလှဆုံး စသဖြင့် စိတ်ကြီးဝင်နေသူများကို တွေ့မိတဲ့ အခါလည်း လောကဓံနဲ့များကြုံတွေ့ရင် ဒီလိုပဲ ဆက်ပြီး စိတ်ထားနိုင်မလား ပူပန်နေတတ်ပြန်ပါသေးတယ်..။

ကြားခဲ့ဖူးတဲ့ စာတစ်ခုလည်း ရှိပါသေးတယ်..။ ဘဝဆိုတာ ကြိုတင်ရေးသားပြဌာန်းထားပြီးသား စာအုပ်တစ်အုပ်ဆိုပေမယ့် စာမျက်နှာကျော်ဖတ်ခွင့်မရှိတဲ့ စာအုပ်မျိုးလည်း ဖြစ်ပြန်ပါသတဲ့..။ တစ်နေ့တစ်မျက်နှာသာ ဖတ်ခွင့်ရှိတဲ့စာအုပ်တစ်အုပ်မှာ မနက်ဖြန်အတွက် ဘာတွေရေးထားသလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးမဟုတ်လား..။ လူတိုင်းကတော့ အကောင်းတွေချည်းပဲ လိုချင်ကြပေ မယ့် လောကဓံက တခါတရံ အဆိုးတွေလည်း ယူလာပေးတတ်ပါသေးတယ်...။ အဲလိုဆိုရင်တော့ တူဖြစ်တုန်းက နာနာထုခဲ့သူမျိုးဆိုရင် ပေဖြစ်ရင်လည်း ညည်းညူမနေဘဲ ကြိတ်ခံနိုင်ရမယ်၊ ရင်ဆိုင်နိုင်ရမယ်မဟုတ်လား...။ ဘာမှ အသေအချာ အတိအကျ မျှော်လင့်ထားလို့မရတဲ့ ဘဝဆိုတဲ့ အရာတစ်ခုမှာ ကိုယ်က အမြင့်တစ်နေရာရောက်နေတုန်းမှာ ဘာကြောင့် မောက်မာ စိတ်ကြီးဝင်၊ မာနတွေကြီးပြီး တူတစ်ခုလို ကျင့်ကြံနေစရာ လိုမလဲ ...။ ရုတ်တရက် နိမ့်ပါးသွားတဲ့ အခြေအနေရောက် သွားခဲ့ရင်ရော၊ အခက်အခဲ ဒုက္ခတွေ၊ အဆင်မပြေမှုတွေကို ခံနိုင်အောင်ကြိုးစားရင်း ပြန်လည်အားတင်း ရပ်တည်ဖို့ အရေးကြီးပါတယ်..။ 

တကယ်ကတော့ ဘဝဆိုတာ ဘာမှကြိုတင်တွက်ဆလို့မရတာကြောင့် လောကဓံအလှည့်အပြောင်းမှာ လိုက်ပါစီးမျောရင်း အကောင်းဆုံးတွေကို ရရှိလာတဲ့အခါမှာ အောက်ခြေလွတ်မသွားဖို့နဲ့ အဆိုးဆုံးတွေနဲ့ ရင်ဆိုင်လာရရင်လည်း အားငယ်စိတ်ဓာတ်ကျမနေဘဲ ပြန်တည့်မတ်ရပ်တည်ဖို့ပါပဲ ..။ တချိန်က ကြုံခဲ့တဲ့အဆိုးတွေက အချိန်တစ်ခုကျော်လာပြီးရင် အကောင်းဆုံးတွေဖြစ်ချင်လည်း ဖြစ်သွားတတ်တာပဲ မဟုတ်လား..။ ဒါက ဘဝပဲလေ....။

Tuesday, 6 January 2015

ချစ်သော...နှင်း ***

January 06, 2015 4 Comments

မောင်ရေ .....
အချိန်က ၂၀၁၅ ထဲမှာ ဖြတ်သန်းနေပြီနော်...။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ၂၀၁၅ မှာ ရည်ရွယ်ထားတာ တချို့ကို ချရေးဖြစ်ခဲ့သေးတယ်လေ..။ အဲဒီနေ့က ကျောင်းပိတ်ပေမယ့် အိမ်မှာဆိုရင် စာမလုပ်ဖြစ်လို့ ကျောင်းကိုတော့ သွားဖြစ်ခဲ့တယ်...။ စာလုပ်ရတာ ပျင်းလာတဲ့အချိန်ရောက်တော့ စာရေးဖြစ်ခဲ့တယ်..။ စာရေးနေတုန်း နေ့လည် ၁ နာရီကျော်လောက်မှာ နှင်းတွေ တဖွဲဖွဲကျလာခဲ့တယ်..။ အစကတော့ ပထမဆုံးနှင်းကျတဲ့ရက်လိုပဲ သိပ်အများကြီး မကျလောက်ဘူး ထင်တာပေါ့..။ သူငယ်ချင်းတွေကလည်း ပြောတယ်လေ..။ ဒီမြို့က နှင်းအထူကြီး ကျလေ့မရှိသလို ဆောင်းတွင်းတစ်ခုလုံးမှာလည်း တစ်နှစ်လုံးမှာမှ ၃ ရက် ၄ ရက်လောက်သာ ကျတာတဲ့မောင်ရဲ့ ...။
အပြင်မှာ နှင်းတွေ တဖွဲဖွဲကျနေတုန်း ကျမလည်း အခန်းထဲမှာ စာရေးနေတာပေါ့..။ ခဏကြာတော့ နှင်းကျရင် အလိုလိုပျော်လာတဲ့စိတ်ကြောင့် အပြင်ထွက်ပြီး ခဏထွက်ကြည့်၊ ဓါတ်ပုံတွေ၊ Video တွေ ဘာတွေရိုက်ပေါ့လေ..။ Blog post က ရေးနေတုန်းတန်းလန်းဆိုတော့ အဲဒီမှာ နှင်းကျနေတဲ့ပုံတွေ ထည့်ချင်မိတာကိုး...။


မောင်သိတဲ့အတိုင်းပဲ ကျမက နှင်းတွေမြင်ရရင်ကို ပျော်နေတတ်တာ..။ အရင် ဂျာမနီမှာတုန်းကတော့ ပထဆုံးနှင်းကိုမြင်ဖူးတဲ့အချိန်တုန်းက ရင်တွေတောင် ခုန်လို့...။ အခြားစီနီယာတွေ သူငယ်ချင်းတွေက အဲဒီတုန်းကတော့ ပြောကြတာပေါ့....။ စမြင်ဖူးကာစအချိန်မှာသာ နှင်းတွေက ချစ်စရာကောင်းတာ..။ တဖြည်းဖြည်းကြာလာရင် ရေခဲတမျှအေးစက်နေတဲ့ နှင်းထုကြီးထဲ လမ်းလျှောက်ရလွန်းလို့ နှင်းတွေကို အမြင်ကတ်လာလိမ့်မယ်တဲ့..။ ဒါပေမယ့် အဲဒီသူတွေထဲမှာ ကျမ မပါခဲ့ဘူးမောင်..။ ဘယ်အချိန်မှာပဲ နှင်းတွေကျကျ၊ ဘယ်လောက်ပဲများများ နှင်းတွေကို ချစ်တဲ့စိတ်၊ နှင်းကျလာရင် ပျော်နေတဲ့စိတ်၊ အေးခဲနေတဲ့နှင်းမွမွတွေကြားမှာ ခြေလှမ်းနေရတဲ့ခံစားချက်ဟာ စိတ်ကို အလိုလိုကြည်နူးစေတတ်တယ်...။ နှင်းတွေကိုမြင်တိုင်း သူတို့အကြောင်း စာတွေ ရေးချင်မိတယ်..။

ခုနက နှင်းကျတဲ့ရက်ကို ပြန်ဆက်ရရင် အဲဒီနေ့က စာလည်းရေးပြီးရော... အပြင်ကို ကြည့်လိုက်တဲ့အခါ ခဏလေးအတွင်းမှာ နေရာတိုင်း နှင်းတွေဖုံးလွှမ်းနေရုံမက ကောင်းကင်ပေါ်ကနေလည်း နှင်းပွင့်တွေ အရှိန်ပြင်းပြင်းနဲ့ အဆက်မပြတ်ကျနေလေရဲ့လေ....။ အဲဒါနဲ့ပဲ ကျောင်းကိုလာကြတဲ့သူငယ်ချင်းတွေနဲ့အတူ အဆက်မပြတ် တဖွဲဖွဲကျနေတဲ့နှင်းတွေကြား လျှောက်သွားပြီး ဓါတ်ပုံတွေ ရိုက်ကြတာပေါ့ မောင်ရေ..။ လက်အိတ်ချွတ်လိုက်၊ ဓါတ်ပုံရိုက်လိုက်၊ နှင်းတွေကြား ပြေးလွှားသွားလိုက်နဲ့ အေးလို့အေးမှန်းတောင် မသိပါဘူး..။ ဒါပေမယ့်လည်း ဒီမြို့လေးရဲ့ နှင်းကျနေတဲ့အချိန်ရှိတဲ့ အပူချိန်က ၀ ဒီဂရီပဲရှိတယ်လေ..။ အဲဒီလိုဆိုတော့ အနှုတ် ၂၅ လောက်ထိ အေးတတ်တဲ့ ဂျာမနီဆောင်းကို ဖြတ်သန်းလာခဲ့တဲ့ကျမအတွက် ၀ ဒီဂရီဆဲလ်စီးယပ်စ်ဆိုတာ အပြင်မှာ သွားလို့လာလို့ အဆင်ပြေနေတဲ့အပူချိန်ပဲ ဖြစ်နေတာ မဆန်းပါဘူးနော်...။

သူငယ်ချင်းကိုတောင် ပြောဖြစ်သေးတယ်..။ ငါအရင်ဘဝက ဒီလို နှင်းတွေကျတဲ့နေရာမှာများ လူဖြစ်ခဲ့သလားပဲလို့..။ ဘာကြောင့်ဆိုရင် နှင်းတွေမြင်ရရင်ကို စိတ်က အလိုလို ပျော်လာလို့လေ ဆိုပြီးပေါ့..။



ဒီမြို့လေးမှာ အဲဒီ ၁ ရက်နေ့က ကျတဲ့နှင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၁ နှစ်အတွင်းမှာ အထူဆုံး အများဆုံးကျတဲ့နှင်းဖြစ်တယ်တဲ့ မောင်ရဲ့..။ စံချိန်တင်သွားတဲ့နှင်းပေါ့..။ စံချိန်တင်ဆိုရင် နှင်းအထူကလည်း ၁ ပေကျော်ခဲ့တယ်လေ...။ နောက် ၃ ရက် ၄ ရက်လောက်အထိ အဲဒီနှင်းတွေ ရှိနေတုန်း..။ ဒီမြို့မှာက ဂျာမနီမှာလို နှင်းတွေကို သန့်ရှင်းရေးမလုပ်တော့ နောက်ရက်တွေမှာ နှင်းတွေက သိပ်သွားပြီး ရေခဲပြင်လိုဖြစ်သွားတဲ့အခါ စက်ဘီးစီးလို့လဲ အဆင်မပြေသလို လမ်းလျှောက်လို့လဲ အဆင်မပြေတော့ဘူးလေ...။ အချို့တော့ ကိုယ့်အိမ်ရှေ့ ကိုယ့်ဆိုင်ရှေ့ တပိုင်တနိုင် နှင်းသန့်ရှင်းရေးလုပ်ကြတာလည်း ရှိပါတယ်...။ အများသွားတဲ့လမ်းတွေပေါ်တော့ သန့်ရှင်းရေးမလုပ်တာ တော်တော် အန္တရာယ်များလှတယ်..။ ကျမလည်း စက်ဘီးစီးဖို့အဆင်မပြေတော့ ဂရုတစိုက်နဲ့ လမ်းလျှောက်ပြီးပဲ ကျောင်းသွားရတော့တာပေါ့ ....။ ဘာပဲဖြစ်ဖြစ် ကျမကတော့ နောက်ထပ်ကျလာဦးမယ့် နှင်းတွေကိုလည်း ရင်ခုန်စွာနဲ့ စောင့်နေတုန်းပဲ မောင်ရဲ့......။ ကျမ နှင်းပွင့်တွေကို ချစ်တယ်လေ.....။

အဲဒီနေ့က ဘာရယ်မဟုတ် NewYear ညက အရှိန်မပျက်သေးတော့ မြန်မာသူငယ်ချင်းတွေ စုံပြီး စားဖြစ်ကြသေးတယ်....။

Saturday, 3 January 2015

Love Letter ~~~

January 03, 2015 1 Comments

နာမ်စားတစ်ခုရဲ့ဖြစ်တည်မှုဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ “မောင်” ဆိုတဲ့ စကားလုံးလေးတစ်လုံးက ညွှန်းဆိုဖော်ပြခဲ့လေတယ်....။
“ကိုယ် နာမ်စားတွေနဲ့ မရင်းနှီးဘူး။ ခေါ်လေ့ခေါ်ထလည်း မရှိဘူးလေ။ မင်းနာမည်ကလွဲရင် ဘယ်နာမ်စားကိုမှ ကိုယ်မခေါ်နိုင်ဘူး” ဆိုတော့ မောင်က သဘောတကျ ရယ်မောတယ်...။
“မင်း တစ်သက်လုံး မခေါ်ခဲ့ဖူးတဲ့ နာမ်စားတစ်လုံးကို အစမ်းသဘော ခေါ်ကြည့်ပါလား” တဲ့။
“ထင်သလောက်လွယ်မှာ မဟုတ်ဘူး..။ ကိုယ့်ချစ်သူအဖြစ် တရားဝင်ဖြစ်ခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက် ကိုတောင် ကိုကို ဆိုတဲ့ နာမ်စားတစ်ခု သုံးဖို့ မတတ်နိုင်ခဲ့တာ” လို့ ကိုယ် ပြန်ပြောခဲ့ပါတယ်...။

ဟုတ်ပါတယ်...။ တချိန်တုန်းက ချစ်ခဲ့ဖူးတဲ့ ချစ်သူဟောင်းကို ကိုကိုလို့ ခေါ်ဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ပေမယ့် သူနဲ့ကိုယ် ရေစက်ကုန်လို့ ချစ်သူတွေမဟုတ်တော့တဲ့အချိန်ထိ ချစ်သူဟောင်းနဲ့ ကိုယ့်အကြားမှာ နာမ်စားတွေ မရှိခဲ့ကြပါဘူး...။ နင်နဲ့ငါနဲ့ပဲပြောကြတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးက သူငယ်ချင်းတွေလို့သာ ထင်ခဲ့ကြတဲ့အထိ ကိုယ်တို့ နှစ်ယောက်က သူစိမ်းဆန်ခဲ့ကြပါတယ်....။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းဝေးကွာသွားခဲ့ကြတဲ့ ချစ်သူဟောင်းနဲ့ ကိုယ့်အတွက် အမှတ်တရဖြစ်စရာ နာမ်စားတစ်ခုတလေမှ မကျန်ရစ်ခြင်းက အသည်းကွဲဝေဒနာကို တစိတ်တပိုင်း သက်သာစေခဲ့သလိုပါပဲ ...။ 

ဒီလိုနဲ့ပဲ အချစ်မရှိတဲ့ဘဝမှာ ဝါသနာနဲ့ အလုပ်အကိုင်၊ အပေါင်းအသင်း သူငယ်ချင်းတွေအကြား ကိုယ့်ဘဝ က အေးချမ်းနေခဲ့ပါတယ်...။ ဘေးနားမှာ ဂရုတစိုက် စိုးရိမ်ပူပန်ပြောဆိုနေမယ့် ချစ်သူတစ်ယောက် မရှိခြင်းက ကိုယ့်အတွေးစိတ်ကူးတွေနဲ့အတူ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ကိုယ့်စရိုက်နဲ့ အံဝင်ခွင်ကျဖြစ်လို့နေခဲ့တယ်...။ အချစ်မရှိတဲ့ဘဝမှာ အေးချမ်းပျော်ရွှင်ဖွယ်၊ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်း လှတယ်လို့ တဖြည်းဖြည်းလက်ခံယုံကြည်လာမိတဲ့နောက်မှာ နောက်ထပ် အချစ်ဆိုတာ ကိုယ့်ဘဝမှာ မလိုအပ်တော့ဘူးလို့ ကိုယ်ယုံကြည်လာခဲ့တယ်...။

အဲဒီလိုနဲ့ ချစ်စရာမျက်နှာလေးနဲ့ မောင်က ကျမဘဝထဲ တဖြည်းဖြည်းနေရာယူလာခဲ့တယ် ...။ “မောင်” ဆိုတဲ့ နာမ်စားလေးတစ်လုံးကို ချစ်မြတ်နိုးစွာ ခေါ်တတ်လာခဲ့တယ် ...။

~~ မောင် ~~
ဟုတ်တယ်..။ ကျမ မောင့်ကို ချစ်မြတ်နိုးတယ် ..။ ယောက်ျားတစ်ယောက်အနေနဲ့ အားကိုးတွယ်တာတယ် ဆိုတာထက် ပိုလေးနက်တဲ့ ရယူလိုမှုတစ်စုံတရာမပါတဲ့ မေတ္တာသက်သက်နဲ့ မြတ်မြတ်နိုးနိုးချစ်တယ် ...။
ကျမအနားမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ... မောင် ဆိုတဲ့ စကားလုံးလေးတစ်လုံးကို စိတ်ထဲက ရေရွတ်မိရုံနဲ့တင် ကြည်နူးနေတတ်ခဲ့တယ် ...။

မောင် ဆိုတဲ့ စကားလုံးသာ မရှိခဲ့ရင် .. ကျမ မောင့်ကို ဒီလောက်ထိ ချစ်မြတ်နိုးလိမ့်မလား သေချာ မခွဲခြား တတ်ခဲ့ ..။ စကားလုံးတစ်လုံးရဲ့ အရေးပါပုံက မောင်နဲ့ ကျမတို့နှစ်ယောက် ချစ်ခြင်းကို ခိုင်မြဲတည်တံ့စေဖို့ အထောက်အပံ့ဖြစ်စေတယ်..။

မောင်က ကျမအတွက် ဂီတတေးသွားတစ်ခုလည်း ဖြစ်ပြန်ပါသေးတယ် ..။ မောင် ဆိုတဲ့ စကားလုံးပါတဲ့ သီချင်းတွေ ဆိုညည်းမိတိုင်း ပျော်ရွှင်ကြည်နူးတတ်သူလည်း ဖြစ်ပါတယ်..။

မောင်က ကျမအတွက် ၀တ္ထုတစ်အုပ်လည်း ဖြစ်ပါတယ်..။ မောင် လို့ ချစ်ရသူကို ချစ်စနိုးခေါ်တဲ့ ဇာတ်လိုက် မိန်းကလေးရဲ့ စကားလုံးလေးတွေကို ဖတ်ရတိုင်း မောင့်ကို တမ်းတမ်းတတ သတိတရရှိ တတ်သူလည်း ဖြစ်ပါတယ် ....။

မောင်က ကျမအတွက် ကဗျာတစ်ပုဒ်လည်း ဖြစ်ပြန်သတဲ့ ..။ တခါတလေရေးတတ်တဲ့ ကျမရဲ့ ကဗျာတွေထဲ မှာ မောင်ဆိုတဲ့ နာမ်စားတစ်ခု သုံးနှုန်းမိလိုက်ရင် ကဗျာတစ်ပုဒ်ကို အထပ်ထပ်အခါခါ ပြန်ဖတ်တတ်သူ လည်း ဖြစ်ပါတယ်..။

မောင်က ကျမအတွက် အနာဂတ်တစ်ခုလည်း ဖြစ်ပါတယ်.....။ ရှေ့ဆက်လျှောက်မယ့်လမ်းတိုင်း မှာ မောင်နဲ့အတူ လက်တွဲလျှောက်လှမ်းဖို့ အိပ်မက်တွေတစ်ခုမက မက်နေမိသူလည်း ဖြစ်ပါတယ်...။

Thursday, 1 January 2015

Resolution’ 2015’

January 01, 2015 8 Comments



၂၀၁၅ ခုနှစ်ရဲ့ ပထမဆုံးရက်တစ်ရက်က အေးစက်စက်အငွေ့အသက်တွေကြားမှာ သက်ဝင်လှုပ်ရှားလာတယ်..။ မြန်မာကျောင်းသားကျောင်းသူ သူငယ်ချင်း မောင်နှမတွေအားလုံးစုပြီး ၂၀၁၄ နောက်ဆုံးရက်တစ်ရက်ကို အတူတူကျော်ဖြတ်ဖြစ်ကြတယ်...။ ညနေ ၆ နာရီလောက်ကနေ ချက်ပြုတ်စားသောက်ကြ၊ စကားတွေပြောကြပြီး ကာရာအိုကေဆိုင်မှာ သီချင်းတွေ သွားဆိုကြတယ်..။ နယူးရီးယားညဆိုတော့ ဆိုင်တွေတော်တော်များများ ပိတ်ထားတာနဲ့အတူ သွားဆိုတဲ့ဆိုင်က ပုံမှန်ဈေးထက် ၃ ဆ လောက်ကြီးနေတယ်..။ ဒါပေမယ့်လည်း ဆိုမယ်လို့ လာခဲ့ပြီးမယ့်အတူတူတော့ မထူးပါဘူးဆိုပြီး ဆိုကြတာပါပဲ ..။ ၂ နာရီပဲဆိုတာ တစ်ယောက်ကို ယန်း ၃၀၀၀ လောက်ပေးရတယ်..။ ဒါပေမယ့် Soft drink တော့ ပါတာပေါ့လေ..။ အဲဒီလိုနဲ့ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံးအချိန်ဟာ မြန်မာနိုင်ငံထက်  ၂ နာရီခွဲစောပြီး ကုန်ဆုံးလွန်မြောက်ပြီးတဲ့နောက် ၂၀၁၅ ဆိုတဲ့ သက္ကရာဇ်အသစ်စက်စက်တစ်ခုထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့တယ်....။

၂၀၁၅ ဇန်နဝါရီလ တစ်ရက်နေ့မှာ နှင်းကျမယ်လို့ Weather focus ကတော့ ခန့်မှန်းထားလေရဲ့..။ ဒါပေမယ့် အခုအချိန်ထိတော့ မကျသေးပါဘူး..။ ဒါပေမယ့် ဒီက Weather focus က အများအားဖြင့် ၈၀ ရာခိုင်နှုန်းကျော်လောက်တော့ မှန်ကန်စိတ်ချရတယ်..။ မိုးရွာမယ်လို့ ခန့်မှန်းထားရင် ရွာတယ်.. နှင်းကျမယ်လို့ ခန့်မှန်းထားရင်လည်း တကယ်ကျလေ့ရှိပါတယ်..။ ဒီနေ့မနက်မှာ နိုးလာတာက ၁၀ နာရီမှ..။ အဲဒါနဲ့ မနက်စာပြင်ဆင်စားသောက် ရေချိုးပြီး ကျောင်းကို ထွက်လာခဲ့တာ Lab ကိုရောက်တော့ ၁၂ နာရီကျော်ခဲ့ပြီ..။ တစ်ဆောင်လုံးမှာ အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်လို့..။ ၂၉ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျောင်းပိတ်ထားတော့ ဂျပန်တွေအတော်များများက အိမ်ပြန်ကြတယ်..။ နောက်တစ်ခုက ဂျပန်မှာ နှစ်ဆန်း ၁ ရက် ၂ ရက် ၃ ရက်နေ့တွေက ဘာအလုပ်မှမလုပ်ဘဲ အနားယူကြတဲ့နေ့တဲ့..။ တစ်ရက်နေ့ကတော့ Official holiday ဖြစ်ပါသတဲ့..။ ဆိုတော့ တစ်ထပ်လုံးမှာ တစ်ယောက်တည်းဆိုတော့ အခန်းတံခါးကို lock ချ သီချင်းအကျယ်ကြီးဖွင့်ပြီး ကြောက်ကြောက်နဲ့ နေကာ စာရေးနေပါတော့တယ်..။ ဒါတောင် အသံတွေက အရင်နေ့တွေကလည်း ကြားတာပါပဲ..။ ဒီနေ့မှ ချိုးချိုးခြွတ်ခြွတ် အသံတွေ ပိုကြားလာရသလိုပဲ ..။

၂၀၁၅ အတွက် စိတ်ကူးတွေကို ချမရေးဖြစ်သေးတော့ အခုရေးကြည့်ပါဦးမယ်..။ တကယ်တော့ ၂၀၁၅ မှာ ထူးထူးထွေထွေ ဖြစ်ချင်တာတော့ မရှိပါဘူး..။ ၂၀၁၄ မှာရခဲ့တဲ့အရာတွေကို Sustainable ဖြစ်စေချင်တာ တစ်ခုပါပဲ..။ အလုပ်အကိုင်၊ ပညာရေး၊ relationship စသဖြင့်ပေါ့..။ 

တစ်ခုပါပဲ...။ စာရေးတာနဲ့ပတ်သက်လို့တော့ ၂၀၁၄ မှာ ရေးမယ်လို့ စဉ်းစားပြီး မရေးဖြစ်သေးတဲ့အရာတွေ ၂၀၁၅ အတွင်းမှာ အားလုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားရေးရမယ်..။ ပြီးတော့ ဒီဇင်ဘာလကတည်းကတော့ စရေးနေခဲ့ပါပြီ..။ ကျမဘဝရဲ့ ပထမဆုံးတက္ကသိုလ်တက်ခဲ့တဲ့အတွေ့အကြုံကို ဝတ္ထုရှည် တစ်ပုဒ်ဖြစ်အောင် ရေးနေခဲ့တာ..။ အဲဒါပြီးမှ ဒုတိယတက္ကသိုလ်၊ အခုတက်နေတဲ့ တတိယတက္ကသိုလ် စသဖြင့် အတွေ့အကြုံတွေကို မပျောက်ပျက်အောင် ချန်ထားခဲ့ချင်တယ်လေ...။ ၂၀၁၅ အတွင်းမှာတော့ ပထမတက္ကသိုလ်ရဲ့ အတွေ့အကြုံတွေကို ပြီးအောင် ရေးချင်တယ်....။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အဖြစ်အပျက်တွေဆိုတော့ တချို့အရာတွေဆို သိပ်မမှတ်မိချင်ပေမယ့် ရေးရင်းရေးရင်းနဲ့တော့ တရေးရေးပြန်မြင်လာတယ်..။ တခါတလေ ကျောင်းတုန်းက သူငယ်ချင်းတွေစုပြီး အော်ဆိုခဲ့ဖူးတဲ့ သီချင်းတွေဆိုရင် မမှတ်မိတော့လို့ သူငယ်ချင်းတွေကိုပဲ ပြန်မေးရတယ်..။ အဲဒီအခါ သူငယ်ချင်းက တအံ့တသြနဲ့ ဘာအရူးထတာလဲတဲ့..။ တကယ်ကတော့ သူက စတာပါ..။ ကျမ စာရေးမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်လေ..။ အဲဒါနဲ့ သူမှတ်မိသလောက်တော့ ပြောပြပါတယ်..။ တကယ်က မြန်မာနိုင်ငံမှာ လူသိပ်မသိလှတဲ့ တက္ကသိုလ်တစ်ခု၊ အတွေ့အကြုံတွေက သာမာန်တက္ကသိုလ်တွေမှာ ကြုံဖူးကြမှာမဟုတ်တဲ့ စွန့်စားမှုတွေ၊ ချစ်ခင်ရင်းနှီးမှု၊ နွေးထွေးမှု၊ စာနာနားလည်မှု၊ မောင်နှမ ညီအစ်ကိုအရင်းအချာတွေလို လှိုက်လှဲပျူငှာမှုတွေ၊ စနောက်ပျော်ရွှင်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ အဲဒါတွေကို ပထမဆုံးအနေနဲ့ စာစီချင်ခဲ့တာ ....။ Blog မှာ ပို့စ်တင်ဖို့တော့ မဟုတ်ပါဘူး..။ ရေးပြီး ကိုယ့်ဘာသာပဲ သိမ်းထားချင်တာပါ...။

နောက်တစ်ခု ၂၀၁၅ အတွင်း Blog မှာ ပုံစံတစ်မျိုး ရေးချင်မိတဲ့ ပို့စ်တွေက မောင်နဲ့ ပတ်သက်တဲ့ စာတွေပေါ့..။ မောင်ဆိုတာ ကျမချစ်သူအကြောင်းကို ရေးမှာမျိုးတော့ မဟုတ်ပါဘူး....။ အချို့စာရေးတဲ့ သူတွေ သုံးနှုန်းသလို တိုင်တည်စရာ ဇာတ်ကောင်တစ်ခု လိုချင်တာလေ...။ ဥပမာ ကျမရဲ့ နေ့စဉ်ဖြစ်ပျက် တဲ့ ဒိုင်ယာရီတွေကို ရေးတဲ့အခါ ဘယ်သူဘယ်ဝါရယ်လို့ တိုင်တည်ရေးတာမဟုတ်ဘဲ Blog reader တွေကိုပဲ တိုက်ရိုက်ရည်ညွှန်းတိုင်တည်သလိုဖြစ်နေတယ်လေ..။ အဲဒီတော့ တိုင်တည်စရာ သတ်သတ်မှတ်မှတ်ရှိသွားအောင် ဇာတ်ကောင်နာမည်တစ်ခု သီးသန့်သုံးချင်တဲ့သဘောပါ..။ သတိထားရ မှာက မောင်ဆိုတာနဲ့ ဆရာမဂျူးရဲ့ အရေးအသားတွေ မလွှမ်းမိအောင် ကြိုးစားရမယ်..။ ကျမက ကိုယ့်ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်ဟန်နဲ့ပဲ ဖြစ်ချင်ပါတယ်..။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုကိုမှ မခံချင်ပါဘူး..။ ဒါတွေကတော့ စာရေးတာနဲ့ပတ်သက်လို့ ၂၀၁၅ အတွင်း Plan တွေပေါ့..။ ဒါပေမယ့် ဂျာနယ်လ်၊ မဂ္ဂဇင်းတွေထဲ ပါနိုင်အောင်တော့ မရေးဖြစ်လောက်တော့ဘူးထင်တယ်..။ ကျမ ပညာရေး ဘက်ကိုပဲ ဦးစားပေးရမယ့်အချိန်ဖြစ်နေတော့ စာရေးတာကို အားစိုက်ဖြစ်မှာမဟုတ်တော့ပါဘူး..။ စိတ်ထဲရှိရာ ပေါ့ပေါ့ပါးပါးတွေပဲ ချရေးဖြစ်မှာပါ..။ အရင်လို ကဗျာတွေ၊ ဝတ္ထုတိုတွေတော့ ဦးနှောက်၊ စိတ်ကူးက မထွက်တော့ဘူးလေ..။ Opportunity cost ပေါ့..။ တစ်ခုကိုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတာ သဘာဝပဲဆိုတော့ ဘာမှတော့ ပိုပိုသာသာ မတောင်းဆိုချင်ပါဘူး လောကကြီးရေ ..။

နောက်တစ်ခုက ကျန်းမာရေး ဂရုစိုက်ရမယ်။ အဆီမရှိအောင် စားသောက်နေထိုင်ရမယ်...။ အဓိက စိတ်ပူတာက ကျမရဲ့ မရှိမဖြစ် လက်တွဲဖော် Laptop လေးရဲ့ ကျန်းမာရေးပေါ့.။။။ သူ တစ်ခုခုဖြစ်လို့ မရဘူး..။ ကျမရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး သူ့ထဲမှာ သိမ်းဆည်းထားတာ...။ ကျမ အဝေးမှာ နေထိုင်ရပ်တည်နေတုန်း ကျမ မိသားစုလည်း ဘာအန္တရာယ်၊ အခက်အခဲမှ မကြုံရဘဲ အရင်အတိုင်း ကျန်းကျန်းမာမာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်စေချင်ပါတယ်..။

ရေးနေရင်းကမှ အပြင်မှာနှင်းတွေကျနေပြီဆိုတဲ့အကြောင်း အစ်မတစ်ယောက်က Viber ကနေ ပြောလို့ ကြည့်တာ တကယ်ကျနေပြီ :D :D ပျော်လိုက်တာ..။ ဘာဖြစ်ဖြစ် နှင်းကျရင်ကို ပျော်တာလေ..။ အဲဒါနဲ့ အခန်းအပြင်ထွက် အောက်ဆုံးထပ်ထိဆင်းပြီး Video ရိုက်လာခဲ့တာ..။ ဓါတ်ပုံဆိုရင် နှင်းကျတာက မမြင်ရလို့..။ ခုမှ စကျခါဆိုတော့ သိပ်တော့မများသေးဘူး..။ ဒါပေမယ့် နှင်းကျတာ တော်တော်များတယ် ဆိုတော့ မကြာခင် နှင်းလွင်ပြင်ကြီးတော့ ဖြစ်တော့မှာ.......။ ဘာပဲဖြစ်ဖြစ် အရမ်းပျော်နေတာ လို့..။ နှင်းကျလာလို့ ^_^ ^_^ ^_^


Video file တင်တာ File size ကြီးနေလို့ တင်မရဘူးဖြစ်နေတယ်.။ file size ကို သေးလိုက်ပြန်တော့လည်း တင်မရပြန်ဘူး..။ ဘာဖြစ်နေလဲ မသိ..။ အဲဒါနဲ့ ဓါတ်ပုံပဲ တင်ဖြစ်တော့တယ်...။








Follow Us @soratemplates